ဘယ်အိမ်မှာနေချင်လဲ
ဖေဖော်ဝါရီ (၇)ရက်နေ့ကထုတ်တဲ့ The Voice Weekly (Vol 7 / No 9) ဂျာနယ် မှာ ဆရာတော် အရှင်ဆေကိန္ဒ ရဲ့ ဆောင်းပါလေးတစ်ခုပါပါတယ် အိမ်အကြောင်းလေးပါ ဆရာတော်ပြောတဲ့အိမ်က…..
လူတိုင်းနေခဲ့ရတဲ့အိမ်တစ်ခုရှိပါတယ်တဲ့ အဲဒီအိမ်က အမေရဲ့ဝမ်းဗိုက်လို့ခေါ်တဲ့အိမ်ပါ လူမျိုး၊ဘာသာမတူလဲ နေခဲ့ရတဲ့အိမ်ကတော့ အတူတူပါပဲ မြတ်စွာဘုရားလည်း နောက်ဆုံးဘဝမှာ မယ်တော်မာယာရဲ့ဝမ်းကြာတိုက်မှာ နေခဲ့ရပါတယ် အဲဒီလိုနေဘို့ကိုတောင်မှ လောကပါလစောင့်ရှောက်ကြတဲ့နတ်ဗြဟ္မာကြီးတွေက တောင်းပန်ကြလို့ နတ်ပြည်ကစုတေပြီးတော့ လူ့ပြည်ကိုနေသင့်တဲ့အချိန်ဟုတ်မဟုတ် ၊ အဖေအမေ တော်သင့်မတော်သင့်ကို ကြည့်ခြင်းကြီးငါးပါးနဲ့ကြည့်တယ်၊ သင့်တော်တယ်လို့ ဆုံးဖြတ်ပြီးမှ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ကို ကိန်းအောင်းတာပါ
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ ကိုယ်နေဘို့အိမ်ကို ကိုယ့်အကြိုက်လိုက်ပြီး ကိုယ်တတ်နိုင်တာလေးနဲ့အမျိုးမျိုးရွေးချယ်ကြပါတယ် အိမ်ငှားထားရမယ်ဆိုလဲ ကိုယ်သဘောကြတဲ့သူကိုပဲလက်ခံပြီး သဘောမကျရင်တော့ ငြင်းပယ်လေ့ရှိပါတယ်
အဲဒီလိုပဲ မိဘဆိုတဲ့အိမ်ကို ကိုယ်က ရွေးချယ်နိုင်သလို ကိုယ့်အိမ်ကို ရောက်လာမဲ့သားသမီးကိုလည်း ရွေးချယ်နိုင်ပါတယ် လူ့ပြည်က ဘဝဆုံးသွားရင် ကိုယ့်ဗိုက်ထဲလာလို့ရသလို ငရဲပြည်၊နတ်ပြည်၊တိရစာ္ဆန်၊ပြိတ္တာဘဝ တွေကလည်း ကိုယ့်ဆီ ရောက်လာနိုင်ပါတယ် နတ်ပြည်၊ဗြဟ္မာပြည် ကလာတဲ့ကလေး ဝမ်းဗိုက်ထဲရောက်တာနဲ့ သူ့ဘုန်းသူ့ကံကြောင့် မိဘတွေမှာ စီးပွားဖြစ်သလို ကံနဲတဲ့တချို့ကလေးတွေကြောင့်လဲ မိဘတွေကွဲ၊စီးပွားပျက်တာမျိုး ဖြစ်တတ်ကြပါတယ် ကိုယ့်အိမ်ငှားကို မရွေးပဲနဲ့ကြုံရာငှားတော့ ဒုက္ခရောက်သလိုပေါ့ နတ်ပြည်ကလာတဲ့ သားကောင်းသမီးကောင်းဖြစ်မဲ့ ကလေးကတော့ ဒါန၊သီလ၊ဘာဝနာနဲ့ ပြည့်စုံတဲ့မိဘမျိုးကိုရွေးပေမဲ့ ပြိတ္တာဘဝကနေ လူ့ပြည်လာတာကတော့ အဖေအရက်သောက်နေလည်း ဂရုမစိုက်ဘူး အမေချဲထိုး နေလည်းဂရုမစိုက်ဘူး အဖေ၊အမေ ဘာလုပ်နေနေ သူဗိုက်ထဲဝင်ရဘို့ပဲ အရေးကြီးတာကို အဲဒီလိုကလေးမျိုး ရောက်လာရင် ကိုယ်လဲမကြီးပွားတော့ဘူး အဲဒီအတွက် ကိုယ့်အခြေအနေ(ကံ)ပေါ်မူတည်ပြီး မိဘ၊သားသမီးကို ရွေးချယ်လို့ရပါတယ်တဲ့……….ဒါက ဆရာတော့် ဆောင်းပါးရဲ့ဆိုလိုရင်းလေးပါ ။
အဲဒီဆောင်းပါးလေး ဖတ်မိပြီးမှ ကျွန်တော်တွေးမိတာလေးတစ်ခု ပြောပြချင်လို့ပါ
သီတာဝင်း ဆိုတဲ့ကလေးမလေး တစ်ယောက်ရှိပါတယ် သူ့အသက်က ၁၅၊၁၆ လောက်ရှိပါပြီ (သူကိုယ်တိုင် သူ့မွေးသက္ကရာဇ် မသိလို့ ခန့်မှန်းပြောရတာပါ) အခုအိမ်ဖော်လုပ်နေပါတယ် သူ့အသက်(၇)နှစ်လောက်ကစပြီး သူများအိမ်တွေဆီ စရောက်ပါတယ် လဘက်ရည်ဆိုင်၊ပွဲရုံတွေမှာလဲလုပ်ဘူးတယ် ဘယ်နှစ်နေရာလုပ်ခဲ့ဘူးတယ်ဆိုတာတောင် မမှတ်မိတော့ပါဘူး စာလဲမဖတ်တတ် ကျောင်းတောင်မနေခဲ့ရဘူးတော့ ကိုရီးယားကားလာရင် အရုပ်ကြည့်ပြီး သူ့ရဲ့ဘဝအမောတွေကို ဖြတ်ကျော်နေရတာပါ သူ့မှာမောင်နှမ(၇)ယောက်ရှိပါတယ် သူ့အထက်မှာ(၅)ယောက် သူ့အောက်မှာ မောင်လေးတစ်ယောက်ပါ သူငယ်ငယ်ကတဲက သူ့အဖေကဆုံးသွားပါတယ် အမေက နောက်အိမ်ထောင်နဲ့ပါ သူ့မောင်လေးက သူ့ရဲ့အဖေတူအမေကွဲ မောင်လေးပါ အသက်က(၇)နှစ်ရှိပြီ သူ့ပထွေးကနေမကောင်းတော့ ဆေးကုနေရတယ်လို့တော့ပြောတယ် သူ့အမေက ငါ့သမီးလေး နေကောင်းလား ၊လုပ်ကိုင်ရတာအဆင်ပြေလား၊ဘာအခက်အခဲရှိလဲ ဆိုတာမျိုး လာကြည့်ဖော်မရပေမဲ့ ကြိုယူထားတဲ့ ပိုက်ဆံ ပြည့်သွားတဲ့ရက် မတိုင်ခင်မှာတော့ ပွဲစားလွှတ်ပြီး နောက်ထပ်ပိုက်ဆံကြိုယူဘို့ကိုတော့ ပျက်ကွက်လေ့မရှိပါဘူး သူ့အထက်က အကိုအမတွေအားလုံးလဲ ရန်ကုန်မှာပဲ သူ့လိုမျိုးအလုပ်လုပ်နေရပါတယ် မတွေ့တာလဲကြာပြီ ဘယ်မှာရှိမှန်းလဲအတိအကျမသိဘူး ပွဲစားလာရင်တော့ ဘုရင့်နောင်မှာလိုလို လှိုင်သာယာမှာလိုလို သတင်းကြားရတတ်ပါတယ်။ လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာပါ သီတာဝင်းအနေနဲ့ သူတစ်ပါးအိမ်မှာ အလုပ်လုပ်နေရတာ ကိုယ်၊စိတ် ပင်ပန်းမှု အတိုင်းအတာတစ်ခုထိရှိပါမယ် အဲဒီပင်ပန်းမှုကြောင့် ရလာတဲ့လုပ်အားခကို အချိန်တန်ရင် သူ့အမေကယူပါတယ် ဒါက(၇)နှစ် သမီးကစတာ ဒီနေ့အထိပါပဲ ဒါဆို သူ့ရဲ့မျှော်လင့်ချက်ကရော ဘာဖြစ်မလဲ မေးကြည့်တော့ မှုန်တေတေနဲ့ မသိဘူး ဆိုတဲ့ စကားကလွဲလို့ဘာမှ ထွက်မလာပါဘူး။ တစ်ရက်က ကလေးငယ်တွေဆော့နေတာကို ငေးကြည့်နေတာတွေ့လို့ သမီးမောင်လေးကို လွမ်းနေတာလားဆိုတော့ မသိဘူး၊မောင်လေးလဲ ရန်ကုန်မှာပဲ အလုပ်လုပ်နေတာပဲတဲ့
သူတို့မောင်နှမတွေက ဘယ်လိုကံမျိုးနဲ့လာခဲ့ကြလို့ ဒီအိမ်ကိုရောက်နေရတာလဲ…….
အချိန်တန်ရင် သူတို့အိမ်ကိုရော ဘယ်သူတွေရောက်လာမှာလဲ…….
ရောက်လာမဲ့သူတွေ က ရော ………………………………………………
12 comments
white
February 24, 2011 at 7:00 am
အိမ်ကောင်းကောင်း မှာနေခွင့်ရနေသူတွေ အိမ်ကောင်းတစ်လုံးရဲ့တန်ဘိုးကိုသိစေချင်လို့ ….
ဧည့်သည်လာမဲ့သူတွေလဲ ကိုယ့်အိမ်ကိုသေချာပြင်ဆင်ပြီး ဧည့်သည်ကောင်းလေးတွေပဲ
ရောက်လာစေချင်တဲ့စေတနာနဲ့ပါ …..
bigbird
February 24, 2011 at 1:38 pm
အေးဗျာ..သူ ့ဘဝလေးကတော့စိတ်မကောင်းစရာပဲ။
ဦးဦးပါလေရာ
February 15, 2013 at 12:00 am
အေးဗျာ….
ဘာမှမဆိုင်တဲ့ကိစ္စလေး ကွန်မင့်ရေးရဦးမယ်..
ကိုနို ဒီပိုစ့်ကိုရေးတုန်းက ကျုပ်လဲ ရွာထဲရောက်နေပါပြီ..
ဒါပေမယ့် လုံးဝမဖတ်ဖြစ်ခဲ့တာ အမှန်ပဲ…
အဲသလို ပိုစ့်ကောင်းလေးတွေလွတ်လွတ်သွားတာ များပါပြီ..
အခု ဖတ်ရွေးအဖွဲ့လေးဖြစ်လာကာမှ ပိုစ့်အများစုကို ဖတ်ဖြစ်တော့တာ…။
padonmar
February 15, 2013 at 12:01 am
လေထဲက နိုရေ
ဟုတ်တယ်။ကျမအဲဒီတရားနာရ ဖတ်ရတာလည်း 2011 ကတည်းကပဲ။
စာမေးပွဲနီးလို့ ရွာထဲ မဝင်ဖြစ်ချိန် လွတ်သွားတာဖြစ်မယ်။
ကိုနို့ ရှင်းလင်းချက်ကလေး ကောင်းပါတယ်။
ရွာမစည်ခင်ကမို့လို့ ကွန်မန့်နည်းတာပါ။
ကျမတို့ဆို အဲဒီအချိန် ကွန်မန့်တစ်ခုမှ မရခဲ့တာတောင်ရှိခဲ့ဖူးပါတယ်။
အခု လူသစ်ပါဆိုတဲ့ သူတွေ ရွာထဲ အဝင်နဲ့ ကျမတို့ အချိန် နှိုင်းယှဉ်ကြည့်ကြစေချင်ပါတယ်။
Foreign Resident
February 15, 2013 at 5:27 am
တစ်ချို့ အခြေအနေတွေကိုတော့လည်း ၊
” သဗ္ဗေ သတ္တာ ၊ ကမ္မသကာ ” လို့ဘဲ ၊
သဘောထားရတော့ မှာပေါ့လေ ။
kyeemite
February 15, 2013 at 9:58 am
မှန်သည်မှားသည် မပြောလိုပေမဲ့
မိမိအိမ်ကို သားကောင်းသမီးကောင်းလေးများလာအောင်
မိဘနှစ်ပါးက စိတ်ကောင်းနှလုံးကောင်းမွေးပြီး
သူတော်ကောင်းတရားနဲ့နေထိုင်ရမယ်ဆိုတာတော့
ဘယ်သူ့အတွက်မှအရှုံးမရှိပါဂျောင်းးးး
(အခုမှဖတ်ဖြစ်တယ်ဗျို့)
surmi
February 15, 2013 at 10:23 am
အခုမှဖတ်ဖြစ်တာ အစ်ကိုရေ
မကြာမကြာ ပို ့စ်ကောင်းလေးတွေ ပြန်တင်စေချင်တယ်။
ကျနော်တို ့လို မဖတ်လိုက်ရသူတွေ ဖတ်ဖြစ်စေချင်လို ့ပါ ။
ရှေ ့မှီနောက်မှီ သက်တမ်းရင် ့မန်ဘာကြီးများက တစ်နည်းတစ်ဖုံအစီအစဉ်နဲ ့
တင်ပေးနိုင်ကြရင်ကောင်းမှာပါ ။
လွန်ခဲ ့တဲ ့နှစ် နှစ်အထက်က စာတွေကို လူဟောင်းများက အလှည် ့ကျ
တင်ပေးကြဖို ့ပါ ။ အမတ်တရ စာစုများဆိုတဲ ့ခေါင်းစဉ်အောက်မှာ
တင်ပေးရင် အကျိုးများမယ် ထင်မိပါကြောင်း
ပွိုင် ့ ကတော ့ သူကြီးကပို ့စ်ပိုင်ရှင်ကို မပေးနဲ ့ပေါ ့ ။
weiwei
February 15, 2013 at 10:31 am
ချမ်းသာတဲ့အိမ်တွေကို ဧည့်သည်အလာနဲပြီး ဆင်းရဲတဲ့အိမ်တွေကိုပဲ ဧည့်သည်များများအလည်သွားကြတယ် …
ဆင်းရဲခြင်းတစ်မျိုးဖြစ်တဲ့ ပဋိသန္ဓေနေခြင်းကနေ လွတ်ကင်းချင်ပါပြီ ..
Ma Ei
February 15, 2013 at 12:33 pm
ချမ်းသာသူတွေ ကလေးလိုချင်ကြလို့ ဆရာဝန်တွေပြ
ဆုတောင်းလို့ရတယ်ပြောသံကြားတဲ့နေရာဆုသွားတောင်းနေပေမယ့် မရကြဘဲ
့ဆင်းရဲသူတွေမှာ ဘုစုခရု ပလုံစီနေတဲ ကလေးတွေကိုတွေ့မိရင်
ကလေးတွေရဲ့ ဆင်းရဲရမယ့် ကံကြောင့်လား လို့တွေးမိပါတယ်…
မိဘတွေခိုင်းစားလို့ ဆင်းရဲပင်ပန်းနေတဲ့ ကလေးတွေမြင်မိရင်လဲ
မိဘမဲ့လို့ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေရတဲ့ ကလေးတွေကမှ
ကောင်းနေသေးလို့လဲ တွေးမိပြန်ရော…
နေရမယ့် အိမ်က သတ်မှတ်ပြီးသား ဖြစ်ပါလိမ့်မယ်နော်…
MaMa
February 15, 2013 at 8:34 pm
ကိုနိုရေ-
တရားတစ်ပုဒ်ထဲကိုပဲ ကိုယ်သန်ရာသန်ရာ ဗားရှင်းအမျိုးမျိုးနဲ့ ဖတ်ရသိရတာ ကောင်းလိုက်တာ။
ဒီတရားကို ကျမလည်း နာဖူးတယ်။
မိဘကိုရွေးချယ်လို့ မရပေမယ့် သားသမီးကို ရွေးချယ်လို့ရတယ်လို့ ကြားလိုက်တော့ အံ့ဩမိပြီး အဲဒီတရားကို နာဖြစ်သွားတာ။
ပဒုမ္မာက ကိုယ့်ရွာထဲက တူလေးတွေ၊ တူမလေးတွေကို သိစေချင်လို့ ပြန်မျှဝေတဲ့ ဗားရှင်းက တမျိုးကောင်းသလို….
ကိုနိုရဲ့ အိမ်ဖော်မိန်းကလေးရဲ့ အဖြစ်နဲ့တွဲပြီး ရေးလိုက်တဲ့ ဗားရှင်းကလည်း တမျိုးကောင်းတယ်။
သဂျီးဗားရှင်းဆိုရင်လည်း ထူးထူးဆန်းဆန်း တမျိုးထွက်လာအုံးမှာပဲမို့ စိတ်ဝင်စားစရာ ကောင်းအုံးမှာပဲ။ :harr:
အဲဒါကြောင့် တရားဟောဆရာတော်တစ်ပါးက ပြောဖူးတာလေး သတိရမိတယ်။
တရားနာ ပုဂ္ဂိုလ်ဟာ တရားနာယူတဲ့အခါမှာ အိုးနဲ့ခံယူတာနဲ့ တူတယ်တဲ့။
တရားတစ်ပုဒ်ထဲကိုပဲ တချို့ပုဂ္ဂိုလ်က အိုးအကောင်းနဲ့ ခံယူတော့ တရားရဲ့ အနှစ်အရသာအပြည့်အဝကို ရသွားတယ်။
တချို့သော ပုဂ္ဂိုလ်ကတော့ တခြမ်းပဲ့အိုးနဲ့ ခံယူတယ်။
တချို့သောပုဂ္ဂိုလ်ကတော့ အိုးကို မှောက်လျက် ခံယူတော့ ဘာမှ မရလိုက်ဘူးတဲ့။ :hee:
nozomi
February 15, 2013 at 9:20 pm
ဦးပါ အန်တီလေး အဘဖော ဦးမိုက် ကိုဆာမိ အန်တီဝေ မအိ နဲ့ မမ တို့
ပြန်လည်တူးဖော် အားပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်
ရွာသား အသစ်လေး ဘဝ ကို သတိရသွားတယ်
အဲဒီတုန်းက မန့်ခဲ့တဲ့ ကိုငှက်ကြီးတောင် မတွေ့တာ နှစ်နဲ့ ချီ ကြာသွားပြီ ဘယ် အသိုက်အမြုံတွေ ရောက်နေပါလိမ့်
ဇတ်လိုက်ကျော် သီတာဝင်း လေး ရော ဘယ်နေရာတွေများ ရောက်နေမယ် မသိ
အစစ အရာရာ အဆင်ပြေပါစေ
MaMa
February 16, 2013 at 7:20 am
အဲ-
ကိုနိုကောင်းမှုနဲ့ 3star တောင်ဖြစ်သွားပါပေ့ါလား။
:harr: