မနှောင်းသေးပါဘူး
သီရိလင်္ကာလို့ခေါ်တဲ့ သီဟိုဠ်နိုင်ငံမှာ ယနေ့ဗုဒ္ဓဘာသာအခြေအနေဘယ်လိုရှိလဲ။
သီဟိုဠ်နိုင်ငံမှာ ဘာသာရေးပွဲတွေ အထူးသဖြင့် Vesak Festival လို့ခေါ်တဲ့
ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်အခန်းအနားတွေမှာ
လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ် အကုန်လုံးပါဝင်ဆင်နွှဲကြတာကို
တွေ့ခဲ့ဘူးပါတယ်။
သီဟိုဠ်ဘုန်းကြီးကျောင်းတွေမှာ
၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်လေတွေရဲ့ ဗုဒ္ဓဝင်ပန်းချီပြိုင်ပွဲ၊
ပြပွဲလေးတွေကို တခုတ်တရ ကျင်းပပေးပါတယ်။
(ဒီ တခုတ်တရဆိုတဲ့ စကားအဓိပ္ပါယ်အပြည့်အဝမသိသေး၊ သူများသုံးတာတွေ့လို့ သုံးလိုက်တာ)
ဘုန်းကြီးများက ပြိုင်ပွဲဝင်ကလေးတွေကို
အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးပါတယ်။
မြန်မာပြည်က အောင်ခြင်းရှစ်ပါးလို ဗုဒ္ဓဘာသာဇာတ်လမ်းနဲ့သက်ဆိုင်တဲ့
ကလေးတွေရေးဆွဲထားတဲ့ ပန်းချီကားလေးတွေကို
မိဘတွေ မိဘသူငယ်ချင်းတွေ ရပ်ကွက်လူကြီးလူငယ်တွေ
တငေးတမောလာရောက်ကြည့်ရှုခံစားအားပေးကြပါတယ်။
အတော်ကြည်နူးစရာပါ။
ဒီလို ၁၀-နှစ်၊ ၁၂-နှစ်အရွယ်ကလေးငယ်က ဘာလို့ ဗုဒ္ဓဝင်တွေကို
သိပြီး ပန်းချီရေးဆွဲနိုင်ရတာလဲ။
နောက်အံ့ဩဖွယ်တစ်ခု ကြုံခဲ့ရပါသေးတယ်။
အင်္ဂလိပ်စာတိုးတက်ဖို့အတွက် သီဟိုဠ်၊ ကိုလံဘိုမြို့မှာရှိတဲ့
အင်္ဂလိပ်စာအလေးပေးသင်ပေးတဲ့ကောလိပ်တစ်ခုတက်ဖြစ်ပါတယ်။
အသက်၁၈ နှစ်ဝန်းကျင်လူငယ်လေးတွေနဲ့အတူတက်ရပါတယ်။
အဲ့ကောလိပ်မှာ နိုင်ငံခြားသားဦးဇင်းတွေလဲ တက်ကြပါတယ်။
အဲ့တုန်းက ကမ္ဗောဒီးယားနိုင်ငံက ဦးဇင်းလေးတစ်ပါးနဲ့ စာသင်ခန်း တစ်ခန်းထဲမှာ
အတူသင်ရတယ်။ အဲ့ဒီဦးဇင်းလေးက အတော်အနောက်သန်တာပဲ။
တစ်နေ့
အတန်းဖော်ကောင်လေးတစ်ယောက်ကို သူပြောတယ်။
မင်းတို့နိုင်ငံက ကလေးမတွေ အသားမဲလို့ မလှဘူးထင်နေတာ။
အင်း၊ တချို့ကလေးမတွေက လှသားပဲ။ ချစ်ဖွယ်ကောင်းသားပဲတဲ့။
သူသုံးနှုန်းတဲ့အင်္ဂလိပ်စကားကကတော့
I thought the girls in your country are not pretty as their complexion is dark;
But some are pretty and lovely လို့ထင်တယ်။
ကောင်းကောင်းတော့ မမှတ်မိတော့ပါဘူး။
ကမ္ဗောဒီယားဦးဇင်းကဒီလိုပြောတော့
အပြောခံရတဲ့ အတန်းဖော်သီဟိုဠ်ကုလားလေးက
တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္တိ သောကော ကုတော ဘယံ
ဆိုတဲ့ ဓမ္မပဒပါဠိတော်မှာလာတဲ့ ဂါထာလေးတစ်ပုဒ်ကို ရွတ်ဆိုပြတယ်ဗျာ။
ကမ္ဗောဒီးယားဦးဇင်းတောင် မျက်လုံးပြူးသွားတယ်။
ဂါထာရဲ့အဓိပ္ပါယ်က
From craving springs grief, from craving springs fear;
For him who is wholly free from craving
There is no grief, much less fear. တဲ့။
မြန်မာလိုတော့
လိုချင်တတ်မက်တတ်တဲ့တဏှာကြောင့် စိုးရိမ် ကြောက်ရွံ့စိတ်တွေဖြစ်ပေါ်လာတတ်ပြီး
လိုချင်တတ်မက်တတ်တဲ့တဏှာက လွတ်ကင်းအောင် နေထိုင်နိုင်မှသာ
စိုးရိမ်ကြောက်ရွံ့စိတ်တွေ ကင်းဝေးမှာ။
ဒီနေရာမှာ ပြောချင်တာက
သီဟိုဠ်နိုင်ငံက ဆယ်ကျော်သက်တွေ ဘာလို့များ ဘယ်လိုကြောင့်
ဒီလိုပါဠိဂါထာတွေကို သိနေပြီး လိုရင်လိုသလို အသုံးချနိုင်ရတာလဲ။
စုံစမ်းကြည့်တော့ သီဟိုဠ်နိုင်ငံမှာရှိတဲ့
Sunday Dhamma School
(တနင်္ဂနွေနေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း)ကြောင့်
ဆိုတာ သိလာရတယ်။
သီဟိုဠ်နိုင်ငံမှာ ဗုဒ္ဓဘာသာကျောင်းသူကျောင်းသားတိုင်း
တနင်္ဂနွေနေ့မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တက်ရတယ်။
ဒီလိုမျိုးသင်တန်းကို ၁၈၈၁ ခုနစ်ကတည်းက စတင်သင်ကြားပို့ချခဲ့တာတဲ့။
ဆိုတော့ အခု နှစ်ပေါင်း ရာကျော်သွားပြီ။
ဒါ့ကြောင့် အခုသီဟိုဠ်နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ၊ ဝန်ကြီး၊ ဗိုလ်ချုပ်ကြီးများဟာ
Sunday Dhamma School ကျောင်းဆင်းတွေချည်းပါဘဲတဲ့။
Sunday Dhamma School ကို စတင်တည်ထောင်သူကတော့
အမေရိကန်နိုင်ငံသား သာသနာ့အလံကို တည်ထွင်သူ
Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။
ဗုဒ္ဓဝင်၊ ရာဇဝင်၊ ယဉ်ကျေးမှုစတာတွေကို သင်ပေးတာပါ။
နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေးစနစ်ကို စနစ်တကျ သတ်မှတ်ပေးပြီး
စည်းမျဉ်းဥပဒေနဲ့အညီ ဖွင့်လစ်ပေးထားတာပါ။
သင်တန်းနေရာက ဘုန်းကြီးကျောင်းမှာပဲ။
အချို့စွမ်းနိုင်တဲ့ဘုန်းကြီးများက
Sunday Dhamma School မှာ ကျောင်းအုပ်အဖြစ်တာဝန်ယူပြီး
ဆရာ ဆရာမများနဲ့ ဝိုင်းဝန်းသင်ကြားပေးပါတယ်။
အချို့ဘုန်းကြီးများကတော့ အကူလောက်ပါဘဲ။
ဆရာ၊ ဆရာမတွေက စေတနာ့ဝန်ထမ်းတွေပါ။
ဆရာ၊ ဆရာမဖြစ်ဖို့ သင်တန်းတက်ရပါတယ်။
ဆရာဖြစ်သင်တန်းမှာ
၁၊ ကုသိုလ်ကံ အကုသိုလ်ကံ၊ ကံ၏အကျိုးတရားများ
၂။ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ
၃။ ပဋိစ္စသမုပ္ပါဒ်။ သမထ ဝိပဿနာတို့ဖြစ်ပါတယ်။
Sunday Dhamma School ကျောင်းသူ ကျောင်းသားများလည်း
အစိုးရကျောင်းများမှာ ၅ နှစ်သားအရွယ်က စတင်ပြီး ပညာသင်ယူရသလို
၅ နှစ်သားအရွယ်က စတင်ပညာသင်ယူရပါတယ်။
အစိုးရကျောင်းမှာရှိတဲ့အတန်းလိုပဲ အတန်းများကို ခွဲခြားသတ်မှတ်ထားပါတယ်။
၁။ သူငယ်တန်း
၂။ ၁ တန်းမှ ၁ဝ တန်း (Grade 1 to Grade 10)
၃။ နောက်ဆုံးအဆင့် ၁၊ အဆင့် ၂ (Final 1, 2)ဆိုပြီး
အတန်းပေါင်း ၁၃ တန်း (၁၃-နှစ်) သင်ကြားပေးပါတယ်။
ပြဋ္ဌာန်းစာတွေကတော့
ငါးရာ့ငါးဆယ်လာဇာတ်တော်များ၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်များ၊
ဗုဒ္ဓဝင်ကဗျာများ၊ ပါရမီ ၁ဝပါး၊ ဒါန သီလ စတဲ့ ပုညကိရိယဝတ္ထု ၁ဝ ပါးအကြောင်း၊
ဘုရားဖြစ်တော်စဉ်ဗုဒ္ဓဝင်၊ ပရိတ်ကြီးပါဠိ အဓိပ္ပါယ်၊ အဘိဓမ္မာသဘောသဘာဝ၊
သုတ္တနိပါတလာ မှတ်သားဖွယ်ရာများ၊ သီဟိုဠ်ဗုဒ္ဓဘာသာသမိုင်း၊
ရှေးဟောင်းယဉ်ကျေးမှုဗိသုကာများအကြောင်း၊
ရှေးဘုရင်တို့၏အောင်ပွဲနှင့် စစ်သူကြီးများ၏အစွမ်းသတ္တိတို့ကို ဖော်ပြထားတဲ့ ရာဇဝင်များ၊
ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာအကြောင်းတို့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နံနက် ရ – နာရီလောက်ကစပြီး ရိုးရာဝတ်စုံဖြစ်တဲ့
အထက်အောက် အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ပြီး
ကျောင်းကို လာကြရပါတယ်။
ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည်တို့ကို ယူလာပြီး
ကျောင်းဝင်းရှိ ဗောဓိပင်အနီး ပန်းတင်ခုံပေါ်မှာ တင်ထားရပါတယ်။
၈ နာရီခွဲမှာ ကျောင်းသူ ကျောင်းသားများ သူ့နေရာနှင့်သူ တန်စီပြီး
ပန်း၊ ရေချမ်းစသည်တို့ကို ဘုရားကို ကပ်လှူပါတယ်။
ပြီးတော့ သီလယူပါတယ်။ ကျောင်းတိုက်မှာရှိတဲ့ဆရာတော်က ဩဝါဒဆက်ပေးပါတယ်။
ပြီးမှ စာသင်ခန်းထဲဝင်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုစာများကို စတင်သင်ရပါတယ်။
၁၂ နာရီခွဲမှာ သင်တန်းအားလုံးပြီးပါတယ်။
သင်တန်းပြီးချိန်မှာ ကျောင်းသူကျောင်းသားများဟာ
စာသင်ခန်းထဲကနေပြီး ဗောဓိပင်ရှိရာမျက်နှာမူကာ မေတ္တာပို့ ဆုတောင်းပြီး
စာသင်ခန်းထဲမှ ထွက်ခွါကြရပါတယ်။
ဒီလိုအလေ့အကျင့်ဟာ တစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊
၁၃-နှစ်ကြာ တက်ရကြောင်းသိရပါတယ်။
နောက်တစ်ခုထပ်သိရတာက
ဘွဲ့ရလို့ အလုပ်လျှောက်တဲ့အခါမှာလည်း
Sunday Dhamma School အောင်လက်မှတ်က အရေးပါပြန်တယ်တဲ့။
ဒီအောင်လက်မှတ်ပြနိုင်တဲ့သူ၊
Sunday Dhamma School မှာ အမှတ်ကောင်းကောင်းနဲ့
အောင်မြင်ခဲ့တဲ့သူဟာ အလုပ်လျှောက်ရာမှာ များစွာ အထောအကူဖြစ်တယ်တဲ့။
ဦးစားပေးခံရတယ်တဲ့။
သီဟိုဠ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်ပြီး
သီဟိုဠ်နိုင်ငံမှာနှစ်အတန်ကြာနေဘူးတဲ့ မြန်မာဘုန်းကြီးတစ်ပါးက
အခုလိုပြောဘူးတယ်။
“သီဟိုဠ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်ကလေးသူငယ်များဟာ
ဘာသာပြောင်းတယ်ဆိုတာ မရှိဘူး၊
ဘာ့ကြောင့်လဲဆိုရင် ကလေးဘဝက စတင်ပြီး
အခြေခံဗုဒ္ဓစာပေများကို စနစ်တကျ သင်ယူခဲ့ရသည့်အတွက်
ဗုဒ္ဓဘာသာရဲ့တန်ဘိုးကို ကိုယ်ကိုယ်တိုင်သိရှိနေကြပြီလေ၊
ဒီတော့ ကိုယ့်ဗုဒ္ဓဘာသာကို ဘယ်သောအခါမှ ကျောမခိုင်းတော့ဘူး”
ဟုတ်တယ်။ သီဟိုဠ်သားတွေက ဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီးချစ်ကြတာ။
ဗုဒ္ဓဘာသာကိုတော့ လာမစော်ကားနဲ့။ နည်းနည်းလေးမှ သည်းမခံဘူး။
ဒါ့ကြောင့် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကမ္ဘာကို တင်ပြစရာရှိရင်
သီဟိုဠ်သားတွေပဲ တင်ပြနေတာ။
ဒို့နိုင်ငံလည်း ဒီလိုသင်တန်းတွေ ဖွင့်ချိန်တန်ပြီ။
ဒီတစ်နှစ် နှစ်နှစ်အတွင်း ဒီလိုမျိုးသင်တန်းတွေစနိုင်ရင်
အချိန်မနှောင်းသေးဘူးလို့ ယူဆပါတယ်။
ဒီထက်နောက်ကျသွားရင်တော့…။
ဝန်ခံချက်၊ နန္ဒစိုးမင်း (တန့်ဆည်) ရေးသည့်
ယခင်ဓမ္မစကူးလ်နှင့် ယခုဆန်းဒေးစကူးလ်ကို မှီငြမ်းကာ
တင်ဆက်လိုက်ပါသည်။
14 comments
bigbird
January 27, 2011 at 1:33 pm
တပြည့်တော်တို ့ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရက်မှာ ယဉ်ကျေးမှ ု
သင်တန်းတက်ဖူးပါတယ်ဘုရား။ယခုအခါ ရှိ၊မရှိ တော့ မသိတော့ပါဘူးဘုရား။
ashinindaka
January 27, 2011 at 2:31 pm
အခု ဆိတ်သုဉ်းသွားပြီ။
ဆူး
January 27, 2011 at 2:25 pm
သီဟိုဠ် အကြောင်းဖတ်ရလို့ ဗဟုသုတ များစွာ ရရှိပါသည် ဘုရား။
ဒီမှာတော့ အရှင်ဆေကိန္ဒ ကလေးတရားစခန်းများ လုပ်ပေးနေပေမဲ့ ဦးဇင်းပြောသလောက်တော့ မထိရောက်သေးဘူး။ အဲဒီ လို လုပ်ပေးနိုင်ရင်တော့ ကောင်းပါတယ်။ ဒီမှာလည်း မကြာခင် ပျောက်မလားဘဲနော်.. ဖြစ်သလို လုပ်တာများတော့ ဖြစ်သလို ဖြစ်သွားတယ်။ စိတ်တောင် မကောင်းဘူး တွေးမိတာ။
ashinindaka
January 27, 2011 at 2:33 pm
လူတန်းစားအကုန်သင်နိုင်တဲ့ သီဟိုဠ်နိုင်ငံက Sunday Dhamma School လိုမျိုးရှိမှ ပိုအဆင်ပြေမယ်။ အရှင်ဆေကိန္ဒဖွင့်တဲ့ကလေးတရားစခန်းပွဲတွေ အောင်မြင်တယ်လို့သိရတယ်။ ဝမ်းသာစရာပါ။ ဒါပေမဲ့ သူ့စခန်းပွဲက အထက်တန်းလွှာကလေးတွေ များတယ်။ ကျန်တဲ့ဘုန်းတော်ကြီးများက နိုင်ရာနိုင်ရာ တာဝန်ယူသွားရင် ပိုအဆင်ပြေမယ်။
ဆူး
January 27, 2011 at 3:11 pm
အရှင်ဆေကိန္ဒ ဖွင့်တာ အောင်မြင်ပါတယ်။ သီဟိုဠ်လိုမျိုး အောင်မြင်မှု ကို ပြောတာပါ။
ကလေးတရားစခန်းဖွင့်ပေးတာ အထက်တန်းလွာ တင်မဘဲ ဆင်းရဲတဲ့ လူတွေ ပညာနည်းတဲ့ လူတွေ အတွက်ပါ စီစဉ်ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
manawphyulay
January 27, 2011 at 2:36 pm
အခုလည်း ယဉ်ကျေးမှုသင်တန်းတွေ အပတ်စဉ်ဖွင့်လှစ်လျက်ရှိနေပါတယ်ဘုရား…………. နောက်ပြီး ပညာဒါနသင်တန်းတွေလည်း ဘုန်းကြီးကျောင်းတွေမှာ သင်နေတဲ့အတွက် ပိုမိုဝမ်းသာဖို့ကောင်းလှပါတယ်ဘုရား။
unclegyi1974
January 27, 2011 at 3:09 pm
ဆရာတော်ဆိုလိုချင်တာကနိုင်ငံတော်ကကြီးမှူးပြီး
ပြုလုပ်ဖို့ထင်ပါတယ်
အခုလုပ်နေကြတာကနိုင်ငံအနေနဲ့ဆိုခြင်ကိုက်
သလောက်ပဲဖြစ်နေတာပါ
ဘာမှမလုပ်တာထက်စာရင်အများကြီးတော်သေး
တယ်ပဲပြောရမှာပါ
ဆရာတော်မိန့်သလိုမြန်မာနိုင်ငံမှာအစိုးရက
သတ်မှတ်ပေးတဲ့မတက်မဖြစ်သင်တန်းများ
အမြန်ဆုံးပေါ်ဖို့ဆန္ဒပြုလိုက်ပါတယ်ဘုရား
juttue.gyi
January 27, 2011 at 3:11 pm
အဲဗျာ သီဟိုဠ်နိုင်ငံက ကလေးတွေ ကံထူးပါတယ် ကျတော်တို့တတွေ ဘယ်တော့များကြမှ သိခွင့်၊ သင်ကြားခွင့်ရမလဲမသိဘူး နော်……..
etone
January 28, 2011 at 3:48 am
ကမာ္ဘအေး ဘုရားဝင်းထဲမှာလည်း ဓမ္မသင်တန်းတွေ ပို့ချနေတာ တွေ့ဖူးတယ်… ။ အများစုက လူကြီးတွေတတ်တာများတယ် …။ ဈေးကလည်း နည်းနည်းကြီးတယ်လို့ပြောတယ်… လာတတ်တဲ့အများစုကတော့ အငြိမ်းစားလူကြီးတွေ ၊ ဌာနဆိုင်ရာက ဦးစီးမှူးတွေ ၊ ဆရာဝန်တွေ ၊ ကောလိပ်၊ တက္ကသိုလ် က ဆရာ၊ဆရာမတွေ စသည်ဖြင့်လာတတ်တယ်လို့ သတင်းကြားတယ်။
yuyu
January 28, 2011 at 4:15 am
အန်ကယ်လ်ကြီးနှင့်အတူထပ်တူထပ်မျှဆန္ဒပြုလိုက်ပါတယ်ဘုရား………………
char too lan
January 28, 2011 at 8:50 am
(အရှင်ဆေကိန္ဒ ဖွင့်တာ အောင်မြင်ပါတယ်။ သီဟိုဠ်လိုမျိုး အောင်မြင်မှု ကို ပြောတာပါ။
ကလေးတရားစခန်းဖွင့်ပေးတာ အထက်တန်းလွာ တင်မဘဲ ဆင်းရဲတဲ့ လူတွေ ပညာနည်းတဲ့ လူတွေ အတွက်ပါ စီစဉ်ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။) (ဆရာတော်မိန့်သလိုမြန်မာနိုင်ငံမှာအစိုးရက
သတ်မှတ်ပေးတဲ့မတက်မဖြစ်သင်တန်းများ
အမြန်ဆုံးပေါ်ဖို့ဆန္ဒပြုလိုက်ပါတယ်ဘုရား) တပည့်တော်လည်းအဲ့ဒါမျိုးဖြစ်စေချင်ပါတယ်ဘုရား……. အခုတောင်တရာတော်ရဲ့ ကျေးဇူးကြောင့်အရင်ကထက်နဲနဲပိုပီးတော့တတ်သိလာပီ ဆရာတော်ရဲ့ ပိုစ့်တွေကိုလဲ မေလ်းကနေတဆင့်အမြဲဖြန့်ဝေပါတယ် ခွင့်ပြုပေးပါဘုရား.
ashinindaka
January 28, 2011 at 9:05 am
မေးလ်က ဖြန့်ဝေတာသိရတော့ ဝမ်းသာတယ် ဒကာချာတူး။ အခု မီးကင်းစောင့်ဆိုတဲ့ခေါင်းစဉ်နဲ့ ထပ်တင်ထားတယ်။
kai
January 28, 2011 at 9:48 am
Sunday Dhamma School ကို စတင်တည်ထောင်သူကတော့ အမေရိကန်နိုင်ငံသား သာသနာ့အလံကို တည်ထွင်သူ Henry Olcott ဆိုသူဖြစ်ပါတယ်တဲ့။
အဲဒိအပိုဒ်ကို တော်တော်စိတ်ဝင်စားပါတယ်.။သာမန်အားဖြင့် .. အဲဒီအမေရိကန်ကြီးဟာ ..မွေးကတည်းက မိရိုးဖလာ ဗုဒ္ဓဘာသာတော့ မဟုတ်လောက်ပါဘူး..။ ခရစ်ယန်ဖြစ်ဖို့များပါလိမ့်မ်ယ..။ အမေရိကန်ဆိုတော ့.. ပရိုတက်စတန်င့် ဖြစ်ဖို့များမှာပါ..။
အဲဒီနောက်တော့ ..သူက ..သာသနာအလံလည်းတီထွင်တယ်..။ ဆန်းဒေးဓမ္မသင်တန်းလည်း နောင်အရှည်လုပ်နိုင်အောင် မျိုးစေ့ချပြသွားခဲ့ပါတယ်..။
မြန်မာတွေထဲက ..အဲဒီလို စံနစ်တကျနဲ့ .. သာသနာပြန့်ပွားအောင် .. လူ့အသိုင်းအဝိုင်း.. လောကီရေးမှာလည်း အကျိုးရှိအောင် … အသစ်တခုခု မတီထွင်နိုင်ဘူးလား စဉ်စားနေမိတာပါပဲ..။
အခုအရှင်ဘုရားတို့ရဟန်းတွေသာ လုပ်ကြရတဲ့.. အာပတ်ဖြေတာမျိုးက ..ခရစ်ယန်ရဲ ့ .. ကွန်ဖက်စ်နဲ့တော်တော်တူပါတယ်.။အဲဒါမျိုးကို .. ဗုဒ္ဓဘာသာဝင်..သာမန်လူတွေ အတွက် … လိုက်လျှောညီထွေတဲ့.. တခုခုပြုနိုင်ရင် အရမ်းကောင်းမယ်ထင်မိတာပါပဲ..။
လူဆိုတာက .. အပြစ်လုပ်တတ်ကြပြီး ..အပြစ်ကို တယောက်ယောက်စီမှာ ဝန်ခံလိုက်ရင် ..စိတ်လက်ပေါ့ပါးပြီး .. ဝန်တွေတော်တော်ကျတာမို ့ပါ..။
လူ့အသိုင်းအဝိုင်းအတွက် ..အင်မတန်ကောင်းတဲ့ အကျင့်ကို မွေးထုတ်ပေးလာနိုင်တယ်..ထင်မိတာပါပဲ..။
ashinindaka
January 28, 2011 at 11:45 am
ဟုတ်ပါတယ်။ ဒကာခိုင်အကြံပေးသလို အာပတ်ဖြေတဲ့ပုံစံလေးတွေ ဗုဒ္ဓဘာသာဝင်တွေ Confess လုပ်တဲ့ အလေ့အကျင့်လေး လုပ်သင့်ပါတယ်။ တကယ်ကြီးအပြစ်မပြေနိုင်တောင် ဆိုက်ကော်လော်ဂျီနည်းအရ စိတ်သက်သာရာတော့ ရသွားတာပေါ့လေ။ ဒါပေမဲ့ ရှေးရိုးဆန်တဲ့ဘုန်းတော်ကြီးများက လက်ခံမှာ မဟုတ်ဘူး။ Henry Olcott ကတော့ နာမည်ကြီးပဲ။ သာသနာ့အလံကို သူပဲ တည်ထွင်သွားတာ။ ဘုရားရှင်ရောင်ခြည်တော်ခြောက်သွယ်ကို ရည်ညွှန်းဖော်ထုတ်သွားတာ။