နှစ်စဉ်အပူဆုံးဖြစ်သည့် ဧပြီလအတွင်း အပူဒဏ်ကို ရက်ဆက်ခံစားလာရ

klnApril 26, 20101min500

လက်ရှိကာလတွင် မြန်မာနိုင်ငံဒေသအချို့တွင်သာ မိုးကြိုမိုးရွာသွန်းမှုရှိနေပြီး ဒေသအများစု၌ မိုးကြိုမိုးရွာသွန်းခြင်းမရှိသေးကြောင်း၊ အပူချိန်ထူးခြားစွာမြင့်တက်ခြင်းမရှိသော်လည်း ရက်ဆက်ပူပြင်းနေသည့်အတွက် အပူဒဏ်ကို တွေ့ကြုံခံစားနေရကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်နွေရာသီသည် မတ်လဆန်းတွင် စတင်လေ့ရှိပြီး အပူဆုံးကာလသည် ဧပြီလဖြစ်ကာ မေလလယ်ဝန်းကျင်အထိ အပူချိန်မြင့်မားမှုကို ခံစားရလေ့ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ယခင်နှစ်များက မိုးကြိုကာလဝင်ရောက်သည်နှင့် မိုးကြိုမိုးများ ရွာသွန်းတတ်ကာ အဆိုပါမိုးကြိုမိုးများကြောင့် အပူဆုံးဖြစ်သည့်ကာလများအတွင်း အပူဒဏ်ကို ရက်စက်ဆက်ခံစားရခြင်းမရှိခဲ့ကြောင်း သိရသည်။ လတ်တလော ရာသီဥတုအနေအထားတွင်မူ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်သာ မိုးရွာသွန်းမှု ပုံမှန်ရှိနေပြီး အခြားဒေသများတွင် မိုးရွာသွန်းမှုကို ကြုံတွေ့ရခြင်းမရှိသလောက်ပင်ဖြစ်ကြောင်းသိရသည်။ “အယ်လ်နီညိုရဲ့ သဘောသဘာဝကို တွေ့နေရတာဖြစ်ပါတယ်။ အယ်လ်နီညိုရဲ့သက်ရောက်မှုကြောင့် မိုးခေါင်နိုင်တယ်။ မိုးခေါင်တာကို ဇွန်၊ ဇူလိုင်လတွေအထိကြုံနိုင်တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာကြုံနိုင်တယ်။ အောက်ပိုင်းဒေသတွေမှာလည်း ကြုံရဖို့အလားအလာများပါတယ်” ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ပါသည်။ ဧပြီ၊ မေလများသည် နောက်တစ်ကြိမ်းအယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ခြင်းရှိ၊ မရှိကို ကောက်ချက်ချရန် အချိန်စောနေသေးကြောင်း၊ နောက်တစ်နှစ် အယ်လ်နီညိုထပ်ဖြစ်ရန် အလားအလာနည်းပါးသော်လည်း ယခုရှိနေသည့် အယ်လ်နီညိုအရှိန်သည် လာမည့်ဩဂုတ်လအထိ တည်ရှိနိုင်ကြောင်း နိုင်ငံတကာမှ ပညာရှင်များက သုံးသပ်ထားကြသည်။ အကယ်၍ ယခုနှစ်တွင် မိုးခေါင်မှုကို ကြုံတွေ့ရပါက စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်ရောက်မှုများကြုံတွေ့နိုင်ခြင်း၊ ဒေသအများစုတွင် ရေနည်းပါးသည့်အတွက် သောက်ရေ၊ သုံးရေရှားပါးမှုကို ကြုံတွေ့နိုင်ခြင်း စသည့်တို့ကို ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကဲ့သို့ ဒေသမျိုးတွင် ရေအခက်အခဲကို ပိုမိုရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ မြောက်ပိုင်းရေဝေရေလဲဒေသများတွင် မိုးရွာသွန်းမှုကောင်းမွန်ပါက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေအခြေအနေ အသင့်အတင့်ကောင်းမွန်နိုင်သော်လည်း မိုးခေါင်လျှင်မူ မြစ်များတွင်လည်း မြစ်ရေနည်းပါးခြင်း၊ မိုးရေကို မှီတည်ရမည့် ဒေသအများစုတွင် ရေအခက်အခဲကို ရင်ဆိုင်ရခြင်းတို့ ကြုံတွေ့နိုင်သည်ဟု သိရှိရသည်။ www.khitlunge.org.mm