ပြုံးရုံသာပြုံးကြစို့
မှားမိလေခြင်းအမေရယ်…
ကျတော့်အဖေ ပြောပြတဲ့ အဖြစ်အပျက်လေးပါ…အဖေနဲ့အမေက ညားခါစကပေါ့ဗျာ..ကျတော်တို့ကိုတောင် မမွေးသေးပါဘူး…ကျတော်တို့ရွာဘက်က တောင်သူ၊ယာခုတ်၊လယ်လုပ်တဲ့သူတွေဆိုတော့ ရွာနဲ့ဝေးတဲ့ တောထဲကိုသွားပြီး ညအိပ်အလုပ်လုပ်ကျရတာတွေရှိတယ်ဗျ… ရွာမှာတော့ တောတက်တယ် ခေါ်တာပေါ့ဗျာ။
ဒီတော့ ညားခါစ လင်မယားဖြစ်တဲ့ အဖေနဲ့အမေလဲသူများတွေလို တောတက်ပြီး အလုပ်လုပ်ကြရတာပေါ့။
အဲ့လိုနေ့ တစ်နေ့ညနေ နေဝင်ချိန်မှာ အဖေက တဲနဲ့နည်းနည်းဝေးတဲ့နေရာကို ရေသွားခပ်တယ်…လေ အမေကလဲတဲပေါ်မှာ ထမင်းချက်လို့ပေါ့… အဖေကရေခပ်သွားတဲ့ ရေအိုင်ဘေးမှာ တောဝက်ကြီးက ရေသောက်လို့…ဒါနဲ့အဖေလဲ ရေအိုးကို အသာချပြီး တဲကို ပြန်ပြေးလာခဲ့တယ်… တဲနားရောက်တော့ ပါးစပ်က အသံခပ်အုပ်အုပ်ကလေးနဲ့ မိန်းမရေ လှံဟေ့..လှံ..မိန်းမရေ..လှံ..လှံ လို့ တဲအောက်ကနေပြောတာပေါ့ တဲပေါ်က ထမင်းချက်နေတဲ့ အမေကလဲ လှံမပေးပဲ တိတ်တိတ်ကလေးနေသတဲ့…ဒါနဲ့ အဖေလဲ စိတ်တိုလာပြီး မသာမရေ လှံပေးဟ..လှံ..လို့အော်ခါမှ အမေက ပြန်ပြောသတဲ့…ရှင်ကလဲစွတ်အော်နေတာပဲ..အပေါ်တော့ မတက်ခဲ့ဘူး…ဒီမှာ လှန်ရုံမဟုတ်ဘူး မှောက်တောင် မှောက်နေပြီတဲ့…တဲအောက်က အဖေကတော့ စိတ်ပဲဆိုးရမလိုလို ရယ်ပဲရယ်ရမလိုလိုနဲ့…တောဝက်ကြီးကိုတော့ လှံနဲ့ မထိုးဖြစ်လိုက်ဘူး ပြောတာပဲ…..
ဒါကြောင့် ထော်လော်ကန့်လန့်တွေးမိတိုင်း ငါလဲ အမေနဲ့တယ်တူပါလားလို့လေ..:))
ကျိန်းကုန်ပီ
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်လောက်က ကျတော်တို့နယ်ဘက်မှာ ရထားလမ်းတွေကို အစိုးရဖောက်လုပ်ပေးတာပေါ့ဗျာ…ဒီတော့ နယ်ခံဖြစ်တဲ့ ရွာသူရွာသားတွေလဲ ကိုယ့်နယ် လမ်းပန်းဆက်သွယ်ရေးကောင်းဖို့အတွက်ဆိုတော့ တတ်အားသရွေ့ တစ်အိမ်တစ်ယောက် ဝင်ရောက်ကူညီရတယ်ဗျ..မကူညီလဲ သူတို့က !@!@##$ တာကိုးးး အဟီး…
ဒါနဲ့ ကျတော်တို့ရွာက လူတွေလဲ ဘယ်သူ့အဖွဲ့ ကိုယ့်အဖွဲ့ အိုးစားဖက်ဖွဲ့ပြီး လုပ်အားပေးကြရတာပေါ့ဗျာ..
ကျတော့်အဖေပါတဲ့အဖွဲ့ကတော ဆယ်ယောက်ရှိတယ်ပြောတယ်… ထမင်းချက်တဲ့လူကတော့ ကိုဖိုးချစ်တဲ့..
ဒီတော့ ကျတော့်အဖေတို့လဲ မနက်စာ ထမင်းကြမ်းခဲ လက်မှာဆုတ်ပြီး လုပ်အားပေးသွားတာပေါ့.. ကိုဖိုးချစ်ကတော့ ထမင်းချက် ကျန်ခဲ့လေရဲ့…ဒီလိုနဲ့ နေ့လည် ထမင်းစားချိန်ရောက်တော့ စတည်းချတဲ့နေရာကိုပြန်လာပြီး ထမင်းစားကြတာပေါ့… ကိုဖိုးချစ် ချက်ထားတဲ့ ဟင်းတွေကလဲ ကောင်းမှကောင်း…ကောင်းမှာပေါ့ဗျာ ဆူးပုတ်ကြီးရွက် ငရုပ်သီးစပ်စပ်နဲ့ မန်ကျည်းသီး နုနုလေးတွေကို ထောင်းပြီး ဆီဆမ်းထားတာကိုး… ဒါနဲ့ ကျန်တဲ့လူ ကိုးယောက်လဲစားကောင်းကောင်းနဲ့ စားလိုက်တာ မန်ကျည်းသီးထောင်းက ကုန်သွားပါလေရော..ဒါနဲ့.. “ဖိုးချစ်ရေ မန်းကျည်းသီးထောင်းကျန်သေးလားကွာ”
“ မကျန်တော့ဘူးဗျ” “ဒါလေးတောင် မနည်းထောင်းထားရတာ” တဲ့ ဒါနဲ့ “မန်ကျည်းသီး ထောင်းက တော်တော်လေး ကောင်လားဗျ” “ ကောင်းတာပေါ့ကွာ” လျှာတောင်လည်သွားတာပဲတဲ့….
ဒီတော့ ဖိုးချစ်ကလဲ ပြန်ပြောလိုက်တာ… “မင်းတ်ို့ လျှာမလည်တယ် လည်တယ်တော့ မသိဘူးကွာ ငါ့မှာတော့ ထောင်းလိုက်ရတာ သွားတွေကျိန်းနေပြီ” တဲ့….ဟုတ်လဲ ဟုတ်တာဘဲလေ တောထဲမှာ ငရုတ်ဆုံမှ မရှိတာကိုးဗျ။ ရထားလမ်းဖောက်ရုံပဲရှိသေးတယ် ရထားဥဩဆွဲသံတွေကတော့ အဆက်မပြတ်ပဲ…….
5 comments
nyimalay
February 17, 2011 at 7:22 am
ပြုံးရုံတင်မပြုံးချင်လို့ ရီသွားပါတယ်…… 😀 😛
ရွာထဲကို ဝင်ကြည့်ဖြစ်နေတာတော့ ကြာပါပြီ
February 17, 2011 at 8:01 am
ဟားတိုက်ပြီး ရယ်သွားပါကြောင်း…..:)
ogre
February 17, 2011 at 8:16 am
ပိုးစိုးပက်စက်ရယ်သွားပါတယ်
researcher
February 17, 2011 at 9:17 am
ယောမင်းသားရဲ့ ဟာသတွေက ကိုယ်တွေ့လား၊ ပုံပြင်ကိုမှီငြမ်းတာလား၊ ဘာလို့လဲဆိုတော့ ကျိမ်းကုန်ပီ ဆိုတဲ့ ဟာသနဲ့ခပ်ဆင်ဆင်ပုံပြင်ကို ကျွန်တော်ဖတ်ဖူးပါတယ်။ ဗန်းမော်ဆရာတော်ရဲ့ ပုံဝတ္ထုလား၊ ဘယ်စာအုပ်မှာလဲတော့ မသိပါဘူး၊ ဇာတ်လမ်းဇာတ်ကွက်လဲ သေချာမမှတ်မိပါဘူး၊ မှတ်မိတာကတော့ ယောမင်းသားရဲ့ ဟာသလေးထဲကလိုပဲ ပါးစပ်နဲ့ ညက်အောင်ဝါးပြီးလုပ်ရလို့ ကောင်းတော့ကောင်းတယ်၊ ဆုံကျိမ်းတယ် ဆိုတာလေးကိုပဲမှတ်မိပါတော့တယ်။ ကျွန်တော်တို့အိမ်မှာဆို ပင်ပင်ပန်းပန်း ချက်ပြုတ်ကျွေးလို့ စားတဲ့သူတွေက ကောင်းတယ်လို့ချီးမွန်းရင် ကောင်းတော့ကောင်းပါတယ်၊ ဆုံကျိမ်းတယ်ဆိုပြီး မချိပြုံး၊ ပြုံးပြီး ရယ်ကြပါတယ်။
ယောလေး
February 17, 2011 at 9:30 am
မှီငြမ်းတာတော့ မဟုတ်ဘူးဗျ ငယ်ငယ်က ရွာမှာ ကြားဖူးခဲ့တာပါ…
အဲ့ဒါက တစ်ကယ်ဖြစ်ခဲ့တာလေးပါ… ကိုဖိုးချစ်ဆိုတာ သူ့နာမည်အရင်းပါ လူကတော့ သေသွားတာ ကြာပြီ 2000 လောက်ကတည်း သေသွားတာပါ…။