ပြည့်တန်ဆာတဦးနှင့် တွေ့ဆုံခြင်း (အပိုင်း ၂)
ယခုတကြိမ်တွင် ၁၅ မိနစ် အနှိပ်ခန်းများသို့ မသွားဘဲ ပြည့်တန်ဆာတဦးကို ကျွန်ုပ်၏ အခန်းသို့ ခေါ်လာလျှင် ကောင်းမည်ဟု တွေးမိသည်။
ထိုသို့ ခေါ်ဆောင်နိုင်ရန် ရန်ကုန်မြို့တနေရာသို့ သွားရောက်ရာ တကိုယ်တော် လှုပ်ရှားသူ ပြည့်တန်ဆာတို့ကို အခန့်သင့် တွေ့လေ၏။ သူတို့ထဲမှ တဦးကို ချည်းကပ်လိုက်သည်။ သူ့အမည်မှာ လုံးကြီးပေါက်လှ ဟူ၏။ ဦးစွာ ဈေးစကား ပြောသည်က ကွမ်းတယာညက်ခန့် ကြာသွားသည်။
ိုကျွန်ုပ်။ ။ မှန်တာပြောရင် ချမ်းသာပါစေကွာ၊ ငါ့မှာ ငွေအခက်အခဲ တကယ် ဖြစ်နေလို့ပါ။ ထပ်ပြီး လျှော့ပါအုံး။
လုံးကြီးပေါက်လှ။ ။ ကဲပါ၊ ဟုတ်ပါပြီ။ ဒီဈေးနဲ့ပဲ လိုက်ပါ့မယ်။ ဈေးဦးမပေါက်တာ ၂ ရက် ရှိပြီမို့ လျှော့ပေးလိုက်တာနော်။
ကျွန်။ ။ ဪ – နင်တို့ အလုပ်အကိုင် အခြေအနေကလည်း တယ် မဟန်ပါလား။ ကမ္ဘာ့စီးပွားပျက်ကပ် မပြီးသေးလို့လည်း ဖြစ်နိုင်ပါတယ်လေ။ ကဲ – သွားကြစို့။
လုံးကြီးပေါက်လှကို ခေါ်ပြီး ကျွန်ုပ်၏ အိမ်သို့ ရောက်လာလေသည်။ သူက အခန်းကို ကြည့်ပြီး မှတ်ချက်ချလေသည်။
လှ ။ ။ အင်း – ပိုက်ဆံမရှိဘူးဆိုတာ ယုံပါပြီလေ။
ကျွန်။ ။ လိမ်စရာလားကွ။ ဒီကိစ္စက လိမ်စရာမှ မဟုတ်တာ။
လှ။ ။ အဟင်းဟင်း – ရှင်က ဟိုမင်းသားနဲ့ အရမ်း တူတာပဲ။
ကျွန်။ ။ ဟဲဟဲ ဟုတ်လား။ စားစား၊ ဟိုမှာ ခေါက်ဆွဲခြောက်ထုပ်တွေ ပြုတ်စားပေတော့။
လှ။ ။ ဟင်းဟင်း – မစားရက်ပါဘူးလေ။ မြှောက်ပြောတာ မဟုတ်ဘူးနော်။ တကယ် တူလို့ တူတယ်လို့ ပြောတာ။
ကျွန်။ ။ ဘယ်မင်းသားလဲ။
မေးသာ မေးလိုက်ရသည်၊ ဒီ မယ်မင်းကြီးမ လုံးကြီးပေါက်လှ လျှောက်ပြော မြှောက်ပြောနေသည်ဟု ထင်မိသည်။ သို့သော်လည်း ထိုသို့ပြောခြင်းမဟုတ်ကြောင်း တွေ့ရလေသည်။
လှ။ ။ ဟိုမင်းသားလေ၊ မသိဘူးလား။ ဟို – ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးအဖွဲ့ကို မဲပေးဖို့ အတင်းလိုက်ရောင်းတဲ့ မင်းသားလေ။
ကျွန်။ ။ ထပ်သရီး – တခြားမင်းသားနဲ့ ပေးတူစမ်းပါကွာ။ သူနဲ့တူတယ်လို့ မပြောစမ်းပါနဲ့။ မင်းသားတွေ တသိန်းလောက် ရှိတာ သူ့နဲ့မှ ပေးတူရတယ်လို့။
လှ။ ။ တကယ်တူတာရှင့်။
ကျွန်။ ။ လုပ်ပြန်ပြီ။ ဘာတူတာလဲ။ ဘာမှ မတူဘူး။ ဆံပင်ပုံစံလည်း မတူဘူး။ အမူအယာ ပြောပုံဆိုပုံလည်း မတူဘူး။
လှ။ ။ ကဲ – နားထောင်ပါအုံး၊ ရှင်းပြပါ့မယ်။ ဒီလို ဒီလို – တူတယ် ဆိုတာက ဈေး အရမ်းဆစ်တာခြင်း တူတာကို ပြောတာ။ ဆစ်သလား မမေးနဲ့။ အလကားသာ လုပ်သွားပါတော့လို့သာ ပြောလိုက်ချင်တယ်။
ကျွန်။ ။ တိန်။
လှ။ ။ ဝါသနာအရ လုပ်တယ်ဆိုရင်တော့ သူ့ဆီက ပိုက်ဆံ ယူစရာ ဘယ်လိုမလဲ။ ခုဟာက မရှိလို့ လုပ်စားနေရတာ ဆိုတော့ အလကားတော့ မရဘူးပေါ့။
ကျွန်။ ။ မင်းသားက ဈေးဆစ်တယ် ဆိုတာ ဟုတ်ပါ့မလားကွ။
လှ။ ။ ဪ – ဟုတ်တာမှ ဟုတ်၊ ဟုတ်၊ ဟုတ် လို့တောင် မြည်လိုက်သေးတယ်။ သူ ဈေးဆစ်နည်းက မတန်တဆကို ဆစ်တာ။ ဈေးစကားပြောတာ အရမ်း တော်တာပဲ၊
ကျွန်။ ။ ပေါက်ဈေး ဘယ်လောက်ရှိမှန်း သူ မသိလို့ဖြစ်မှာပေါ့ဟာ နင်ကလည်း။
လှ။ ။ အောင်မယ်လေး၊ သူလား ပေါက်ဈေး မသိမယ့်သူ။ သူက မိန်းမနဲ့ ကင်းလို့မှ မရတာ။ ပေါက်ဈေး သိချင်ရင် သူ့ကိုသာ သွားမေး။
ကျွန်။ ။ သူ့မှာ အိမ်ထောင်ရှိတယ်ဟ။ နင်တို့ဆီ မျက်စိလည်ပြီး ရောက်လာတာ ဖြစ်မှာပေါ့။
လှ။ ။ မျက်စိလည်တာ မဟုတ်ဘူး။ တည့်တည့်ကြီးကို လာတာ။ တကယ် တည့်တည့်ကြီးကို လာတာ။ ကျမတို့လောကမှာ သူက နာမည်ကြီး။ ဈေးအရမ်းဆစ်တာလည်း နာမည်ကြီး။ အားလုံး သိတယ်။
ကျွန်။ ။ ဟာ- ဒီလူ ဆွဲလှချည်လား။
လှ။ ။ ဆွဲတာတော့ အရမ်းဆွဲတယ်။ မိန်းမ မရှိလို့ မဖြစ်ဘူး။ တရွာတကျီဆောက်ပါ၊ တနေ့ ပုဆိုး ၃ ခါ လှည့်၍ဝတ်ပါ ဆိုတာ သူ့အတွက် ပေါ်လာတဲ့စကား လို့တောင် ပြောနေကြတယ်။ မိန်းမနဲ့ ကင်းလို့မရရှာဘူး။ သူရှာသမျှငွေ မိန်းမကိစ္စမှာ ကုန်တာပဲ တဲ့။
ကျွန်။ ။ ဟ – နင်ပြောတော့ ငါနဲ့ တူတယ်ဆို။ ငါက အဲဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလို့လား။
လှ။ ။ ဪ – ပြောပြီးပြီပဲ။ ဈေးဆစ်တဲ့နေရာမှာ တူတာပါ ဆိုနေမှ။ ငမ်းငမ်းတက်ဖြစ် မဖြစ် ဆိုတာတော့ အကြောင်းမသိတဲ့သူမို့ အတိအကျ ပြောလို့ ဘယ်ရမလဲ၊ ဟီးဟီး၊ စိတ်မဆိုးနဲ့နော်။ မေးလို့ ဖြေရတာပါ။
ကျွန်။ ။ အင်း – မင်းသားက မင်းတို့ကို ကြံ့ခိုင်ရေးပါတီ မဲထည့်ကြဖို့ မစည်းရုံးဘူးလား။
လှ။ ။ မစည်းရုံးပါဘူး။ ဒါပေမယ့် ကြံ့ခိုင်ရေးအဖွဲ့က အိမ်အထိ လာပြီး လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်တယ်။ နောက်မှ အဲဒါတွေက ကြိုတင်လက်မှတ် ဆိုလား၊ ကြိုတင်မဲ ဆိုလား ဘာဆိုလား ဖြစ်သွားတယ် တဲ့။ နေပါအုံး ရှင်က ဘာလဲ၊ ထောက်လှမ်းရေးတော့ မဟုတ်ပါဘူးနော်။
ကျွန်။ ။ ထောက်လှမ်းရေး မဟုတ်ပါဘူးကွ။ ငါက စာနယ်ဇင်းသမားပါ။
လှ။ ။ ရှင် – စာနယ်ဇင်းသမား ဟုတ်လား။
စာနယ်ဇင်းသမား ဟူသော စကားလုံးကြောင့် လုံးကြီးပေါက်လှ ထခုန်မတတ် လန့်သွားသည်။ တကယ်လည်း ထပြီး ခုန်လေသည်။
လှ။ ။ သွားတော့မယ်၊ သွားတော့မယ်။ မသိလို့ လိုက်လာမိတာ။ စာနယ်ဇင်းသမား ဆိုတာ စောစောက ပြောပါလား။ ဘယ်လိုက်ပါ့မလဲ။
ထိုသို့ ပြောပြီး အခန်းအပြင်ဘက် ထွက်ပြေးသောကြောင့် ဆွဲထားရလေ၏။
လှ။ ။ မဆွဲနဲ့၊ လွှတ်၊ လွှတ်။ ကျမလက်ကို လွှတ်။ လွှတ်ပါ ဆိုနေမှ။
ထောက်လှမ်းရေး မဟုတ်ကြောင်း၊ သတင်းထောက် ဖြစ်ကြောင်း လုံးကြီးပေါက်လှ နားလည်အောင် ရှင်းပြသော်လည်း လက်မခံချေ။
လှ။ ။ အတူတူပဲ၊ ရှင်တို့ ဒီပုတ်ထဲက ဒီပဲတွေချည်းပဲ။
ကျွန်။ ။ မတူဘူးကွ၊ သိသိသာသာကြီးကို မတူတာ။ ခက်တော့တာ့ပဲ။ နင့်ကို ဘယ်လို ရှင်းပြရမလဲ မသိတော့ဘူး။
ကျွန်။ ။ ဘာမှ လာရှင်းပြမနေနဲ့။ ဟိုတလောက အင်္ဂလိပ် ကတုံးကြီးတယောက် နိုက်ကလပ်က မိန်းမတယောက်ကို အော်ဒါခေါ်ပြီး အခန်းထဲမှာ ချုပ်ထားတာ ၁ဝ ရက်လောက်ကြာတယ်။ အဲဒီ အင်္ဂလိပ်ကြီးကလည်း ရှင့်လိုပဲ စာနယ်ဇင်းသမား။ ဟိုမိန်းမကို နှိပ်စက်တာ သွား ၁ဝ ချောင်း ကျိုးသွားတယ်။ နံရိုး ၅ ချောင်းလောက် ကျိုးတယ်။ ကျမ အကုန် ကြားပြီးပြီ။ တော်ပြီ တော်ပြီ၊ စာနယ်ဇင်းသမားဆိုရင်တော့ ဘယ်လောက်ပေးပေး မလိုက်ရဲဘူး။ ကြောက်တယ်။
လုံးကြီးပေါက်လှက ပြောပြောဆိုဆို အတင်း ရုန်းထွက်ပြီး အခန်းအတွင်းမှ ပြေးလေသည်။ ကျွန်ုပ်လည်း အံ့ဩ ငေးငိုင်ပြီး ကျန်ရစ်ခဲ့လေသတည်း။
2 comments
ရှူံးနိမ့်မှုများနဲ့.. လူ
March 8, 2011 at 1:02 am
သရော်စာတစ်ပုဒ်ပါပဲ..
အကြောင်းအရာလေး ဆန်းသစ်ရင် ပိုလို့ကောင်းမယ်ထင်မိပါတယ်
intro
March 8, 2011 at 1:12 pm
တစ်ခြား ပြောပြချင်တာတွေ ပါနေတယ် ထင်တယ်…