အရှေ့အလယ်ပိုင်းတော်လှန်ရေး မှ လက်ရှိ ယူကရိန်း အတိုက် အခံတစ်ဦး၏ရင်ဖွင့်ချက်

politicalviewMarch 12, 20111min670

ကိုင်ရိုနဲ့ တူးနစ် က ဆန္ဒပြပွဲတွေကို နှင်းတွေပိန်းပိတ်နေတဲ့ ယူကရိန်းနိုင်ငံ ကေယူးမြို့ကနေ စိတ်အားတက်ကြွ ဝမ်းပန်းတသာနဲ့ ကျမ စောင့်ကြည့် ဖြစ်ပါတယ်။ အီဂျစ်နဲ့ တူနီရှား လူထုတွေ သူတို့အာဏာရှင်
အစိုးရတွေ ဖြုတ်ချဖို့ တောင်းဆိုတာဟာ မှန်ကန်ပြီး သူတို့အတွက် ဂုဏ်ယူစရာပါပဲ။
ဒါပေမဲ့ ယူကရိန်းရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးမှာ ဦးဆောင်ပါခဲ့သူတစ်ဦးအနေနဲ့ ပြောရရင်၊ အခု အီဂျစ်နဲ့ တူနီရှား ဆန္ဒပြသူတွေရဲ့ ဂုဏ်ယူမှုကို လက်တွေ့ကျမှုနဲ့ တွဲစပ်နိုင်ဖို့ ကျမ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ အပြောင်းအလဲ လုပ်နိုင်တာဟာ တရားဥပဒေစိုးမိုးမှုနဲ့သွားမယ့် ဒီမိုကရေစီစနစ် ထူထောင်ဖို့အတွက် ပထမအဆင့်ပဲ ရှိလို့ပါ။ ဒါကို ကျမတို့နိုင်ငံ ယူကရိန်းက သက်သေပြနေပါတယ်။ ယူကရိန်းရဲ့ ပျော်ရွှင်ဝမ်းမြောက်ဖွယ် တော်လှန်းရေးဟာ မှေးမှိန်ကျသွားပြီး နဂိုဒုံရင်းဆီ ပြန်ဆိုက်သွားပါတယ်။ ကျမတို့ ဒီမိုကရေစီတော်လှန်ရေးဟာ သစ္စာဖောက်ခံရပြီး နောက်ကို ဘက်ပြန်သွားပါတယ်။
အီဂျစ်နဲ့ တူနီရှားက ဒီမိုကရေစီလှုပ်ရှားသူတွေအတွက် ယူကရိန်းရဲ့ သင်ခန်းစာတွေထဲက ပထမဆုံးတစ်ခု ကတော့ ရွေးကောက်ပွဲတွေက ဒီမိုကရေစီ လုပ်မပေးနိုင်ဘူး ဆိုတာပါပဲ။ နောက် လွတ်လပ်မှုရဲ့ ရန်သူတွေက ဒီမိုကရေစီ ဆန့်ကျင် ရေး အစီအစဉ်တွေကို ကတုတ်ကျင်းတူး အကာအကွယ်ယူကြတယ်။ အစိုးရဟောင်းက လူဟောင်းတွေ၊ စစ်သွေးကြွ လူမျိုးစုတွေက ဒီမိုကရေစီသစ်ကို ပြန်ပေးဆွဲဖို့အတွက် ဒီမိုကရက်တစ်စံနှုန်းတွေကို မြတ်နိုးချင်ယောင် ဟန်ဆောင် ကြတယ်။
လိမ္မော်ရောင် တော်လှန်ရေးအပြီး ခြောက်နှစ်အကြာမှာ ကျမတို့ ဒီမိုကရေစီဟာ အန္တရာယ်ရောပြွမ်းနေရုံမကဘူး၊ ဥပဒေနဲ့ အုပ်ချုပ်မှု (the rule of Law) ပါ စနစ်တကျ ဖျက်ဆီးခံနေရတယ်။ ကျမတို့ရဲ့ အမျိုးသား လွတ်လပ်ရေးဟာ ရောင်းစား ခံလိုက်ရတယ်။ ငြိမ်းချမ်းတဲ့ တော်လှန်ရေးရဲ့ အသီးအပွင့် ယူကရိန်း ပါလီမန်စနစ်က အနှစ်အသားမဲ့ ဗလာသက်သက် ဖြစ်သွားပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တယ်လို့ ယူဆရတဲ့ သမ္မတလက်ထဲ နိုင်ငံရေးအာဏာ အားလုံး ပုံအော ထည့်လိုက်ကြတယ်။
အခုလို ယူကရိန်းရဲ့ အကျပ်အတည်းကို ပြောပြတာက အီဂျစ်နဲ့ တူနီရှားက လူထုတွေ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တောင်းဆိုမှုကို ပစ်ပစ်ခါခါ ငြင်းပစ်ပါလို့ ဆိုလိုတာ မဟုတ်ပါဘူး။ လူထုဆန္ဒ အဆုံးအဖြတ် ရယူဖို့အတွက် မဲပုံးတွေက တဆင့်သွားတာ တကယ်လိုအပ်ပါတယ်။ သို့သော် ရွေးကောက်ပွဲတစ်ခုထဲနဲ့ အီဂျစ်နဲ့ တူနီရှားမှာ ရင်ဆိုင် နေရတဲ့ အခြေခံနိုင်ငံရေးပြဿနာတွေ မဖြေရှင်းနိုင်ဘူးဆိုတာကို ပြောချင်တာပါ။ အထူးသဖြင့် ရွေးကောက်ပွဲက လစ်ဘရယ် ပုံစံနဲ့ လွတ်လပ်တဲ့လူ့အဖွဲအစည်းကို ဖန်ဆင်းမပေးနိုင်ပါဘူး။
ရွေးကောက်ပွဲတွေ အကျိုးရှိရှိ ထိထိရောက်ရောက် ဖြစ်ဖို့ဆိုရင် အရင်ဦးဆုံး နိုင်ငံရေးအရ အခြေအတင် ဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြရပါမယ်။ ပါတီအဖွဲ့အစည်းတွေရဲ့ အိုင်ဒီအိုလော်ဂျီတွေ ကိုယ်စားပြုပြီး အဆုံးစွန် ဒီဘိတ်တွေ အရင်လုပ်ကြရပါမယ်။ မဲပေးသူတွေက ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကို မဲပေးရမယ်ဆိုတာ ကောင်းကောင်းသိမှ ဒီမိုကရေစီက အသက်ဝင်လာပါလိမ့်မယ်။
အာဏာလက်ထဲရောက်သွားတာနဲ့ လူထုဆန္ဒကို ချောင်ထိုးပြီး လုပ်ချင်ရာလုပ်တာဟာ ဒီမိုကရေစီ ဘက်တော်သား မဟုတ် ပါဘူး။ လက်ရှိ ယူကရိန်းသမ္မတ ဗစ်တာ ယာနုကိုဗစ် က ရွေးကောက်ပွဲနဲ့ အာဏာရလာပြီးနောက် အလိမ်အညာမုသား တွေနဲ့ ထင်ရာလုပ်နေပါတယ်။ နိုင်ငံသားတွေက ဘဝတွေရင်း တည်ဆောက်ထားရတဲ့ ဒီမိုကရေစီအတွက် သူလိုလူမျိုးက ထိုက်တန်တဲ့ ခေါင်းဆောင်း မဟုတ်ပါဘူး။
ဒါ့အပြင် ဒီမိုကရေစီဟာ ဥပေဒနဲ့အုပ်ချုပ်မှု (the rule of Law) မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်ထားရပါမယ်။ အဲဒီ ဥပဒေတွေက အများသဘောတူ အသက်ဝင်နေရမှာဖြစ်ပြီး လူ့အဖွဲ့အစည်းရှိ လူတိုင်းကို နိုင်ငံရေး လုပ်ငန်းစဉ်ထဲ ပါဝင်နေအောင် စည်းနှောင်ထားနိုင်ရပါမယ်။ ယာနုကိုဗစ် ဟာ လိမ္မော်ရောင် တော်လှန်ရေးကနေ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲကို ပြန်ပေးဆွဲထားပါတယ်။ အမှန်က အစကတည်းက နောက်နောင် ရွေးကောက်ပွဲတွေမှာ ဒီလိုလူမျိုးတွေ အာဏာနေရာထဲ ဝင်ခြေမရှုပ်နိုင်အောင် ထိ်န်းချုပ်ထားခဲ့ကြရမှာ။ အခုတော့ ယူကရိန်းကို သူချယ်လှယ်ချင်တိုင်း ချယ်လှယ်ဖို့ ကြိုးစားနေပါတယ်။
အခု သမ္မတ ယာနုကိုဗစ် ဟာ အခြေခံဥပေဒနဲ့ အခြားဥပဒေတွေကို ကားလ်မက်စ် အတွေးအခေါ်မျိုး ‘စိတ်ကူးယဉ်ဆန်မှု၊ အယူသီးမှု၊ မသိစိတ်နဲ့ကျိုးကြောင်းတွက်ဆမှု အားလုံးရောထွေးထားတဲ့ပုံစံ’ တွေးပြီး ပြုမူလုပ်ကိုင်နေပါတယ်။ ရွေးကောက်ပွဲကို ခိုးယူခြင်း၊ မဲပေးသူတွေကို ဖိအားပေးခြင်း၊ ဥပဒေကို အထင်အမြင်သေးခြင်းဟာ ဒီမိုကရေစီကို ငြင်းဆန်ခြင်းသာ ဖြစ်ပါတယ်။ ဒီလို မသမာမတွေနဲ့ ပတ်သက်နေသူတိုင်းဟာ ဒီမိုကရေစီရဲ့ မဟာရန်သူများသာ ဖြစ်ပါ တယ်။
နောက် ဒုတိယသင်ခန်းစာ။ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတိုင်း လွတ်လပ်မှု လမ်းကြောင်း ပေါ် ရောက်နေပြီလို့ မဆိုနိုင်ပါဘူး။ ကျန်ကမ္ဘာ့နိုင်ငံများကလည်း နို်င်ငံတစ်နိုင်ငံ အာဏာရှင်စနစ်ဆီဘက်ပြန်နေ တာကို မျက်စိစုံမှိတ် မနေသင့်ကြပါဘူး။ အခု ယာနုကိုဗစ် က ယူကရိန်း ဒီမိုကရေစီအပေါ် လည်မျိုညှစ်နေတာကို အိမ်နီးချင်း နိုင်ငံတွေသာ ပါးစပ်ပိတ်နေတာမဟုတ်ဘဲ၊ လွတ်လပ်တဲ့ နိုင်ငံကြီးတွေကပါ မသိလိုက် မသိဘာသာ နေရက်ကြတယ်။
ဒီမိုကရက်တစ် တော်လှန်ရေး အတွင်းသစ္စာဖောက်မှုရန်ကနေ ကာကွယ်ဖို့ နည်းလမ်းတစ်ခုကတော့ စစ်မှန်တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း တည်ဆောက်ထားဖို့ပါပဲ။ အဲဒီအတွေ့အကြုံကို ကျမတို့ ယူကရိန်းနိုင်ငံသားတွေ ကွန်မြူနစ် စနစ်အောက်မှာ ခါးခါးသီးသီး ရရှိခဲ့တာပါ။
အခုရော အရင်ကရော ကွန်မြူနစ်စနစ်ဟာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်အချို့နဲ့ ပူးတွဲလုပ်လို့ ရကောင်းရပေမဲ့၊ အရပ်ဖက် လူ့အဖွဲ့အစည်းနဲ့ ဘယ်တော့မှ အစေးကပ်မှု မရှိပါဘူး။ ဘယ်အဏာရှင်စနစ်မဆို သူတို့ လက်ကိုင်တုတ်တွေက အရပ်ဖက် လူ့အဖွဲ့အစည်း လှုပ်ရှားမှုမှန်သမျှ မွမွကြေအောင် ဖျက်ဆီးခဲ့ကြတာ ချည်းပါပဲ။
ယူကရိန်းမှာ ကွန်မြူနစ်စနစ်ကျဆုံးပြီးနောက် လွတ်လပ်စွာပြောဆိုခွင့် နေ့ချင်းညချင်း ပြန်ရခဲ့ပါတယ်။ သို့ပေမဲ့ နိုင်ငံသား တွေ လူထုလုပ်ငန်းတွေထဲ ပါဝင်နိုင်ရေးနည်းလမ်းပေါင်းစုံဖြစ်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း ရှင်သန်ဖို့ကတော့ အင်မတန် ခက်ခဲရှုပ်ထွေးတဲ့ လုပ်ငန်းကြီး ဖြစ်နေပါတယ်။ ဒါကို အီဂျစ်နဲ့ တူနီရှား လူထုတွေ မကြာခင် တွေ့ပါလိမ့်မယ်။
ဒါဟာ ဘာကြောင့်လဲ။ အရပ်ဖက်လူ့အဖွဲ့အစည်းဟာ အနုစိတ်တယ်၊ အထိအဆတ်လွယ်တယ်၊ ရာစုမချီတောင် ဆယ်စု နှစ်များစွာ ပုံမှန် တည်ဆောက်ထားရတာဖြစ်တယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ပုဂ္ဂလိကနဲ့ ဗော်လန်တီယာ အဖွဲ့အစည်းတွေ၊ ဗဟိုဦးစီးစနစ် ဖယ်ရှားကျင့်သုံးရေးတွေ၊ လွတ်လပ်တဲ့ နိုင်ငံရေးပါတီတွေ၊ ယဉ်ကျေးမှုပေါင်းစုံ ယှဉ်တွဲနေထိုင်ကျင့်တွေ၊ အယူအဆမတူမှုအပေါ် သည်းခံနိုင်မှုတွေ၊ ပွင့်လင်းမြင်သာမှု စတာတွေက ခေါင်းဆောင်တွေရော လူထုမှာပါ သွေးထဲသားထဲ စိမ့်စီးဝင်နေဖို့ လိုပါတယ်။
အရပ်ဖက်လူ့အဖွဲ့အစည်း မဖွံ့ဖြိုးတဲ့နေရာမှာ ပြဿနာတိုင်းဖြေရှင်းနိုင်ဖို့ ထိပ်ဆုံးက အာဏာပိုင် ‘လူသန်ကြီး’ ကိုပဲ စောင့်နေကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာဟာ ဗဟိုမှာ ပိုရှိလေလေ၊ ဒီမိုကရေစီ ဆန့်ကျင်ရေး အင်အားစုတွေ တိုင်းပြည်ကို ပိုထိန်းချုပ်ထားနိုင်လေလေ ဖြစ်ပါတယ်။
အခု တစ်ကမ္ဘာလုံးက လူတွေက တူနီရှား ဒီမိုကရေစီတော်လှန်ကို အားပေးခဲ့ကြတယ်။ အီဂျစ်အတွက် မျှော်လင့်ချက်တွေ ထားနေကြတယ်။ ဒီမိုကရေစီ အတွင်းသစ္စာဖောက်တို့ရဲ့ အလိမ်အညာ ထောင်ချောက်ထဲ မရောက်စေဖို့ တစ်ကမ္ဘာလုံး ဝိုင်းရံကြရပါမယ်။ မြောက်အာဖရိကမှာရော ယူကရိန်းမှာပါ လစ်ဘာတီ စိတ်ဓါတ်တွေရှင်သန်ဖို့ အားလုံး ညီညွှတ် ကြရပါမယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် ဆောင်ရွက်မှုတိုင်းဟာ ကိုယ့်တိုင်းပြည် နယ်နမိတ်မှာတင် အဆုံးမသတ် ကြဖို့ ကတိကဝတ်တွေ ထားကြရပါမယ်။ လွတ်လပ်မှုအစစ်အမှန်ဟာ ဘယ်နို်င်ငံ ဘယ်ရေမြေမှာသာ ရှိရမယ်လို့ ခွဲခြားလို့ မရနိုင်ကောင်းပါဘူး။
(Yulia Tymoshenko မှာ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း ဖြစ်ပြီး၊ ယခု အတိုက်အခံခေါင်းဆောင် ဖြစ်သည်။)
မှတ်ချက်၊ the rule of Law ကို ‘တရားဥပဒေစိုးမိုးမှု’ အစား ‘ဥပဒေနှင့် အုပ်ချုပ်မှု’ ဟု ပြန်ဆိုပါသည်။