ဒို့ဗမာအရေး လက်မနှေးနဲ့

heyheyFebruary 4, 20111min32012

ကိုယ်တိုင်ရေးမဟုတ်ပါ။ ဒေါက်တာလွဏ်းဆွေ ဘလော.မှ ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။ တစ်ခါမှ ပို.(စ) မတင်ဘူးပါ။  အားရစရာမရှိတဲ. နိုင်ငံရေးအခြေအနေကို.. ဘာတွေဆက်လုပ်သင်.လဲ ဆွေးနွေးကြပါစို.
မြန်မာပြည်သူတွေက ပေးအပ်ခဲ့တဲ့တာဝန်တွေ ပြည်သူဘဝလွတ်မြောက်ရေးတွေကို မစွမ်းဆောင်နိုင်ဘဲ ယေ ဘုယျ လူသာမန်တွေ လုပ်နေတဲ့ အလုပ်တွေကို လုပ်နေကြတဲ့ မြန်မာနိုင်ငံက လူထုခေါင်းဆောင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီပါတီကြီးအပါအဝင် ၁၉၉ဝ ပြည့်နှစ်က အနိုင်ရလို့ မိမိကိုယ် မိမိ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လို့ ခံယူထားသူများ သိစေရန်၊ အိမ်မက်တွေက နိုးထရန် ဒီဆောင်းပါး ကို ရေးသားလိုက်ရပါတယ်။

အခုဆိုရင် စစ်အုပ်စုက လွှတ်တော်တွေခေါ်လို့ အစိုးရဖွဲဖို့ ပြင်ဆင်နေချိန်မှာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ဘာလဲ၊ ပြည်သူတွေအတွက် လွတ်မြောက်ရေးလမ်းစက ဘာလဲဆိုတာမသိဘဲ ဝေဝါးနေတဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ဝ က လွှတ်တော်ကိုယ်စားလှယ်တွေ အရှက်တရား အသိတရားလေးများ ရနိုင်ဖို့ နှိုးဆော်လိုက်ရတယ်ဆိုရင်လည်း မမှားပါဘူး။

လွှတ်တော်စပြီဆိုတာနဲ့ နားထဲမှာ သံရည်ပူလောင်းလိုက်သလို ပူလောင်မိတယ်။ စစ်အုပ်စု ပြန်အုပ်ချုပ်တော့ မယ်ဆိုတာနဲ့ မိမိတို့တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာအတွက် ရင်နာမိတယ်။ ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ဝ ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နားကြည်းမိတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက လူထုအုံကြွမှုတွေကို မြင်ရတော့ ကိုယ့်တိုင်းပြည်လည်း ပြောင်းလဲမှု ဘယ်တော့ဖြစ် နိုင်မလဲလို့ တွေးတောမိတယ်။ အီဂျစ်က ပြည်သူတွေကို အားပေးနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ပြောချင်တယ်။ အားပေးရဲရမယ်၊ ထောက်ခံရဲရမယ်၊ အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန်ကျင့်ရဲရ မယ်။ ဒါမှသာ ခေါင်းဆောင်တဦးရဲ့ အရည်အချင်းနဲ့ ညီလိမ့်မပေါ့။ ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့ သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့ သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် … ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။

ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊ တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား။

“အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘဝကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။ ဒီလောက်နှစ်ကာလကြာတာတောင် မြန်မာပြည် သူတွေရဲ့ အခြေအနေကို မသိ၊ အာဏာရှင်အကြောင်းမသိ ဖြစ်နေပါပေါ့လား။ ကိုယ့်နိုင်ငံမှာတောင် အာဏာ ရှင်ကို ပြတ်ပြတ်သားသား စိန်ခေါ်တိုက်ပွဲမဝင်ရဲသူဟာ အီဂျစ်ပြည်သူတယောက်က မေးတာကို ပြတ်ပြတ် သားသား မပြောရဲတာကတော့ အထူးအဆန်းမဟုတ်ပေဘူးလေ။ အကျယ်ချုပ်ကာလမှာလည်း ခေါင်းဆောင် မှန်ရင် အပြင်က ပြည်သူကို ဩဇာလွှမ်းမိုးနိုင်စွမ်းရှိရမယ်လို့ ထင်ထားတာ၊ အဲဒီကာလတွေမှာတုန်းကလည်း သာမန်စကားလေးတွေသာ ပြောနေလေတော့ အာဏာရှင်ကို မုန်းတီးစိတ်နဲ့သာ ဒေါ်စုကို နားလည်ပေးနေရ တာ၊ မကျေလည်မှုတွေကတော့ ရင်နဲ့မဆံ့အောင်ပါပဲ။

လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ချ်အိုင်ဗွီကို ကူညီပါ’ ‘လူမူကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ပဲ ပြောချင်တယ်။

အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ ပြောလိုက်ချင်တော့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့ အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင် ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။

လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဝက်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး ပြည်သူဘဝတွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။

ဒေါ်စုတင်မကပါဘူး။ ၉ဝ ခုနှစ်က ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊ ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့ တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊ အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။

နယ်စပ်တွေမှာ ဒေါ်စု မလွတ်ခင်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်တွင်းစစ်က ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်နေတယ်။ အရင်ကလည်း နှစ်ပေါင်းများစွာ ဖြစ်နေခဲ့တာပါ။ ဒါကို တို်င်းပြည်ခေါင်းဆောင်လုပ်တဲ့သူက လျစ်လျူရှုလို့ မရပါဘူး။ ပြည်သူကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီး တာဝန်ရှိပါ တယ်။ ဒုက္ခသည်တွေကို စာနာသနားတယ်ဆိုတာ လူတိုင်း လွယ်လွယ်ပြောတတ်ကြပါတယ်။ ဒီလိုမဖြစ် အောင် ဘယ်လိုလုပ်မလဲ၊ တိုင်ရင်းသားတွေကို ဘယ်လို တွေ့ဆုံတိုင်ပင်မလဲ ဆိုတာတွေကို ဒေါ်စုနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ သတိပြုမိရဲ့လားမသိ။

အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့ အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။ ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။ အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ မတွေးတော မ ဆင်ခြင်မိဘူးလား။

စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။ သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စုချပေးတာကို လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင် မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။

လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ဝကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။ တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘဝရောက်အောင် ခေါင်းဆောင်ပြီး လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။ ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို့ သူ့သမီးက လည်း သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့ အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။

ဒေါ်စုနဲ့ ၉ဝ ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေ တာဝန်မကျေလို့၊ တာဝန်မယူရဲလို့၊ တာဝန်ယူစိတ်မရှိလို့ မကြာခင်ကာလမှာ မြန်မာပြည်သူတွေဟာ စစ်အုပ်စုက အထပ်ထပ် ချုပ်နှောင်ထားတဲ့ ကွန်ရက်ထဲကို ထပ်မံ ဆင်းသက်ရတော့မယ်။

ပြည်သူတွေ အခါခါ တာဝန်ကျေခဲ့ပြီ။ လမ်းပေါ်ထွက်ပြီး သူတို့ဘဝလွတ်မြောက်ရေး တောင်းဆိုသံ ပွက်ပွက် ညံအောင် ပြသခဲ့ပြီးပြီ။

သံဃာတွေ၊ ကျောင်းသားတွေလည်း တာဝန်ကျေခဲ့ပြီ၊ အသေခံခဲ့ပြီးပြီ။ လူညွန့်တုံးခဲ့ပြီးပြီ။

တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉ဝ ပြည်နှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ဝန်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ စဉ်းစားကြပါ တော့။

အကြမ်းမဖက် အနုနည်းနဲ့ အောင်မြင်ခဲ့တဲ့ နိုင်ငံတကာအခင်းအကျင်းတွေက သူတို့နိုင်ငံက လွတ်မြောက်ရေး ကို သူတို့ကိုယ်တိုင် အားမထုတ်ဘဲနဲ့ ရခဲ့ကြတာမဟုတ်ပါဘူး။ ပြည်သူတွေ လမ်းပေါ်ထွက်တော့လည်း ပါမ လာ၊ ပြည်သူတွေ လှုပ်ရှားမှုတွေ လုပ်တော့လည်း လိုက်မလုပ်၊ ပြည်သူမလုပ်နိုင်၊ လုပ်နိုင်တဲ့ အခြေအနေမရှိ တော့လည်း ပြည်သူကို အပြစ်တင်ဝေဖန်သမှုတွေ လုပ်နေသမျှတော့ မြန်မာပြည်လွတ်မြောက်ရေး မျှော်လေ တိုင်းဝေးနေတော့မှာ သေချာပါတယ်။

ခေါင်းဆောင်လို့ အမည်ယူထားရင် လုပ်ကြလေ။ ဉာဏ်အမြော်အမြင်နဲ့ စဉ်းစားဆင်ခြင်ပြီး ပြတ်ပြတ်သား သား ရဲရဲဝံ့ဝံ့ လုပ်ကိုင်ဆောင်ရွက်သူသာ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး မုန်တိုင်း အပြင်းထန်းဆုံးဖြစ်နေတဲ့ အခုအချိန်မှာ ပြတ်သားသူ၊ ရဲဝံ့သူ၊ ခေါင်းဆောင်ရဲသူ၊ တာဝန်ရှိတယ်လို့ ခံယူတတ်သူ၊ ပြည်သူ့အတွက် အာဏာရယူရဲသူကသာ မြန်မာပြည်လွတ်မြောက်ရေးကို စွမ်းဆောင်ရယူပေး တဲ့ ခေါင်းဆောင်စစ်စစ် ဖြစ်ပါလိမ့်မယ်။ မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်ကောင်း တွေ လိုအပ်နေပါတယ်။

အက်ဆစ်

12 comments

  • no name

    February 4, 2011 at 9:02 pm

    အင်း…ဘာဆက်လုပ်သင်.လဲ….ရှေ.ဆက်ရမယ် Road Map ကဘာလဲ..ကျနော်အပါအဝင်ပြည်သူတိုင်းကတော. သိချင်ကြတာပါပဲ။။ လုပ်ငန်းတိုင်းမှာ နည်းဗျူဟာကတော. ရှိသင်.တယ်ထင်တာပဲ။ တစ်ခုခုပြတ်သားသင်.ပြီလို.မြင်ပါတယ်။ အီဂျစ် ကတော. အားကျစရာပါလား ဗျို.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

  • Strategy သိပ်အရေးကြီးတာပေါ့ဗျာ။ ဒါကို မရလို့ခက်နေတာပေါ့။ အားကစားမှာတောင် strategy ကစကားအပြောဆုံး ဖြစ်နေတာ။ နိုင်ငံရေးလို အရေးကြီးဆုံး အလုပ်ကြီးဟာ နည်းဗျူဟာ မရှိလို့ဖြစ်မလား။ အဲဒီ နည်းဗျူဟာ အတွက် super ဦးနှောက်လိုနေတယ် ထင်တာပါပဲဗျာ။ မသိတော့ပါဘူး။ NLD ဟာ တိုင်းပြည်ကို စေတနာထားပါတယ်။ ဘာမှမလုပ်တတ်လို့ လုပ်နိုင်သလောက်ကိုပဲ လုပ်နေရသလားမသိဘူး။ မှားရင်လည်း သီးခံကြပါ။

  • kai

    February 4, 2011 at 10:51 pm

    သူများစာကူးတင်တာနော..။ ဆွေးနွေးလို့ရအောင်… ကျုပ်ကို ဝိုင်းမဆဲကြနဲ့ဦး..။
    (ကြောက်ရတယ်..ဆရာတို့က..) 🙁
    ==
    မြန်မာ့နိုင်ငံရေး ဘာကြောင့် မအောင်သလဲ
    ဦးဖိုးသာအောင်-
    2,2, 2011။-

    ၁၉၆၂ခုနှစ်မှစပြီး ယနေ့၂၀၁၁အထိ မြန်မာနိုင်ငံတွင် စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့ကြသည်။ ရှေ့ဆက်ပြီးလည်း စစ်ဦးစီးအစိုးရများ အုပ်စိုးကြဦးမည်၊

    ၁၉၆၂ခုနှစ် မတိုင်မီ ကတည်းက အစိုးရကို အတိုက်အခံပြုခဲ့သည့် အဖွဲ့များ ပေါ်ပေါက်ခဲ့သည်၊
    ယနေ့အထိလည်း ပေါ်ပေါက်နေတုန်းဖြစ်သည်၊ ရှေးပေါ်အတိုက်အခံများနှင့် နောက်ပေါ်အတိုက်ခံများသည်လည်း စဉ်ဆက်မပြတ် ပေါ်ထွန်းလျှက်ရှိကြသည်၊
    ဂုဏ်ယူစရာ မြန်မာနိုင်ငံပါ၊ မတရားဘူး ထင်လျှင် စဉ်ဆက်မပြတ် တော်လှန်နေကြမည်သာ။

    သို့သော် အတိုက်အခံဆိုသူများ၏ တော်လှန်ရေးများသည် ဟိုတုံးကရော အောင်ခဲ့ဘူး ပါသလား၊
    ယခုလည်း အောင်နေပြီလား၊ နောက်ကော အောင်အုံးမှာလား၊
    ဒီလိုမေးရင် ရှေးရော နောက်ပါအတိုက်အခံများ မည်သို့ပြောကြမည်နည်း၊

    အကျင့်ပါနေသည့် မုသာဝါဒအတိုင်း အောင်ပါသည် ဟိုတုန်းကလည်း အောင်ပါသည် ယခုလည်း အောင်နေပါသည်၊
    နောက်နောင်လည်းအောင်မည်မုချပါဟု ပြောကြပါလိမ့်မည်၊
    ရေဒီယို အင်တာဗျူးများစွာ ကြားခဲ့ရပါသည်၊ အတိုက်အခံခေါင်းဆောင်ကြီးငယ်များသည် ဘယ်တုန်းအခါကမှ ရှုံးသည်ဟုမပြောကြပါ၊

    ဗ.က.ပ တို့လေပေါက်အတိုင်း အောင်ပွဲသည် လက်တစ်ကမ်း၊ ရန်သူချောက်ထဲကျရန် လက်တစ်လုံး၊ အေရှေ့ဆီမှာ ရောင်နီနဲ့ တရုတ်လာပြီဟု အမြဲပြောလေ့ ရှိပါသည်၊
    ဗဟိုပျက် တပ်ပျက်ဖြစ်ပြီး လူလေး နှစ်ယောက်တစ်ပိုင်းနှင့် ယနေ့တိုင်အောင်ပွဲ လက်တစ်ကမ်းဟု အော်နေဆဲပါ၊
    ထိုနည်းတူ ယနေ့ပြည်တွင်းပြည်ပ အတိုက်အခံများသည်လည်း မိမိတို့ဘက်မှ ဘာတစ်ခုမျှ မယ်မယ်ရ မအောင်မြင်သော်လည်း ရှုံးပြီဆိုသည့် စကားကို ရိုးရိုးသားသား မပြောကြပါ၊

    ဒါသည်ပင် မြန်မာလူမျိုးတို့၏ အားနည်းချက်တစ်ခုများလားဟု မေးစရာဖြစ်ပါသည်၊
    အန်အယ်ဒီကတော့ အနှစ်နှစ်ဆယ်ရှိပြီ မအောင်မြင်သေးပါ ဟုတစ်ခါ ဝန်ခံခဲ့ဘူးပါသည်၊ သာဓုခေါ်စရာပါ။

    စစ်အစိုးရကိုမြေပေါ်မြေအောက် နှစ်ဘက်ညှပ်ပြီး ပုန်ကန်ခဲ့သည့် ဗ.က.ပ နှင့်တခြားသူပုန်တွေလည်း မအောင်မြင်ခဲ့ကြပါ၊
    လူထုလှုပ်ရှားမှုများဖြစ်တဲ့ မှိုင်းရာပြည့်၊ ဦးသန့်ဈာပန၊ အလုပ်သမားအရေးအခင်း၊ ကျွန်းဆွယ်ပွဲဆိုတာတွေလည်း မအောင်မြင်ခဲ့ကြပါ၊
    စစ်အစိုးရကို လေ့ကျင့်ပေးသလိုဖြစ်ပြီး စစ်အစိုးရမှာ အတွေ့အကြုံရင့်ကျက်ပြီး ပိုမိုကြီးထွား သထက်သာ ကြီးထွားခဲ့ပါတော့သည်။

    ရှစ်ဆယ့်ရှစ်အရေးအခင်းလည်း မအောင်မြင်ခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် အန်အယ်ဒီပေါ်ပေါက်ပြီး မဲနိုင်ခဲ့သော်လည်း သဲထဲရေသွန်ဖြစ်ခဲ့ပါတယ်၊
    အခုတော့ ပါတီပင်ဖျက်ရမည့်ကိန်း ဆိုက်သွားပါပြီ၊

    ရှစ်ဆယ့်ရှစ်အပြီး ပြည်ပကို လွင့်စင် ထွက်သွားသူများကလည်း မြန်မာ့ဒီမိုကရေစီရေးကို ဝင်လုပ်သလိုလို ဘာလိုလိုနဲ့ မီဒီယာနဲ့ပေါင်းပြီး လူထုကို မျှော်လင့်ချက်အမှားမျိုးစုံ ပေးသည့် မုသာဝါဒ အခြေခံလုပ်ငန်းကြီးများ ကို တွင်တွင်ကျယ်ကျယ် လုပ်ကြပါတော့သည်၊ ခေတ်နှင့်လျှော်ညီစွာ ထောက်ပံ့ကြေး ရသဖြင့်လည်း ဟန်ကျသူများ ဟန်ကျနေပါသည်၊ သို့သော် သူတို့လုပ်သည့် နိုင်ငံရေးဆို သည်မှာလည်း မအောင်မြင်ပါ။

    အောင်မြင်တာလည်း ရှိပါသည်ဟု ရှာရှာဖွေဖွေ ပြန်လည်ငြင်းချက် ထုတ်မည့်အချက်တွေလည်း ရှိပါသည်၊
    နိုင်ငံရေးအရ အနိမ့်ဆုံး အဆင့်ဖြစ်တဲ့ ပက်စီတို့ ယူနီကယ်တ ို့ပြည်တွင်းက ပြန်ထွက်ခွာသွားရတဲ့ ကိစ္စ၊
    ယူနီကယ်ရဲ့ လျှော်ကြေးကို မျက်မျက်လေးဝါးလိုက်ရတဲ့ကိစ္စ၊
    အဓမ္မ ခိုင်းစေမှု၊ ကလေးစစ်သား၊ မြေယာသိမ်းကိစ္စများကို အကြောင်းပြကြပါလိမ့်မည်၊

    စစ်အစိုးရသည် သူ၏အာဏာနှင့် ကုလားထိုင်ကို မထိခိုက်မည့် အသေးအမွှားမတရားမှုများထဲမှ လိုက်လျောတန်သမျှကို မင်္ဂလာယူ၍ လိုက်လျှောမည် သာဖြစ်သည်၊
    နိုင်ငံရေးအရ မည်သို့မျှ အမြတ်မထွက်ပါ၊ ၉ဝခုနှစ် အနိုင်ရပါတီ အန်အယ်ဒီကို ပင်လျှင် အတင်းအဓမ္မ ဖြင့် ရွေးကောက်ပွဲ မဲရလဒ်ကိုပယ်ဖျက်လိုက်ခြင်းကို ကြည့်လျှင် အတိုက်အခံကို လုံးဝလုံးဝ ဂရုမစိုက်တာ ရှင်းနေပါသည်၊ အဲ့ဒီထဲက အတိုက်အခံတို့ အရှုံးကြီး ရှုံးနိမ့်သွားပါပြီကော။

    ပြည်ပရောက်တို့က စစ်အစိုးရ၏ တရားမဝင်မှုကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို တင်ပြီး မဲခွဲဆုံးဖြတ်ကာ ဖယ်ရှားရေး အစ်ရှူးကြီးကို အစဉ်တစိုက် လေကြီးမိုးကြီးဖြင့် ဆောင်ရွက် ခဲ့ကြသော်လည်း တရုတ်ဗီတိုဖြင့် အနှက်ခံရပြီး အရှုံးကြီးနှင့် နှာခေါင်းကျည်ပွေ့ တွေ့ခဲ့ကြသည် မဟုတ်ပါလား ။
    ဒါတောင် ဒေါက်တာသောင်းထွန်းတို့ ကိုအောင်ဒင်တို့က လေ မပျော့ချင် ကြသေးဘူး၊ သွယ်သွယ် ဝှိုက်ဝှိုက်တော့ ငြီးညူပြ နေကြရပြီ မဟုတ်ပါလား၊

    ဟော စစ်ပြိုင်အစိုးရတွေ ထပ်ထပ်ပြီးဖွဲ့ကာ စစ်အစိုးရကို ပြန်တိုက်ကြဦးမည်တဲ့၊
    အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အစိုးရအဖွဲ့ ဖွဲ့အုန်းမလို့ပါလား၊ ကြားရတာ အားရစရာပါပဲ၊ ဖွဲ့ကြပါ မြန်မြန်ဖွဲ့ကြပါ၊
    ဟိုနယ်စပ်မှာလည်း ကျောင်းသားတပ်ကြီး ရှိသေးတယ်၊ သူတို့လည်း ပါကြမှာပေါ့၊

    ပါးစပ်ဖွဲ့ ဖွဲ့ပြီး အစ်ရှူးတင် ပိုက်ဆံတောင်းရုံနဲ့တော့ မဖြစ်သင့်ပါဘူး၊
    တကယ်ဖွဲ့ပြီး ဘယ်လိုတိုက်မယ်ဆိုတာ ပြည်သူကို ကြေငြာပေးပါ၊
    ဒါမှသာ် မုသာဝါဒတွေနဲ့ ကွဲပြားခြားနားမှု့ ရှိမှာပါ၊

    ပြည်ပရောက်တို့၏နောက်တိုက်ကွက် တစ်ခုက စစ်အစိုးရအရာရှိကြီးများကို နိုင်ငံတကာ စစ်ခုံရုံးတင်ကြဦးမယ်တဲ့၊ လုပ်ကြပါ အားမလျှော့ပါနဲ့၊
    ဒါ ပြည်သူတွေ အမြင်ချင်ဆုံးကိစ္စပါ၊ ဘယ်လောက်ခရီးပေါက်နေပြီး ဘယ်တော့လောက် စစ်အာဏာရှင်တွေရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်နိုင်ကြမှာလဲ၊
    ခန့်မှန်းချက်လေး ကြေငြာကြပါအုန်း။ နောက်ဘဝလောက်တော့ ဖြစ်တန်ကောင်းရဲ့လို့တော့ မပြောကြနဲ့ပေါ့ဗျာ။

    မည်သို့ဆိုစေ လက်ရှိအခြေအနေသည်ကား စစ်ဦးစီးပါလီမန် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီ၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု ဆက်ဆံကြမည်၊
    စီးပွားရေးသမားများ အကျိုးတူပူးပေါင်းဆောင်ရွက်ကြတော့မည်၊ အတိုက်အခံထိပ်သီး ဒေါ်အောင်ဆန်းစုကြည် ကပင်လျှင် စစ်ဦးစီး အစိုးရသစ်နှင့် ဆွေးနွေးညှိနှိုင်းချင်ပါသည်တဲ့၊

    အန်အယ်ဒီလည်း ပါတီအဖြစ် တရားဝင် မတည်ရှိနိုင်တော့ပါ၊ ပြည်ပတို့လည်း နိုင်ငံရေး ထောက်ပံ့ကြေး ပရီပိုဇယ် အဆင့်မှ ကျမ္မာပညာ အမည်ပြောင်း၍တောင်းရမ်းရသည့် အဆင့်သို့ ရောက်ပြီးကာမှ မယ်မယ် ရရ ဖြစ်မလာဘဲ ရေဒီယိုမှာစကားများများ ပြောနေတာနဲ့ အချန်ကုန်နေတာကြောင့် အန်ဂျီအိုတွေကလည်း ထောက်ပံ့ကြေးကို တဖြည်းဖြည်း ဖြတ်တောက်လာပါပြီ၊ ပြည်တွင်းကော ပြည်ပပါ နိုင်ငံရေးအရ မအောင်မြင်ကြပါ၊

    ဒါကိုအမှန်အတိုင်း ဝန်ခံရမည်သာ ဖြစ်ပါသည်၊
    အခြေအနေမှန်ကို ရဲရဲဝံ့ဝံ့ ဝန်ခံဝံ့သူသည် မိမိတို့၏ လုပ်ရပ်နှင့် လမ်းစဉ်ကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်များကို ရှာဖွေဖော်ထုတ် ကုစားနိုင်မည် ဖြစ်ပါသည်။
    ဗ.က.ပ လို ထာဝစဉ် တော်လှန်ရေးနှင့် အောင်ပွဲလက်တစ်လုံး ဟု တင်းခံနေလျှင်တော့ ခွေးလျှက်သည့် ထန်းလျက် ကဲ့သို့ လုံးပါးပါးကြရမည်သာ ဖြစ်ပါသည်။

    အတိုက်အခံနိုင်ငံရေးဖက်က ဘာကြောင့် မအောင်မြင်ရတာလဲ၊ ပြည်တွင်းကိုကြည့် လျှင် ဒေါ်စုဦးဆောင်သည့် အန်အယ်ဒီ ပါတီသည် သူတို့အသေဆုပ်ကိုင်ထားသည့် အနုနည်းနှင့် တိုက်သည့်တိုက်ပွဲ ပုံသဏ္ဌန်ပေါ်တွင် နည်းဗျူဟာအရ မှားယွင်းခဲ့ကြပါသည်၊

    ပထမအမှားမှာ ကိုးဆယ်ရွေးကောက်ပွဲရလဒ်အတိုင်း စစ်အစိုးရ၏ ညစ်ပတ်မှုကို လက်မခံဘဲ မိမိတို့ဖာသာ အစိုးရဖွဲ့ရမည်ကို ကြောက်ပြီး မဖွဲ့ခဲ့ကြခြင်း၊

    ဒုတိယအမှားမှာ ဒေါ်စုကို ဗဟိုလ်ပြုလွန်းသဖြင့် ဒေါ်စုအကျယ်ချုပ်ကျနေလျှင် အလုပ်မဖြစ်ခြင်း၊ ဒါသည်မူထက် လူသာပဓာန ဖြစ်နေခြင်း၊

    တတိယအမှားမှာ ရိုးသားပွင့်လင်းမှု မရှိခြင်း၊ တိုင်းအဆင့်မှ အောက်ခြေအထိ ဗဟိုမူ ဝါဒလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို သိခွင့်မရှိခြင်း၊
    ဒေါ်စုအိမ်ချုပ်ကျနေသဖြင့်ဟု အကြောင်းပြကာ တိုက်ပွဲလမ်းစဉ်ညွှန်ကြားမှု လုံးဝမရှိဘဲ ရေစုန်မျောနေခြင်း၊

    စတုတ္ထအမှားမှာ မည်သည့်ပုံစံ ဒီမိုကရေစီ စနစ်မျိုးကို ကျင့်သုံးမည်ဟု ဆိုသော ဦးတည်ရည်မှန်းချက် မှုန်ဝါးနေခြင်း၊
    ဒီကိစ္စကို မေးတိုင်း မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် လူထုဆန္ဒနှင့် ကိုက်ညီသော ဒီမိုကရေစီစနစ်ကို သွားမည်ဟုသာဆိုကြပါသည်၊

    ခေါင်းဆောင်ကြီးများကိုယ်တိုင်က မည်သည့်နိုင်ငံ ၏ဒီမိုကရေစီပုံစံနှင့် တူည်ီပါသလဲဆိုသည့် မေးခွန်းလောက်ကိုတောင် မဖြေနိုင်ကြပါ၊

    ပဉ္စမအမှားမှာ အိမ်နီးချင်းနိုင်ငံများနှင့် အဆင်ပြေအောင် ပေါင်းသင်းရမည်ဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မျှ အပေးအယူလုပ်သည့် နိုင်ငံရေးမျိုးကို မလုပ်ဘဲ ကိုယ့်ပြည်သူနှင့်ကိုယ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမည်သာဖြစ်ကြောင်း ဆိုသည့် အယူအဆကို တရားသေ အစွဲကြီးစွာ ဆုတ်ကိုင်ထားခြင်းနှင့်

    ဆဌမနှင့် နောက်ဆုံးအမှားမှာ ၂၀၁ဝရွေးကောက်ပွဲကို ဆန့်ကျင်လိုက်ပြီး နောက်တက်မည့် အစိုးရသစ်နှင့် ဆွေးနွေးချင်ပါသည်ဟု ရှေနောက်မညီသည့် ကမ်းလှမ်းချက်များ ရှိနေခြင်းတို့ပင် ဖြစ်ပါသည်၊ ပြီးသွားပြီ ဖြစ်သဖြင့်လည်း ပြင်လို့မရနိုင်တော့ပါ၊

    ဒေါ်စုအနေနှင့် နောက်တက် စစ်ဦးစီးအစိုးရနှင့် တွေ့ဆုံဆွေးနွေး ချင်ပါသေးသည်ဆိုသည့် ယခုနောက်ဆုံးစကားမှာ တရားသံဝေဂ ယူစရာ ကောင်းလှပါသည်၊
    ရှေးယခင်က ဗိုက်သန်းရွှေ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့သော်လည်း မရခဲ့ပါ၊

    ယခုလည်း ရွှေမန်း သိန်းစိန် အစိုးရနှင့် တွေ့ဆုံခွင့်ကို ဆက်လက်ပြီးတောင်းနေရမည်သာ ဖြစ်နေပါတော့သည်၊
    ဘယ်လောက်ကြာကြာတောင်းနိုင်ပါမည်နည်း၊ ခြောက်ဆယ်ကျော် ခုနှစ်ဆယ်အတွင်း အဖွားအို ဒေါ်စုအတွက် အချိန်ရှိနိုင်ပါအုန်းမည်လား၊
    တွေးပြီး စိတ်မကောင်းဖြစ်ရပါသည်၊

    နဂိုကတည်းက တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်မရှိခဲ့သည့် အန်အယ်ဒီအဖို့ ဒေါ်စုမရှိလျှင် ပွဲပျက်ကိန်းပါပဲ၊

    ပြည်ပရောက်အတိုက်အခံဆိုသူတို့ရဲ့ အမှားကတော့ များများမရှိလှပါ၊ ဘာလုပ်ရအောင် ပြည်ပကို ထွက်ခဲ့ပါသနည်း ဆိုသည့် မေးခွန်းကိုပင် ပြေပြေလည်လည် မဖြေနိုင်ကြပါ၊
    ဘယ်ပုံစံဒီမိုကရေစီမျိုးကို ရည်ရွယ်ပါသလဲဆိုတာလည်း မရေရာကြပါ၊
    စစ်အစိုးရကို ပြန်ချမည့်တိုက်ပွဲ မဟာဗျူဟာတို့ နည်းဗျူဟာတို့ လည်း မရှိပါ၊
    ဗျူဟာမရှိသူများကို နိုင်ငံရေးသမားလို့ မခေါ်နိုင်တဲ့အတွက် သူတို့မှာ နိုင်ငံရေး အမှား များများ မရှိပါလို့ ပြောခြင်းဖြစ်ပါသည်၊

    ပြည်ပတို့၏ နိုင်ငံရေးမှာ အလုပ်မဖြစ်သည့် အလုပ်မဖြစ်မှန်းသိကြလျှက်နှင့်နိုင်ငံရေး ပေါ်ပင် ကိစ္စလောက်ကိုသာ လုပ်နေကြပြီး ဒါကိုနိုင်ငံရေးလုပ်နေ သယောင်ယောင် ရေဒီယိုမှ ကြံဖန်ပြောနေကြခြင်း ဖြစ်ပါသည်၊

    ပြည်ပရောက်တို့ထဲတွင် ဗ.က.ပ ဩဇာညောင်းသည့် ဒီမိုကရေစီ အရေခြုံများက လွှမ်းမိုးနေသည်ကိုလည်း တွေ့ရပါသည်၊
    သူတိုလည်း အနောက်အုပ်စုနှင့် အပေးအယူလုပ်မည့် နိုင်ငံရေးမျိုးကို လုံးဝ မလိုလားပါ၊ အန်အယ်ဒီ၊ စီအာပီပီတို့နှင့် အတူတူပင်ဖြစ်ပါသည၊်
    ပြည်ပမှ ပေးသမျှ ပရီ်ပိုဇယ်လေးကို ခွဲဝေသုံးစွဲပြီး ပြည်တွင်းလူထုချီတက်ပွဲတွေ ဖြစ်အောင် လှုံ့ဆော်မည့် လုပ်ငန်းကိုသာ စိတ်ဝင်စားကြသူများဖြစ်ပါသည်၊

    အိမ်နီးချင်းနှင့် သင့်အောင်ပေါင်းမည်ဟူသော အရှေ့မျှော်ဝါဒကို ကိုင်စွဲထားကြပါသည်၊ ဒါကြောင့် သူတို့အလုပ်သည် အနောက်အုပ်စု မဝင်ရေးက အဓိက ဖြစ်ပါသည်၊
    အမေရိကန်တပ်ကြီးဝင်လာလျှင် ပြည်သူနှင့် လက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး စစ်ပွဲကြီးကို ဆင်နွှဲလိုက်မည်ဆိုသော ဋ္ဌင်းတ ဗ.က.ပ (ကြေးမုံဦးသောင်း ကင်ပွန်းတတ်သည်)၏ ။

    ဘုမသိ ဘမသိနောက်လိုက်များက များပါသည်၊
    နောက ်ပြည်ပရောက်တို့ထဲတွင် သူခိုးများပါလာခြင်း၊ သူခိုးများဖြစ်သွားခြင်းများလည်း တွေ့ကြရပြန်ပါသည်။

    ယနေ့ခေတ် ကမာ္ဘ ့ရေစီးကြောင်းအတိုင်း အညှီရှိလျှင် ယင်အုံဆိုသကဲ့သို့ ပဋိပက္ခရှိသည့် နေရာများကို အင်ဂျှီိအိုများ သူ့ရည်ရွယ်ချက်နှင့် သူ ရောက်ရှိလာတတ်ကြပါသည်၊
    မည်သည့်ရည်ရွယ်ချက်နှင့် မည်သို့ပင်ရောက်ရှိလာကြသည် ဖြစ်ပါစေ သူတို့က ငွေပေးနိုင်သည် မဟုတ်ပါလား၊
    အန်ဂျီအိုတွေက ကြောင်စာခွေးစာလောက်ပေးသည့် ပရီ်ပိုဇယ်သည် ပြည်ပရောက်တို့အတွက် ဆင်စာမြင်းစာလောက် ရှိကြသဖြင့် ထောကုန်ကြပါသည်၊

    ဗ.က.ပ လိုအစွဲရှိသူများမှလွဲပြီး ပြည်ပရောက်အတိုက်အခံ ပရီ်ပိုဇယ်စားများသည် အလိုလိုသူခိုးဖြစ်ပြီး သူခိုးရေစီးကြောင်းတွင် မျောပါဟန်ကျနေပါတော့သည်၊
    သူခိုးဖြစ်ပြီး ကမာ္ဘပတ်သူများ၊ နယ်စပ်မှာ အထုပ်နှင့်အထည်နှင့် နိုင်ငံရေးအကျိုးပေးသူများမှာ မြန်မာသမိုင်းတွင် အကျည်းတန် လွန်းလှပါသည်၊

    ထိုသူတို့သည် နဂိုကတည်းက လက်ခြေဆော့သူများ ဖြစ်နိုင်ပြီး ပရီ်ပိုဇယ်ရေစီးကြောင်းနှင့် တွေ ့ပြီးသူခိုးဖြစ်သွားကြပါတော့သည်၊
    မကြာခင်ကမှ ဖုံးမနိုင် ဖိမရ ဒေးဗစ်မြမောင်၏သတင်းကို ရေဒီယိုမှ ကြားလိုက်ပါသေးသည်၊
    မြမောင်ခမျာ အားလုံးယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းမှာအစုခံလိုက်ရခြင်းပင် ဖြစ်ပါသည်၊ ကမာ္ဘမှာ ဒါတွေကရိုးနေပါပြီ၊

    ဂလိုဘယ်ဖမ်းရဲ့ အပုပ်နံ့တွေကလည်း တထောင်းထောင်း ထလျှက်ပါ၊
    ခေတ်ကြီးက တိုးတက်လွန်းတဲ့ ဝီကီလိခေတ်ရောက်နေတော့ ဖုံးလို့ဖိလို့ မရတော့ပါဘူး၊
    ပြည်ပရောက်အတိုက်အခံဆိုသူများမှာ အမေရိကန်နှင့် အနောက်အုပ်စုမဝင်ရေး အယူအစွဲကြီးသူများနှင့် သူခိုးများက အများစုဖြစ်ပါသည်၊

    ဒါကြောင့်လည်း မြန်မာ့အရေး ကမာ္ဘ့က သိရေးဆိုတဲ့ အဆင့်လောက်ကို ပုံကြီးချဲ ့ကာ ပြည်သူကို မျှော်လင့်ချက်အမှားတွေပေးပြီး အချိန်ဆွဲခဲ့ကြတဲ့ အမှားသည် ယနေ့စစ်ဦးစီးပါလီမန် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီမဟုတ်ပါလား၊
    တရုပ်နှင့် ကပ်ပြီးပေါင်းနေတဲ့ ဗိုလ်သန်းရွှေအစိုးရကို သက်ဆိုးရှည်အောင် လုပ်ပေးနေတာလားလို့ ထင်စရာပင် ဖြစ်နေပါသည်။

    မြန်မာ့နိုင်ငံရေး အနှစ်နှစ်ဆယ်ကျော် ခရီးမှာဘာကြောင့် မအောင်မြင်ရသလဲဆိုသော် လူမဟန် ကံလွှဲချ ဆိုတာမျိုး မပြောသင့်ပါ၊
    ခေါင်းဆောင်တွေ ညံ့တာကို ပြည်သူမနိုးကြားလို့ ပြည်သူတွေ မတိုက်ရဲကြလို့ဟုလည်း မဆိုသင့်ပါ၊
    အမှန်တကယ်မှာ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုသည် ဒေါ်စုတို့ အတိုက်အခံများထက် အယူအဆအတွေးအခေါ် အကြံဉာဏ်သာလွန် ထက်မြတ် နေသောကြောင့်သာ ဖြစ်ပါသည်၊

    r> ဗိုလ်သန်းရွှေတို့အုပ်စုသည် သူတို့မျိုးဆက်များ ရေရှည်ကောင်းစားဖို့ ဆိုလျှင် အစွဲတရားမထားဘဲ အကုန်လုပ်ကြပါသည်၊
    တရုပ်၊ ရုရှားတို့နှင့် အပေးအယူလုပ် ပေါင်းသင်းသင့်လျှင် ပေါင်းသည်၊ အမေရိကန်အနောက်အုပ်စုနှင့်လည်း အပေးအယူလုပ် ပေါင်းသင့်လျှင် ပေါင်းသင်းမည်၊ အစွဲပြုတ် တဲကုတ် ရွှေနန်းတော် ဆိုသည့်အတိုင်း အစွဲမထားသည့် အတွေးအခေါ်သည်သာ ပန်းတိုင်ကို လှမ်းကိုင်နိုင်မည်မဟုတ်ပါလား၊
    အတိုက်အခံ ခေါင်းဆောင်များကတော့ အစွဲကြီးသည်၊

    တရားသေဆန်သည်၊
    ဒါကြောင့် အစွဲကြီးသူများ ဖရဲသီးတောင် လောက်ငအောင် မစားကြရတော့ပါ၊
    ခေါင်းမာဂိုဏ်းသားများ အဖြစ်သမိုင်းတွင်ကျန်ရစ်မည်သာတည်း။

    ဆောင်းပါးကို နိဂုံးချုပ်ရမည်ဆိုသော် ဟိုယခင်ရှေးအခါကတည်းက ရဲဘော်ကြီးဂိုရှယ်ဘတင်က ကွန်မြူနစ်ဝါဒကြီးကို မြန်မာပြည်ထဲ ဆွဲသွင်းလာပြီး ယနေ့တိုင် စွဲစွဲ လန်းလန်း ဖြစ်နေသူ မျိုးဆက်များက ဒီမိုကရေစီရေးမှာ ဦးဆောင်နေကြခြင်းနှင့် ခေတ်သစ် မောဒယ်သူခိုးများလည်း ရောယောင် ပေါကြောင်ဖြင့် နိုင်ငံရေးကွင်းထဲမှာ ဝင်ရောက် လှုပ်ရှားနေကြခြင်း၊ ဤနှစ်ချက်ကြောင့် မြန်မာ့ဒီမိုကရေစီရေးသည် ရှုံးနိမ့်သွားပြီဖြစ်ပါကြောင်း…။

    ဦးဖိုးသာအောင်(နော်ဝေ)

    ၂-ဖေဖော်ဝါရီ -၂၀၁၁

  • bigcat

    February 5, 2011 at 3:52 am

    ဒေါ်စုနဲ့အန်အယ်ဒီ ညံ့တယ်ပြောရအောင် မြန်မာပြည်သူတွေကရော သူ့နောက်က တကယ်လိုက်ရဲ ကြလို့လား။ အပြစ်ပြောတာတော့ လွယ်ပါတယ်။ ကာယကံရှင်ဖက်က ပြန်စဉ်းစားကြည့်ပါ။ ဖြစ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒီပဲရင်းလို ကိစ္စဖြစ်တော့ လူထုအုံကြွမှုဖြစ်ခဲ့လို့လား။ ရက်စက်တဲ့ အာဏာရှင်စနစ်အောက်မှာ လက်တုံ့ပြန်ဖို့မလွယ်ပါ။ နှစ်၆ဝကျော်လုံးလုံး ဖြစ်တိုင်းခံနေရတဲ့ အတိုက်အခံတွေကို လူထုက မကူရဲတာ သဘာဝကျပါတယ်။ လတ်တလောဖြစ်နေတဲ့ တူနီးရှား၊ အီဂျစ်နိုင်ငံတွေမှာ အမေရိကန် ဩဇာလွှမ်းလို့ သက်သာတာပါ။ သူတို့နဲ့ အခြေအနေတူတဲ့ အီရန်မှာဖြစ်တုန်းက အောင်မြင်လို့လား။ တိဘက်မှာလည်း ဒီလိုပဲ ခံလိုက်ရတာပါ။ ဒါကြောင့်တချို့က စစ်တပ်ကို ပြုပြင်ဖို့ အောက်စီးကဝင်မယ်လို့ အကြံကုန် ဂဠုန်ဆားချက်ဖို့ ကြိုးစားတယ်ထင်ပါတယ်။
    ဒေါ်စုအကြောင်းပြန်လှည့်ရရင် အခုအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်းကာလတွေမှာ သူ့နီးပါးမပြောနဲ့ တဝက်မှီသူတောင် မပေါ်သေးလို့ အားလုံးက ညီညွှတ်ရေး ရှေးရှုဝန်းရံကြပါတယ်။ သတ္တိရှိလို့ စွမ်းတယ်ထင်ရင် သူနဲ့ပြိုင်ပြီး စစ်တပ်ကို စိန်ခေါ်ကြလေ။ လုပ်နိုင်ရင် ကြိုဆိုရမှာပေါ့။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီ ဖင်မနိုင်ဘဲ ပဲဟင်းသောက်သူတွေ ဘာဖြစ်သွားလဲ သမိုင်းကပြပြီးသားပါ။ ဗိုလ်ချုပ်အောင်ကြီး ဘာကြောင့်နိုင်ငံရေး သေသွားသလဲ။ ဦးနုရော ဘာကြောင့်ရေပန်း မစားတော့သလဲ။ ဒေါ်စုမဟုတ်တဲ့ ထင်ရှားလူချစ်ခင်များတဲ့ ရဲရဲတောက် ခေါင်းဆောင်တွေ ပြန်လွတ်လာတော လူထုက စိတ်လှုပ်ရှားမှု အကြီးအကျယ် ပြကြပါသလား ကိုမင်းကိုနိုင်၊ ဦးဝင်းတင်တို့လောက်ကလွဲရင် ဟုတ်ဟုတ် ငြားငြားမရှိခဲ့ပါ။ ဒေါ်စုလွှတ်မှသာ လူတိုင်းစိတ်ဓါတ် တက်ကြွလာတာဖြစ်ပါတယ်။ ဘုန်းကံ၊စန်း စတာတွေကို လုပ်ယူလို့မရပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တကယ်တမ်း အစစ်အမှန်ဆိုရင် အန်ဒီအက်ဖ်နဲ့ အတိုက်အခံများ (ဒေါ်စုမျက်နှာနဲ့) နိုင်ပါတယ်။ မဲလိမ်တာလဲ လူတိုင်းသိပါတယ်။ မကျေနပ်ဘူးဆိုတာထက်ပိုပြီး ဘာလုပ်ကြပါသလဲ။ ဒေါ်စုလွတ်လွတ်ခြင်းမှာတင် လူထုက ဘယ်လိုတုန့်ပြန်ပါသလဲ။ ကူမြူနစ်အမာခံတွေကြောင့်လို့ ဆင်ခြေမပေးပါနဲ့။ လူထုက ကူမြူနစ်မဟုတ်ပါ။ ဒေါ်စုသာ ကူမြူနစ်ဖြစ်ခဲ့ရင် မြန်မာပြည် အစောကြီးကထဲက စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ပါတယ်၊ တိုင်းပြည်လည်း သွေးချောင်းစီးပြီး ဒီမိုကရေစီနဲ့ ဝေးသထက် ဝေးပါလိမ့်မယ်။ အမေရိကန်က စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ပေါင်းပြီး ဒုက္ခပေးမှာမိုလို့ပါ။ ဒီတော့ အပြုသဘောနဲ့ သွေးရိုးသားရိုးနဲ့ ပြောဆိုဝေဖန်သမျှကို လက်ခံစဉ်းစားပြီး နောက်ကျောဒါးနဲ့ထိုးသူ၊ အသားထဲလောက်ထွက်သူများ စကားကိုတော့ တမျိုးစဉ်းစားတုံ့ပြန်သင့်တယ်လို ထင်ပါတယ်။ ဘယ်သူဘယ်ဝှာဆိုတာ ၉၉% သိနိုင်တဲ့ နည်းတွေရှိပါတယ်။ အတိုက်အခံများကို အထင်မကြီးချင်နေပါ အထင်တော့မသေးပါနဲ့။

  • zaw min

    February 5, 2011 at 4:08 am

    ချိုကုတ်ကြီးသည် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိပီပီ၊အရာအရာမှာသွေးအေးသည် အကွက်ကြိုမြင်သည် အဖွဲ့စည်းမှန်သမျှကို နှစ်ခြမ်းခွဲ ပြစ်နိုင်သည်။ဘာကြောင့် သူဒီလို လုပ်နိုင်သလဲ ဆိုတာရှင်းပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးများသည် သွေးခွဲရ အင်မတန်လွယ်ကူသည်၊ဘာသာရေး ကြောင်းပြ၍၎င်း၊လူမျိုးရေးအကြောင်းပြ၍၎င်း၊ခြံစည်းရိုးခွထိုင်သူ သာကူးများ များနေခြင်းကြောင့်၎င်း၊ အချင်းချင်း ညီညွတ်မူ တည်ဆောက်ရန် အားနည်းနေ၍၎င်း၊အတော်အသင့် မက်လုံးပေးရုံဖြင့်စည်းရုံး၍ရနိုင်သောကြောင့်၎င်း၊အခြေခံအသိပညာများအားနည်းနေသောကြောင့် အမှန် နှင့်အမှား အားမခွဲခြားနိုင်ခြင်းကြောင့်၎င်း၊ အဓိက က စည်းလုံးမူမရှိဘဲ၊တကွဲတပြားနှင့် ကိုယ့်အယူအဆနှင့်ကိုယ် ဆက်လုပ်နေသမျှ နှောင်အနှစ်(၄၀)ကြာလည်း ဒီအတိုင်းဘဲ သွားနေမှာဘဲ။
    သူတို့ဘက်က ထောင်ခြောက်တွေကိုလည်းကောင်းစွာမြင်တတ်သိတတ်ဖို့လိုပါတယ်။
    ယနေ့ အီဂျစ်နိုင်ငံ၏ အခြေအနေကို ကြည့်ပြီး အတုယူပါ။ ရမ်းသမ်းပြီး မလုပ်စေချင်ပါ၊ရမ်းသမ်းပြီး လုပ်လျှင်သူတို့၏ထောင်ခြောက်တွင်းသို့သာကျဆင်းသွားမည်ဖြစ်သည်။
    ယနေ့အချိန်ဖြစ်လျှင် စစ်တပ်ကပြည်သူကို သတ်မှာမဟုတ်၊ပြည်သူ အချင်းချင်းသာ လူသတ်ပွဲဆင်နွဲရမည်ဖြစ်သည်ကို ဂရုပြုစေချင်ပါသည်။

  • shwe

    February 5, 2011 at 12:33 pm

    Author acid ရဲ့ ဆနဒ ကDASSK ကို ထောင်ထဲမှာပဲနေစေချင်တာ လားမသိ ။ သူကော ဘာတွေလုပ် ဘူးပါလိမ်. ။ သူလှုပ်ရှားမှုတွေသိခဲ့ရင် share ပေးပါဦး ။

  • ဆြာခိုင် တင်ပေးတဲ့စာကလည်း မှန်တယ်။ ဦးကြောင်ကြီးပြောတော့လည်း မှန်နေတယ်။ ကိုဇော်မင်းပြောတော့ ပိုမှန်နေတယ်။ ကျွန်တော် မြန်မာပြည်ကို အရမ်းချစ်တယ်။ ကျွန်တော် ဒါပဲပြောတတ်တော့တယ်။ ဦးနှောက်က လိုက်လို့ မမီဘူး။

  • kai

    February 6, 2011 at 8:57 am

    ပြန်စာတွေပါခင်ဗျ.. ပြန်ပေးစာတွေပါ..။
    တချို ့က တော်တော်ကြမ်းကြမ်းဆဲကြပါတယ်..။ အဲဒီထဲက .. ကိုလွဏ်းဆွေပြန်တဲ့စာပဲကူးတင်လိုက်ပါတယ်.။
    ထုံးစံအတိုင်းပေါ့..။
    မအ, ကြရန်အတွက်နှင့်သိသာစေရန်သာ..မိမိတို့နှင့်မည်သို့မှမပါတ်သက်ပါကြောင်း..။
    =================
    Sunday, February 6, 2011
    ရဲဘော်ကျော်သန်း၏ ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာနှင့် ဒေါက်တာ လွဏ်းဆွေ၏ ပြန်လည်ဖြေကြားစာ

    ရဲဘော်ကျော်သန်း

    ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ်ရဲ့ လက်ပေးသတ်တဲ့ အပုပ်ချစာကို တင်ပေးနိုင်တဲ့ ကိုလွဏ်းဆွေ ရဲ့ နိုင်ငံရေးအမြင်နဲ့ပတ်သက်ပြီး အတော်စိတ် မသက်မသာခံစားမိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်း ဆွေရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန်အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစ ကားနဲ့ တင်ဆက်ထားပေမယ့် စာပါအကြောင်းအရာတွေကတော့ ဒီစာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင် တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ချင်စိတ်ပေါ်မိတာ အမှန်ပါပဲ။

    အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခုအတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီမိုကရေစီလိုလားသ လိုလိုပြောပြီး အလင်းကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခုအတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိ်ုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်းခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။

    ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီချန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလို ကြွက်လိုလို ရေဒီယိုနဲ့ အွန်လိုင်းသတင်းဌာနဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်းမှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင် ခြင်းအားဖြင့် ဗမာပြည် ဒိမိုကရေစီထူထောင်ရေးမှာ ဘယ်လို အကျိုးရလဒ်တွေ ရနိုင်လေမလဲဆိုတဲ့ မျှော်လင့် ချက်နဲ့ တင်လေသလဲတော့ မသိပါဘူး။

    ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ် ဆိုတဲ့ အမှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတို်င်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီသန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။

    လူမှုအဆောက်အဦတခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေ ပါဝင် ရမှာဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ ကိုယ်တိုင်ပါခဲ့ကြ တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည်သမိုင်းမှာ မရှိခဲ့ပါ ဘူး။ ဒါပေမယ့် ခေါင်းဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းက သက်သေပါပဲ။

    ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက် ဖြစ်တယ်။ လူထုမျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိန်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက်က တော့ ခေါင်းဆောင်မှုနဲ့ လူထုအကြား ပေါင်းကူးဆက်သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊ တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုနဲ့ လူထုအကြားက အသက်သွေးကြော ပေါင်းကူးတံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှုမရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လို စွမ်းရည်မှ မပြနိုင်ဘူး။ လူ ထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆိုတာ တပ်မရှိတဲ့ စစ်သေနာပတိ လိုပါပဲ။

    ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက်စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလိုဖြစ်တဲ့ ဒုတိယ တန်း၊ တတိယတန်း ခေါင်းဆောင်တွေဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။

    ဗမာပြည်နိုင်ငံရေးကို ဝေဖန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင် တွေ အကြောင်းသိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ချင်ရင်တောင် သူ့အကြောင်းကိုလည်း သိဖို့လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတ ယောက်၊ လူထုထဲက လူထုခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့ တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဘက်သားကို သူဘာကြောင့် အဲသ လိုလုပ်သလဲ၊ ဪ … သူ ဒီလိုလုပ်တာ ဒါ့ကြောင့်ကိုးလို့ မတွေးသလို သူ ဒါလုပ်တာတော့ အတော်ကောင်း သွားပါလားဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြော သန်တဲ့ လူမျိုး ဖြစ်နေတယ်။

    ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာ မဟုတ်သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီး လည်း နိုးပဲလုပ်မှာ သေချာတယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကို ထိပါးမယ့် အခြေအနေရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကို သတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်းတခုလို ဝင်စီးတိုက်ခိုက် ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။

    ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ နည်းအမျုိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အ ချောင်သမားလုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုပ်ပြီး အပြုသဘော ဆက် ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ဘဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင်ရုပ်သိမ်းရေးဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့်ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာဖြစ်တယ်။

    အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုး ဝှက်လုယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်းသံဃာမကျန် သတ်ဖြတ်လာခဲ့သူတွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေ အပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျှင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မ တော်ဆိုတာကတော့ ဓားစာခံသက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာ ဏာကို ရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ရည်မှန်းချက်လည်းဖြစ်တယ်။

    ပြောရရင်တော့ သေမထူး နေမထူး ဇာတ်ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလော ဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော်ကားရဲတဲ့အထိ ဆိုးသွမ်းယုတ်ကန်းနေကြတယ်။ ဒီလို မထူး ဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေးအင်အားနဲ့ မဖြစ်နိုင်ဘူး ဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါတယ်။

    တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေးလောကထဲ ကျောပိုးသည်လာသူဟာ နိုင် ငံရေးသမားတွေပဲ ဖြစ်တယ်။ လူထုမဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲ ဖို့အတွက် နိုင်ငံရေးပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထုအကြားမှာ ဖြေရှင်းဖို့ မကြိုးစားဘဲ လူထုအ စေခံ လက်နက်ကိုင်တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာဖောက်ပြီး အာဏာရှင်စ နစ် ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆ဝ ရွေးကောက်ပွဲတွေမှာ စစ် တပ်နဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီတွေကို မဲမပေးဘဲ စစ်အာဏာရှင်အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေး တယ်။ ဒါပေမယ့် အချိန်က မမီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ်တယ်။

    ဒီနေ့ခေတ် တချို့သော အမည်ခံ နိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင် သမား တွေနဲ့ ဘာကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့ လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲမဟုတ်လား။ လူထုဆို တာကတော့ လက်ညှိုးထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီဆိုပြီး ပါ လိုက်တာပဲ။ အခု စစ်ကျွန်ရွေးကောက်ပွဲဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီး တော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေးတယ်။ ဒီ လိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ်လို ခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက် အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံလက်သီး အက်စစ်လို ခွေးဆိုးက ပါသေး တယ်။

    ဒီခေါင်းဆောင်ဆိုသူတွေပဲ ၉ဝ ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာ ရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်း တာတွေပဲ ရွေးလုပ်ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ် မှာ ရန်ကုန်မြေနီကုန်းမှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ် မှာလဲ သူ့နောက်လိုက် သူ့ပါတီဝင်တွေ။ ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်း ဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင်ဆိုသူတွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှမလုပ်ဘဲ ခေါင်းဆောင်ကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကျွေးပြုတာပဲ။

    လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးစွန့်လွှတ်မှုတွေကို ဒီမှာ မပြောတော့ပါ ဘူး။ တော်လှန်ရေးအကျိုးကို မျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်း ကျ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေးအစိုးရတခုကို ရွေးကောက်ပွဲတခုနဲ့ လုပ်သွား တယ်။ လူထု မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေးပုံစံတခုလို့တောင် ပြောမရတဲ့ အခင်း အကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ်အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆံ့ရုံ သက်သက်အတွက် လုပ်ခဲ့ တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိပါတယ်။ နိုင်ငံတကာဆိုတာတွေကလည်း သိပါတယ်။

    သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာန လွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ် တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူ ပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက် ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တ ဘက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ် မပြောတာ လက်တွေ့နိုင်ငံရေးလိုလို ဆိုနေကြတယ်။

    ဒါပေမယ့် စစ်အုပ်စုကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေးအတွက် မခိုင်မာ ဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသားခေါင်းဆောင်တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ်စု သိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေး အစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲမဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်း ဆုံးမဟုတ်ပါဘူး။

    စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန်ဖြစ်တယ်။ နောက်တချက် ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်း စုကြည်ကို ဗမာပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံအသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှ သာ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်မှေးမှိန်အောင် စစ်အုပ်စုက လက်ရှိအချိန်အထိ ကိုယ် တိုင်မလုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာအပြောင်းလဲတွေ အ သားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိ အခင်းအကျင်း သစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမားတွေပဲဖြစ်တယ်။ ငါမင်း ဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြားမျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာ မည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာက တော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကို စာနာသယောင် သကြားလေးတော့ အုပ်ထားတယ်။ အရင်ကတော့ ဦးဝင်းတင်ကို အဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စုကိုပါ ဖွင့်တိုက်လာတာဖြစ်တယ်။

    အကြောင်းကို စိစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမိုကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေ ရှိနေ သရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေး သိမ်အောင် လုပ်ကြရတော့တာပဲ။ ဒါမှလည်း ခေါင်းဆောင်လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရမှာကိုး။

    ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်းပြည်ပက အချောင်သမားပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျနော်တို့ တိုက်ပွဲရဲ့ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလို လားသူတိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယား တွေနဲ့ တိုင်းပြည်ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာလည်း အရေးတကြီး လိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင် မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။

    လက်ရှိ ခေါင်းဆောင်မှုဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန်ရလဒ်တခုလည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေးအမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေးလျှောက်ကြရင်း ဒီ ခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့အထိတော့ လူထုက သူတို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါ ပေါ်တဲ့အခါ အလွယ်စည်းရုံးလှုံ့ဆော်ပြီး အောင်ပွဲကို သယ် ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေးဆိုတာကလည်း အခွင့်အခါမကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တ ဖျတ်ဖျတ်ခုန်တဲ့ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ်မဟုတ်လား။

    နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင်ပါ တယ်။ ဆရာမောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာဖောက်ဖြစ်တတ်တယ် မှတ်ထားပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါ တယ်။ ဒါတွေက ကာယသတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂသတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာ ဏသတ္တိနည်းရင် အသိအဉာဏ် ဆင်ခြင်တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ဘဲ သစ္စာဖောက် ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက်ရင်းကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင် လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့လွှမ်းမိုးမှု ခံရတတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တသတ္တိပဲ သူမရှိရင် သူ့က သတ္တိ တွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တမခိုင်ရင် အကုန်ယိုင်လဲသွားတတ်တယ်။ အကျင့်သီလ ကင်းတဲ့သူ ကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကျပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက်ဖြစ်တတ်တယ်။

    ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်အကျွေးပြုမယ့် နိုင်ငံရေးလုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ် တစိုက် အားဖြည့်နေရပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင် ပြောသလို သစ္စာဖောက် ဖြစ်တတ် ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော်လုပ်ကြံမှုထဲက ကိုသုခအကြောင်း စာကလေး ထည့်ပေးလိုက်တယ်။

    ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါ တယ်။ ဘာပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာတခုအထိ အသိဉာဏ် အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်သူရဲ့ရန် သူဟာ မိတ်ဆွေလို့ဆိုငြားသော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ် ဖြစ်တတ်ပါတယ်ဆိုတဲ့အကြောင်း မေတ္တာစကား လက်ဆောင်ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။

    ရဲဘော်ကျော်သန်း
    ၅၊ ၂၊ ၂၀၁၁
    =================================================
    ကိုကျော်သန်းကြီးခင်ဗျား …

    အက်ဆစ်ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး တကူးတက အချိန်ကုန်ခံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့အတွက် အ ထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်လည်း ညက ကိုစိန်ဟန်နဲ့ စကားသွားပြောရင်း အိမ်ပြန်နောက်ကျလို့ ကိုကျော်သန်း ပို့တဲ့ မေးလ်ကို ဖတ်ရတဲ့အချိန်မှာ အရမ်းအိပ်ချင်နေတယ်။ အဲဒါကြောင့် ဘလော့ဂ်ပေါ် ချက်ချင်းတင်မပေးနိုင်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ ထူးတာက အိပ်မက် မက် လေ့မက်ထ အင်မတန်နည်းတဲ့ ကျနော် ညက ထူးထူးခြားခြား အိပ်မက်တယ်ဗျာ။ အိပ်မက်ထဲမှာ ကျနော်တို့ လေးစားကြည်ညိုတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောနေတယ်ဗျ။ အဲဒါနဲ့ ကျ နော်လည်း စိတ်ဝင်တစား နားထောင်မိတယ်။ အဲဒီအိပ်မက်က ကိုကျော်သန်းရဲ့ စာကို ဖတ်ပြီး မက်တဲ့ အိပ် မက်လို့ ယူဆလို့ အိပ်မက်ထဲမှာ ဗိုလ်ချုပ် ပြောသွားတဲ့ မိန့်ခွန်းကို (စကားလုံးအတိအကျမဟုတ်ဘဲ) ကျနော် ပြန်မှတ်မိသလောက် ကိုကျော်သန်းကို မျှဝေလိုက်ပါတယ်။ ကျနော် မှတ်မိသလောက်ကတော့ …

    “ရဲဘော်တို့ … ငါတို့ဟာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ ကျုပ်က ခေါင်းဆောင်ဆိုပေမယ့် ကျုပ်လုပ်တာ မှန်တာရှိသလို မှားတာလည်းရှိမှာပဲ။ ကျုပ်လည်း လူ၊ ဘုရား မဟုတ်ဘူး။ အဲဒီတော့ ကျုပ်မှားတာရှိရင် ခင်ဗျားတို့ ကျုပ်ကို ပြောရဲရမယ်။ ဝေဖန်ရဲရမယ်။ အဲ … ဒါပေမယ့် တခုတော့ရှိတယ်။ ဝေဖန်ရေးဆိုပြီး နအဖသတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေလို အခြေအမြစ်မရှိ အရူး ချေးပန်း ချက်အောက်လိုက်ကန်နေတဲ့ ဝေဖန်ရေးမျိုးကို ကျုပ်က ဆိုလိုတာမဟုတ်ဘူး။ ကျုပ်တို့လူအဖွဲ့အ စည်းအကျိုးအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း စေတနာပါပါနဲ့ ပြောရဲတာ၊ ဝေဖန်ရဲတာ၊ ထောက်ပြရဲတာကို ကျုပ်က ဆိုလိုတာဖြစ်တယ်။ အဲလိုလူမျိုးကို မောင်ကကြီးပဲ ဖြစ်ပါစေ၊ မောင်ခခွေးပဲဖြစ်ပါစေ ကျုပ်တို့က အသက်နဲ့လဲပြီး ကာကွယ်ပေးရမယ်။ ကိုညိုမြကြီးတုန်းကလည်း ကျုပ် ဒီလိုပဲ ကာကွယ်ပေးခဲ့တာပဲ။ ဒါဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုတဲ့ (ကျုပ်တို့ ခင်ဗျားတို့ လိုချင် လှပါတယ်ဆိုတဲ့) ဒီမိုကရေစီအခွင့်အရေးတခုကို လေးစားလိုက်နာတာဖြစ်သလို သစ္စာရှိရှိ အကာအကွယ်ပေး တာမျိုးလည်းဖြစ်တယ်။ ဒီနေရာမှာ တခုတော့ရှိတယ်။ လူတယောက်နဲ့ တယောက် ဘဝဖြတ်သန်းမှုချင်း မတူ တော့ ရှုမြင်သုံးသပ်ပုံချင်းလည်း တထပ်တည်း မကျနိုင်ဘူးပေါ့။ အက်ဆစ်လည်း အက်ဆစ်အမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာ ဖြစ်သလို ရဲဘော်ကျော်သန်းလည်း ရဲဘော်ကျော်သန်းအမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာပဲဖြစ်တယ်။ ဥပမာတခုပေါ့ဗျာ ဘဝမှာ ဂျီဩမေတြီ သင်ဖူးတဲ့လူလည်း ရှိ မယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ကဲကုလသချင်္ာကို သင်ဖူးတဲ့လူလည်း ရှိမယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ဆက်သီအိုရီကို သင်ဖူးတဲ့လူလည်းရှိမယ် မသင်ဖူးတဲ့လူလည်းရှိမယ်။ အဲသလို သင်ဖူးခြင်း မသင်ဖူးခြင်းအ ပေါ်မှာတော့ တွေးထောင့်တွေ၊ ရှုမြင်ပုံတွေ တယောက်နဲ့ တယောက် ကွာနိုင်တာပေါ့။ ဘယ်လိုပဲကွာကွာ အ ရေးကြီးတာက စေတနာပဲ။ စေတနာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်။ စေတနာဆိုတာမျိုးက လူတိုင်း မြင်တတ်တဲ့ အရာမျိုးမဟုတ်ဘူး။ ပညာတတ်တိုင်းလည်း မြင်တာမဟုတ်ဘူး။ စာတွေ အများကြီး ဖတ်ထား တိုင်းလည်း မြင်တာမဟုတ်ဘူး။ အစွဲကင်းကင်း စိတ်ရှင်းရှင်း အကြည်ဓာတ်ရှိရှိနဲ့ ကြည့်တတ်မှ မြင်ရတဲ့အရာ မျိုး။ အဲဒီတော့ ကျုပ်ပြောချင်တာက ဗိုလ်ချုပ်လုပ်တာ အကုန်ကောင်း၊ အကုန်မှန် အားလုံးဂွတ်ဒ်ပါတယ်ခင် ဗျားဆိုရင်တော့ ခင်ဗျားတို့အားလုံး ဒီမိုကရေစီနဲ့ ဝေးနေကြဦးမှာပဲ။ အဲလိုလူတွေကို ကျုပ်က ကျုပ်ကို ချီးကျူး တယ်လို့ မမြင်ဘူး။ ကျုပ်ကို ဘောမနေတဲ့ကောင်တွေလို့ပဲ ကျုပ်က ရိုင်းရိုင်းပြောချင်တယ်။ အဲလိုဘောမတဲ့ လူတွေဟာ ကျုပ် အိပ်ငိုက်ငိုက်နဲ့ စတီယာတိုင် မှားကွေ့ပြီး ချောက်ထဲကို ဦးတည်မယ်ဆိုရင် အကုန်ဆင်းပြေး မယ့် လူတွေလို့ပဲ ကျုပ်က မြင်တယ်။ ကျုပ်ဖြစ်စေချင်တာကတော့ ဆင်းမပြေးဘဲ “ဗိုလ်ချုပ်ရေ ဘယ်ကို မောင်းနေတာလဲ၊ ဘယ်လိုမောင်းနေတာလဲ၊ ရှေ့မှာ ချောက်ကြီးဗျ” လို့ အော်ဟစ်ပြီး သတိပေးချင်ပေး၊ လက်မောင်းကို ပုတ်ပြီး နှိုးချင်နှိုး၊ ကျုပ်က ဒါမျိုးပဲဖြစ်စေချင်တယ်။ ဒါမှသာ ကျုပ်တို့ လမ်းမှန်ပေါ်ဆက်လက် မောင်းနှင်နိုင်ပြီး ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်နိုင်မယ်”

    အိပ်မက်က ရှည်တော့ ကျနော် အဲသလောက်ပဲ အကြမ်းဖျင်း မှတ်မိတော့တယ် ကိုကျော်သန်းရေ။ ကျနော်က တော့ ကျနော့်အိပ်မက်ကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ မော်ဒန်ဒီမိုကရေစီမိန့်ခွန်း” လို့ပဲ ကင်ပွန်းတပ်ချင်တော့ တာပဲ ဟဲ … ဟဲ။ ကိုကျော်သန်းကြီးတယောက် ကျန်းမာရေးအတွက် ဆေးတခွက်ကို ကြိုကြားကြိုကြား မှီဝဲ ရင်း အသက်ရာကျော်ရှည်စွာနဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နိုင်ပါစေ။

    ချစ်ခင်လေးစားစွာဖြင့် …
    ဒေါက်တာလွဏ်းဆွေ

  • no name

    February 6, 2011 at 9:27 am

    ဘယ်လိုပဲ အမြင်တွေအယူအဆတွေ ကွဲပြားနေပါစေ..ရည်မှန်းချက်၊ ခံယူချက်၊ ပန်းတိုင်ဆိုတာ တူညီတဲ.သူတိုင်း စည်းလုံးကြဖို. အချိန်တန်ပါပြီ။ ၂ ယောက်ကို ၃ ဖွဲ. ကွဲနေတဲ. မြန်မာ. အရေးလှုပ်ရှားသူတိုင်းလဲ အစွဲတွေအားလုံး ခွါချပြီး ကျနော်တို.ရဲ.မျိုးဆက်သစ်တွေအတွက် ကြိုးစားပေးဆပ်ကြပါစို.။

  • heyhey

    February 6, 2011 at 9:43 am

    ကောင်းတယ်ဗျာ..ကောင်းကောင်း ဆိုးဆိုး ဒီလို ဝေဖန်ဆွေးနွေးတာ အကျိုးရှိတဲ. လုပ်ရပ်ပါ။ လွတ်လပ်စွာဝေဖန်တယ်ဆိုတာကလဲ ဒီမိုကရေစီရဲ အခြေခံကျင်.ဝတ်တစ်ခုပါ။

    PS…မည်.သူဘက်မှ ကျနော်မလိုက်ပါ…ဒီမိုကရေစီ နဲ . တိုင်းပြည်တိုးတက်ဖို. ။ လူ.အခွင်.အရေးအပြည်.အဝရရှိဖို. ကြိုးစား လုပ်ကိုင်သူမှန်သမျျှကို …လေးစားစွာဖြင်…..

  • ကြေးမုံ

    February 6, 2011 at 4:42 pm

    ပြည်ကမှာနေ ပြီး။ဝေဖန်တဲ့ သူတွေ အတွက်က တော့ သိပ်လွယ်ပါတယ်။

    မြန်မာပြည်မှာ နေပြီးအလုပ်လုပ်ရ တဲ့ သူ တွေအတွက်ကတော့
    ဆရာတို့ ရေ

    သိပ်လဲ ဝိုင်းပြီး အပြစ်တင်ဝေဖန်မနေကြပါနဲ့။ပြည်ပကနေပြီးတော့

    နှစ်ပေါင်း ၆ဝ ကျော် ထောင်ဒဏ် သတ်မှတ်ခံနေရ တဲ့
    နိုင်ငံရေး အကျဉ်းသားတွေကိုလဲ
    အားနာကြပါဦး။

  • timothy

    February 8, 2011 at 3:10 pm

    စစ်အာဏာရှင်ကိုတော်လှန်ဘို့၊ဖြုတ်ချဘို့ဆိုတာမလွယ်ကူဘူးဆိုတာနားလည်ကြပါ။
    စီးလုံးညီညွတ်မှုဟာတော်လှန်ရေးအောင်မြင်ဘို့အဓိကလိုအပ်ချက်ပါဘဲ။
    စစ်အာဏာရှင်အသေအလဲကြောက်ရမဲ့လူထုခေါင်းဆောင်ရှိဘို့လဲအရေးကြီးတာပါဘဲ။
    ဗမာပြည်မှာကျုပ်တို့ခေါင်းဆောင်၊လူထုကချစ်လို့၊အမေအရွယ်ရောက်လာလို့အမေလို့ခေါ်ကြတယ်။
    အမေစုကိုအရင်ကအန်တီစုလို့၊အဲဒီလို၊ကိုယ့်မိသားစုထဲကသူလိုရိုသေစွာခေါ်ကြတယ်။
    အီဂျစ်မှာအဖိနှိပ်ခံပြည်သူလူထုကအုံကြွကြတာဘယ်နိုင်ငံရေးပယောဂမှမရှိဘူး။
    ဆင်းရဲကြပ်တည်းမှု၊မတရားတဲ့လူနေမှုစနစ်၊အကျင့်ပျက်ချစားတဲ့အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှု
    အဲဒါတွေကြောင့်လူထုအုံကြွမှုကြီးဖြစ်လာတယ်။တကမ္ဘာလုံးကအာဏာရှင်များအတွက်သင်ခန်းစာဘဲ။
    အီဂျစ်မှာဩောဇာကြီးမားတဲ့အမေစုလိုခေါင်းဆောင်၊သမ္မတမူဘာရက်ကြောက်ရွံရတဲ့အတိုက်အခံ
    ခေါင်းဆောင်မရှိဘူး။ ဗမာပြည်မှာ၁၉၈၈အရေးတော်ပုံတုံးကအန်တီစုကရုတ်ချည်းဆိုသလို
    ဝင်ပါရတော့အတွေ့အကြုံခုလိုမပြည့်စုံသေးလို့စစ်ခေါင်းဆောင်များချမ်းသာရာရသွားတယ်။
    အီဂျစ်စစ်တပ်နဲ့နိုင်ငံဟာအမေရိကားရဲ့တနှစ်ကို$၂ဘီလီယံနှုံးနဲ့အထောက်အပံ့များလက်ခံလို့
    အမေရိကားရဲ့လက်ဝေခံဖြစ်တယ်။
    သမ္မတအိုဘားမားကလဲဒီမိုကရေစီဘက်နဲနဲအလေးသာပြီး၊အမျိုးသားလုံခြုံရေးဘက်နဲနဲအလေးလျော့
    တဲ့သူဆိုတော့လူတသန်းပါဝင်မှု၊မူဘာရက်ရဲ့လုံခြုံရေးစစ်ပုလိပ်များရဲ့ရမ်ူကားမှု၊သတင်းနဲ့
    ဲ့စာနယ်ဇင်းများရဲ့လွတ်လပ်မှုကိုနှိပ်ကွပ်မှု၊အင်တာနက် ဆဲလ်ဖုံန်းများကိုပိတ်မှုတွေကြောင့်လူထုဘက်ကပြောဆိုလာတယ်။
    ဒါ့ကြောင့်အီဂျစ်စစ်တပ်ကလူထုကိုရန်သတ္တုမပြုတဲ့အပြင်အကာအကွယ်တောင်ပေးတယ်၊
    တိတိကျကျကြားနေတယ်။အာရပ်စစ်တပ်သည်အာရပ်ပြည်သူ်များကိုဘယ်တော့မမပြစ်ဘူးဆိုတဲ့
    အီရှစ်ရဲ့လူမျိုးကြီးစိတ်ှဓါတ်ကလဲအတုယူစရာချစ်စရာလူမျိုးရဲ့ကြင့်ဝတ်ပါ။
    ပြောချင်တာကတော့ခေါင်းဆောင်မရှိလို့အခုအီဂျစ်ပြည်သူလူထုကလဲအရှော့မပေး၊
    ဆန္ဒပြပွဲတွေကိုမရုပ်သိမ်းဘူး။မူဘာရက်မထွက်မချင်းဆန္ဒပြမယ်တဲ့။
    မူဘာရက်ကလဲစက်တင်ဘာလသူ့သက်တမ်းပြီးအထိနေမယ်တဲ့။
    ကျနော်တို့ဗမာတွေမှာသန်းရွှေကလွဲလို့ဗမာအားလုံးနဲ့တကမ္ဘာလုံးချစ်တဲ့အမေစုရျိတာတပမ်းသာတယ်
    ခက်နေတာကကျနော်တို့အစိုးရကဖက်ဆစ်ဝါဓီစစ်ဘီလူးတွေဘဲ။သူတို့ကိုဘယ်သူမှပြောလို့မရဘူး။
    ကမ္ဘာ့သမိုင်းမှာဟစ်တလာ၊မွတ်ဆိုလီနီကအစဆဒ္ဒမ်ဟူစိန်၊နော်ရီရယ်ဂါတို့အဆုံးလက်နက်ကြီးငယ်၊
    ပြည်တွင်းပြည်ပတပ်များနဲ့နှိမ်နင်းမှဖြုတ်ချနိုင်တယ်။
    ဗမာပြည်ပါတ်ပါတ်လည်ကြည့်လိုက်ပြန်တော့လဲအေးရှားနိုင်ငံအများစုဟာ
    အာဏာရှင်စနစ်ကြင့်သုံးတယ်။ဗမာပြည်ကိုလဲစီးပွါးရေးကျွန်အဖြစ်မြက်မြက်သက်သက်လေးစားနေရတော့စစ်အာဏာရှင်လက်အောက်ကမလွတ်ဘို့ဆုတောင်းနေစရာကိူမလိုဘူး၊ပေးတဲ့မပေးတဲ့ဆုနဲ့ပြည့်လို့။လူထုနည်းနဲ့တော်လှန်မှဒီစနစ်ဆိုးကကျွတ်မယ်။အမေစုကလူယဉ်ကျေးတို့စွဲကိုင်တဲ့ငြိမ်းချမ်း
    စွာဆန္ဒပြမှု Velvet Revolution ကိုယုံကြည်သူပါ။အခုသူလုပ်နေတဲ့လူမှုကွန်ယက်၊တယ်လီဖုံးအင်တာဗျူး၊လူမှုရေးလုပ်ငန်းများဟာ
    လူပေါင်းစုံနဲ့ဆက်ဆံထိတွေံပြီးလူတွေရဲ့အကြောင်းကိုလေ့လာဆည်းပူးရင်းလူမှုစည်ရုံးရေးလုပ်တာဘာဒါကိုနားလည်နိုင်တဲ့အဆင့်အတန်းရှိသူဘဲဒီလုပ်ရပ်များရဲ့အကြိုးကိုနားလည်မှာပါ။
    လူထုကိုလဲအမေစုကမိမိကိုယ်မိမိယုံကြည်မှုအပြည့်ရှိဘို့၊တကိုယ်ကောင်းမဆံဘို့၊အများအကြိုး
    ၊တိုင်းပြည်အကြိုးဆောင်ရွက်ကြဘို့၊နိုင်ငံရေးကိုလူတိုင်းမိမိရဲ့ကိုယ်ရေးကိုယ်တာကဲ့သ
    ို့အရေးတယူလုပ်ကြဘို့၊လွတ်လပ်ရေးရချင်လျင်လူတိုင်းလူတိုင်းစိတ်ရောကိုယ်ပါဝင်ရောက်လုပ်ကိုင်မှ
    ရနိုင်ကြောင်းသင်ပေးနေပါတယ်။
    လူတွေကိုမလိုအပ်ဘဲအုံကြွဘို့၊မငြိမ်မသက်ဖြစ်ဘို့အမေစုကလုပ်မနေပါဘူး။
    ခေါင်းဆောင်ကောင်းတယောက်ဟာလူထုရဲ့အသက်အိုးအိမ်စည်းပွါးကိုဘယါတော့မှမထိခိုက်ဘူး။
    ဗမာပြည်မှာမညီမမျှမတရားသောလူနေမှုစနစ်ကြောင့်တနေ့မှာလူထုအုံကြွမှုကြီးဖြစ်လာမယ်။
    အဲဒီအတွက်ပြည်သူလူထုကိုပြင်ဆင်ပေးနေတာပါ။
    သူမရှိခဲ့ရင်လဲသူသင်ကြားထားတဲ့အထာရသများနဲ့မိမိကိုယ်မိမိယုံကြည်မှုအပြည့်နဲ့
    လွတ်လပ်ရေးရအောငညီညီညွတ်ညွတ်လုပ်ကြဘို့လဲမှာပါတယ်။
    ်အမေစုနဲ့NLD တို့ရဲ့မှန်ကန်တဲ့လုပ်ဆောင်မှု၊ပြည်တွင်းပြည်ပတိုင်းပြည်ချစ်တဲ့လူများရဲ့Campaignsများ။
    ကြောင့်အခုပါလီမန်အတုကြီးကမ္ဘာ့အလည်မှာပေါ်လာရပြီမဟုတ်လား။နောက်တဆင့်ဖြစ်မှာက၁၉၈၈
    ပုံစံလူထုအုံကြွမှုကြီးကသမိုင်းတပါတ်လည်လာမှာပါ။
    အားလုံးညီညီညွတ်ညွတ်စည်းလုံးမှုအပြည့်နဲ့မိမိအခုရရှိနေတဲ့အခြေအနေကိုအခြေခံပြီးလွတ်လပ်ရေးအတွက်ဝိုင်းလုပ်ကြဘို့ပါဘဲ။

Leave a Reply