3R နဲ့ အမှိုက်ကိစ္စ
အခုခေတ်မှာ အပြောများလာနေတဲ့ Reduce (ဝယ်ယူမှုနှင့် သုံးစွဲမှုကို လျှော့ချခြင်း)၊ Reuse (ပြန်လည်သုံးစွဲခြင်း) Recycle (စွန့်ပစ်ပစ္စည်းဖြင့် ကုန်ချောထုတ်လုပ်ခြင်း) ဆိုတဲ့ 3R နဲ့ ပတ်သက်ပြီး စဉ်းစားမိတာလေးပါ။ ကျနော်တို့ မြန်မာတွေ အတွက်တော့ ဒီ 3R ဆိုတာကို ကျင့်သုံးလာခဲ့တာ ကြာပါပြီ။ ပြောရရင် စစ်ပြီးခေတ် ကတည်းက လေယာဉ်ကိုယ်ထည် သတ္တုကို ပန်းကန်ပြား လုပ်ပြီး သုံးစွဲတာ၊ ဗုံးကျည်ခွံတွေကို ဘုရားပန်းအိုး လုပ်တာ၊ ကားတာယာကို ဖိနပ်လုပ်တာ စသဖြင့် ရှိခဲ့ပါတယ်။ အဲဒီကားတာယာ တစ်မျိုးတည်းကနေ ထုတ်လုပ်တဲ့ ဖိနပ်၊ ရေပုံး၊ ပန်းအိုး၊ ကြိုး၊ လှည်းဘီးခွေ၊ ကုလားထိုင် စသဖြင့် အများကြီး ရှိပါတယ်။ အခုလက်ရှိ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ သံထည်၊ သတ္တုထည်၊ ဖန်ထည်၊ စက္ကူ၊ ပလပ်စတစ် စတဲ့ ပစ္စည်း အများစုဟာ Recycle လုပ်ကြတာတွေပါ။
ပြောချင်တာက ကျနော်တို့ လူအများစုက အသုံးမလိုတော့လို့ အမှိုက်ဆိုပြီး ပစ်လိုက်တဲ့ ပစ္စည်းတွေကို Recycle လုပ်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ လူတွေ အများကြီးပါ။ အမှိုက်ကောက်တဲ့ လူတွေကနေ နောက်ဆုံးပေါ်ကား စီးနေတဲ့ လုပ်ငန်းရှင်တွေအထိ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ ထင်သာမြင်သာ အရှိဆုံးကတော့ အမှိုက်သိမ်းတဲ့ လူတွေ ဖြစ်မယ် ထင်ပါတယ်။ သူတို့ဟာ နေ့တဒူဝ အမှိုက်ပုံတွေမှာ ကြက်ယက်သလို ယက်ပြီး Recycle လုပ်နိုင်မယ့် ကုန်ကြမ်းတွေကို ရှာဖွေကြရပါတယ်။ ခေတ်မီ စံနစ်ကျတဲ့ အမှိုက်သိမ်းစံနစ်၊ အမှိုက်ရွေးစံနစ်၊ အမှိုက်စွန့်ပစ်စံနစ်တွေ မရှိသေးသ၍ ဒီလို လုပ်နေကြရမှာပါ။ ညစ်ပတ်နံစော်နေတဲ့ အမှိုက်ပုံထဲမှာ ရှာဖွေနေရတဲ့ သူတွေကို မြင်ရတဲ့သူတိုင်း စိတ်မသက်မသာ ဖြစ်ကြရမှာပါ။ ကျနော်တို့ အမှိုက်စွန့်ပစ်သူတွေ အနေနဲ့ သူတို့ကို ဒီထက်ပို အဆင်ပြေ လွယ်ကူနိုင်မယ့် နည်းလမ်းတွေရှာပြီး ကူညီသင့်တယ်လို့ ထင်ပါတယ်။
အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အမှိုက်အိတ် တစ်လုံးထဲမှာ ခြောက်သွေ့တဲ့ စက္ကူ၊ ပလပ်စတစ်၊ သတ္တုဘူး၊ သံဘူး၊ ပုလင်းခွံ စတာတွေကို ခွဲထည့်ပြီး မီးဖိုချောင် အမှိုက်တွေကိုတော့ ခါတိုင်းသုံးနေကျ အမှိုက်ပုံးထဲကို ထည့်တာမျိုး ဖြစ်ပါတယ်။ အဲဒီလို လုပ်ရတာဟာ အပန်းမကြီးလှပေမယ့် အမှိုက်ရွေးရတဲ့ သူတွေအတွက် အဆင်ပြေ လွယ်ကူစေသလို အမှိုက်တွေ ရောနှောပြီး ညစ်ပစ်သွားတာမျိုးလည်း မရှိနိုင်တော့ပါဘူး။ ဒါကတော့ ကျနော့်အိမ်မှာ ကျင့်သုံးနေတဲ့ နည်းလမ်းတစ်ခုပါ။ မိတ်ဆွေတွေ အနေနဲ့လည်း စဉ်းစားမိတဲ့ အခြားနည်းလမ်းတွေ ရှိရင် အကြံပြုကြဖို့ တောင်းဆိုလိုပါတယ်။ ။
4 comments
bigcat
January 20, 2011 at 5:31 am
ယူအက်စ်မှာတော့ ပလပ်စတစ်လို့ ပြန်သုံးမဲ့ဟာတွေကတပုံး၊ စက္ကူတွေကတအိတ်၊ ကျန်အမှိုက်တွေက တပုံးဆိုပြီးခွဲထားတယ်။ သတ်မှတ်ထားတဲ့နေ့မတိုင်ခင် ညဖက်ထဲက အိမ်အပြင်ဖက် ထုတ်ထားရုံပဲ။ မနက်ကြတော့ ကားနဲ့လာသိမ်းသွားတယ်။ စည်ပင်ရဲစစ်က လည်းပုံမှန်စစ်တယ်။ အမှိုက်အိတ် မှားထည့်လို့ကတော့ စာပို့သမားလာပို့မဲ့ ဒဏ်ငွေဖြတ်ပိုင်း စောင့်ပေတော့။ သိသလောက် အမှိုက်ကားမောင်းသူနဲ့ နောက်လိုက်တွေက တလကို ဒေါ်လာ လေး၊ငါးထောင် ရတယ်ဆိုပဲ။ အခြားအောက်ဆိုက်တွေလည်း ရှိတယ်တဲ့။ များသောအားဖြင့် သူ့လူနဲ့သူပဲ ဝင်လို့ရတယ်။ မာဖီးယားဂိုဏ်းလို လူမိုက်တွေ ချုပ်ထားတယ် ပြောတာပဲ။
naywoonni
January 20, 2011 at 10:21 am
ကျွန်တော်တို့ မြို့မှာ နေပြည်တော်သာပြောတယ်။ မြို့ထဲမိန်းလမ်းပေါ်ပဲ အမှိုက်သိမ်းတာ အတွင်းလမ်းသွယ်တွေမှာ နေတဲ့သူတွေက ထုံးစံ အတိုင်း အိမ်ထဲမှာ ကျင်းလေးတူး မီးရှို့ပစ်ရတာ အိမ်ဝန်းကျင်းတဲ့သူတွေက အိမ်ရှေ့ထွက် မီးရှို့နဲ့….ရွာလေးတစ်ရွာလိုပဲ မနက်စောစောဆို မီးခိုးလေးတွေ အူလို
kai
January 20, 2011 at 10:40 am
ဒီလို အစိမ်းရောင်ခေတ်ကြီး(Green Green)မှာ ..
မြန်မာပြည်သူတွေအလုပ်အကိုင် တောင်ပုံရာပုံဖြစ်သွားအောင် လုပ်လို့ရတာရှိတယ်ဗျ..။
မြန်မာစိတ်ဖြစ်တဲ့.. ဖြစ်တာကို ..ဖြစ်သလိုဖန်တီလုပ်တတ်တဲ့စိတ်နဲ့လည်းကိုက်တယ်..။
အသေးစိတ်ကို တိတိကျကျလုပ်တတ်ဖို့..နည်းနည်းလမ်းပြ သင်တန်းပေးလိုက်ရုံပဲ..။
မော်တော်ကားအဟောင်းတွေ..မြန်မာပြည်ထဲ သွင်းပြီးဖျက်ခယူ..ရီဆိုင်ကယ်လုပ်တဲ့အလုပ်လုပ်ကြဖို့ကောင်းတယ်..။
အဲဒါ.. ဂျပန်၊ ကိုရီးယားတို့ တော်တော်ဒုက္ခရောက်နေကြတာ…။ သူတို့တွေ .စက်ရုံတွေက ကားသစ်ထုတ်တာရပ်မရတော့ ..ကားတစင်း ၅နှစ်-ကီလို၁သိန်းလောက်မောင်းပြီးသုံးပြီးရင်ကို.. ပစ်နေကြပြီ..။ ပစ်ခ(ရီဆိုင်ကယ်ခ)တောင်ပေးနေကြရပြီ..။ တလ ..အစင်း ၁သိန်းလောက် အသာလေး ထွက်နေတယ်..။
အဲလိုလုပ်ရင်.. မြန်မာတွေ စက်တွေနဲ့ယဉ်ပါးသွားပြီး.. စက်မှုခေတ်တန်းရောက်သွားနိုင်တယ်..။
naywoonni
January 20, 2011 at 2:46 pm
ကိုခိုင်ရေ ခင်ဗျားသာ လာပြိး စီမံအုပ်ချုပ်ပါတော့