နှင်းကြမ်းညရဲ့ ဘဝပုံပြင် – အရှင်ဉာဏိက
ဗီဇာသက်တမ်းတိုးခရီးမှာ စနိုးမုန်တိုင်းကြောင့် ကံဆိုးကောင်းလှစွာ ဘဝသက်တမ်းတိုးခွင့်ပါ ရလိုက်တဲ့ ဆရာတော် ဦးဇာဂရ (ကံထွန်းသစ်) ရဲ့ အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ စာတစ်ပုဒ်ကို ဒီမနက်ဖတ်လိုက်ရတယ်။ သူ့စာထဲမှာ အမေရိကရောက် မြန်မာရဟန်းတော်အချို့ရဲ့ ဘဝပုံရိပ်ကို ထင်ဟပ်စေတဲ့ မှတ်တမ်းစကားကိုလည်း တွေ့မိတယ်။ ရေသစ်မြေသစ်မှာ အခြေအနေသစ်ကို ဖန်တီးရတဲ့ ဘဝတစ်ခုဆိုတာ ပန်းမွေ့ရာ ရွှေကော်ဇောနဲ့ ချောမွေ့လှတဲ့ ခရီး မဟုတ်ပေဘူးဆိုတာကိုတော့ မှန်းဆမိကြမယ်ထင်ပါတယ်။ သို့ပေမယ့်လည်း ဝေးလံလှတဲ့ခရီးကိုလေယာဉ်ပျံကြီးတွေစီးပြီး ခေတ်မီနိုင်ငံကြီးတွေမှာ ပြောင်းရွှေ့ကြရတာမို့ ဘဝတွေက အလှတွေချည်းသာ ဖြစ်လေမှာလို့ ထင်တတ်ကြသူတွေလည်း ရှိတတ်တာမို့ ဆရာတော်ရဲ့ အဖြစ်က အချို့ဘဝများရဲ့ အခြေနေမှန်ကိုတွေးဆနိုင်ဖို့ ဒဿနတစ်စတော့ တွေ့နိုင်ကောင်းမယ်လို့ ထင်မိပါတယ်။
အလှထဲမှာ ဘဝရှာကြရတဲ့အဖြစ်တွေ၊ ဘဝထဲမှာ အလှရှာကြရတဲ့အဖြစ်တွေနဲ့ ဘဝထဲမှာ ဘဝနာကြရတဲ့အဖြစ်တွေ၊ အထွေထွေသော ဘဝတွေထဲက ဒုက္ခတစ်ပိုင်းတစ်စကို လျှက်တစ်ပြက်မျှ မြင်လိုက်ရသလိုပါပဲ။
အန္တရာယ်ကြီးလွန်းတဲ့ ဖရီးဝေးလမ်းမကြီးပေါ်မှာ စနိုးမိုးအောက်ကန့်လန့်ဖြတ်ဖြစ်နေတဲ့ ကားတစ်စင်းရဲ့ ပုံကိုမှန်းဆပြီး ကြက်သီးဖျန်းမျှ ဖြစ်မိရပါတယ်။ ညပိုင်းကားရှင်းချိန်မို့သာ။ ခုလို တစ်စင်းထဲက ဝင်ဆောင့်တာ။ နေ့လယ်ခင်း ကားများချိန်သာဆို ဒီအက်ဆီးဒင့်မှာ ကားအစင်းပေါင်းမြောက်များစွာ ပါဝင်နိုင်တာမို့ တစ်ဦးမဟုတ်တစ်ဦးတော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အဆိုးထဲက အကောင်းဆိုသလို ဒဏ်နာလောက်ဖြစ်တာကိုပဲ ကံကောင်းတယ်လို့ ပြောရမှာပါ။ သို့ပေမယ့် ခုလိုဒဏ်နာမျိုးကလည်း ဖြစ်လျင်ဖြစ်ခြင်းမှာ မထင်ရှားတတ်ပေမယ့် နောင်မှာပြန်လည်ပေါ်တတ်တာမျိုးမို့ ဆရာဝန်နဲ့ စနစ်တကျ စစ်ဆေးဖို့ကိုတော့ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။
အရာရာမှာ သူတော်နှစ်လုံး အစဉ်သုံးပြီး အပြုံးနဲ့သာ တုံ့ပြန်တတ်တဲ့ဆရာတော်လည်း ခုလိုထိတ်လန့်ဖွယ်အဖြစ်မျိုးကြုံရတော့ ပြုံးမှများ ပြုံးနိုင်ပါဦးမလားလို့ တွေးပူမိပါတယ်။ ဆရာတော်ထိုင်တဲ့ဘေးက တည့်တည့်ဝင်တိုက်တာဆိုတော့ ဘေးသင့်တယ်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်လို့ ဆရာတော်ကို စိတ်သက်သာရာရစေကြောင်း လျှောက်ထားဖြစ်ပါသေးတယ်။ တကယ့်ကိုမှ ဘေးတွေ့တဲ့ ဘေးပါပဲ။
တောင်ပုလုဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးများက စလို့ သန္ဓေပျိုးခဲ့တဲ့ မြန်မာရဟန်းတော်များရဲ့အမေရိကသာသနာရေးဆောင်ရွက်မှု ခရီးစဉ်ဟာ ခုဆို နှစ်ပေါင်းသုံးဆယ်ကြာညောင်းခဲ့ပြီ။ မြန်မာရဟန်းတော်များလည်း ပြည်နယ်အသီးသီး၊ ဒေသအနှံ့မှာ ခုဆိုလျင် ရာဂဏန်းမက ရှိနေလေပြီ။
နှစ်ပေါင်းသုံးဆယ်ကျော် ကြာညောင်းခဲ့တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာရဟန်းတော်တွေ ပါဝင်ခဲ့တဲ့ ကားအက်ဆီးဒင့်ဖြစ်ရပ်မှာ ဒါက ဒုတိယအကြိမ် ကြားဖူးခြင်းဖြစ်တယ်။ အခြား ကိုယ်မကြားသိရတဲ့ ကားအက်ဆီးဒင့်တွေလည်း ရှိနိုင်ပါတယ်။
ဘဝဆိုတာက သွားလာလှုပ်ရှားခြင်းနဲ့ ခွဲခြားလို့ ရနိုင်ကောင်းတာမျိုးမှ မဟုတ်တာ။ အသက်ထင်ရှားရှိနေသေးလျင်ဖြင့် အကြောင်းတစ်မျိုးမျိုးကြောင့် လှုပ်ရှားသွားလာနေကြရဦးမှာ မလွဲပဲလေ။ လှုပ်ရှားခြင်းထဲမှာ ခရီးတိုရှည်သွားရတာမျိုးတွေလည်း ပါဝင်နေဦးမှာပါပဲ။ သာယာဖြောင့်ဖြူးတဲ့ ခရီးတွေ၊ ခက်ခဲကြမ်းထမ်းတဲ့ခရီးတွေ။အထွေထွေသော ခရီးတွေ ဖြစ်မှာပေါ့။ အတိုအရှည် မတူညီနိုင်တဲ့ ခရီးတွေ၊ ရည်ရွယ်ချက် ခြားနားတဲ့ ခရီးတွေ။လိုရာပန်းတိုင်မရောက်မီအတွင်း နားတဲ့အခါနား၊ သွားတဲ့အခါသွား။ ခရီးမဆုံးမခြင်းတော့ သွားမြဲသွားနေရဦးမှာပဲပေါ့။ သွားရတဲ့ခရီးမှာ ဖေးမအားပေးကူညီမယ့် အဖော်အပေါင်းကောင်း ရှိသူတွေအနေနဲ့တော့ အတန်ငယ်သက်သာခွင့် ရပေမပေါ့။ သို့ပေမယ့်လည်း အချို့ခရီးတွေမှာက အဖော်ဆိုတာ ရှာလို့တွေ့နိုင်တာမျိုးမှလည်းမဟုတ်တာ။
ပုံသဏ္ဌာန်ကွဲပြားတဲ့ခရီးတွေကို လုံခြုံစွာသွားလာနိုင်ဖို့ မတူညီတဲ့ တင်ကြိုပြင်ဆင်မှုတွေလည်း လုပ်ထားမှတော်လိမ့်မယ်လို့ စဉ်းစားမိတယ်။ ဒီလိုပြင်ဆင်နိုင်ဖို့ ကိုယ်ဘယ်လိုခရီးကို သွားနေတာလဲဆိုတာကို သေသေချာချာ သိထားဖို့လည်း လိုမှာပေါ့။ မသေမချာ ယောင်ဝါးဝါးဖြစ်နေလျင် ဘာကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာဘယ်လိုလုပ် သိနိုင်ပါ့မလဲ။ ရောက်လိုရာရောက်၊ ဖြစ်ချင်ရာဖြစ်၊ အလိုက်သင့်ပဲ သွားလိုက်မယ်လို့ ပိုင်းဖြတ်ထားတဲ့ ခရီးမျိုးတောင်မှပဲ သဲကွဲတဲ့အမြင်ရှိထားရင် အခက်အခဲနဲ့ ရင်ဆိုင်လာရတဲ့အခါ ဖြေရှင်းနိုင် စွမ်းရည်ပိုမိုစေနိုင်ပါလိမ့်မယ်။
ဆရာတော်ရဲ့ ဗီဇာသက်တမ်းတိုးခြင်းခရီးကနေ စိတ်ကူးတွေက ထွက်သွားလိုက်တာ။ စိတ်ကူးက ဒီမှာဖြတ်ပါမှ။မဟုတ်ရင် မဆုံးနိုင်ပဲ ရှည်သွားလိမ့်မယ်။ ဗီဇာသက်တမ်းတိုးခြင်းနဲ့အတူ ဘဝသက်တမ်းပါ တိုးခွင့်ရသလိုဖြစ်ခဲ့တာမို့ အဖြစ်အပျက်က ကြောက်ဖွယ်လိလိပါ။ သို့ပေမယ့် ဘဝကံ မကုန်သေးသမို့ ကြီးကြီးမားမား အထိအခိုက်မရှိခဲ့တဲ့အတွက် ဝမ်းသာရပါတယ်။
ခုလို အသက်ဘေးကနေ ရေးရေးလေး ကပ်လွတ်ခဲ့ရတာမို့ သေခြင်းတရားဆိုတာ အချိန်မရွေး၊ နေရာမရွေး၊ ကျရောက်လို့ လာနိုင်တတ်ပါကလားဆိုတဲ့အသိကို တကယ့်ဘဝအသိနဲ့ရင်းပြီး ကိုယ်တိုင်ကြုံလိုက်ရလိုက်တာမို့တစ်ဖက်ကကြည့်လျင်ဖြင့် အမြတ်ဆုံးသံဝေယူနိုင်ဖို့ သင်္ခန်းစာကောင်းကောင်း ရလိုက်တယ်လို့ပဲ မှတ်ယူကာခရီးဆုံးပန်းတိုင်ကို ရောက်ဖို့လျှောက်လှန်းနေစဉ်မှာ ဒီအဖြစ်အပျက်က ဆရာတော်အဖို့ အင်အားကြီးမားတဲ့ခွန်အားတစ်ရပ် ဖြစ်စေပေလိမ့်မယ်လို့ပဲ ယုံကြည်မိပါတယ်။
နှင်းကြမ်းညရဲ့ ဘဝပုံပြင်တစ်ခုဟာ အားလုံးအတွက် သံဝေဂယူစရာ သင်္ခန်းစာ ဖြစ်နိုင်ပါစေသားရယ်လို့သာ ဆုတောင်းစကား ဆိုချင်ပါတယ်။ ။
အရှင်ဉာဏိက