ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ(၂)
ကျောင်းသားဘဝ
ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဉာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေစာမေးပွဲတွင် ဗမာတစ်ပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကိုအားလုံးလည်း ဉာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးက စာသင် အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ဝမ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကို အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို (၅)နှစ်သား အရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက်(၈)နှစ် ရောက်မှသာလျှင် ကျောင်းစနေရလေသည်။
ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက်အစ်ကို ကိုအောင်သန်းအား အသက်(၁၁)နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ(၆)တန်းတွင်ရှိသည်။ ကျွန်တော့်မှာ အသက်(၈)နှစ်ထဲ ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာသေးသည်။ ထိုအခါ မိခင်က ရှင်းလောင်းလုပ်တဲ့လူသည် စာတတ်မှဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ တန်းကျော် တက်ခဲ့ရပြန်သဖြင့် (၄)နှစ်နှင့် (၁၀)တန်း အောင်မြင်သည်။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲတွင် ဗမာတစ်ပြည်လုံးတွင် နဝမစွဲခဲ့၍ အထက်တန်း စကောလားရှစ်ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဆုကို ရရှိခဲ့ပြီးသည့်နောက် ရန်ကုန်တက္ကသိုလ်တွင် (၆)နှစ်ခွဲမျှ နေခဲ့သည်။
နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီ-အေ)အတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီ-အေ)စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရသည်။ နောက်(ဘီ-အယ်လ်) အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်း မထား၊ စာလည်းမကြည့်၊ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီ-အယ်လ်) ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော့်တစ်သက်တွင် စာမေးပွဲပထမဆုံးနှင့် နောက်ဆုံး ကျရှုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေရာဇဝင်ဖြစ်သော ပထမမေးခွန်းစတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ(ဘီ-အယ်လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေရတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘဝသို့ ပြောင်းခဲ့သည်။
မြန်မာစာသင် ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း၊ ကလေးဘဝ သစ်ပင်တက် ရေကူးအလုပ်မျိုးကို ပိတ်ပင်ခြင်းပင် ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘောတည်းလောက် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုတွေကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကို မြင်ရလျှင် အဆိုအမြည် ခံရသည်။ ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဉာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသားကျောင်း ဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်လေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည် မဟုတ်ချေ။
ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည် “အတိုင်းအဆ” မထင်။ အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ႓ာရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည်။ ထို့ကြောင့် ပညာသင်ကြားဖူးသည့် အမှန်စင်စစ်အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော “ဉာဏ်ပညာကို လည်းကောင်း၊ မိမိဉာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း၊ (EMOTION OF THE EDUCATION) ပြုပြင်ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီ-အေ ပင်အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ၊ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက်၊ အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာရှိသည် မဟုတ်။ စာအုပ်များတွင် ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။
ပညာသည် လူ၏ ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာ မဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင် သိရုံသာမဟုတ်။ ရာဇဝင်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထမ ပညာကို သိရုံသာမဟုတ်။ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေ စုံစမ်းနိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာလည်း ပါသည်။ ဉာဏ်နှင့်လည်း ယှဉ်ရမည်။ ဉာဏ်ချည်းသာ တိုးတက်၍ “သညာ” မရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဉာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့် မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတစ်ယောက်၏ သက်တမ်းတွင် ဘဝပထမက သိမြင်လာသော စိတ်နေ စိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲ ရမည်သာတည်း။
ယနေ့ အယူအဆနှင့် မနက်ဖြန် အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘဝတွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပင်တည်း။ ဝါဒပြောင်းလဲမှုမှာ ဉာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တစ်နည်း တိုးတက်ခြင်းပေတည်း။ အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့အား သမာဓိ လက်ကိုင်ကြသူရှားပေသည်။ သမာဓိဆိုသည်မှာ လောက၏ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အပျက်သနစ်စုံတို့ကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း၊ ချမ်းသာလည်း ဝမ်းမသာ၊ ပကတိစိတ်ထား ဉာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု၊ ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တစ်သမတ်တည်း တည်ငြိမ်စွာရှိခြင်းကို ဆိုလေသည်။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန် ကိုယ်ကျင့်အမူအရာ အပြောအဆို ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမည ပြောစမှတ် ပြုကြလေသည်။
အမှန်စင်စစ်ကား ထိုဗန်းပြ တည်ငြိမ်မှုတွင် မည်မျှ အတွင်းဖောက်လွဲဖောက်ပြန်မှုများ တိုးပွားများပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣန္ဒြေကြီး၍ မျက်နှာထား အလွန်တည်သူ တစ်ယောက်ဟု အသိအမှတ်ပြု ခဲ့ရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲဖောက်ပြန် သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှသမာဓိတရားကို ပိုင်ဆိုင်ပေသနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ဖတ်ရင်း တွေ့မြင်ရလိမ့်မည်။
အသိဆုံးဖြစ်ပေသည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝ မပိုင်ဆိုင်သေးခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ပြီလား။ လုံးဝ မပိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်းမရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး။ လူတစ်ယောက်၏ ဉာဏ်အမြင် လှုပ်ရှားပြောင်းလဲမှု၊ ဝါဒပြောင်းလဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စဝံသဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခူနီမများ ရှိသင့်သည်ဟု စာအုပ်တစ်အုပ် ရေးသားမှုကြောင့် ဝိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ ပြောင်းလဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် အမှားမရှိသူမရှိ၊ အမှားသိမှ အမှန်မြင်လေသည်။ အမှားတစ်ခု လုပ်မိလျှင် အမှားနှစ်ခါ လုပ်မိသောအခါ မှန်လာပေလိမ့်မည်။
သို့သော်လည်း မှားပင် မှားစေကာမူ မိမိဉာဏ် အမြင်အလျောက် ပြောင်းလဲမှုများ ရှိအပ်သည်သာတည်း။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း။ ဗုဒ္ဓဂေါတမသည် သဗ္ဗညုတ ရွှေဉာဏ်တော်ကို (၆)နှစ် တိုင်တိုင် အမှားအမျိုးမျိုးကို ကျော်ကာ ရှာဖွေ တွေ့ရှိခဲ့လေသည်။ ထိုဉာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓတ္ထမင်းသားသည် မိမိဉာဏ်အမြင်အရ အနုမာန မျက်ရမ်းဆ၍ ပြောင်းလဲမှု ရှိလာလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး၊ မောင်းမမိဿံ ခြွေရံပရိသတ်တို့နှင့်တကွ နန်းသုံးဆောင်ဝယ်၊ မင်းစည်းစိမ်ကို စွန့်ပယ်၍ သောမမြင်၊ ကမ်းမမြင်၊ ရသေ့ရဟန်းအသွင် လျော်တေသင်္ကန်းကို ဝတ်ဆင်၍ “ဘိက္ခနသိလောယာစနသိလောတိဘိက္ခု”ဟူသည်နှင့်အညီ သူတောင်းစား ဘဝမျိုးသို့ ပြောင်းလဲမှုသည် သာမန်ပကတိ မျက်စိအားဖြင့် ကြည့်လျှင် ရူးသည်၊ မိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ်၊ မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ်၊ လောကဝါဒအား ဤသို့ပြောင်းလွဲခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်မှ ဖော်ပြသည်။)
မှတ်ချက်။ ။ မဖတ်ဖူးသေးသူများ ဖတ်စေချင်သည့်ဆန္ဒတစ်စုံတရာဖြင့်ကူးယူဖော်ပြသည်။
အပြစ်တင်ချင်ပါက မိမိ၏ ဖတ်စေချင်သည့်စေတနာကိုသာပင်အပြစ်တင်ကြပါ။
2 comments
bigbird
March 16, 2011 at 8:59 am
ဆက်လက်ဖော်ပြပေးပါအုံး။
R Ga
March 16, 2011 at 11:57 am
နောက်ဗိုလ်ချုပ်နဲ့ ပါတ်သက်ပြီးလူတွေသိပ်မသိသေးတဲ့အကြောင်းတွေ ထပ်ဖော် ပြပေးပါဦးမယ်ဗျာ.။ ဖတ်မယ်လူရှိပါစေလို့ပဲဆုတောင်းမိပါတယ်။