အင်္ဂလိပ်စကားမတတ်လို့

ashinindakaMarch 16, 20111min1142

ဝိနည်းပိဋကမှာ အုပ်ရေ ငါးအုပ်ရှိတယ်။
ကိုယ်ပထမဆုံးလေ့လာဖြစ်တာက မဟာဝါ(ပါဠိတော်) စာအုပ်။
ပထမကြီးတန်းကို ကိုရင်ဘဝ အသက် (၁၇) နှစ်သားတုန်းက အောင်တာဆိုတော့
ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူငယ်ချင်းကိုရင်တစ်ပါးက
သာမဏေကျော်စာမေးပွဲ ဝင်ဖြေပါလား ဆိုတာနဲ့ သာမဏေကျော်စာမေးပွဲပြဌာန်းစာထဲက
တစ်အုပ်ဖြစ်တဲ့ မဟာဝါ စာအုပ်ဆိုတာကို စလေ့လာဖြစ်တာ။

မြန်မာပြည်မှာ ဘုန်းကြီးကျောင်းပညာရေးစနစ်မှာ
သာမဏေကျော်စာမေးပွဲဆိုတာရှိတယ်။ ကိုရင်တွေအတွက်။
ဒီစာမေးပွဲကို ပထမဦးဆုံး မန္တလေးမှာရှိတဲ့ သကျသီဟအသင်းက စတင်ကျင်းပတာ။
ပြဋ္ဌာန်းစာကို တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးဆွဲပေးတာလို့ သိရတယ်။
အတော်ကောင်းတာပဲ။

ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်ဆိုပြီး သုံးဆင့်ခွဲထားတယ်။
သုံးဆင့်လုံးအောင်ရင် ဝိနည်းငါးကျမ်းလုံးသင်ပြီးသားဖြစ်သွားပြီ၊
ဓမ္မပဒဋ္ဌကထာနှစ်အုပ်လုံးပေါက်။ အင်္ဂုတ္ထိုရ်သုံးအုပ်လုံးကုန်သွားပြီ။
သဂြိုဟ်နဲ့ သဒ္ဒါလဲ အတော်သိသွာပြီ။

သာသနာရေးဌာနက ကြီးမှူးကျင်းပနေတဲ့ ပဌမပြန်စာမေးပွဲပြဌာန်းစာတွေကို
ဒီသာမဏေကျော်စာမေးပွဲက ပြဌာန်းစာတွေနဲ့ အစားထိုးပြီး
ပြင်သင့်တာပြင်၊ ထည့်သင့်တာထည့်ကာ သင်တန်းနှစ်ကို
(၃ နှစ်မဟုတ်ပဲ ရ နှစ်လောက်အထိ) တိုးချဲ့သတ်မှတ်လိုက်ရင်
မြန်မာပြည် ရဟန်းသာမဏေတို့ ပညာရေးစနစ်
ဒီထက် အများကြီး ကောင်းလာနိုင်တယ် လို့ စဉ်းစားမိတယ်။

ပဌမပြန်စာမေးပွဲနဲ့ ဓမ္မာစရိယစာမေးပွဲသင်ရိုးညွှန်းတမ်းတွေဟာ
ဒီခေတ်ကာလနဲ့ လိုက်လျှောညီထွေ ရှိမရှိ စီစစ်သင့်ပြီ။
ခေတ်နှင့်ရင်ဘောင်တန်းနိုင်အောင် ပြင်သင့်တဲ့ဘာသာရပ်တွေကို ပြင်ပြီး
ထည့်သင့်တဲ့ အင်္ဂလိပ်စာလို ပထဝီလို ဗုဒ္ဓဘာသာသမိုင်းလို
ဘာသာရပ်မျိုးများ သင်ကြားစေသင့်ပြီ။

ကြားဘူးတာလေး ပြောကြည့်ချင်တယ်။
ဟုတ်မဟုတ်ဆိုတာ ကာယကံရှင်တို့ အသိဆုံး။
လွန်ခဲ့တဲ့နှစ် ၂ဝ ကျော်က မြန်မာပြည်မှာ ပရိယတ္တိသာသနာ့တက္ကသိုလ်တွေ
ဖွင့်ဘို့အရေး သက်ဆိုင်ရာဆရာတော်များနဲ့
သာသနာရေးအရာရှိများ ငါးနိုင်ငံခရီးထွက်ကြတယ်။

သီရိလင်္ကာနိုင်ငံရောက်တော့ ဝေယျာဝစ္စလုပ်ပေးမဲ့ကိုရင်လေးများက
မြန်မာပြည်က ဆရာတော်ကြီးတွေနားသွားပြီး
ဘာအကူအညီပေးရမလဲ လို့ အင်္ဂလိပ်လို ပြောပါတယ်။
ဆရာတော်ကြီးများက (ပါးစပ်ကိုတိပ်ဖြင့် ပိတ်ထားသည့်ပမာ) ဘာမျှပြန်မပြော။
ပြန်လဲ မပြောတတ်။ ပြန်ပြောရအောင် နားလဲ မလည်။

သို့နှင့် ကိုရင်လေးတွေက ပါဠိဘာသာစကားနဲ့ ပြောင်းပြီး ပြောပြန်တယ်တဲ့။
ဒို့ဆရာတော်ကြီးများကတော့ ပါဠိလိုလဲ တစ်ခွန်းမျှ ပြန်မပြောတတ်ချေ။
အလေ့အကျင့်လဲ မရှိ၊ အသံထွက်ကလဲ မတူတော့
ပါဠိလို ပြောနေတယ်လို့တောင် ထင်မှာ မဟုတ်ဘူး။

ဒီလိုဖြစ်တာ ဘာသာစကား အခက်အခဲကြောင့်ဆိုတာ သူလဲ သိ၊ ကိုယ်လဲ သိ။
နို့၊ ဘာလို့ ဒီဘာသာစကားကို မျိုးဆက်သစ်ရဟန်းသာမဏေများ
မပြောတတ် မဖြစ်ရအောင် ယနေ့အထိ ပထမပြန် ပြဌာန်းစာထဲမှာ
မထည့်ဖြစ်သေးပါသလဲ။
စဉ်းစားသင့်ပြီ၊ ပြုပြင်သင့်ပြီ၊ အကောင်အထည်ဖော်သင့်ပြီ။

ဒီကိစ္စနဲ့ပတ်သက်လို့
မန္တလေး၊ သာသနာ့တက္ကသိုလ်ထွက်ဆိုတော့
တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းအတွက်
စာမူတောင်းလို့ ဆောင်းပါးတစ်ပုဒ် ဒီလိုခေါင်းစဉ်နဲ့ ရေးပို့လိုက်တယ်။

သာသနာတော် (တကယ်) ထွန်းကားပြန့်ပွါးလိုလျှင်
ဒေါက်တာအရှင်ဣန္ဒက

မြန်မာပြည် ရဟန်းသံဃာတော် ပညာရေးမူအတိုင်း
ပထမကြီးတန်းအောင်လို့ သာသနာ့တက္ကသိုလ် ဝင်ခွင့်ဖြေဆိုကာ
သာသနာ့တက္ကသိုလ်မှာ ပညာသင်ခွင့်ရပြီး
သာသနတက္ကသီလဓမ္မာစရိယဘွဲ့ ရတယ်။
အဲ့တက္ကသိုလ်မှာပဲ မဟာတန်းတက်ခွင့်ရလို့ ဆက်တက်ဖြစ်တယ်။
(၂) နှစ်ဆက်တက်ပြီး ကျမ်းပြုတယ်။
တချိန်တည်းမှာပဲ အစိုရကကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲဝင်ဖြေတာ
သာသနဓဇဓမ္မာစရိယဘွဲ့ ရတယ်။
ဒီတော့ မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးကို
လုံးစိပါဌ်စိမသိတောင် အတော်အသင့် နားလည်ခဲ့တယ် လို့ ပြောလို့ရတယ်။

မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးစနစ်မှာ
(အကြမ်းဖျင်းအားဖြင့်) ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊
ဓမ္မာစရိယတန်း ဆိုပြီး အတန်း (၄) တန်းပဲ ရှိတယ်။
အတန်းက သာ (၄) တန်းပဲ ရှိတာ။
စာသင်သားရဟန်းသံဃာတော်အများစုဟာ
(၁၀) နှစ်လောက်ကြာအောင် သင်ယူရတယ်။
ဒီအတန်း (၄) တန်းကို (၄) နှစ်နဲ့ အောင်မြင်ဘို့ မလွယ်ပါဘူး။
၄ နှစ်နဲ့ အောင်သွားတဲ့ရဟန်းတော် မရှိသလောက် ရှားပါတယ်။
ရဟန်းသံဃာတော်အများစု ၁ဝ – နှစ်လောက်ကြာအောင် သင်ယူရနေတဲ့
ဒီအတန်း (၄) တန်းကို ဘာလို့များ အတန်းတိုးပြီး မထားနိုင်ရတာလဲ။
ဘာလို့များ အတန်း (၄) တန်းထဲ သတ်မှတ်ထားရတာလဲ။
မေးခွန်းထုတ်စရာပါ။ ဒီကိစ္စ ဝိုင်းဝန်းစဉ်းစားပေးရမှာပါ။

နောက်တစ်ချက်က ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ
ပါဠိဘာသာ (Language) နဲ့ ဗုဒ္ဓဘာသာ (Subject) ရောထွေးနေတယ်။
ရောရောထွေးထွေး သင်ပေး သင်ယူနေရတာ ပြဿနာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ သင်ပေးနေတဲ့ စာချဆရာတော်အများစုက
ပါဠိဘာသာပိုင်း (Language) နဲ့ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်း (Subject) ကို ဓမ္မာစရိယတန်းရောက်တဲ့အထိ ခွဲခွဲခြားခြား ပြောမပြဘူး။
သင်မပေးဘူး။ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်းသင်ကြားပေးမှု
အားနည်းတယ်လို့ ပြောမယ်ဆို ပိုမှန်နိုင်တယ်။

ဗုဒ္ဓအကြောင်း၊ ကံ ကံ၏အကျိုး၊ ဗုဒ္ဓဘာသာရဲ့ လူမှုရေး၊ နိုင်ငံရေး၊
စီးပွါးရေးအမြင် စသည်၊ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် လမ်းစဉ်စတဲ့
အကြောင်းအရာတွေကို နည်းနည်းလေးမှ ပြဌာန်း စာထဲမှာ မတွေ့ရဘူး။

အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့
စာတတ်လူမိုက် (ပညာတတ်လူမိုက်) တွေဖြစ်လာတယ်။
ဒီထက်ဝမ်းနည်းစရာကောင်းတာက
ဓမ္မာစရိယတန်းအောင်ပြီးသားဦးဇင်းတွေ ဓမ္မာစရိယတန်းမှာ သင်ရတဲ့
သာမညဖလသုတ်၊ အမ္ဗဋ္ဌသုတ်အကြောင်းတွေကို မပြောပြတတ်တာပဲ။

နောက်ပြီး ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ
ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့သမိုင်း၊ ဗုဒ္ဓဘာသာသမိုင်း၊
ဗုဒ္ဓစာပေသမိုင်းပညာရပ်တွေ ထည့်မထားဘူး။

ဒီဘာသာရပ်ဟာ ရဟန်းတော်တိုင်း သိသင့်တဲ့ ဘာသာရပ်ဖြစ်တယ်။
ကိုယ်ဖတ်နေတဲ့ သင်ကြားနေတဲ့ အဋ္ဌကထာစာအုပ် (သို့) ဋီ့ကာစာအုပ်ကို
ဘယ်ခေတ်က၊ ဘယ်ရာစုက၊ ဘယ်ခုနစ်ခန့်က ဘယ်ပုဂ္ဂိုလ်က
ဘယ်ဆရာတော်နဲ့ ခေတ်ပြိုင် ဆရာတော်က ရေးခဲ့တယ်ဆိုတာ သိသင့်တာပေါ့။

ဥပမာ၊ ပုဂံခေတ်က သာသနာရေးအခြေအနေ၊
အင်းဝခေတ်သာသနာရေး အတက်အကျ၊
ဘာ့ကြောင့် သာသနာအားနည်းသွားရတယ်
စတဲ့အကြောင်းအရာတွေကို သာသနာပြုရဟန်းတော်တွေ သိကို သိရပါမယ်။
ဒါမှသာ သာသနာပြုရာမှာ ခရီးရောက်ပါမယ်။

သီရိလင်္ကာနိုင်ငံမှာ ပညာသင်တုန်းက
ကုလားကိုရင်လေးတစ်ပါးနဲ့ စကားပြောဘူးတယ်။
သူတို့ ဗုဒ္ဓဘာသာသမိုင်းသင်ရကြောင်း၊
သမိုင်းထဲမှာ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်ကြီးအကြောင်းလည်းပါကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးအကြောင်းထဲမှာ
တပုဿနဲ့ ဘလ္လိကကုန်သည်ညီနောင် တို့ပါကြောင်း၊
သူတို့ဟာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊
ကုန်ရောင်းဝယ်ရင်း ဘုရားရှင်နဲ့တွေ့ရာ သူတို့နှစ်ဦးဟာ
အဦးဆုံး သရဏဂုံနှစ်ပါးဆောက်တည်သူများဖြစ်ကြောင်း၊
သူက ပြောပြတယ်။

သူ ဆက်မေးတယ်။
ဒီလို အဦးဆုံး သရဏဂုံဆောက်တည်ရမှာ
ဘယ်ဘာသာစကားနဲ့ ဆောက်တည်တာလဲ၊
ပါဠိဘာသာစကားနဲ့လား၊ မြန်မာဘာသာစကားနဲ့လားတဲ့။
သမိုင်းကို သင်တော့ သမိုင်းထဲက အကြောင်းအရာတွေကို
စူးစမ်းတတ်တဲ့ ဒီသီဟိုဠ်ကိုရင်လေးကို ချီးကျူးရမှာပါ။
သမိုင်းစာအုပ်တွေကပြောပြတာတွေ သင်ယူရတာတွေကို
သီရိလင်္ကာကိုရင်လေး က စူးစမ်းတဲ့သဘောလေးပါ။
မြန်မာကိုရင်၊ ဦးဇင်းများလည်း ဒီလို စူးစမ်းမှုလေးတွေနဲ့
အမှန်တရားကို ရင်ဝယ်ပိုက်နိုင်အောင် ဗုဒ္ဓဘာသာသမိုင်းကို
အတန်းတိုင်းမှာ ထည့်သွင်း သင်ကြားပေးဘို့ လိုအပ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ ရဟန်းသံဃာတော်များပညာရေးအားနည်းချက်တစ်ခုက
စာသင်သား တပည့်တွေ မရှင်းလင်းတာကို မေးခွင့် ပေးမထားဘူး။
စာချချိန်ပြည့်ရင် စာချဘုန်းကြီးက
“ကဲ၊ တော်ပြီ” လောက်ပြောပြီး စာအုပ်ပိတ်၊ သူ့အခန်းထဲ ဝင်သွားတော့တာပဲ။
စာသင်သား နားလည်လည် မလည်လည် သူနဲ့ မဆိုင်သလိုဘဲ။
တကယ်တော့ စာချချိန် တစ်နာရီဆိုရင် တစ်နာရီအပြည့်မချဘဲ
မိနစ် (၅၀) လောက်သာ ပို့ချသင့်ပါတယ်။
ကျန်တဲ့ (၁၀) မိနစ်ကို စာသင်သားတွေ မရှင်းတာမေးဘို့ ချန်ထားသင့်တယ်။
ဒီလိုအလေ့အထမရှိတော့ မြန်မာပြည်မှာ စာသင်ပြီး ဓမ္မာစရိယဘွဲ့တွေသာ ရတယ်။
စာပေနဲ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆ တိုးတက်မှု နည်းပါးတာကို တွေ့ရတယ်။

မြန်မာပြည် ရဟန်းသံဃာတော်များစာသင်နည်းစနစ်က
ဗုဒ္ဓစာပေဆိုင်ရာမှာ လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ပေးမထားဘူး။
မြန်မာပြည် ဘုန်းကြီးကျောင်းပညာရေးစနစ်က
ရှေ့ကဆို နောက်ကလိုက်ရေးရတဲ့
(ကြက်တူရွေး) ပညာရေးစနစ်ဖြစ်နေ်တယ်။
ဒါကို ဒီလိုမှတ်၊ ဒီလိုဖြေနဲ့ ပီးတော့တာပဲ။
စာသင်သားတွေရဲ့ သံသယဆူးညောင့်တွေကို နှုတ်မပေးကြဘူး။
ဆရာကဆို တပည့်က နောက်က လိုက်ရေးရတဲ့ ပညာရေးစနစ်ကြားမှာ
ကိုယ်သံသယရှိတာ မရှင်းတာကို ထမမေးရဲဘူး။
မရှင်းတာမေးရင်  ဆရာသမားတွေကို မရိုသေရာရောက်တယ်၊
ဘုကန့်လန့်လုပ် တယ်လို့ အယူရှိတဲ့ စာချဆရာတော်တွေထံမှောက်မှာ
ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့သံသယတွေကို (အောင့်အီး) မြိုချရင်း
ဘွဲ့လက်မှတ်ကြီးတွေကို ရခဲ့တယ်။

နောက်ဆုံး အရေးအကြီးဆုံးအချက်က
မြန်မာရဟန်းတော်များ အင်္ဂလိပ်ဘာသာ အရေး အဖတ် အပြော တတ်မြောက်ထားဘို့ပါပဲ။ သိကြပြီးဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ မတတ်ရင်
အသေးအဖွဲ ကိစ္စလေးတွေမှာကို အဆင်ပြေဘို့ မလွယ်ဘူး။
တချို့ နိုင်ငံခြားကို အလည်လာတဲ့ ဆရာတော်ကြီးများလည်း
ဒီအင်္ဂလိပ်စာမတတ်လို့ ဒုက္ခရောက်ပုံတွေ အမျိုးမျိုးကြားနေရတယ်။

ဟိုတလောဆီက အတော်အသင့်နာမည်ရတဲ့
အင်္ဂလိပ်စာမတတ်တဲ့ ဓမ္မကထိကဆရာတော်တစ်ပါး
အင်္ဂလိပ်စာတတ်တဲ့ သူ့တပည့်ဦးဇင်းလေး အကူအညီနဲ့ ဂျပန်နိုင်ငံကို အလည်သွားတယ်တဲ့။
ဂျပန်ရောက်လို့ ရက်အနည်းငယ်ကြာတော့
ဆရာတော်နဲ့ ဦးဇင်းလေး ဘာအစာမကြေဖြစ်တယ် မသိဘူး။
ဦးဇင်းလေးက ဆရာတော့်ကို မြို့လည်ခေါင် ရထားဘူတာရုံနားမှာ ပစ်ထားခဲ့တယ်။
ဆရာတော်က မြန်မာစကားက လွဲလို့ ဘာစကားမှ မပြောတတ်တော့
သူများနိုင်ငံမှာ အခက်တွေ့ တော့တာပေါ့။
နောက်ဆုံး ဘာမှ ကြံရာမရတော့ ရထားဘူတာက ထွက်လာတဲ့
လူအုပ်ကြီးဘက်ကို လှည့်ပြီး
“မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့
တစ်နေကုန် အော်နေရသတဲ့။

မြန်မာစာသင်သားရဟန်း၊ သာမဏေများ အင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်ပြီး
ထင်ရှားတဲ့ ဆရာတော်တစ်ပါးရဲ့ အမြင်ကို
၂၀၁၀၊ ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ တွေ့လိုက်ရတယ်။
သာမန်စာသင်တိုက်ဆရာတော်တစ်ပါးက ဒီထင်ရှားတဲ့ဆရာတော်ထံသွားပြီး
အင်္ဂလိပ်စာကို အခြေခံတန်းတွေမှာ ထည့်သွင်းသင်ကြားပေးလိုကြောင်း၊
သင့်မသင့် အကြံတောင်းတယ်။

ထင်ရှားတဲ့ဆရာတော်ပြောတာ က
“အခြေခံစာမေးပွဲတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဌာန်းတာဟာ
ခေတ်အခြေအနေအရ သိပ်ကောင်းပါတယ်။
အရှင်ဘုရားအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့
ထည့်သွင်းချင်တာလဲဆိုတာကိုတော့ မေးစရာရှိတာပေါ့။
လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊
နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊
ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင်
သိသွားအောင် ဆောင်ရွက်ချင်တာလား။
ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊
နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ
အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ
အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး။

ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိသိအောင်၊
ကျယ်ပြန့်သွားအောင်လုပ်ဖို့ ရည်ရွယ်ပါတယ် ဆိုရင်တော့
ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ
မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။
ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်။
တကယ်စိတ်ဝင် စားတယ်၊ ဉာဏ်အသင့် အတင့်ရှိတယ်ဆိုရင်
အသက် (၃၀) ကျော်ဝန်းကျင်လောက်မှာ
အင်္ဂလိပ်စာတတ်ကျွမ်းတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။” တဲ့။

သူပြောခဲ့တဲ့ အထက်ပါစကားတွေ ထဲမှာ မရှင်းမလင်းတာတွေပါနေတယ်။
ဥပမာ၊ လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊
နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊
ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင်
သိသွားအောင် ဆောင်ရွက်ချင်တာလား ဆိုတဲ့ သူ့စကား။

ဆရာတော်အနေနဲ့ ဒီလို မေးစရာမလိုဘူးလို့ယူဆတယ်။
ကိုရင် (သို့) ဘုန်းကြီးတစ်ပါးကို အင်္ဂလိပ်စာသင်းပေး၊ သင်ယူကတည်းက
ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိ ကျယ်ပြန့် သွားအောင်
သိသွားအောင် ဆောင်ရွက်ချင်တာပါပဲ။

ဒီလို ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ပေးသင်ယူသွားရင်းနဲ့ပဲ
လမ်းဘေးက ဆိုင်းဘုတ်တေကို ဖတ်တတ်မှာဖြစ်ပြီး
နိုင်ငံခြားသား တွေနဲ့ စကားပြောတတ်လာမှာပါ။

နောက်ပြီး ဆရာတော်က
“ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊
နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ
အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ
အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး” လို့ ဆိုတယ်။

ဒါက ဘာကို ဆိုလိုတာပါလဲ။

စာရေးသူအမြင်ကတော့
အင်္ဂလိပ်စာသင်ယူတာဟာ အင်္ဂလိပ်စကားကို ပြောတတ်ဖို့၊ ရေးတတ်ဖို့၊ ဖတ်တတ်ဖို့ပါပဲ။
ဆိုင်းဘုတ်ကိုပဲ ဖတ်ရ ဖတ်ရ၊ သတင်းစာကိုပဲ ဖတ်ရ ဖတ်ရ၊
ပိဋကတ်စာပေကိုပဲ ဖတ်ရ ဖတ်ရ၊ ဖတ်တတ်ဖို့ပါပဲ။

အင်္ဂလိပ်စကားပြောရာမှာလဲ အကြောင်းအရာမျိုးစုံကို
တရုတ်လူမျိုးနဲ့ပြောရ ပြောရ၊ ကုလားလူမျိုးနဲ့ ပြောရ ပြောရ၊ ပြောတတ်ဖို့ပါပဲ။

ဆရာတော်ဆက်ပြောတာက
“ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိ သိအောင်၊ ကျယ်ပြန့်သွားအောင် လုပ်ဖို့
ရည်ရွယ်ပါတယ် ဆိုရင်တော့
ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ
မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။
ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်” တဲ့။

ဆရာတော်ရဲ့ ဒီစကားအရ
ဆရာတော်က အခြေခံတန်းတွေမှာ အင်္ဂလိပ်စာကို မပြဋ္ဌာန်းစေလိုဘူး။
ဝါ – အခြေခံတန်း စာသင်သားတွေကို
အင်္ဂလိပ်စာ မသင်ကြနဲ့လို့ ပြောလိုက်တာပါ။

စာရေးသူအမြင်ကတော့
အခြေခံတန်းမှာကတည်းက သူ့အရွယ် သူ့အဆင့်နဲ့အညီ သိသင့်တဲ့
စာသင်သားလဲ ကျက်မှတ်ဖတ်နိုင်လောက်တဲ့
အခြေခံအင်္ဂလိပ်စာကို ပြဋ္ဌာန်းပေးပြီး သင်ကြားပေး ထားသင့်တယ်။
ဒီလိုလုပ်ပေးခြင်းဖြင့် ပါဠိစာပေဖက်မှာ အားနည်းသွားမယ်လို့တော့
(လုံးဝ) မယုံကြည်ဘူး။
ဘာ့ကြောင့်လဲ။

အင်္ဂလိပ်စာ မသင်ရလဲ ပါဠိစာပေ အားနည်းချင် နည်းနေတာပဲ မဟုတ်လား။
တော်တဲ့လူက တော်တာပါပဲ။ ညံ့တဲ့လူက ညံ့နေတာပါပဲ။
ဆရာတော်က စာသင်သားသံဃာတော်တွေကို
ဓမ္မာစရိယတန်းအောင်မှ
အင်္ဂလိပ်စာ သင်ယူစေချင်တယ် ဆိုတော့
အတန်းပြဋ္ဌာန်းစာထဲမှာ မထည့်သွင်းပဲနဲ့ အလွတ်သင်ယူစေချင်တဲ့
သဘောလို့ ယူဆမိတယ်။

ဆရာတော်ရဲ့ ဒီအမြင်ဟာ ယေဘုယျမဆန်ဘူးလို့ယူဆပါတယ်။
ဆရာတော်ကိုယ်တိုင်ကတော့ ဓမ္မာစရိယတန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တော့ အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေ အများကြီးရတာပေါ့။

ဒါပေမဲ့ အများစုက အသက် ၃ဝ လောက်မှ ဓမ္မာစရိယတန်းကို အောင်ကြတာ။ ဓမ္မာစရိယတန်းအောင်ပြီးရင်လဲ စာသင်တိုက်အများစုက လက်ခံချင်ကြတာမဟုတ်ဘူး။
ဆိုတော့ အသက်လဲကြီး နေစရာလဲ အခက်အခဲတွေ့နေတဲ့
ဓမ္မာစရိယအောင်မြင်ပြီးတဲ့ရဟန်းတော်ဟာ
အင်္ဂလိပ်စာသင်ယူဖို့ အခွင့်အရေး အတော့်ကို နည်းသွားပါပြီ။

စာရေးသူအမြင်က
ဒီအင်္ဂလိပ်စာကို အခြေခံအတန်းတွေမှာကတည်းက
ပြဋ္ဌာန်းစာတစ်ခုအဖြစ် သတ်မှတ်ပေးပြီး သင်ယူစေချင်တာ။

ထူးချွန်တဲ့ရဟန်းတော်များက
ပိဋကတ်စာပေတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ကြမှာဖြစ်ပြီး
ဘက်စုံတော်တဲ့ နိုင်ငံခြားသာသနာပြု
ရဟန်းတော်များဖြစ်လာမှာ သေချာပါတယ်။

အလည်အလတ်တန်းစားရှိတဲ့ရဟန်းတော်များကတော့
ဓမ္မာစရိယတန်းအောင်ပီးတာနဲ့ မိမိတို့ ကျောင်းထိုင်မဲ့ နေရာအသီးသီးမှာ
(၁၀) တန်းကျောင်းသား ကျောင်းသူလေးတွေကို
အင်္ဂလိပ်စာ ပြနိုင်တဲ့အဆင့်ရောက်လာမှာပါ။

အဲ၊ အနိမ့်ဆုံးအဆင့်ကတော့
လမ်းဘေးကဆိုင်းဘုတ်တွေ လမ်းညွှန်တွေကို ဖတ်တတ်လာပြီး
အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့
ဂျပန်အလည်သွားတဲ့ ဆရာတော်ကြီးလို
“မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့
အော်စရာ မလိုတော့ဘူးပေါ့။

ပြောချင်တာက
ကိုယ့်နိုင်ငံက ရဟန်းတော်များ ထူးထူးချွန်ချွန်သာသနာပြုနိုင်အောင်
ပါဠိစာပေရော၊ ဗုဒ္ဓဘာသာစာပေရော၊ ဗုဒ္ဓဘာသာသမိုင်းရော၊ အင်္ဂလိပ်စာရော
ပြဋ္ဌာန်းစာထဲမှာ ထည့်ပြီး သင်ကြားပေးစေချင်တာပါ။
(မန်း သာသနာ့တက္ကသိုလ် နှစ်ပတ်လည်စာစောင်အတွက် ရေးထားတာပါ)