ဘာများဖြစ်တာလဲ အပိုင်း ၁

ဆူးMarch 17, 20111min1301

အထက်အညာ လေ့လာရေး ခရီးထွက်တဲ့ အုပ်စုအဖွဲ့ ညအိပ်ညနေ တည်းခိုရန်အတွက် ရွာညောင်ပင်ကြီးရွာကို ဝင်လာခဲ့တယ်။ ရွာထဲ အဝင်မှာတော့ ရွာလူကြီးများက တည်းခိုစရာ အိမ်ကြီးတခုကို နေရာချပေးတော့ လူငယ်အဖွဲ့ အထုတ်တွေချ ပြီး ရွာထဲကို လျောက်သွားကြသည်။ ရွာတလျောက်မှာတော့ ဖုန်ထူထူနဲ့ လူတွေ သွားလာနေကြသလို ရွာကို အလည်လာတဲ့ လူတွေ ကို မြင်ချင် သိချင်လို့ လာတဲ့ ရွာက လူတွေကလည်း တဖွဲဖွဲနဲ့ လာကြတယ်။ တည်းခိုစရာ အိမ်ကြီးရဲ့ ဘေးနှစ်ဘက်မှာတော့ တဲအိမ်လေးတွေဘဲ ရှိပါတယ်။ ထိုအိမ်က သည် တရွာလုံးတွင် အကြီးဆုံး ဖြစ်ပြီး ရှေးဟောင်းအိမ်ကြီး ဖြစ်သည့်အလျောက် အိမ်ကြီးက နှစ်ထပ်အိမ်ဖြစ်ပြီး အိမ် အတွင်းပိုင်း အခန်းအလွတ်တွေ များစွာ ရှိပါသည်။ အခန်းလွတ်များစွာ ထဲကမှ လူငယ် အဖွဲ့ တည်းခိုရန် အခန်းကျယ်တခုကို ပေးပြီး တည်းခိုစေတာ ဖြစ်ပါတယ်။ မြို့နဲ့ အလှမ်းအတော်ဝေးသလို လျှပ်စစ်မီးလည်း မရတဲ့ ရွာလေး တစ်ရွာ ဖြစ်နေတော့ ညအချိန် အိမ်ရှေ့က ကွပ်ပြစ်မှာ အားလုံးစုထိုင်ပြီး စကားစမြည်ပြောရင်း လရောင်ခံစားပြီး ညအချိန်ကို ကျော်လွန်ခဲ့ကြပါတယ်။ အခါအားလျှော်စွာ ထိုညသည် လပြည့်ည ဖြစ်သည့် အလျောက် အလင်းရောင် အလုံအလောက် ရနေသဖြင့် တယောက်နဲ့ တယောက် မြင်သာတဲ့ အနေအထားဖြစ်နေပါတယ်။ ရွာသားများ မြို့ကလာတဲ့ မြို့သားတွေ ကို သူတို့ သိချင်တာလေးတွေ မေးမြန်း စူးစမ်းချင်တာတွေ မေးကြ မြန်းကြနဲ့ အတော်လေး ဝမ်းသာနေကြပါတယ်။ အိမ်ရှင်ရဲ့ ဧည့်ဝတ်ကျေပြွန်မှုကတော့ အံမခန်းလောက်အောင်ပါဘဲ အိမ်ကို ရောက်စ ကတည်းက အစားအစာ မျိုးစုံ ရွာမှာ ရှိသမျှ အကုန် ထုတ်ပြီး ဧည့်ခံ ကျွေးမွေးပါတယ်။ ဖရဲသီး ပေါ်ချိန် ဖြစ်နေတော့ ဖရဲသီးများ စဉ့်အိုးထဲ ထည့်ပြီး ရေထဲ မှာ စိမ်ထားပါတယ်။ တလုံးကုန် တစ်လုံး ခွဲခြမ်းစိတ်ဖြာပြီး ကျွေးပါတယ်။ အလွန်အင်မတန် ချိုပြီး အေးစိမ့်နေသော သဘာဝ ဖရဲသီး များဖြစ်ပါသည်။ ရေနွေးကြမ်းကုန်သွားရင် ရေနွေးကြမ်း ထညက်ကုန်ရင် ထညက် ပဲလှော် စားစရာတွေ ဗိုက်တင်းအောင် စားပြီး မြို့က အကြောင်းတွေ စကားဖောင်ဖွဲ့ ပြောနေကြရင်း အချိန်ကုန်မှန်း မသိ ကုန်လာခဲ့ပါတယ်။ အချိန်အားဖြင့် ည ၁၂နာရီ ထိုးရန် သိပ်မလိုတော့ပါဘူး။
အိမ်ကြီးရဲ့ အရှေ့ ကွပ်ပြစ်မှာ ဆူညံ ဆူညံ ပြောရင်းနဲ့ အိပ်ချင်လာကြသဖြင့် အားလုံး လူစုခွဲပြီး ရွာသားများ အိမ်ပြန်ကြသည်။ လူငယ်များလည်း အိမ်ပေါ်တက်အိပ်ရန် ပြင်ကြသည်။
ရွာက လူတချို့ တယောက်နဲ့ တယောက် မျက်ရိတ်မျက်ချေပြကြသည်။ ဘယ်လိုလဲ ဘယ်သူ အလှည့်လဲ ဆိုတဲ့ ပုံစံနဲ့.. ဒီတော့ တယောက်သော အမျိုးသမီးကြီး တယောက်က ခေါင်းညိတ်ပြီး ရင်ဘတ်ပုတ်ပြသည်ကို သတိထားမိပြီး ဘာများလဲ အဒေါ်ရဲ့.. ဘာဖြစ်လို့လဲ.. ထို အဒေါ်ကြီးက ဘာမှ မဟုတ်ပါဘူး အေရယ် ငါတို့ ရွာက အသက်ကြီးတဲ့ လူတွေ အိမ်တစ်အိမ်မှာ ညအိပ်စောင့်ဖို့ ဘယ်သူ အလှည့်လဲ မေးတာပါ။ ဘာမှ မဖြစ်ဘူး ကဲ အချိန်မနည်းတော့ဘူး အိပ်ပျော်အောင် အိပ်တော့ တော်ကြာ ခွေးတွေ အူရင် အိပ်မပျော်ဘဲနေမယ်။ သွားကြ ဆိုပြီး ပြောပြောဆိုဆိုနဲ့ ထို ခြံဝိုင်းအတွင်းမှ ထွက်ခွာသွားပြီး ကပ်ရပ်မှာ ရှိတဲ့ ခြံဝိုင်းထဲရှိ တဲအိမ်ထဲကို ပြန်ဝင်သွားသည်ကို သတိထားမိသည်။ ထိုအဒေါ်ကြီးကို အာရုံစိုက်ငေးနေကြသည်ကို သတိထားမိတဲ့ ရွာသားများက အချိန်မနည်းတော့ဘူး ကဲ လူစုခွဲမယ်။ သွားပြီး မြို့သားတွေလည်း အိပ်တော့ ဗျို့ ဆိုပြီး လှမ်းပြောပြီး ထွက်ခွာ သွားကြသည်။
မြို့သားတွေ အိမ်ပေါ်တက်ပြီး စောင်ခြုံ အိပ်နေရန်ပြင်ဆင်ပြီး ပြူတင်းပေါက်က လရောင်ကို ပက်လက် အနေအထား ငေးပြီး ကြည့်နေရင်းနဲ့ တနေ့တာ ပင်ပန်းခဲ့သမျှ အကြောလျော့ပြီး အိပ်ပျော်ရန် မှေးခနဲ ဖြစ်ချိန်မှာ ရုတ်တရက် ခွေးဟောင်သံနဲ့ အတူ အသံ နက်ကြီး တသံကို ကြားလိုက်ရသည်။ အသံကြားရခြင်းနှင့် အတူ ရုတ်တရက် ထိတ်လန့်သွားသည်။ အသံဘယ်က လာသလဲ သိချင် စိတ်နဲ့ စူးစမ်းချင်မိသည်။

အပိုင်း ၂ မျှော်