သမ္မတအိုဘားမား၏ နိုဘဲလ်ဆုလက်ခံမိန့်ခွန်း (တတိယပိုင်း)

DaveDecember 17, 20091min1132

ဒါကြောင့် ကျွန်တော်တို့ရဲ့စိန်ခေါ်မှုအစိတ်အပိုင်းဟာ စေ့စပ်မရနိုင်ဘူးလို့ထင်ရတဲ့ အရှိတရားနှစ်ရပ်ကို စေ့စပ်ပေးရေးဖြစ်ပါတယ်။စစ်ဟာ တစ်ခါတစ်ရံမှာ လိုအပ်တယ်ဆိုတဲ့သဘောတရားနဲ့ စစ်ဆိုတာ လူသား      ခံစားချက်တွေကို ဖော်ထုတ်ပြသတဲ့ အဆင့်သတ်မှတ်ချက် တစ်နေရာမှာရှိတယ်ဆိုတဲ့သဘောတရားပါပဲ။ချက်ကျလက်ကျပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့အားထုတ်မှုကို ဟိုးလွန်လေပြီးသော တစ်ချိန်တုန်းက  သမ္မတကင်နေဒီဆော်ဩခဲ့တဲ့ဆီ ဦးတည်ရပါလိမ့်မယ်။“ပိုမိုလက်တွေ့ကျတဲ့၊ပိုမိုပြီးရနိုင်ဖွယ်ရှိတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အာရုံစိုက်ကြပါစို့။အဲဒီငြိမ်းချမ်းရေးဟာ လူ့သဘာဝအလျောက်   ရုတ်တရက်တော်လှန်ပြောင်းလဲပစ်ခြင်းအပေါ်မှာ အခြေပြုခြင်းမရှိဘဲ လူ့အဖွဲ့အစည်းတွေထဲက ဆင့်ကဲဖြစ်ပေါ်ပြောင်းလဲမှုအပေါ်မှာ အခြေပြုမှာဖြစ်ပါတယ် “လို့ သူပြောခဲ့ပါတယ်။

ဒီဆင့်ကဲဖြစ်စဉ်က ဘာနဲ့ အလားသဏ္ဍာန်တူဖွယ်ရှိပါသလဲ။ဒီလက်တွေ့ကျတဲ့အဆင့်တွေဆိုတာ ဘာဖြစ်နိုင်ပါသလဲ။

စပြီးပြောရရင် နိုင်ငံအားလုံးဟာ အရွယ်အစားကြီးငယ်မဟူ အင်အားသုံးတဲ့ကိစ္စကို ကွပ်ကဲမယ့် စံသတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး တညီတညွတ်တည်းရှိနေရပါမယ်။ကျွန်တော်ဟာ တခြားဘယ်နိုင်ငံက   ခေါင်းဆောင်နဲ့ဖြစ်ဖြစ် အတူတူပါပဲ။ကိုယ့်နိုင်ငံကိုကာကွယ်ဖို့လိုအပ်လာရင် ကိုယ့်သဘောနဲ့ကိုယ်လုပ်ပို်င်ခွင့်ရှိပါတယ်။ဒါပေမယ့် အဲဒီစံတွေနဲ့ညီညွတ်သူတွေကို အားပေးကူညီရပါတယ်။မညီညွတ်သူတွေ                ကိုတော့ ချန်လှပ်ထားလိုက်ရပါတယ်။

စက်တင်ဘာ၁၁ရက်တိုက်ခိုက်မှုတွေအပြီးမှာတော့ ကမ ္ဘာဟာ အမေရိကကို ဝန်းရံလာပြီး အာဖဂန်နစ္စတန်မှာ ကျွန်တော်တို့ ကြိုးပမ်းနေကြတာတွေကို ဆက်လက်အားပေးထောက်ခံလာကြတယ်။ အဓိပ္ပာယ်မရှိတဲ့ အဲဒီတိတိုက်ခိုက်မှုတွေရဲ့ကြောက်စရာကောင်းပုံနဲ့ မိမိကိုယ်မိမိခုခံကာကွယ်ခြင်းရဲ့သဘောတရားကို သိမြင်လာကြလို့ပါ။အလားတူပဲ ဆက်ဒမ်ဟူစိန် ကူဝိတ်ကို ဝင်တိုက်တော့ သူနဲ့ထိပ်တိုက်တွေ့ဖို့ လိုအပ်လာပြီဆိုတာ                     ကမ ္ဘာကြီးက အသိအမှတ်ပြုခဲ့ရတယ်။အဲဒီမှာ ရန်ကိုရန်ချင်း ဘယ်လိုတုံ့နှင်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြသခဲ့ရပါတယ်။

ဒါ့အပြင် တခြားနိုင်ငံတွေလျှောက်လှမ်းနေတဲ့လမ်းကြောင်းစနစ်ကို အမေရိကအနေနဲ့ ငြင်းဆန်တယ်ဆိုတာမျိုး လုပ်လို့မရပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့ကစ္စဟာ ဘောင်ဝင်သလို ဖြစ်သွားပြီး တရားမျှတမှု ဘယ်လောက်ရှိတယ်ဆိုတာနောက်ထား နောင်ကြားဝင်ဆောင်ရွက်မှု တရားဝင်ဖြစ်ရေးကို ထိခိုက်စေနိုင်ပါတယ်။

စစ်ရေးအရအရေးယူဆောင်ရွက်မှုရဲ့ရည်ရွယ်ချက်ဟာ မိမိကိုယ်မိမိခုခံခြင်းရဲ့ တစ်ဖက်စွန်းကိုရောက်ရှိသွားပြီဆိုတဲ့အခါ ဒါမှမဟုတ် တစ်နိုင်ငံက တခြားကျူးကျော်ရန်စတဲ့နိုင်ငံကို ခုခံတဲ့အခါ ဒါဟာ အရေးပါလာပါတယ်။ပိုပိုပြီးတော့ခက်ခဲတဲ့ပြဿနာတွေကို ကျွန်တော်တို့အားလုံး ထိပ်တိုက်ရင်ဆိုင်ကြရတယ်။နိုင်ငံတစ်နိုင်ငံရဲ့အစိုးရက ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်ဖြတ်နေတဲ့ကိစ္စ၊ပြည်တွင်းအကြမ်းဖက်မှု၊ဒုက္ခတွေက တစ်ဒေသလုံးကို ပြန့်နှံ့နေတာ တားဆီးရမယ်ဆိုတဲ့ကိစ္စလို ပြဿနာမျိုးတွေပါပဲ။

ဘော်လကန်ဒေသမှာ ဖြစ်ပျက်ခဲ့တာမျိုး၊စစ်ဒဏ်ကြောင့်နစ်နာခဲ့ရတဲ့ တခြားနေရာတွေမှာကြုံခဲ့တာမျိုးတာတွေမှာ အင်အားသုံးတဲ့ကိစ္စဟာ တရားမျှတတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။အရေးယူဆောင်ရွက်မှုမပြုခဲ့ရင် ကျွန်တော်တို့ရဲ့ကိုယ်ကျင့်သိက္ခာကို ထိပါးစေမှာဖြစ်ပြီး နောက်ကျပြီးတော့မှ ကြားဝင်ခဲ့ရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်မှ ရတော့မယ့်ကိန်း ဆိုက်နိုင်လို့ဖြစ်ပါတယ်။ဒါကြောင့် သက်ဆိုင်ရာ နိုင်ငံအားလုံးက ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်ချမှတ်ပြီးတော့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ရာ တပ်ဖွဲ့တွေ ပေါင်းစည်းပါဝင်ရပါလိမ့်မယ်။

ကမ ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက် ချမှတ်ထားတဲ့ အမေရိကရဲ့သန္နိဌာန်ဟာ ဘယ်တော့မှ ယိမ်းယိုင်သွားမှာမဟုတ်ပါဘူး။ဒါပေမယ့် ခြောက်လှန့်မှုတွေပိုမိုရောထွေး၊လုပ်ဆောင်မှုတွေလည်း                     ပိုမိုရှုတ်ထွေးလာတဲ့  ကမ ္ဘာလောကတစ်ခုထဲမှာ အမေရိကဟာ တစ်ကိုယ်တော်လုပ်နေလို့မရပါဘူး။အာဖဂန်နစ္စတန်မှာ သက်သေထူခဲ့တယ်။လူတွေငတ်မွတ်ပြီး ဒုက္ခကြုံနေတဲ့ကြားမှာ အကြမ်းဖက်မှု၊ပင်လယ်ဓားပြမှုတွေနဲ့ ရောထွေးခဲ့တဲ့ ဆိုမာလီလို တိုင်းပြည်ပျက်နေတဲ့နိုင်ငံတွေမှာလည်း သက်သေထူခဲ့တယ်။နောင်လာမယ့်နှစ်တွေအတွင်း မငြိမ်မသက်ရှိနေမယ့်ဒေသတွေမှာလည်း သက်သေထူနေဦးမှာဖြစ်လို့ စိတ်မကောင်း ဖြစ်မိပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့စစ်သားတွေ ပြီးတော့ တခြားမိတ်ဖက်တွေနဲ့မဟာမိတ်နိုင်ငံတွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ သတ္တိကိုထုတ်ဖော်ပြီး သာဓကပြခဲ့တယ်။ ဒါပေမယ့် နိုင်ငံများစွာမှာ လုပ်ဆောင်ပေးသူတွေရဲ့အားထုတ်မှုနဲ့လူထုအများစုအကြားမှာ ဆက်သွယ်မှုပြတ်တောက်နေကြတယ်။စစ်မက်ဟာ ဘာကြောင့် လူကြိုက်မများတာလဲဆိုတာကို ကျွန်တော်သဘော ပေါက်ပါတယ်။ဒါပေမယ့် ဒါကိုလည်း ကျွန်တော်သိတယ်။ဘာလဲဆိုတော့ ငြိမ်းချမ်းရေးကို လိုလားသင့်တယ်ဆိုတဲ့ယုံကြည်ချက်ဟာ ငြိမ်းချမ်းရေးပိုင်ဆိုင်ရရှိဖို့အတွက် လုံလောက်မှုမရှိသေးဘူးဆိုတဲ့ အချက်ပါပဲ။ ငြိမ်းချမ်းရေးအတွက် တာဝန်ယူမှု လိုအပ်တယ်။ငြိမ်းချမ်းရေးအတွက် စွန့်လွှတ်အနစ်နာခံမှု လိုအပ်တယ်။ဒါကြောင့် နေတိုးအဖွဲ့ဟာ မဖြစ်မနေဆက်လုပ်နေတာပါ။ဒါကြောင့် ကျွန်တော်တို့ဟာ ကုလသမဂ္ဂနဲ့ ဒေသဆိုင်ရာငြိမ်းချမ်းရေးထိန်းသိမ်းမှုတွေအတွက် နိုင်ငံအနည်းငယ်နဲ့ပဲ ကွက်ချန်ပြီးလုပ်လို့မရတဲ့အတွက် အင်အားကို ဖြည့်တင်းပေးသွားကြရမှာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းပြီး အိမ်ပြန်လာကြသူတွေ၊အော်စလို၊ရောမ၊အော့တဝါ၊ဆစ်ဒနီ၊ဒါကာနဲ့ ကီဂါလီမှာ သင်တန်းသွားတက်ကြသူတွေကို ဂုဏ်ပြုကြရတာပါ။စစ်မက်ဖန်တီးသူတွေအဖြစ် ဂုဏ်ပြုတာမဟုတ်ပါဘူးငြိမ်းချမ်းရေးအကျိုးဆောင်သူတွေအဖြစ် ဂုဏ်ပြုတာဖြစ်ပါတယ်။

အင်အားသုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးအချက်တစ်ချက် ရှိပါသေးတယ်။ကျွန်တော်တို့ဟာ မတတ်သာလို့ စစ်ထွက်ဖို့ဆုံးဖြတ်ချက်တွေ ကြိတ်မှိတ်ပြီးချရတဲ့အခါမှာတောင်မှ  အဲဒီစစ်ကို ဘယ်လိုတိုက်ရမယ် ဆိုတာ ရှင်းလင်းအောင် စဉ်းစားရပါတယ်။နိုဘဲလ်ဆုကော်မတီအနေနဲ့ ကြက်ခြေနီအဖွဲ့ကြီးတည်ထောင်သူ၊ဂျီနီဗာသဘောတူညီချက်များပေါ်ပေါက်အောင် စေ့ဆော်ခဲ့သူ ဟင်နရီဒူးနန့်ကို ပထမဆုံးငြိမ်းချမ်းရေး နိုဘဲလ်ဆုချီးမြှင့်ခဲ့စဉ်အခါတုန်းက သက်သေထူခဲ့တဲ့ကိစ္စကို အသိအမှတ်ပြုပြီးသား ဖြစ်ပါတယ်။

အင်အားသုံးဖို့လိုအပ်တဲ့နေရာမှာ ကျွန်တော်တို့ဟာ လုပ်ဆောင်ရမယ့်စည်းမျဉ်းအချို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကိုယ်တိုင်ပါဝင်တဲ့အခါမှာ ကိုယ်ကျင့်တရားစည်းဘောင်သတ်မှတ်ပြီး ဗျူဟာချမှတ်ရပါတယ်။ပြီးတော့ စည်းလွတ်ဘောင်လွတ်တန်ပြန်မှုကို တဝဲလည်လည်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်တောင်မှ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်မက်သဘောအရ ခုခံရမယ့်စံကိုပဲ ချမှတ်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့နဲ့ယှဉ်ပြိုင်တိုက်ခိုက်ကြသူတွေနဲ့ အဲဒီနေရာမှာ ကွာခြားကြပါတယ်။ဒါဟာ ကျွန်တော်တို့အင်အားရဲ့ ရင်းမြစ်ပါ။ဒါကြောင့် ညှင်းပမ်းနှိပ်စက်မှုကို ကျွန်တော်တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် ဂူယန်တာနာမိုပင်လယ်အော်က အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့ ဒါကြောင့်ပဲ ဂျီနီဗာသဘောတူညီချက်တွေကို လိုက်နာစေဖို့ အမေရိကမှာ တာဝန်ရှိကြောင်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ခုခံကာကွယ်ဖို့တိုက်ခိုက်ရင်းနဲ့ ကျွန်တော်တို့ဖက်က ဆုံးရှုံးကြတာ သာဓကများလှပါပြီ။လွယ်လွယ်ကူကူနဲ့ဖြစ်ခဲ့တာမဟုတ်ဘဲ ခဲခဲယဉ်းယဉ်းဖြစ်ခဲ့ရတာမို့ ကျွန်တော်တို့ အဲဒါတွေအတွက် ဂုဏ်ယူမိပါတယ်။

စစ်မက်အတွက်ရင်းဖို့ ကျွန်တော်တို့ရွေးချယ်ခဲ့တာဖြစ်လို့ ကျွန်တော်တို့ရဲ့စိတ်နှလုံးတွေ နုံးချိခဲ့ရတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောခဲ့ပါပြီ။ဒါပေမယ့် အဲဒီလိုပူဆွေးဖွယ်ရွေးချယ်မှုတွေကို ရှောင်ရှားဖို့ ကြိုးစားခဲ့ပုံအကြောင်း ပြောချင်ပါသေးတယ်။တရားမျှတပြီး တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ခုကို တည်ဆောက်နိုင်တဲ့ နည်းလမ်းသုံးသွယ်ရှိတဲ့ အကြောင်းပါပဲ။

ပထမဆုံးအနေနဲ့ စည်းမျဉ်းဥပဒေတွေ ချိုးဖောက်တဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမူအကျင့်ပြောင်းလဲဖို့ ခဲယဉ်းတဲ့အကြမ်းဖက်မှုကို ရင်ဆိုင်ရာမှာ အခြားသောနည်းလမ်းတွေကို တိုးမြှင့်ပြီးအသုံးပြုရမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ တည်တံတဲ့ငြိမ်းချမ်းရေးကို လိုလားရင် နိုင်ငံတကာအသိုက်အဝန်းရဲ့ စကားတွေလိုအပ်လာပါတယ်။စည်းမျဉ်းချိုးဖောက်တဲ့ အစိုးရတွေကို တေးမှတ်ထားရမယ်။ပိတ်ဆို့မှုတွေပြုလုပ်ပြီး တိကျမှန်ကန်စွာ အရေးယူရမယ်။လူထုထောက်ခံမှုမရတော့တဲ့အခါ ဖိအားတွေတိုးပြီး ခံစားလာစေရမယ်။တစ်ကမ ္ဘာလုံးညီမှသာလျှင် အဲဒီဖိအားတွေက ထိရောက်မှာဖြစ်ပါတယ်။

2 comments

  • U Maung Maung

    December 20, 2009 at 12:37 pm

    ကျေးဇူးတင်ပါတယ်။ အခုလို အိုဗားမားရဲ့မိန့်ခွန်းကို မြန်မာဘာသာနဲ့ပြန်ဆိုပေးတဲ့အတွက်ပါ။ ဘာသာပြန်ထားတာတော်တော်လေး ကောင်းပါတယ်။ ချီးကျူးပါတယ်။ ဆက်ပြန်ပါအုံး။ စောင့်ဖတ်နေပါတယ်။

  • U Maung Maung

    December 20, 2009 at 12:38 pm

    နောက်ပြီးတော့ အစ္စရေးရဲ့နိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းကိုလဲ ဘာသာပြန်ပြီး ဖော်ပြပေးစေချင်ပါတယ်။ အားပေးလျှက်ပါ။

Leave a Reply