အလုပ်တိုင်းမှာ တန်ဖိုး ကိုယ်စီ ရှိပါတယ်

etoneFebruary 18, 20111min950

ကျမအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်… ငယ်ငယ်လေးကတည်းက အတူတူ ကျောင်းတက်လာတာပေါ့ … အိမ်ကလည်း မနီးဘူးဆိုပေမဲ့ မဝေးလွန်းတာကြောင့် အမြဲလိုလို အဆက်သွယ်ရှိခဲ့ပါတယ်…။ ကျမသူငယ်ချင်းက အေးပါတယ်… ။ ရိုးအတဲ့လူစားမျိုးပါ… သူ့မှာ အမြဲ သူများ အနိုင်ကျင့်ခံနေရတာ များပြီလေ … ။ ကျမကပဲ သူ့ဘဝမှာ တိုင်ပင်ဖော်တိုင်ပင်ဖတ်ပေါ့… မူလတန်းကတည်းက အပေါင်းသင်းဖြစ်ခဲ့ပြီး နှစ်တွေကြာလာတော့ … သံယောဇဉ်လည်းဖြစ်ခဲ့ရတာပေါ့… ။ နောက်ကြုံမှ ပဲ သူနဲ့ ပတ်သတ်တဲ့ အူလည်လည် ဇာတ်လမ်းတွေ ရောင်တောင် ပေါင်တောင်လေးတွေ ထည့်ရေးရပါဦးမယ ်.. အဖြစ်ပျက်တွေက အမှတ်တရနဲ့ ရယ်စရာလေးတွေ ကျန်ခဲ့တာကြောင့်ပါ… ။ ကျမသူငယ်ချင်း နဲ့ ကျမနဲ့ ငယ်ငယ်ကတည်းက အတူ ကျောင်းတက်လာတာဆိုပေမဲ့ ဆယ်တန်းအောင်လို့ လိုင်းခွဲပြီး တက္ကသိုလ်ရွေးတော့ ကျမနဲ့ သူနဲ့ တလိုင်းဖြစ်ခဲ့တာပေါ့… ။ သူကတော့ အဝေးသင်တက်ရင်း အလုပ်လုပ်ပါတယ်… ။ ကျမမှတ်မိသလောက် အလုပ်အပေါ် သံယောဇဉ်ဖြစ်တာ မတွေ့ရပါဘူး … ။ သူက အနေအေးသလို ဘာကိုမှ အပူပင်မရှိတဲ့ လူလို အမြဲနေပါတယ်… စိတ်ပူစရာလည်း မရှိသလို ၊ အရာရာကို အေးဆေး ကျော်ဖြတ်တဲ့လူမျိုးပါ… ။ ကျမကသာ အမြဲတမ်း သူ့ကို အားမလို အားမရဖြစ်ပြီး တွန်းအားပေး လှုံ့ဆော် နေရတာပေါ့… ။ တစ်ခါတစ်ခါ ကျမကို ဗျစ်တောက်ဗျစ်တောက်နဲ့ အဖွားကြီးနဲ့ တူတယ်လို့လည်း ပြောသေးတယ် ။ ကျမသူငယ်ချင်းက အလုပ်တစ်ခုမှာ ကြာကြာစွဲပြီးလုပ်လေ့မရှိဘူး …။ တစ်ခုခု အဆင်မပြေဖြစ်လာတာနဲ့ ဘာမှ မစဉ်းစားပဲ ထွက်လိုက်ပါတယ်… သူအကြာဆုံး အလုပ်လုပ်ခဲ့တာ အစိုးရရုံးတစ်ခုမှာပါ … လုပ်သက်၂နှစ်ကျော်ပေါ့… ။ ဟိုတယ်မှာလည်း အလုပ်လုပ်ဖူးတယ်… တခြား ကုမ္ပဏီတွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်…။ သူသဘောမကျရင် အလုပ်ထွက်ကာ အိမ်မှာ ထိုင်နေတတ်ပါတယ်..။ အလုပ်ကိုလည်း အသက်မွေးဝမ်းကြောင်းရယ်လို့ သတ်မှတ်ထားပုံမရပေ… ယခုတော့ သူဒီမှာ မရှိတော့ပါဘူး ပြီးခဲ့တဲ့ တနှစ်ကျော်ကတည်းက စင်္ကာပူသွားပြီး အလုပ်လုပ်ပါတယ်… ခဏတော့ အဆက်သွယ်ရခဲ့ပေမဲ့ … နောက်တော့ စာမလာ သတင်းမကြား ဖြစ်နေပြီပေါ့… အဆင်ပြေရဲ့လားတွေးပြီး စိတ်ပူမိပါရဲ့… ။ သူ့အိမ်ကိုလည်း အဆက်သွယ်မလုပ်ပါဘူးတဲ့… ။ ဆယ်စုနှစ်နှစ်ခုတာလောက် အတူတူနေထိုင်သွားလာခဲ့တဲ့ ကျမသူငယ်ချင်း အခု ဘယ်လိုများဖြစ်နေပါ့လိမ့် စိတ်လည်း မောမိပါတယ်… ။ ပြောခဲ့တဲ့ အတိုင်း ကျမသူငယ်ချင်း အလုပ်ခုန်ရင်း … နောက်ဆုံး အလုပ်လုပ်ခဲ့တာက ဆေးကုမ္ပဏီတစ်ခုမှာပါ… ။ သူ့အလုပ်က ဆေးရုံတွေ ၊ ဆေးခန်းတွေကို သွားရပါတယ်… သူတို့ဆီက တင်သွင်းတဲ့ ဆေးတွေကို အစမ်းသဘော မိတ်ဆက်တဲ့အနေနဲ့ ဆရာဝန်တွေကို ဆေးတွေ လက်ဆောင်ပေးရတာပါ..။ တစ်ချို့ ဆေးတွေမှာ ဈေးကွက်ထဲ နာမည်ရနေသော်လည်း လက်ဆောင်ပေးတဲ့ အထဲပါနေပြန်တဲ့အတွက် ကျမက အံ့အားသင့်ပြီးမေးတဲ့ အခါ ရောင်းအားမြင့်အောင်ပေးတာလို့လည်း ရှင်းပြပါတယ်… ။ ဆေးတွေ သွင်းဖို့အတွက်မဟုတ်ပဲ … လက်ဆောင်ဆေးများသာ လိုက်ပေးရသော သူ့အဖြစ်ကို ကျမက light ဖြစ်တဲ့ အလုပ်မျိုးလို့လည်း အလွယ်တကူ ကောက်ချက်ချမိပါသေးတယ်… ။ ဆေးလက်ဆောင်များနှင့်အတူ company logo တို့ နာမည်တို့ တပ်ထားသော ဘောလ်ပင်များလည်း ပေးတတ်ပါတယ်… ။ မိတ်ဆက်တဲ့ ဆေးရဲ့ နာမည် နဲ့ လိုဂိုပါတဲ့ စာတမ်းများ ရေးထိုးထားတဲ့ note book အသေးလေးတွေ ၊ ကီးချိန်းတွေလည်း ပေးတတ်ပါသေးတယ်… ။ အဲ့ဒီအချိန်တုန်းကတော့ ကျမဆေးတွေ ဝယ်သောက်စရာမလိုပဲ ဆရာဝန်တွေ လက်ဆောင်ပေးဖို့ ရတဲ့ သူ့ကိုယ်တာထဲက ကျမသုံးဖို့ ပြန်ခွဲပေးတတ်ပါသေးတယ် ။ သူ့အလုပ်က ဆရာဝန်တွေနဲ့ တွေ့ပြီး ပေးရုံသာဖြစ်တာကြောင့် ခေါင်းစားစရာလည်း မလို၊ ရောင်းအား အမှတ်တက်အောင်ရောင်းရတဲ့ percentage စား ပရိုမိုတာတွေလိုမျိုးလည်း ဂျပိုးကို လိပ်ဖြစ်အောင် ပြောစရာလည်း မလို ဆိုတော့ … ပေါ့ပေါ့ပါးပါးလုပ်နေရတာ သူ့အတွက် အပူပင်မရှိခဲ့ပါဘူး ။ တစ်နေ့ … သူတို့ ဆီကို သူဌေးလာလည်မယ်လို့ သတင်းကြားတော့ တစ်ခါမှ မဆင်ဖူးတဲ့ ယူနီဖောင်းတွေလည်း ချုပ်ရတာပေါ့ ..။အပေါ်က အရောင်နုလေးပါ.. အောက်ကတော့ အရောင်ရင့်ကို မီနီစကတ်တိုလေး ချုပ်စေပါတယ်… ။ သူဌေးလာတဲ့နေ့ မိန်းကလေးတွေ အဲ့ဒီလို ဝတ်ခိုင်းတာပေါ့ လေ… ။ ကျမအလုပ်ဆင်းလို့ သူငယ်ချင်းဆီသွားတော့ အသစ်စက်စက်ယူနီဖောင်းကို ကိုင်ပြီး ငိုင်တိုင်တိုင်ဖြစ်နေလို့ မေးကြည့်တော့မှ … ယူနီဖောင်း မီနီစကတ်မဝတ်ရဲတာကြောင့်ပါတဲ့ …။ ဟုတ်ပါတယ်… ကျမသူငယ်ချင်းက အနေအေးသလို အဝတ်စားလည်း ရိုးအေးပါတယ်… ။ ဟော့ဟော့ရမ်းရမ်းတွေလည်း မဝတ်ရဲခဲ့ပါဘူး….။  သရီးကွာတားလောက်ကာ ကျမမြှောက်ပေးလွန်းလို့ ဝတ်ဖူးခဲ့တာ အဲ့ဒီထက် အတို သူမဝတ်ရဲခဲ့ပါဘူး … ။ ယခု မီနီစကတ်ပေါင်တိုနဲ့ ဆိုတော့ တကယ့်ကို စိတ် ဒုက္ခဖြစ်နေတာပါ… ။ ကျမက အကြံပေးပါတယ်… ဟာလာဟင်းလင်းကြီးဖြစ်နေတယ် ထင်ရင်လည်း ခြေအိတ်ပါးလေးထပ်ဝတ်လိုက်လို့ … ဒါဆို ဘောင်းဘီရှည်ဝတ်ထားတာနဲ့ တူတယ်လို့ စိတ်ထဲမှတ်ထားလို့ ပြောတာ အင်းဆိုပြီး …. သူ့ အသစ်စက်စက် ယူနီဖောင်းကို သေတ္တာထဲပြန်ထည့်နေပါတယ်…။ ကျမလည်း သူတို့ အိမ်မှာ ညစာစားပြီး အိမ်ပြန်ခဲ့ပါတယ်..။ နောက်နေ့ ရုံးဆင်းတော့လည်း သူတို့ အိမ်ကို ခဏ ဝင်လည်ဖြစ်သေးတယ်…။ သူ့အဒေါ်က ပြောပါတယ် မနက်က စကတ်ဝတ်ရမှာစိုလို့ ရုံးမတက်ပါဘူးတဲ့… မန်နေဂျာတွေရော ၊ အထက်အရာရှိတွေကပါ.. အရေးကြီးလို့ ရုံးလာပါ သူဌေးက လူစုံတွေ့ချင်တယ်မှာထားတာ မီနီစကတ်မဝတ်ချင်လို့ ရုံး ပျက်လေခြင်း နော်… ။ ကျမလည်း သူယုံကြည်ရာ ရွေးချယ်တဲ့အတွက် အပြစ်မပြောချင်တော့ပါဘူး…ဒါနဲ့ စကားနည်းနည်းပြောပြီး အိမ်ပြန်ခဲ့ပါတယ်… ။ နောက်ရက်တွေကျတော့ ရုံးမှာ အချိန်ပိုဆင်းအလုပ်လုပ်ရတဲ့ အတွက် အိမ်ပြန်ချိန်နောက်ကျလို့ သူ့ဆီ အလည်မသွားဖြစ်တော့ပါဘူး.. တပတ်ဆယ်ရက်လောက် အကြာမှာတော့ တစ်ခေါက်ပြန်ရောက်သွားပါသေးတယ် … ။ မချောက အဲ့ဒီနေ့ကတည်းက အလုပ်မဆင်းတော့ပဲ အလုပ်ထွက်လိုက်ပါသတဲ့ ကိုယ့်စိတ်တိုင်းကျ အလုပ်ပြုတ်ခံပြီး မသွားပဲ နေတဲ့ စိတ်ကို ချီးကျူးရမလား ၊ သူဌေးလာတဲ့နေ့က မသွားတာကို ဖြေရှင်းရမှာစိုးလို့ ရှောင်ပတ်ပြေးနေတဲ့ စိတ်ကို သရဲဘောကြောင်တဲ့ အစားထဲ ထည့်ရမလား မတွေးထားခင် သူကတော့ အလုပ်တစ်ခု ပြုတ်သွားခဲ့ပြီပေါ့နော် … ။ အခုတော့လည်း စလုံးမှာ အဆင်ပြေလား မပြေဘူးလား ဘာမှ သတင်းမကြားရပဲ ပျောက်နေခဲ့တာ နှစ်ပတ်လည်တောင် ကျော်ပါပြီ… ။ ဒီနေ့မနက် ကျမ ချစ်သူနဲ့အတူ သူ့အလုပ်ကို ခဏလိုက်သွားတော့ ွ နားနေခန်းမှာ ကျမထိုင်ပြီး ဂျာနယ်ဖတ်နေပါတယ်…။ တခြား သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အဲ့ဒီအခန်းမှာ ရှိပါတယ်… သူတို့ စားပွဲတွေမှာ စာဖတ်သူကဖတ်၊ စကားပြောတဲ့လူကပြော ၊ စာရင်တွေ ရေးခြစ်တဲ့လူကခြစ်နဲ့ အလုပ်ရှုပ်နေလေရဲ့ … ။ နောက်တော့ မကြာပါဘူး … ကောင်မလေးတွေ ရောက်လာပြီး တိုးတိုး တိုးတိုးနဲ့ သူတို့ကို တစ်စုံတစ်ခုလက်ဆောင်ပေးဟန်ပါ..ကျမလည်း ဂျာနယ်သာဖတ်နေတာ စိတ်တော့ ဝင်စားသား… ဘာတွေ ပေးနေတာလည်းပေါ့… တယောက်ပြီးတယောက်ပေးပါတယ်… ။ ဂျာနယ်စာမျက်နှာသာဖွင့်ထားတာ နားနဲ့ ကတော့ စွင့်နေတာပေါ့.. မျက်စိဒေါင့်လေးကပ်ပြီးလည်း လှမ်းလှမ်းရှိုးသေးတယ်… ။ မမြင်ရဘူးလေ… ။ ကျမခေါင်းနည်းနည်းစောင်းပြီး ကြည့်ပါတယ်.. အဲ… မြင်ရတော့ မယ်… ။ အော် … ဆေးကဒ်လေးတွေပါလာ… ဒါကုမ္ပဏီတွေက လူတွေ လွှတ်တဲ့ ဆေးကြော်ငြာတာမှန်းသိပြီ…. အံမယ် .. ကောင်လေးတွေလည်းပါတယ်တော့… ။ ကောင်မလေးတွေချည်းထင်တာ …ကောင်လေးတွေ လည်း ပါတာပါလား။ ကျမတယောက်ထဲ စပ်စုပြီး နေတုန်း ဘေးမှာ ဖြုန်းကနဲ မင်္ဂလာပါလို့လာနှုတ်သံကြောင့် သူခိုးလူမိသလို လန့်သွားမိပါတယ်… ။ နောက်သူက ကျမကို ဆေးကဒ်လေး တစ်ကဒ ်လက်ဆောင်အဖြစ် လာပေးပါတယ်..ပြီးတော့ နှုတ်မှလည်း ပါဝင်တဲ့ ပစ္စည်းတွေကို ရွတ်ပြပါတယ်… ။ ကျမလည်း သူလာပေးတော့ ဘုမသိဘမသိ လက်မြန်ခြေမြန်နဲ့ ယူထားလိုက်တယ်ပေါ့ .. အဟီး…  😛 ( လက်နှေးနေရင်မရမှာစိုးလို့ ) အဲ့ဒီ ကောင်လေး လာပြောတဲ့ အထဲမှာ ကျမ နားလည်တာဆိုလို့ … အင်း … မီလီဂရမ် ဆိုတာလေးပဲ သိတယ် အဟီး… ဒါပေမဲ့ ပြန်မမေးပါဘူး … ။ ထိုင်နေလိုက်တယ်… ။ သူ့ဘာသာသူ တစ်မိနစ်နီးပါး ပွစိပွစိပြောပြီး ပြန်သွားတော့ ကျမလည်း သက်ပြင်း ရှည်ကြီး ချရတာပေါ့… ။ မကြာပါဘူး … ။ နောက်ကောင်မလေးတွေ ကျမနားထပ်ရောက်လာတယ် … ။ ဒီတစ်ခါတော့ ဘာမှ မရှင်းပြပဲ လက်ဆောင်လို့ ပြောပြီး စာအုပ်လေးတွေပေးတယ်… ။ ကျမပျင်းရင် စက္ကူခေါက်တဲ့ လေယာဉ်ပျံလေး လုပ်ပြီး ဆော့လို့ရတာနဲ့ ယူထားလိုက်တယ်… ။ နောက်ကောင်မလေးတွေက ဒီဟာလေး စမ်းသုံးပေးပါလို့ပြောပြီး ဆေးကဒ်လေးတွေ လာပေးတယ်… ။ နောက်မှ ကျမသိတာက သူတို့က ဆရာဝန်နားနေခန်းမှာ ထိုင်နေတဲ့ ကျမကို ဆရာဝန်တစ်ယောက်ပဲ ထင်ပြီး လက်ဆောင်တွေ လာပေးသွားခြင်းပါ… ။ ဟိဟိ …  မှားပေးတာပဲ ကျမ လုယူတာမှ မဟုတ်တာ … ။ ကျမချစ်သူတွက် ကိုယ်တာ တစ်ခု ၊ ကျမအတွက် တစ်ခု ဆိုတော့ ….သူများ ထက် နှစ်ဆ ဆေးတွေ လက်ဆောင်ရပါတယ်…. ။ ဆေးလက်ဆောင်ပေးတဲ့ ကောင်မလေးတွေ ၊ ကောင်လေးတွေ ပြန်သွားတော့မှ ကျမ စိတ်ထဲ လွမ်းသလိုလိုဖြစ်လာပါတယ်… ။ ကျမရဲ့ အသံမလာ သတင်းမကြားရတဲ့ ပျောက်နေတဲ့ သူငယ်ချင်း အကြောင်းလေး တစွန်းတစ တွေးမိပြန်တော့ စိတ်ထဲ မကောင်းပြန်ဘူး ။ ဒီလို လက်ဆောင်ပေးရတဲ့ အလုပ်ကို ပေါ့ပေါ့တန်တန်ပဲ ထင်ခဲ့ပေမဲ့… အလုပ်တိုင်းမှာ သူ့အခက်ခဲနဲ့ သူရှိတယ်ဆိုတာ သိခွင့်ရခဲ့ပါတယ် … ။ ဆေးလက်ဆောင်ပေးတာတောင် အရေးမလုပ်တဲ့ ဆရာဝန်တွေလည်း ရှိပါတယ်.. ။ တစ်ချို့ကလည်း စိတ်ဝင်စားတဲ့ အမူရာမပြပါဘူး ..။ တင်ထားခဲ့လို့ပြောတဲ့လူကလည်း ပြောပါတယ်.. နှုတ်ခမ်းကွေးယုံပြုံးပြပြီး စိမ်းစိမ်းကြီး ပြန်စိုက်ကြည့်ကာ ပြောသမျှ နားထောင်နေတဲ့ ဆရာဝန်တွေလည်း ရှိပါသေးရဲ့ ။ ရိုရိုကျိုးကျိုး မကြည်မှန်းမသိ ကြည်မှန်မသိ လက်ဆောင် ပေးရတာတောင် မျက်နှာရိပ်ကဲ ကြည့်ရတာ တော်တော် စိတ်တိုဖို့ကောင်းတယ် … ။ ကျမကတော့ မျက်နှာချိုသွေးပြီးလုပ်ရတဲ့ အလုပ်မျိုး မလုပ်ချင်ပါဘူး ။ အလုပ်နဲ့ ပတ်သတ်လည်း မှန်မှန်ကန်ကန်ပဲ လုပ်ချင်တယ်.. အောက်ကျို့စရာလည်း မလိုဘူးလေ … ။ အလုပ်မှာ တစ်ဦးအပေါ် တစ်ဦးလေးစားရင် ရပါပြီ … ။ ကျမသူငယ်ချင်း လုပ်ခဲ့တဲ့ အလုပ်က ခက်ခဲခဲ့မှန်း ကျမသိခွင့်ရခြင်းနဲ့ အတူ ပေါ်မလာ တော်တော်ကြာပြီဖြစ်တဲ့ သူ့သတင်းလည်း စောင့်နေခဲ့တာ ဒီနေ့ ထိအောင်ပါပဲ .. မနက်ဖြန်လည်း စောင့်ဦးမှာပါပဲ… ။ သေလား ရှင်လား မသိတဲ့ လူအတွက် စိတ်ပူနေမိတာ ကိုယ့်ဒုက္ခကိုယ်ရှာ ကိုယ့်မီးကိုယ်မွှေးနေသလိုဖြစ်နေခဲ့ ပေမဲ့…  ကျမနဲ့ အနှစ် နှစ်ဆယ်ကျော် ပေါင်းလာတဲ့ သူငယ်ချင်းလေ …… အဆင်ပြေပါစေလို့ပဲ … ဆုတောင်းပေးရုံကလွှဲလို့ … ဘာမှမလုပ်ပေးနိုင်တော့ပါဘူး ။ ။  17th Feb,11