ပြည့်တန်ဆာတဦးနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)
ပြည့်တန်ဆာတဦးနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)
အသက် ၂ဝ ကျော် အရွယ် ရှိသော၊ တချက်တချက် နှစ်လိုဖွယ် ပြုံးပြတတ်သော၊ ညဉ့်ငှက် ဆိုသော်လည်း နေ့ဘက်တွင် လှုပ်ရှားသော၊ ရွက်ကြမ်းရေကျို အနေအထားထက် အနည်းငယ်ပိုသည့် ရူပါကို ပိုင်ဆိုင်သော၊ သံချပ်နှင့်ဆင်တူသည့် ဟစ်ပ်ဟော့ပ်သီချင်း၊ ပီကေ၊ ဝက်သားတုတ်ထိုးတို့ကို ကြိုက်တတ်သော ပြည့်တန်ဆာတဦးနှင့် ကျွန်ုပ် တွေ့ကြလေသည်။
နေရာက ရန်ကုန်မြို့လယ်တနေရာရှိ အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အနှိပ်ခန်းတွင် လုပ်ကိုင်နေသော်လည်း သူက နှိပ်တတ်ပုံမပေါ်။ ကိစ္စမရှိ။ စားသုံးသူတို့က အနှိပ်ခံရန် ဤနေရာသို့ လာခြင်း မဟုတ်။ အီစီကလီ၊ အယုအယ၊ ဟိုဒင်းဟိုဟာ တို့အတွက် လာခြင်း ဖြစ်သည်။
သူက နှုတ်ခမ်းနီ ထူထူ၊ မိတ်ကပ် ခပ်ပါးပါး လိမ်းထားသည်။ အရပ်အမောင်းကတော့ သူလိုငါလို ငါးပေ နှစ်လက်မခန့် ဖြစ်မည်။ ဘာသာပြန်ဝတ္ထုစာအုပ်ထဲက ပြည့်တန်ဆာများတွင် ရှိသည်ဟု ဆိုသော အပေါစား ရေမွှေးနံ့က သူ့ထံတွင် မရှိပေ။ ထိုဝတ္ထုများ ဖတ်မထားသဖြင့် ထိုသို့သော ရေမွှေး အသုံးမပြုခြင်းလည်း ဖြစ်နိုင်သည်။
နှုတ်ခမ်းနီမလေးက ကျွန်ုပ်ကို ပြုံးပြပြီး မေးခွန်းတခုဖြင့် အစပြုနှုတ်ဆက်လေသည်။
နှုတ်ခမ်းနီမလေး။ ။ ဆက်ရှင် ဘယ်နှစ်ခု ယူထားလဲ။
ကျွန်ုပ်။ ။ တခုပဲယူထားတယ်။
လေး။ ။ တခုတည်းလား၊ နည်းတာပေါ့။
ကျွန်။ ။ ဟင် – နည်းလား။ နည်းလည်း မတတ်နိုင်ဘူး။ ပိုက်ဆံ သိပ်ရှိတာမဟုတ်ဘူးကွ။
လေး။ ။ သူဌေးကများ ညည်းနေရသေးတယ်၊ ဒီက ညည်းဖို့လည်း ချန်ပါအုံး။ ဟင်းဟင်းဟင်း။
သူဌေး အထင်ခံရသဖြင့် ကျွန်ုပ် ရန်လိုကျွဲ ကျေနပ်သွားသည်။ တကယ်မဟုတ်သေးသည့် အခြေအနေတွင် အထင်ခံရသည်က ကျေနပ်စရာ မဟုတ်လော။ နှုတ်ခမ်းနီမလေးက အပြောအဆို ညက်လှသည်။ ဒေးကာနက်ဂျီ လျှောက်ရေးထားသည့် လူပေါ်လူဇော်လုပ်နည်း နိဿရည်းတို့ကိုများ ဒီကလေးမ ဖတ်ထားလေသလား —–။ ဟုတ်ဟန်မတူ။ လက်တွေ့ဘဝထဲတွင် သင်ယူကျင့်သုံးခြင်း ဖြစ်မည်။ ဒိုင်တွေ သိပ်ကောင်းသည်။ ပြောရဲဆိုရဲလည်း ရှိသည်။ ဈေးကွက်ရှာဖွေရေးမန်နေဂျာပင် ဖြစ်နိုင်သည်။ သူ ထပ်ပြောသည်ကို ကြည့်လော့ –
လေး။ ။ ရှင့် ရှပ်အင်္ကျီက အကောင်းစားပဲ။ ရှင်နဲ့လည်း အရမ်းလိုက်တယ်။ အင်း – ဘာဝတ်ဝတ် ရှင်က ကြည့်ကောင်းမှာပါ။
ကျွန်။ ။ ဟုတ်လား၊ ဟီးဟီး။
လေး။ ။ ဟုတ်တယ်။ ရှင်က ညိုချော ချောတယ်။
မြှောက်ပင့်ပြောသည်ပဲဖြစ်ဖြစ်၊ အရှိအတိုင်း သုံးသပ်သည်ပဲဖြစ်ဖြစ် ကျေနပ်စရာပင်။ အလှအပ ကြိုက်သော ကျွန်ုပ် နှင့် လှပ အပြောချိုသော နှုတ်ခမ်းနီမလေးတို့ နှစ်ဦးသား အဝတ်အစား၊ ဖက်ရှင်တို့အကြောင်း ရောက်တတ်ရာရာ စကားကောင်းနေမိသည်မှာ ၁ဝ မိနစ်ကျော် ကြာသွားလေသည်။
လေး။ ။ စကားပြောလို့ ကောင်းလိုက်တာရှင်။ ဒီကိုလာတဲ့သူတွေက စကား သိပ်ပြောကြတာ မဟုတ်ဘူး။ အင်း – လေအေးစက် ပျက်ပြန်ပြီ ထင်တယ်၊ ပူလိုက် အိုက်လိုက်တာ။ ရှင် မအိုက်ဘူးလား။
ကျွန်။ ။ နည်းနည်းတော့ အိုက်တယ်။ အင်္ကျီ ချွတ်လိုက်အုံးမှပဲ။
လေး။ ။ ဟီဟိ၊ အခုမှတော့ ချွတ်မနေနဲ့တော့။ အချိန်စေ့တော့မယ်။
ကျွန်။ ။ ဟင် – အချိန်စေ့တော့မယ်၊ ဟုတ်လား။ ဘာမှတောင် မလုပ်ရသေးဘဲ အချိန်က စေ့တော့မှာလား။
လေး။ ။ ဘာမှမလုပ်ရသေးဆို ရှင်က ဘာမှမှ မလုပ်ဘဲ။ လွယ်ပါတယ်၊ လုပ်ချင်ရင် ဆက်ရှင် နောက်တခု ထပ်ယူပေါ့ရှင်။
ကျွန်။ ။ ဟ – ဘာမှမလုပ်ရသေးဘဲ ဆက်ရှင်တခု ပြီးသွားတယ် ဆိုတာတော့ မဟုတ်သေးဘူး ထင်တယ်။ ငါ့ကို အူ တူတူ အ တတ ထင်ပြီး ခွင်ရိုက်မယ် မကြံနဲ့။ ဒီမှာ – ရန်ကုန်မှာမွေးတဲ့ ရန်ကုန်သား ကွ။ ရန်ကုန်မှာနေ၊ ရန်ကုန်မှာ ကြီးလာတာ အနှစ် ၃ဝ ပြည့်တော့မယ်။
လေး။ ။ တကယ်ပြောတာပါရှင်။ အချိန်က ပြည့်သွားပါပြီ။
ကျွန်။ ။ ဆက်ရှင်တခုကို တနာရီ မဟုတ်ဘူးလား။
လေး။ ။ မဟုတ်ပါဘူးရှင်။ အဲ – ဟုတ်ပါတယ်ရှင်။ မဟုတ်ဘူးဆိုတာ ဟုတ်ပါတယ်ရှင်။
ကျွန်။ ။ ဘာ မဟုတ်တာလဲ၊ ဘာ ဟုတ်ပါတယ်လဲ။
လေး။ ။ ဆက်ရှင်တခုကို တနာရီ ဆိုတာက လွှတ်တော်မခေါ်ခင်တုန်းကပါ။ အခု လွှတ်တော်ခေါ်ပြီးတော့ အချိန်က ပြောင်းသွားပါပြီ။
ဟိုက် – ရှာလဘတ်ရည်။ လွှတ်တော် ဆိုပါလား။ အနှိပ်ခန်းတွင် အလုပ်လုပ်သူ နှုတ်ခမ်းနီမလေးဆီက လွှတ်တော် ဆိုသောစကားသံ ထွက်လာသည်က ထူးခြားနေသည်။ သူက ဆက်လက် ရှင်းချက် ထုတ်သည်-
လေး။ ။ လွှတ်တော် တခါ ကျင်းပရင် ၁၅ မိနစ်ပဲ ကြာတယ်တဲ့။ အဲဒါကြောင့် ဒီမှာလည်း ဆက်ရှင်တခုကို ၁၅ မိနစ်ပဲ သတ်မှတ်လိုက်တယ်။ အလုပ်ရှင်က သတ်မှတ်လိုက်တာပါ။
ကျွန်။ ။ ဟိုက် – ဘာဆိုင်လို့လဲကွ။ လွှတ်တော်ဆိုတာက နိုင်ငံရေးသမားတွေ သွားထိုင်၊ သွားငိုက်၊ သွား အိပ်တဲ့နေရာ။ မင်းတို့က အနှိပ်ခန်းလေကွာ။
လေး။ ။ ငွေကြေးကိစ္စ၊ အချိန်ကိစ္စတွေကတော့ ကျမလည်း မသိပါဘူးရှင်။ အလုပ်ရှင် ပြောပြတာကတော့ တနိုင်ငံလုံးအတွက် ဆွေးနွေးညှိနှိုင်းငြင်းခုံရတဲ့ လွှတ်တော်တွေမှာတောင် ဆက်ရှင်တခုကို ၁၅ မိနစ်ပဲ သတ်မှတ်တယ် တဲ့။ ဒီတော့ လူတယောက်ကိုပဲ ဆားဗစ်ပေးရတဲ့ ဒီနေရာမှာ ဆက်ရှင်တခုကို ၁ နာရီ ဆိုတာ များတယ် တဲ့။ ဒါကြောင့် ဒီမှာ ဆက်ရှင် တခုကို ၁၅ မိနစ် ဆိုပြီး ပြောင်းလိုက်တာ တဲ့။
ကျွန်ုပ်လည်း နောက်တကြိမ် “ဟိုက် – ရှာလဘတ်ရည်” ဟု အံ့ဩတကြီး ရေရွတ်မိရုံမှတပါး ပြောစရာစကား မရှိတော့ပေ။
5 comments
bigcat
March 8, 2011 at 2:29 am
အပိုင်း၁ ကို အပိုင်း၂ ထက်ပိုကြိုက်တယ်..
PaukPhaw
March 8, 2011 at 4:43 am
dealing with a sex worker (part one)dealing with a sex worker ( part two)ဟုတ်ကဲ့..အပိုင်း(၃) ကို ဘယ်မှာ အရင် ဖတ်ရမှာလဲ မသိဘူးခင်ဗျမိုးမခမီဒီယာ မှာလား(သို ့) မန္တလေးဂဇက် မှာလား ဘယ်မှာအရင်တင်မှာလဲ သိပါရစေခင်ဗျာအိုင်ဒီယာလေး ကောင်းလို ့ကြိုက်လို ့ပါ။w8ting..!a hak hak 😀
Gong Zhu
March 9, 2011 at 4:25 pm
ကိုယ်တွေ့ အမှန်အကန်တွေလား …
လင်းငယ်
March 9, 2011 at 6:21 pm
ဒီပို့စ်က တကယ်လားလို့ မေးလို့ တောင်ရတယ်။ ဒါပေမယ့် ဒီထက်ပိုပြီးတော့ စိတ်ကူးကောင်းတယ်။ ဒီလို ရေးဖို့ မတွေးမိဘူးဗျာ။
piti
March 10, 2011 at 5:29 am
ကောင်းလိုက်တဲ့ သရော်စာတစ်ပုဒ်ပါပဲ..
အကြောင်းအရာလေးက သိပ်ပြီး မဆန်းသစ်သလိုလို ထင်ရပေမယ့် ကောင်းပါတယ်။
ရန်ကုန်ရွှေမြို့တော်ကြီးမှာ အနှိပ်ခန်းဗန်းပြတဲ့ မဟုတ်မဟတ် (ဒါပေမယ့် နိုင်ငံတကာမှာရှိတဲ့ ရှေးကျတဲ့စီးပွားရေး လုပ်ငန်းတစ်ခုပါ) နေရာတွေ အတော်များများ ရှိနေတယ်ဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။
နောက်…. အဓီကဇာတ်ကောင်အမျိုးသမီးလေးဟာ နိမ့်ကျတယ်ဆိုတဲ့ အလုပ်ကို လုပ်ကိုနေရပေမယ့် ပြောသွားတဲ့ဒိုင်တွေက လန်းပါတယ်။ သန်း (၆၀) ခန့်သော ပြည်သူတွေကို ကိုယ်စားပြုပြီး အလုပ်ကြီးအကိုင်ကြီးလုပ်နေတဲ့ လွှတ်တော်ရဲ့ အစည်းအဝေးကိုလည်း ပေါ်လွင်အောင် တင်ပြထားပုံလေးက မျက်စေ့ထဲ မြင်ရောင်လာစေတယ်ဗျာ။ ဘာတဲ့… လွှတ်တော်ဆိုတာက နိုင်ငံရေးသမားတွေ သွားထိုင်၊ သွားငိုက်၊ သွား အိပ်တဲ့နေရာ တဲ့….။
ဒီထက်ကောင်းတာလေးတွေ ထပ်ရေးပြီး ထပ်တင်ထားပါအုံးလို့