စိုးရိမ်တတ်သော သူရဿဝါနှင့် ကွန်ပျူတာလောက၊ အိုင်တီလောက

သူရႆဝါJanuary 21, 20111min17111

“စိုးရိမ်တတ်သော သူရဿဝါနှင့် ကွန်ပျူတာလောက၊ အိုင်တီလောက”

လူတစ်ဦးလျှင် ဝါသနာတစ်မျိုးစီ ရှိတတ်ကြသည့်အထဲတွင် ကျွန်တော် ထက်ထက်သန်သန် ဝါသနာပါသော အလုပ်မှာ စိုးရိမ်ကြောင့်ကြခြင်းဖြစ်သည်။ ဘာပဲလုပ်လုပ် စိုးရိမ်ပူပန်စိတ်က ရှေ့ကနေ ကာဆီးကာဆီး လုပ်တတ်သဖြင့် ကောင်းကျိုးလည်း များခဲ့ပါ၏။ ဆယ်တန်းစာမေးပွဲဖြေစဉ်က သချာင်္နေ့တွင် တစ်ပုဒ်တွက်လိုက် “ငါ့အဖြေက မှန်မှ မှန်ရဲ့လား” ဟု စိုးရိမ်စိတ်ဖြင့် နှစ်ခေါက်လောက် ပြန်စစ်လိုက်၊ တစ်ပုဒ်တွက်လိုက် နှစ်ခေါက် သုံးခေါက် စစ်လိုက်ဖြင့် ဖြေချိန် သုံးနာရီမှာ နှစ်နာရီလောက် ပြန်ပြန်စစ်နေမိသဖြင့် သချာင်္အမှတ် မကောင်းခဲ့သည်က တစ်ခါ၊ အသက်ကလေး ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်ရောက်၍ လူပျိုပေါက်သဘာဝ ရည်းစားသနာ ထားချိန်တွင် ကိုယ့်ရည်းစားက ကိုယ့်ကိုမှ ချစ်ရဲ့လားဟု တွေးတွေးပြီး စိုးရိမ်နေတတ်ပြီး ကိုယ့်ကိုမချစ်ချစ်အောင် စကားအထုပ်ဖြင့် ချုပ်ရင်းပွားရင်းက “မသောက်ဘဲ ဒီလောက်ရစ်နိုင်တာ ဒင်းပဲရှိတယ်” ဟူသော မှတ်ချက်ဖြင့် ရည်းစားက စိတ်ကုန်၍ ထားသွားသည်က တစ်ခါ၊ မှတ်မှတ်ရရ ထိုနှစ်ခါလောက်ကလွဲလျှင် စိုးရိမ်တတ်သည့်စိတ်ကြောင့် ဒုက္ခရောက်မည့်ဘေးက အခါခါ လွဲဖယ်ခဲ့ ဖူးပါသည်။ ထိုသို့သော သကောင့်သား ကျွန်တော် ကွန်ပျူတာလောက၊ အိုင်တီလောက ရောက်သော အချိန်တွင်တော့ ထိုစိုးရိမ်စိတ်က ကျွန်တော့်ကို ကောင်းကောင်းကြီး ပညာပြပါတော့သည်။

ကိုးတန်း ဆယ်တန်း အရွယ်လောက်ကတည်းက သူများတွေ တဂျောက်ဂျောက်နှိပ်တာကို အားကျပြီး ကွန်ပျူတာနှင့် ပတ်သက်၍ ကျွန်တော် ရည်မှန်းချက်ကြီးကြီး ထားခဲ့ပါသည်။ ဆယ်တန်းအောင်ပြီးချိန်မှစ၍ ခြေရော လက်ရော ခေါင်းပါမကျန် ကွန်ပျူတာ လောကထဲ ပစ်ဝင်မည်ဟူသည့် ဆုံးဖြတ်ချက်နှင့် ကွန်ပျူတာ သင်တန်းများ စတက်ဖို့ ကြိုးစားခဲ့ပါသည်။ ကွန်ပျူတာသင်တန်း စတက်ခွင့်ရသည့် နေ့မှာပင် ကျွန်တော်နှင့်အတူ ကျွန်တော့် အပေါင်းအပါကြီး စိုးရိမ်စိတ်က ထပ်ချပ်မကွာ သင်တန်းသို့ လိုက်ချလာပါသည်။ ကျွန်တော့် အစဦးဆုံး ကွန်ပျူတာလောကနှင့် ပတ်သက်သည့် စိုးရိမ်စိတ်မှာ ဘာဖြစ်မည်ထင်ပါသနည်း။ သင်တန်း အပေါက်ဝတွင် သူများတွေနှင့်အတူ ချွတ်ထား ခဲ့ရသည့် ဖိနပ်ကလေးကို “ဘယ်သူများ မှားစီးချင်ယောင်ဆောင်သွားမလဲ” ဟူသော စိုးရိမ်စိတ်ဖြင့် ရှေ့တည့်တည့်က ဆရာမ ဘာတွေသင်နေလဲဟု စိတ်ဝင်စားဖို့တောင် သတိမရခြင်း ဖြစ်ပါသည်။ ထပ်ခါထပ်ခါ စိုးရိမ်စိတ်ကို မချုပ်တည်းနိုင် တော့သည့်အဆုံး အထက်တန်းကျောင်းတုန်းက အပေါ့အပါးသွားခါနီး ခွင့်တိုင်သည့် ပုံစံမျိုးဖြင့် မတ်တပ်ရပ်၊ လက်ညှိုးလေး တစ်ချောင်းထောင်ကာ ဆရာမကို “ပလိစ် … အိတ်စ်ကျုစ်မီ” ဟုအော်ရင်း အပေါက်ဝတွင် ချွတ်ထားသော ဖိနပ်ကလေးကို ကြွတ်ကြွတ်အိတ်ဖြင့် ထုတ်လာပြီး ခုံအောက်တည့်တည့်တွင်းထား၍ ခြေထောက်ဖြင့် ဖိထားလိုက်မှပင် ကျွန်တော့်စိုးရိမ်စိတ်ခြင်းကိစ္စ ပြီးဆုံးပါတော့သည်။

ကွန်ပျူတာပညာကို လေ့လာဆည်းပူးသည့် ကာလတစ်လျှောက်လုံးတွင်လည်း ထုံးစံအတိုင်း စိုးရိမ်စိတ်ဖြင့် Shut Down လုပ်၍ ကွန်ပျူတာပိတ်နည်းကို ဆရာမ သင်ပေးသည့်ကြားထဲမှ ကွန်ပျူတာ ပိတ်မသွားမှာ စိုးရိမ်စိတ်ဖြင့် ပလပ် ဆွဲဖြုတ်ခြင်း၊ ကွန်ပျူတာသင်ခါစလူတို့ ထုံးစံအတိုင်း Mouse ကိုင်တာမငြိမ်မှာ စိုးသည့်စိတ်ဖြင့် သူများတကာလို ခုံပေါ်တွင် ကြိုးစားပမ်းစား Mouse ကိုမရွှေ့ဘဲ ကိုယ်ရွှေ့လိုသည့် နေရာရောက်အောင် Mouse ကို လက်ဖြင့်ထိန်းပြီး ခုံစောင်းဖြင့် ပွတ်ခြင်း၊ စာစီစာရိုက် လက်ကွက်မြန်အောင် Typing Game ကစားသည့်အခါ ကိုယ်ရိုက်လိုက်သည့်စာ မှန်ကန်တာ သေချာအောင် ရိုက်လိုက်၊ ပြန်ဖျက်လိုက်၊ ပြန်ရိုက်လိုက်ဖြင့် အမြဲတမ်း Game Over ဖြစ်အောင် ကစားခြင်း စသည်တို့ကို ဝတ္တရားမပျက် ပြုလုပ်ဆောင်ရွက်ရင်း ကွန်ပျူတာကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်သည့် အဆင့်ကို ရောက်လာ ပါသည်။ ကွန်ပျူတာ အခြေခံလေး တတ်လာသည့်အခါ ဒီထက်ပိုပြီး ကောင်းမွန်သည့် ဘယ်လိုအဆင့်မြင့် ကွန်ပျူတာ သင်တန်းမျိုး ရွေးတက်ရမလဲ စဉ်းစားရပါသည်။

ပထမဆုံး စိတ်ကူးမိသည်မှာ ကွန်ပျူတာကိုသုံးပြီး ပုံဆွဲလို့ရတယ်ဟု သတင်းသဲ့သဲ့ကြားရသော Graphic Design တက်ဖို့ပင်ဖြစ်၏။ ထိုသို့ စိတ်အားထက်သန်စွာဖြင့် နှစ်လတိတိ Graphic Design သင်တန်း တက်ပြီးသောအခါတွင်မတော့ Certificate တစ်ခု ရလာပါသည်။ သို့သော် ကျွန်တော် Graphic Design တတ်ဖို့မပြောနှင့် အဒိုဘီဖိုတိုရှော့ကိုတောင် စာလုံးပေါင်းမှန်အောင် မပေါင်းတတ်လိုက်။ သင်ပေးသည့် ဆရာ၊ ဆရာမ မကောင်းလို့တော့ မဟုတ်ပါ။ ရှေ့တွင် တက်ရောက်ခဲ့သည့် အခြေခံသင်တန်းမှ စာစီစာရိုက်ခြင်းကို မလေ့ကျင့်တာ ကြာလျှင် မေ့သွားမှာ စိုးရိမ်သည့်စိတ်ဖြင့် Graphic Design သင်တန်း နှစ်လလုံးလုံး ရှေ့က ဆရာလည်း သင်ချင်တာသင်၊ ကျွန်တော်ကလည်း ကိုယ့်စက်မှာ ခိုးပြီး စာရိုက်လေ့ကျင့် လုပ်နေခဲ့သောကြောင့် ဖြစ်ပါသည်။ Graphic Design မတတ် လိုက်သော်လည်း စာရိုက်တာကတော့ စပါယ်ရှယ် မီးခိုးထွက်အောင်ပင် မြန်သွားပါတော့သည်။ ထိုသို့သော စိုးရိမ်စိတ်၏ နောက်ဆက်တွဲ အကျိုးရလဒ်ကတော့ ထူးခြားလှပါပေ၏။ အားကစားဂျာနယ်တိုက် တစ်ခုတွင် Graphic Design အောင်လက်မှတ်ဖြင့် အလုပ်လျှောက်ပြီး စာစီစာရိုက်ရာထူးကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့ဖြင့် အလုပ်တစ်ဖက်လုပ်ရင်း ကိုယ့်ပါရမီအစွမ်းအစကို သဘောပေါက်သော ကွန်ပျူတာပညာရှင် ပေါက်စလေး ကျွန်တော်သည် အလုပ်လုပ်၍ရလာသော ချွေးနဲစာဖြင့် သုံးရင်းဖြုန်းရင်း အိမ်ကမိဘဆီမှ သင်တန်းကြေးတောင်းကာ ဒီထက်ပို အဆင့်မြင့်မည်ဟု ထင်ရသော သင်တန်းများ ဆက်လက်တက်ရောက်ရန် အကြံအစည် ဖြစ်မိပါသည်။ ကွန်ပျူတာ Service လုပ်ငန်းများ ခေတ်ကောင်းလာသည့်အချိန်တွင် ဟာ့ဒ်ဝဲတက်ခနစ်ရှင် တစ်ယောက်အနေဖြင့် စီးပွားဖြစ်လုပ်ကိုင် စားသောက်ရန် ကြံစည်သေးသော်လည်း ကေဘယ်လ်ကြိုး မှားထိုးမှာစိုးရိမ်စိတ်ဖြင့် တစ်လလုံးနေ၍ပင် ကြိုးတပ်၍ ပြီးမှာ မဟုတ်သည့် အဖြစ်ကို စောစောစီးစီး သဘောပေါက်သဖြင့် လက်လျှော့ခဲ့ပါသည်။ ထိုသို့ ဟိုဟာ လုပ်ရ ကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးဖြင့် နေရင်းမှ အစ်ကိုဝမ်းကွဲတစ်ဦး ကျေးဇူးဖြင့် အင်တာနက်သုံးနည်းကို တတ်မြောက်ပြီး သူ့ အင်တာနက်ဆိုင်တွင် အလုပ်ဝင်လုပ်ပါသည်။ ကွန်ပျူတာလောကထဲ ဝင်ရောက်ခါစတွင် အနည်းငယ်မျှသာ ဒုက္ခပေးသည့် စိုးရိမ်စိတ်က အင်တာနက် အွန်လိုင်းလောကထဲ ရောက်သည့်အခါတွင်တော့ ငါးပါးမက ဆယ်ပါးမှောက် သည်အထိ ကျွန်တော့်အား ကျီစယ်ပါလေတော့၏။

“စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် သုံးရန်အင်တာနက်” ဟူသော သဘောတရားကို နားမလည်သေးသော ကျွန်တော့်မှာ အင်တာနက်ဆိုင်အကူ အနေဖြင့် User များသုံးချင်သည့် Website ကို ဖွင့်ပေးရင်း ခဏနေလို့မှ Website တက်မလာသည့်အခါ မိမိတို့ဆိုင်ကို မကောင်းဟုထင်သွားမှာစိုး၍ ဘာများမှားနေလဲဟု စဉ်းစားပြီး Reload ပြန်ပြန် လုပ်ရင်းနှင့်ပင် စက်သုံးပြီး နာရီဝက်လောက်ကြာသည်အထိ အင်တာနက်လာသုံးသည့် Customer မှာ စက်ကို ထိ၍ ကိုင်၍ မရ၊ ကျွန်တော့်လက် ကျွန်တော့်ခြေချည်းပဲ ဖြစ်နေတတ်ပါသည်။ ကြာလာတော့ Customer များက ဆိုင်ပေါက်ဝမှာ ကျွန်တော့် မျက်နှာမြင်လျှင် ဆိုင်ထဲမဝင်ဘဲ ရှောင်လွှဲသွားခြင်းကိုလည်းကောင်း၊ မလွှဲသာ၍ ဆိုင်ထဲရောက်လာလျှင်လည်း ကျွန်တော့်ကို သူတို့အနားသို့ အကပ်မခံတော့ခြင်းကိုလည်းကောင်း မလိုလားသည့် အပြုအမူများကြောင့် ဆိုင်အကူ နာမည်ခံထားသော ကျွန်တော့်မှာ တစ်နေ့တစ်နေ့ လုပ်စရာမရှိဘဲ ဆိုင်ထဲတွင် ချောင်ကပ်၍သာ နေရပါတော့သည်။ လုပ်သလိုမဖြစ်၊ ဖြစ်သလိုလည်း လုပ်ဖို့ မစွမ်းသာသော ကျွန်တော့်မှာ လအတန်ကြာသောအခါ ထိုအလုပ်ကို ပျင်းလာပြီး စားကျက်အသစ်ရှာဖွေရန် ကြံစည်မိပါသည်။

အင်တာနက်ဆိုင်တွင် အလုပ်မလုပ်တော့သော်လည်း အင်တာနက်သုံးစွဲသည့် အလေ့အကျင့်က စွဲကပ်၍ ပါလာပြီး အွန်လိုင်းနယ်တကြောတွင် မျောချင်တိုင်း မျောနေပါတော့သည်။ တဖြည်းဖြည်းနှင့် အင်တာနက်ပါး ဝလာသော အခါတွင်တော့ အွန်လိုင်းတွင် ကိုယ်နှင့်သိသိ မသိသိ Hi, Asl Plz, လုပ်တတ်လာပါပြီ၊ ဘာမှအရေးတကြီးကိစ္စ မရှိသော်လည်း Chat Box တွင် Busy Sign ပြ၍ မအားချင်ယောင် ဆောင်ချင်ဆောင်နေတတ်ပါပြီ၊ Chat Room တွေထဲ ခပ်တည်တည်ဝင်ပြီး တော်ရုံလူ မဖတ်တတ်သော နာမည်များ ပေးတတ်လာပါပြီ၊ အွန်လိုင်းအသုံးပြုခြင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ယောင်္ကျားလေးလည်းဖြစ်လို့ရ၊ မိန်းကလေးလည်း ဖြစ်လို့ရကြောင်း သိလာပါပြီ၊ အင်္ဂလိပ် စာလုံးတွေကို မြန်မာအသံထွက်ဖြစ်အောင် ကောင်းကောင်းရေးတတ်လာပါပြီ။ “Upload ဆိုတာက ဒီလို၊ Download ဆိုတာက ဒီလို၊ Connection ကောင်းတယ်ဆိုတာက ဒီလို” ဆိုတာမျိုးတွေ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာကြီးဂိုက် ဖမ်းတတ်လာပါပြီ။ ထိုသို့ဖြင့်ပင် နောက်ထပ်အလုပ်တစ်ခု လုပ်သောအခါ အချိန်ပြည့် အင်တာနက်သုံး၍ လုပ်ရသော အလုပ်တစ်ခုတွင် ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးဖြင့်ထိုင်ရသော အဖြစ်ကို စမတ်ကျကျ ရောက်ရှိပြီဖြစ်ပါ၏။

စိုးရိမ်ကြောင့်ကြ ကင်းမဲ့စွာဖြင့် အေးအေးလူလူ အလုပ်လုပ်ရသည့် ကျွန်တော့်စိတ်ထဲ သေမလောက် ကြောက်ရသော စိုးရိမ်စိတ်တစ်ခု ပြန်ရောက်လာသည့်နေ့ကို ကျွန်တော် ဘယ်တော့မှ မမေ့ပါ။ ရုံးမှ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ကျွန်တော့်စက်တွင် USB Stick လာထိုးပြီးသည့်နောက် ကျွန်တော့်စက်သည် အကောင်းပကတိမှ စလိုးမိုးရှင်းတွေ ဖြစ်ကုန်ပါသည်။ ဘာဖြစ်မှန်းလည်း ကွန်ပျူတာ ကျွမ်းကျင်အဆင့်ရှိသူ ကျွန်တော် မသိပါ။ ရုံးမှ တတ်ကျွမ်း နားလည်သူ တစ်ယောက်ကို မေးကြည့်မှ ထို USB Stick မှာ ပါလာသော ဗိုင်းရပ်စ်က ကျွန်တော့်စက်ထဲ ကျန်ခဲ့ပြီး စက်ကို ကိုက်နေသည်ဟု သိရပါသည်။ ထို ဗိုင်းရပ်စ်ကို တွေ့လိုတွေ့ငြား ကွန်ပျူတာ System ပုံးကြီး ဖွင့်ကြည့်ရကောင်းမလား စဉ်းစား သေးသော်လည်း မူလီပြန်တပ်၍ မရမှာ စိုးရိမ်စိတ်ဖြင့် မဖြုတ်မိပါ။ ဒါနဲ့ သေချာမေးကြည့်တော့မှ ထို ဗိုင်းရပ်စ် ဆိုသောအကောင်၏ အကြောင်းများ လုံးစေ့ပတ်စေ့ သိရပါတော့သည်။ ကွန်ပျူတာကို ကိုက်သော ဗိုင်းရပ်စ်သည် အချို့ အင်းဆက်ပိုးမွှားများလိုပင် မျိုးစိတ်တွေ များပြားလှပါ၏။ Autorun တဲ့၊ Folder.exe တဲ့၊ Trojan တဲ့။ တစ်ခါတစ်လေ လွိုင်ကော်တို့ ဘာတို့လို တိုင်းရင်းသား ဗိုင်းရပ်စ်များလည်း ပါတတ်သည်ဆို၏။ အောင်မယ် … တချို့ ဗိုင်းရပ်စ် နာမည်ဆို ကြည်နူးစရာတောင် ကောင်းသေးတော့ …. I Love You ဗိုင်းရပ်စ်ဆိုပဲ။

လူတွေ အေအိုင်ဒီအက်စ်ဖြစ်မှာ ကြောက်ကြသလို ကွန်ပျူတာများလည်း ဗိုင်းရပ်စ်ကို အေအိုင်ဒီအက်စ်လို ကြောက်ကြရကြောင်း လူပြောသူပြောအရ သိရပါသည်။ ဒါဖြင့် .. ကျွန်တော့်စက်ကို ဘယ်လိုလုပ်ရမလဲ ဆိုတော့ Anti-Virus Software များဖြင့် နှိမ်နှင်းလျှင် ရပါသတဲ့။ Anti-Virus တွေထဲက ဘာကောင်းသလဲမေးတော့ တစ်ယောက်က Avast သုံးကြည့်ပါ .. ကောင်းတယ်ဟု ဆိုသည်။ ဒါနဲ့ သူပြောတာလေး သူ့ကို အကူအညီတောင်းပြီး တင်လိုက်သည်။ အလဲ့ .. ဆိုးတော့မဆိုး။ အကောင်တွေ တော်တော်များများ သေကုန်သည်။ ဒီကြားထဲ အဲဒီလိုသတ်တာ Avast က ငရဲမကြီးပဲ ကျွန်တော်များ ငရဲကြီးမလားဟု ပေါက်ပေါက်ရှာရှာ စိုးရိမ်စိတ်ပေါ်လာသေးသည်။ Avast က ကောင်းတာ မှန်သော်လည်း ကြာတော့ ကျွန်တော် ဒဏ်မခံနိုင်။ သူက ဗိုင်းရပ်စ်ကို တိုးတိုးသက်သာ သတ်တာမဟုတ်။ တစ်ခါတလေ .. အလုပ်စားပွဲမှာ ကျွန်တော် ကြိုးစားပမ်းစား အိပ်ငိုက်နေတုန်း “တွီ .. တွီ .. တွီ … တွီ” ထအော်ပြီး သူသတ်ကြောင်း ကြေငြာသဖြင့် လန့်လန့်နိုးတာ ခဏခဏ။ မဖြစ်သေးဘူးဆိုပြီး ဒါကြီးဖြုတ်ပြီး တခြားဘာပြန်တင်ရမလဲ မေးရပြန်သည်။ နောက်တစ်ယောက်ကကျတော့ Anti-Virus တွေထဲမှာ Kaspersky က အကောင်းဆုံး .. အဲဒါပဲတင်လိုက်ဟု ဆို၏။

ပထမတော့ အဆင်ပြေပါသည်။ သို့သော် အလကားသုံးတာဖြစ်၍ Trial Version သာရပြီး ရက်သုံးဆယ် အကြာတွင်တော့ ထို သကောင့်သား Kaspersky က သူ့ကို ဝယ်ယူပါရန် ခဏခဏ နားပူနားဆာ လုပ်ပါတော့သည်။ သို့သော်လည်း ကိုယ်ရသည့်လစာနှင့်မလောက်၍ သူငယ်ချင်းများဆီ ချေးငှားသုံးစွဲရသော ကျွန်တော့်အဖို့ သူ့ကို အပိုင် ဝယ်သုံးဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ ထို့ကြောင့် အွန်လိုင်းပေါ်မှ နည်းပညာရှင်များ ပြန်လည်မျှဝေထားသော Kaspersky Key များကို လိုက်ရှာကာ သုံးနေရပါ၏။ ဒါလည်း အဆင်မပြေလှ … Key တွေက ခဏခဏ Black List ဖြစ်ဖြစ် သွားသောကြောင့် ဒီကောင့်ကို သုံးရတာကနည်းနည်း သူ့ကိုအစာကျွေးဖို့ Key တွေလိုက်ရှာရတာက များများနှင့် Anti-Virus က ကျွန်တော့်အား Anti ပြန်လုပ်ခြင်းဒဏ်ကို အောင့်သီးအောင့်သက် ခံရပြန်ပါသည်။ ဒီတော့ ဉာဏ်ကြီးရှင် ကျွန်တော် ဘာလုပ်သည်ဟု ထင်ပါသလဲ။ Trial Version ကို ရက်သုံးဆယ်ပြည့်အောင် သုံးလိုက်၊ ရက်သုံးဆယ်ပြည့်၍ Expired ဖြစ်သွားသောအခါ ဒင်းကို Uninstall ပြန်လုပ်ပြီးမှ အသစ်တစ်ဖန် Install ပြန်လုပ်၊ အစကနေ ရက်သုံးဆယ် ပြန်သုံး စသည်ဖြင့် ဉာဏ်နီဉာဏ်နက်ပေါင်းစုံ သုံးပါသည်။ Kaspersky နှင့် Virus သတ်ပုတ်တာကို နောက်ထား၊ ကျွန်တော်နှင့် ထို Kaspersky နှင့် အချိန်ပြည့် နပမ်းလုံးနေရပါတော့သည်။

Antivirus အရှုပ်ထုပ်မပြီးခင်မှာပင် ကျွန်တော့် စိုးရိမ်စိတ်ကို နှိုးဆွပေးသော စကားတစ်ခွန်း လက်ဆောင် ထပ်ရ ပြန်ပါသည်။ ဘာလဲဆိုတော့ ကွန်ပျူတာ ဆိုသည့်အမျိုးဟာ ဒီအတိုင်း သုံးနေရင် တဖြည်းဖြည်းနဲ့ စက်ထဲက System တွေ ပျက်စီးလာ တတ်ပါသတဲ့။ ဒီလိုမဖြစ်အောင် စက်ကို Software အချို့ဖြင့် ဆေးကြောသန့်စင်မှုများ ပြုလုပ်ရပါသတဲ့။ ဒီစကား ကြားလိုက်ကတည်းက ကျွန်တော့်စိတ်ထဲတွင် ကျွန်တော့်စက်ကြီးအတွင်းမှ Registry များ၊ System File များ၊ ကလီစာများ၊ ကျောက်ကပ်များ အကုန်လုံး တော်တော်ကို ယိုယွင်းပျက်စီးနေလောက်ပြီး ဟူသော စိုးရိမ်စိတ်က ကျွန်တော့်ကို ကြီးစွာသော ပူဆွေးသောကများ ဖြစ်စေပါတော့သည်။ အဲဒီလို စိုးရိမ်ပြီး မရှေးမနှောင်းမှာပင် ကျွန်တော့် ကွန်ပျူတာထဲ TuneUp Utilities ၊ Error Killer ၊ CCleaner ၊ Windows Washer ၊ Registry Recovery အစရှိသည့် သန့်ရှင်းရေး ဆော့ဖ်ဝဲများ တန်းစီ၍ Install လုပ်ထားလိုက် ပါတော့သည်။ စိုးရိမ်တတ်တာကိုး ခင်ဗျ။

မနက်ရုံးရောက်တာနဲ့ ကွန်ပျူတာဖွင့်ပြီးပြီးချင်း ဘာ Application မှ မသုံးအားဘဲ Defragment လုပ်၊ CCleaner ဖွင့်၊ TuneUp Utilities တွင်ပါသည့် Function နှစ်ဆယ့်သုံးမျိုးလုံး မပြီးပြီးအောင် Run၊ Error Killer ဖြင့် အယ်ရာရှင်း၊ Registry ကို သန့်ရှင်းရေးလုပ်၊ ဒီကြားထဲ Disk Clean Up လုပ်တာလေးက မပါမဖြစ်၊ ဒါတွေ ပြီးသည့်အခါ ညက စက်ပိတ်ထားတုန်း ဗိုင်းရပ်စ်တွေများ စက်ထဲခုန်ဝင်နေမလား စိုးရိမ်စိတ်ဖြင့် Anti-Virus ကို နှစ်ခေါက်လောက် Run စသဖြင့် ဒိုဘီကုလားမပင် အရှုံးပေးရလောက်အောင် စက်ကို ထောင်းလမောင်းကြေအောင် လျှော်ဖွပ်သန့်စင်ပစ်ခြင်းမှာ ရုံးစတက်သည့် နံနက် ရှစ်နာရီခွဲအချိန်မှစ၍ ညနေလေးနာရီလောက်မှပင် အားလုံးပြီးစီးသည့်အဖြစ်ကို ရောက်လေသည်။ တစ်နေကုန် ကွန်ပျူတာရှေ့ထိုင်၍ စက်သန့်ရှင်းရေးလုပ်ထားရသောကြောင့် ခဏလောက် အညောင်းအညာဖြေပြီး ရုံးအလုပ်များ စလုပ်ရန် ကွန်ပျူတာရှေ့ ပြန်ထိုင်ချိန်တွင် ရုံးဆင်းရန် ငါးမိနစ်သာ လိုပါတော့သည်။ ကိစ္စမရှိပါ .. ဒီနေ့ မလုပ်ရ နောက်နေ့လုပ်တာပေါ့ ဟူသောအတွေးဖြင့် ပြန်သွားပြီး နောက်နေ့မနက် ရုံးပြန်ရောက်သည့်အခါလည်း ထိုနည်း လည်းကောင်း။

ကိုင်း … ကွန်ပျူတာလောက၊ အိုင်တီလောကထဲ လျှမ်းလျှမ်းတောက် ကျော်ကြားလာရမည် ဟူသော ရည်ရွယ်ချက်ဖြင့် ခြေစုံပစ်ဝင်လာသော သူရဿဝါတစ်ယောက် ယခုတော့ လျှမ်းလျှမ်းတောက်ဖို့ နေနေသာသာ၊ အလုပ်လည်း မလုပ်နိုင်၊ စာလည်းမရေးနိုင်၊ ဘာကွန်ပျူတာပညာမှလည်း ဆက်လက်မဆည်းပူး မလေ့လာနိုင်တော့ပါ။ တစ်နေ့လာ စက်ရှေ့ငုတ်တုပ် အလုပ်တွေရှုပ်ရင်းဖြင့် သန့်ရှင်းရေးသမားကြီးကို ဖြစ်မှန်းမသိ ဖြစ်နေပါတော့သည်။ ဒါတင် မကသေးပါ … အခုနောက်ဆုံး Latest Information တစ်ခု လတ်လတ်ဆတ်ဆတ် ရထားပါသည်။ ကျွမ်းကျင်သော သူငယ်ချင်း ကွန်ပျူတာသမားတစ်ယောက် အပြောအရ “စက်ကို ဘယ်လောက်ဗိုင်းရပ်စ်ကိုက်ကိုက် ပစ်ထားလိုက်၊ အချိန်တန် Format ရိုက်လိုက်ရင် ပြီးသွားတာပဲ” ဟူသော စကားပင် ဖြစ်ပါသည်။ ထိုစကားအတိုင်း လိုက်နာကျင့်သုံး ဖို့ရန်မှာ ကျွန်တော့်အတွက် အတော်ပင် အန္တရာယ်များကြောင်း သဘောပေါက်နားလည် ထားပါသည်။ သို့သော်လည်း မတတ်နိုင်ပါ၊ ဘယ်လောက် အန္တရာယ်များသည့် ကိစ္စပဲဖြစ်ဖြစ် ကျွန်တော့် စိုးရိမ်စိတ်လောက် ကျွန်တော့်ကို ဒုက္ခပေး နိုင်လိမ့်မည် မထင်ပါ။ မတော်လို့ သူပြောသလို စက်ကို မှန်မှန် Format မရိုက်ဘဲထားလို့ ကျွန်တော့်စက်ရှိ အစာပလာများ ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်သွားရင် ငါးပါးမှောက်ရချည်ရဲ့။

ဟုတ်ကဲ့ …. ယခုအချိန်တွင် ကျွန်တော့်စိတ်ထဲ လေးလေးနက်နက်တွေးနေသည့်ကိစ္စ တစ်ခုပဲရှိသည်။ “ငါ့စက်ကို တစ်နေ့တစ်ခါ Format မှန်မှန်ရိုက်ပေးရင် ကောင်းမလား ….” ဟူ၍ ဖြစ်ပါသည်။

သူရဿဝါ
ဇန်နဝါရီ ၂၁ ရက် ၊ ၂၀၁ဝ ခုနှစ်

11 comments

  • kai

    January 21, 2011 at 9:19 am

    ဒီလိုလုပ်ဗျာ..။
    ကွန်ပျူတာတခုလုံး ..စိတ်ကြိုက်ဆော့ဖ်ဝဲတွေသွင်းပြီး.. ဟဒ်ဒစ်စ်မှာ ပါတေးရှင်းခွဲ .. ဘက်ကပ်လုပ်ထားလိုက်..။
    ဖေါ်မက်ချချင်တဲ့အချိန်ရောက်ရင်… အဲဒီ ဘက်ကပ်ကို ပြန်တင်လိုက်ပေါ့..။

    ဖေါ်မက်ချပြီး ..အိုအက်စ်ပြန်တင်..။ ဆော့ဖ်ဝဲတွေပြန်ထည့်တာ .. ပုံမှန်အားဖြင့်တနေကုန်တယ်..။
    အခု .. ဘက်ကပ်ကို ရီစတိုးပြန်လုပ်နည်းက ..လွန်လှ.. ၁နာရီပဲ..။
    အကြိုက်ဆုံးအခြေအနေတန်းပြန်ရတယ်..။
    ကျုပ်တော့ .. acronis true image ကိုသုံးတယ်..။

  • manawphyulay

    January 21, 2011 at 12:46 pm

    ဝါဝါရေ…………. စက်ကို ဖောင်းမတ်မရိုက်ခင် လူကို အရင် ဖောင်းမတ်ချလိုက်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

  • intro

    January 21, 2011 at 1:04 pm

    Deep Freeze စမ်းသုံးကြည့်ပါဗျာ… မဆိုးဘူး

  • manawphyulay

    January 21, 2011 at 1:23 pm

    ဒါပေမယ့် Deep Freeze ကလည်း ဒေတာတွေ ပြန်ဖော်လို့ရတယ်လေ……..

  • naywoonni

    January 21, 2011 at 2:31 pm

    အလုပ်တစ်ခုကို သီချင်းတစ်ပုဒ်ဆိုသလိုလုပ်ပါတဲ့ ကြားဖူးတာနော်။ ကိုယ်ရပြိးသားသီးချင်းတစ်ပုဒ်ဟာ ဘယ်နေရာက စပြိးဆိုဆို အထစ်အငါ့ မရှိတတ်ပါဘူး။ ဘာပြိးရင်ဘာလာတယ်ဆိုတာကို ကြိုတင် ကြံစည်ထားခြင်းမရှိပါဘူး မေ့သွားမှာစိုးလို့ ကြို စဉ်းစားထားတာလဲမရှိပါဘူး အလေ့အကျင့်လုပ်ကြည့်ပါ။

  • bigcat

    January 22, 2011 at 1:09 am

    ကျုပ်အဖိုးဆီက အမွေရလိုက်တဲ့ နေရှင်နယ် ရေဒီယို ဘီဘီစီလှိုင်းတို အစီအစဉ်ဖမ်းရင် အသံမကြည်ဘူး ဂျစ်ဂျစ် ဂျစ်ဂျစ် မြည်နေတယ်။ လေတခါတခါ တိုက်ရင်လည်း အသံပျောက်သွားတယ်။ အဲဒါဘာလုပ်ရမလဲ။

    • kai

      January 22, 2011 at 5:21 am

      လမ်းပေါ်ဆင်း.. တွေ့တဲ့အခြေအနေမဲ့တယောက်ယောက်ကို လှူမယ်ပြောလိုက်..။
      သင့်ခ်ယူဆိုတဲ့အသံကြားပြီး.. နောက်အသံအရမ်းကြည်သွားလိမ့်မယ်..။
      ကြည်လွန်းလို့ .. နောက်ထပ်ဘာသံမှတောင် ထပ်ကြားရမှာမဟုတ်ဖူး..။ 🙂

  • cherrywine

    January 22, 2011 at 4:24 am

    အရမ်းသဘောကျပါတယ် ။

  • char too lan

    January 22, 2011 at 8:19 am

    အပြင်မှာတကယ်ဆိုရင်တော့ ကိုသူရ ကသနားဖို့ကောင်းနေပီ ကျနော်ဆိုကွန်ပျူတာအကြောင်းသိပ်မသိဘူး ကျနော့်ရုံးကစက်ကို ကျနော့်ဆရာက ဗိုင်းရပ်တွေဘာတွေ အမြဲသတ်ပေးတယ လိုအပ်တာတွေလုပ်ပေးတယ် ကျနော့်ဆရာကျေးဇူးနဲ့ပဲ ကျနော်လဲကွန်ပျူတာအကြောင်း တော်တော်လေးသိလာတာ ဟိုနေ့ကတောင်ဆရာပြောနေသေးတယ် ကိုယ်ပျောက် folder တဲ့ ခုထိတော့ကျနော်မတွေ ့ဖူးသေးဘူး 🙂 ကိုသူရ ရဲ့စာအရမ်းကောင်းတယ်

  • kopauk mandalay

    January 22, 2011 at 11:59 am

    ညီလေးကိုသူရ
    လေးပေါက်က အကြံတစ်ခုပေးချင်ပါတယ်။
    စိတ်တော့ မဆိုးနဲ့ လေးပေါက်သူငယ်ချင်းလိုဖြစ်နေမှာစိုးလို့ပါ။
    လေးပေါက်သူငယ်ချင်းကတော့ သူ့ကလေးတွေကိုနေ့စဉ်ကြည့်ပြီး သူနဲ့တူမှ တူရဲ့လားဆိုပြီး စဥ်းစားရင်း စိတ်တွေလေနေတတ်တဲ့သူပါ။
    အဲလောက်သာ စိုးရိမ်ပူပန်မူ့ကြီးတတ်တယ်ဆိုရင်တော့
    အကောင်းဆုံးကတော့
    ဒန် ဒန် မဒန် တာ အကောင်းဆုံးလို့ထင်ပါတယ်။

    • kai

      January 22, 2011 at 6:30 pm

      ကိုပေါက်ကလည်း..
      စိတ်တွေမလေအောင် …ဒီအန်အေစစ်ခိုင်းလိုက်ပေါ့..။
      အဲဒါကြီးက ယူအက်စ်မှာတော့ တော်တော်အသုံးတည့်ပုံရတယ်..။
      မဟေသီတွေ .. ရှင်နဲ့ရတာ..ရှင်နဲ့ရတာ… ဆိုပြီး လှိမ့်လို ့မရတော့ဘူး..။ 🙂

Leave a Reply