မိချောင်းမျက်ရည်

julyMarch 12, 20111min2297

ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?

အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့ အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။

ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေတယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။

ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ့် အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေ့မျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး “ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်” လို့ အမေပြောတယ်။

ဒါကြောင့် အားနွဲ့သူ မဖြစ်ရဘူး။

အဲဒီနေ့မနက်က ကျွန်မတို့ အတိုက်ခိုက်ခံလိုက်ရတယ်။ ချောင်းအကွေ့တစ်ခုမှာ အမေက ကျွန်မကိုရှေ့ဆက်သွားဖို့ အမိန့်ပေးတယ်။ အမေ့စကားကို ကျွန်မနားထောင်ပြီး ရှေ့ဆက်သွားတယ်။ စကျင်ကျောက်တွေကြောင့် ကျွန်မဗိုက်သားတွေ စူးပြီးနာနေတယ်။ ရှေ့ဆက်မသွားချင်လို့ ရပ်လိုက်ပြီး အမေ့ကို ကျွန်မလှည့်ကြည့်လိုက်တယ်။ အမေကနောက်ပြန်လှည့်ပြီး ဆုတ်ခွါဖို့ပြင်နေတာကို ကျွန်မတွေ့လိုက်တယ်။ အမေ့ကိုကြည့်ပြီး ကျွန်မနားမလည်ဘူး။ ကိုယ်ကိုအမြန်လှည့်ပြီး အမေနောက်အမီလိုက်ဖို့ ကျွန်မစဉ်းစားလိုက်တယ်။

ရုတ်တရက် ကျွန်မခါးကနေ ကိုင်မြောက်ခံလိုက်ရတယ်။ ထက်မြက်တဲ့သွားတွေက သိပ်မမာသေးတဲ့ ကျွန်မအခွံထဲ တိုးဝင်လာတယ်။ ကျွန်မရုန်းမိတယ်။ အမြီးနဲ့ရေပြင်ကို ကျွန်မရိုက်ပြီးရုန်းမိတယ်။ အမေက ကျွန်မကို နောက်ပြန်လှည့်ကြည့်တယ်။ အမေ့မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်တွေ ပြည့်နေတယ်။ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ ကျွန်မတို့မိကျောင်းမိသားစုမှာ ကိုယ့်အသက်ရှင်ဖို့ ကိုယ့်သားသမီးတွေကိုလည်း စွန့်လွတ်နိုင်ရသတဲ့…

ကျွန်မ မျက်လုံးအိမ်ကမျက်ရည်တွေ ပန်းထွက်လာတယ်။ အမေ… အမေ!

ဒီတောနက်ထဲမှာ နောက်ထပ်အင်အားကြီးသူက ကျားသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အမူအရာက သိမ်မွေ့ပြီး သွားတွေက ချွန်ထက်တယ်။ မနက်ပိုင်းမှာ သူတို့အစာရှာလေ့ရှိတယ်။ တစ်ခါတလေ မိကျောင်းလေးတစ်ကောင်ကလည်း သူတို့အတွက် အရသာထူးတဲ့ မနက်စာဖြစ်တယ်။

ကျွန်မကိုဖမ်းတဲ့ကျားသစ်က ကျားသစ်မတစ်ကောင်ပါ။ ကျွန်မ မကြောက်မိဘူး။ ကျွန်မကိုထားပြီး အမေ နောက်ပြန်လှည့်သွားတဲ့အချိန်ကစပြီး ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ကျွန်မကို ကျားသစ်လေးတွေရှေ့ ကျားသစ်မ ပစ်ပေးလိုက်တဲ့အချိန် ကျားသစ်မကို ကျွန်မနှစ်သက်သွားမိတယ်။ အမေလည်း ကျွန်မကို အစာတွေ ကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီလို သိမ်သိမ်မွေ့မွေ့ မရှိခဲ့ဖူးဘူး။

ကျားသစ်လေးတွေကို လျာနဲ့လျှက်ပြီး မနက်စာစားဖို့ ကျားသစ်မက ညင်ညင်သာသာခေါ်နေတယ်။ ကျားသစ်လေးတွေက ကျွန်မဘက်ကို ဦးတည်လာနေတယ်။ ဦးခေါင်းထိပ်မှာ ထောင့်ရှစ်ထောင့်ရှိတဲ့နေမင်းလို ထူးခြားတဲ့ပန်းကွက်ပါတဲ့ ကျားသစ်ငယ်လေးတစ်ကောင်က ကျွန်မအနားနားကပ်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မစိတ်ထဲမှာ “စားပါ.. စားပါ.. မင်းသိပ်ကံကောင်းတယ်။ မင်းမှာ မင်းကိုချစ်တဲ့ အမေရှိတယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါသေတာပဲကောင်းမယ်” လို့ တွေးနေမိတယ်။

ကျားသစ်လေးက ကျွန်မကိုကြည့်ပြီး ကျားသစ်မကို မေးတယ်။

“သူဒီလောက် ငယ်တာ… သူ့မေမေရော?”

ပြောပြောဆိုဆို ကျားသစ်လေးက ကျွန်မကို ရုတ်တရက် ရေထဲပစ်ချလိုက်တယ်။ ကျားသစ်မဘေးမှာ ပွတ်သပ်ကျီစယ်ရင်း ရေစီးနောက် မျောသွားတဲ့ကျွန်မကို သူငေးကြည့်နေခဲ့တယ်။

အမေ့အနား ကျွန်မ မပြန်ခဲ့ဘူး။ ရေစီးအတိုင်း နောက်နေရာတစ်နေရာဆီ ကျွန်မစီးမျောခဲ့တယ်။ ကျွန်မ မြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့တယ်။ ကိုယ်တိုင်အစာရှာတယ်။ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်တယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်ဆိုး မကြာခဏမက်တတ်တယ်။ မက်တဲ့အိပ်မက်တိုင်းက ကျွန်မကို အမေစွန့်ပစ်တဲ့ မနက်ခင်းဖြစ်တယ်။ အိပ်မက်ရဲ့အစက လှပတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျည်းတန်လာပြီး ဒဏ်ရာတွေ ပြင်းထန်လာတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မဘာဖြစ်လို့ မိကျောင်းဖြစ်ရတာလဲ?

ကျွန်မလူလားမြောက်ခဲ့တယ်။ ကျွန်မရဲ့ အရေခွံတွေမာကျောပြီး မျက်လုံးတွေစူးရှလာတယ်။ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီရေစီးကြောင်းမှာ ကျွန်မဟာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ကျွန်မမှာ ကျွန်မရင်သွေးလေးတွေရှိတယ်။ မိခင်ကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ သူတို့ကိုကျွန်မချစ်တယ်၊ ဂရုစိုက်ကာကွယ်တယ်၊ အန္တရာယ်နဲ့ကြုံခဲ့သည့်တိုင် သူတို့ကိုစွန့်ပစ်ပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ ကျွန်မကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူး။

မိကျောင်းမိသားစုမှာ မိခင်ကောင်းတစ်ဦးရှိတယ်လို့ တောနက်ထဲမှာ သတင်းမွှေးခဲ့တယ်။ ကလေးတွေက ဒီအတွက် ကျွန်မကို ဂုဏ်ယူဝမ်းမြောက်ကြတယ်။

တစ်ည အိပ်မက်ဆိုးကနေ ကျွန်မလန့်နိုးလာတဲ့အချိန် အနီရောင်အလင်းတန်းတစ်ခုကို ကျွန်မတွေ့လိုက်တယ်။ ကလေးတွေကိုနှိုးပြီး နေရာကကျွန်မခွါခိုင်းတယ်။ ဒီနေရာက မကြာခင်ပျက်သုန်းတော့မယ်။ ကီလိုမီတာ(၂၀)က တောအုပ်တွေ အဖျက်ဆီးခံလိုက်ရတယ်။ ကီလိုမီတာ(၂၀၀)အပြင်ကတောအုပ်တွေ စိုက်ပျိုးမြေဖြစ်ခဲ့တယ်။

အတော်ကြာ ခရီးဆက်ပြီး အရင်က ကျွန်မနေခဲ့တဲ့နေရာကို ကျွန်မတို့ရောက်လာခဲ့ကြတယ်။ ဒီနေရာမှာလည်း အစာတွေ ခေါင်းပါးနေပြီ။ တိရစ္ဆာန်အများက ဒီထက်နက်တဲ့တောထဲ ပြောင်းရွေ့သွားကြပြီ။ အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို ကျွန်မတို့မမြင်မိတာ (၂)ရက်ရှိနေပါပြီ။

မနက်ခင်းတစ်ခုမှာ အငယ်ဆုံးကလေးကိုခေါ်ပြီး ကျွန်မအစာရှာထွက်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်မရဲ့မျက်စိရှေ့မှာပဲ ကျားသစ်တစ်ကောင်ရဲ့ အတိုက်အခိုက်ကို သူခံလိုက်ရတယ်။ ရှေ့ကို အမြန်ထိုးတက်ပြီး ကလေးရဲ့အသက်ကိုကယ်ဖို့ ကျွန်မကြိုးစားတယ်။

ရှေ့တက်ပြီး ကျားသစ်ကို ကျွန်မအမြီးနဲ့ ပုတ်ထုတ်မယ့်အချိန် ကျားသစ်ရဲ့ဦးခေါင်းထိပ်က ရှစ်ထောင့်နေမင်းကို ကျွန်မတွေ့လိုက်တယ်။ သူပိန်လှီနေတယ်။ ဗိုက်တွေပြားချပ်နေတယ်။ အစာမစားရတာ တော်တော်ကြာနေပုံရတယ်။ တကယ်လို့ အစာထပ်မရရင် သူသေနိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ သားသမီးတွေအများကြီးရှိတယ်။ ဒီကျားသစ်သာမရှိခဲ့ရင် ကျွန်မမှာလည်း ဒီမိသားစုရှိခဲ့မှာ မဟုတ်ဘူး။

ကျွန်မအကြာကြီး တွေဝေနေတယ်။ နောက်ဆုံး ကျွန်မလှည့်ထွက်လာခဲ့တယ်။ ထောင့်ချိုးတစ်နေရာရောက်တော့ ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ ကျွန်မအမြင်တွေ မှုန်ဝါးနေတယ်။ မျက်စိရှေ့ကအရာအားလုံးကို ကျွန်မသဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး… ကျွန်မရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နှက်နေလို့လေ…….
(နိုင်းနိုင်းစနေ ဘာသာပြန်သည်)

7 comments

  • dream

    March 12, 2011 at 9:50 am

    ဖတ်လိုက်တော့ ကိုယ်တောင် ရောပြီး မျက်ရည်ကျချင်တယ်

  • davit

    March 12, 2011 at 10:22 am

    ကောင်းလိုက်တဲ့ post ကွာ……………

  • good

    March 12, 2011 at 10:45 am

    မူရင်း စာရေးဆရာ ရော ဘာသာပြန်ဆို သူကိုပါ ကြည် ညို လေးစား စွာဖြင့် ဖတ်ရှု ခံစား ခဲ့ပါသည်။

  • bigcat

    March 12, 2011 at 9:28 pm

    အလွန်ကောင်းတဲ့ ဘာသာပြန်ပို့စ်ပါပဲ။ လောကမှာလဲ အလားတူဖြစ်ရပ်တွေရှိမှာပါ။ မဆုံးနိုင်တဲ့ သံသရာမှာလည်နေရတဲ့ အဖြစ်ကိုသာ အပြစ်တင်ပါတော့။
    ကြုံလို့ငယ်ငယ်က မိချောင်းနဲ့ပတ်သက်ပြီး ကြားဖူးတာတခုလေးကိုပြောချင်တယ်။ ဧရာဝတီတိုင်းဖက်မှာနေတဲ့ တိုင်းရင်းသားတံငါသည်အချို့က မိချောင်းငယ်လေးတွေဖမ်းမိရင် သံကြိုးနဲ့လှေမှာ အရှင်တွဲချည်ထားတယ်။ ဝယ်သူလာရင် ဝယ်သလောက် အလေးချိန်အလိုက် အမြီးကနေ အရှင်လတ်လတ် ဓါးနဲကခုတ်ပြီး ချက်ချင်းလတ်လတ်ဆတ်ဆတ်ရောင်းတယ်။ ဒဏ်ရာနဲ့မိချောင်းက ခါးလည်အူတိုင်အထိအခုတ်မခံရခင်အထိ မသေဘူး။ တခါအခုတ်ခံရတိုင်း ပိတ်ထားတဲမျက်စိပွင့်သွားတယ်တဲ့။ နာတာကိုဖော်ပြတဲ့သဘောပေါ့။ လူတွေ အခြားတိရစာ္ဆန်တွေလို ခံစားမှုကို မျက်နှာရိပ်မျက်နှာကဲနဲ့ ဖော်ပြနိုင်စွမ်းမရှိ ဒါမှမဟုတ် လူတွေကနားမလည်လို့သည သူတို့ရဲ့နာကျင်မှုဝေဒနာကို ကိုယ်ချင်းမစာကြတာနေမှာပါ။ ကွန့်ပြီးတွေကြည့်တာ အကယ်၍များ အဲဒီမိချောင်းရဲ့ မိဘ၊ သားသမီး၊ ချစ်သူ တကောင်ကောင်က ရေထဲတနေရာကနေ မြင်နေရရင် ဘယ်လောက်တောင် ခံစားရခက်လိုက်မလဲ။ လူတွေက ကိုယ်မဖြစ်သေးရင် ငါတော့ဒီလိုဘဝမျိုး အဖြစ်ဆိုးမျိုးဖြစ်မှာမဟုတ် ဖြစ်ဖို့မရှိလို့ ထင်တတ်ဖြေတတ်ကြတယ်။ ဒီတော့အကုသိုလ်ဆိုတာ အတုံ့အလှည့်ဆိုတာကို ကြောက်ရကောင်းမှန်းမသိဘူးပေါ့။ ကျနောကတော့ အလားတူ ဖြစ်ရပ်တွေ ကြုံရတွေ့ရကြားရဖူးတာမို့ သံသရာဆိုတာကို ကြောက်ပါတယ်။

  • kai

    March 12, 2011 at 10:10 pm

    လူတွေဟာ..သူ့ရဲ့ ထက်မြက်လှတဲ့ ဦးနှောက်တွေကို ..တိရိစ္ဆာန်တွေရဲ့ ခေါင်းထဲထည့့်ပြီး စဉ်းစားတွေးခေါ်ကြတဲ့အခါမှာ ထူးခြားအံ့ဩဖွယ် စာတွေထွက်လာတော့တယ်..။
    သူကြီး (မန္တလေးဂေဇက်)

  • nigimi77

    March 13, 2011 at 10:20 am

    Trial Version
    လူတွေဟာ..သူ ့ရဲ ့ထက်မြက်လှတဲ့ ဦးဏှောက်တွေကို..တရိစ ္ဆာန်တွေရဲ ့ ကိုယ်ထဲ
    ထည့်ပြီး စဉ်းစားတွေးခေါ်ကြတဲ့အခါမှာ ထူးဆန်းစွာ ပုဇွန်ဦးဏှောက် အဖြစ်ကို
    ပြောင်းလဲသွားတယ်။
    ရွာသား (မန္တလေးဂေဇာတ်)

Leave a Reply