ငယ်ငယ်တုန်းကပေါ့ (၂)
ကိုယ်လိုရာ ဆွဲတွေး တတ်တဲ့ လူကြီးတွေ
ကျမ လေးနှစ်ကျော်လောက်ကပေါ့… အဒေါ်အပျိုကြီးတွေဆီ သွားလည်ပါတယ် ။ အမေက နှစ်ပတ်တခါလောက် လိုက်ပို့ပေးပါတယ် ..။ ကျမကလည်း အဒေါ် သုံးယောက်ကို ချစ်ပါတယ် … သူတို့က အလိုလိုက်တာကိုး ။ ကျမကို ထမင်းကျွေးတာကအစ ဆူတာအဆုံး နှစ်ပတ်စာ အမြဲ ပြောပြနေကျပါ … ။ ကျမပြောတာကို အဒေါ်တွေက စောဒက မတတ်ပဲ ပြုးံပြီး နားထောင်ပေးပါတယ်….။ တစ်နေ့ တော့ ကျမက အဒေါ်တွေကို ခဲတံနဲ့ စာရွက်တောင်းပါတယ် ။ အဒေါ် သုံးယောက်လည်း ချက်ချင်း ခဲတံနဲ့ စာရွက်ချပေးပါတယ် … ပါးစပ်ကလည်း အမေ၊ အဖေကိုသာမက သူတို့ အမေ ကျမအဖွားလေးနဲ့ ကျမအဖွားတို့ကိုပါ အော်ခေါ်ပါတယ်… ။ ကလေးက စာရေးတော့မယ်တဲ့… လာကြည့်တဲ့ ….. ။ စာသင်ရင် စိတ်မဝင်စားတာ အမေက ကျမအကြောင်း သိသလိုလိုနဲ့ … ငယ်ပါသေးတယ်ဆိုတဲ့အကြည့်နဲ့ ကြည့်ပါတယ်… ။ ကျန်တဲ့လူတွေက အံ့ဩ တုန်လှုပ်တဲ့ အကြည့်နဲ့ပါ … ။ အဖွားလေးကတော့ ကလေးက ငယ်ငယ်ကတည်းက စာလုပ်ချင်တယ် ကြီးလာရင် စာတတ်ပုဂိ္ဂုလ် (အဲ့ဒီတုန်းက အသုံးနှုန်းတစ်ခု ) ဖြစ်မယ်လို ဟောကိန်းထုတ်ပါသတဲ့…. ။ အဒေါ် အပျိုကြီးများကလည်း ထောက်ခံပါတယ်… ။ စာသာလုပ်ပါစေ အကုန် လိုက်လျောမယ် လိုချင်တာ ဝယ်ပေးမယ်လို့ ပြောပါတယ် … ။ အားလုံး မျှော်လင့်တာ … ကျမဘာစာလုံး ချရေးမလဲ ပေါ့… ။ ကျမ အဝိုင်းတစ်ခု ဆွဲလိုက်ပါတယ် .. ခပ်ကြီးကြီးပေါ့… အားလုံးပြိုင်တူထွက်လာ တာ ဝလုံးဟေ့… ဝလုံး … တဲ့ …။ အမ် ကျမဆွဲတာ အဝိုင်းပါ … ဘာလို့ သူတို့ဝလုံးလို့ပြောတာလဲ ကျမမသိဘူး ။ တယောက်တခွန်း ချီးမွမ်းသံတွေ ဆူသွားတယ်… ကလေးက မသင်ခင်ကတည်းက ဝလုံး တောင် ရေးတတ်တယ်တဲ့… ။ သူတို့ချီးမွမ်းသံကြားတော့ … ကျမလည်း နောက်ထပ် အဝိုင်းတွေ အများကြီး ရေးပြလိုက်ပါတယ် 😀 မြှောက်ပေးလို့ပါ… ။ အဝိုင်းတွေရေးရတာ လက်ညောင်းတော့ … ဒုတ်ချောင်းတွေ ဆွဲပါတယ်… သူတို့က ထပ်ချီးမွမ်းပြန်တယ်…. မျဉ်းကြောင်းတောင် လက်တန်းဆွဲတတ်တယ်တဲ့… တကယ်တော့ ကျမက လူလေးတွေ ဆွဲမလို့ ခေါင်းအဝိုင်းတွေဆွဲပြီး ကိုယ်အချောင်းလေးတွေ လိုက်လုပ်တာပါ ။ ပြီးတော့ လက်ကလေးတွေ ၊ ခြေထောက်လေးတွေ လိုက်တတ်တယ် … ကျမပျော်တယ်..အားလုံးပြီးသွားတော့ ကျမစာရေးတာ မဟုတ်ပဲ ပုံလေးတွေ ဆွဲမှန်းသိသွားတယ်… ဒါနဲ့ ပြောကြတယ်.. ဖြတ်ထိုးဉာဏ်ကောင်းတယ်တဲ့… ကြံဖန်ပြီး ချီးမွမ်းတာပါ … ။ ကလေးတုန်းက လေ… ။ ကျမကရယ်ချင်ပေမဲ့ … မြှောက်ပေးတိုင်း လုပ်တတ်တဲ့ အကျင့်ကြောင့် မနောတွေ့နေတော့တာပေါ့ ။ ကလေး အ ရွယ်ကတော့ ကျမလုပ်သမျှ အားလုံးကောင်းတယ် … အဆူခံရတာ ရှားပြီး မြှောက်စားခံရတယ်… အလိုလိုက်ကြတယ်… အခုတော့ ကျမကို ပြန်မပြောနားမထောင် ထင်ရာစိုင်းပြီး ဂျစ်ကန်ကန်တဲ့ … ထုလေမာလေ ငါးဖယ်လိုလူတဲ့… ။ အပြောင်းလဲ မြန်လိုက်တဲ့ လူကြီးတွေနော် … အဲ့ဒီအချိန်က ကျမ စိတ်ထဲမှာ နားလည်မိတာက လူကြီးတွေ ကိစ္စတစ်ခုကို စိတ်ရှည်ရှည် စောင့်ပြီး မသုံးသပ်ပဲ အပွေးမြင်တာနဲ့ အပင်သိဆိုသလို လိုရာဆွဲတွေးတတ်ကြပါတယ်ဆိုတာပါ…. ။ ကျမ ခဲတံနဲ့ စာရွက်တောင်းတဲ့ ရည်ရွယ်ချက်ကို ကျမကိုယ်တိုင်ပဲ သိပါတယ်… ။ ပုံဆွဲချင်လို့ တောင်းတာပါ… ။ အဲ့ဒီတုန်းကလည်း ပုံဆွဲရတာ ပျော်ပါတယ် … ။အခုလည်း ပျော်ပါတယ် … ။ ခဲတံနဲ့ စိတ်ထဲရှိသလို ဆွဲရတာ ပျော်စရာကောင်းပါတယ်…။ အချိန်မရတဲ့အတွက် မဆွဲဖြစ်တော့ပါဘူး ။ ငယ်ငယ်က မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ပြိုင်ပွဲဝင်လို့ ဆုရခဲ့ဖူးတာ တစ်ခုပဲ မှတ်မှတ်ရရရှိခဲ့တယ် .. အဲ့ဒါက ခြောက်တန်းလောက်မှာပါ… ။ နောက်ပိုင်း အပျော်လေးတွေပဲ ဆွဲပါတယ်… ။ ပန်းချီသင်တန်းတွေ ဘာတွေလည်း ကျမမတတ်ချင်ခဲ့ပါဘူး ။ ကျမက ဆရာထက် သားတလကြီးဆိုသလိုပေါ့… ကျမစိတ်ထဲရှိတာ ဆွဲချင်တာပါ …။ ကျမဆွဲတာ အခြေခံကျချင်ကျမယ် သူများ ခံစားလို့ရချင်မှရမယ်… ကျမကတော့ ဆရာလာလုပ်ရင် မကြိုက်သလိုပါပဲ.. .. ပုံဆွဲတဲ့ကိစ္စက အရေးကြီးတာ မျုးိ မဟုတ်ပဲ စိတ်ခံစားချက် သက်သက်ကြောင့်ဆိုတော့ … ကိုယ့်စိတ်ကူးအတိုင်းလေးပဲ ကိုယ်ဖန်တီးချင်လို့ ဆရာတွေသင်မှ ဆွဲလို့ရတဲ့ ပန်းချီသင်တန်းကို ကျမမတတ်ခဲ့တာပါ… ။
မဟုတ်မခံအကျင့်ရဲ့ ပထမဆုံး လက်သံ
ကျမ မွေးလက ဇန်နဝါရီလမို့လို့ … ကျောင်းတွေ ဖွင့်တဲ့ ဇွန်လမှာ ကျမ ခြောက်လ အသက်ကြီးပြီးမှ ကျောင်းနေခဲ့ရတယ် … ။ ကျမအမေက သူစာသင်လာတဲ့ အတွေ့ကြုံ အရ … ကလေးတွေ စောပြီး ကျောင်းထားရင် ဖွံ့ဖြိုးမှူ နှေးကွေးပြီး စာသင်တဲ့အခါ တစ်ချို့ ဉာဏ်မမှီတာမျိုး ၊ စာသင်ရင် မလိုက်နိုင်တာမျိုး ဖြစ်တတ်တယ်လို့ ယူဆတဲ့အတွက် ကျမမွေးတဲ့လက စကောစကဖြစ်နေလို့ ခြောက်လနောက်ကျပြီးမှ ကျောင်းနေချင်နေ … မနေရင် ခြောက်လစောပြီး ကျောင်းနေရမှာပါ… ။ သဘောက လေးနှစ်ခွဲနဲ့ ကျောင်းထားမလား ၊ ငါးနှစ်ခွဲနဲ့ ကျောင်းထားမလားပေါ့ … ။ ငါးနှစ်ခွဲမှာကျမကျောင်း စတတ်ခဲ့ပါတယ် … အိမ်မှာပဲ ပျော်တဲ့ ကျမက ကျောင်းသွားတိုင်း ငိုခဲ့ရတာ အခုထိ မှတ်မိသေးတယ် … ။ ကျောင်းတတ်ရတာ မူကြိုနဲ့ မတူတာလည်း သိပါတယ်… မူကြိုမှာ ဆရာမက ကပြတယ် ၊ သီချင်းဆိုရတယ် … ။ နောက်တစ်ခုက အိပ်လို့လည်း ရတယ်ပေါ့ ..။ ပြီးတော့ အစောကြီးပြန်ရတယ်… ။ အမေ နဲ့ အဖေကလည်း ခဏခဏလာချောင်းတယ် ….. သူတို့ကို တွေ့ရတာ ကျမပျော်တယ်လေ…။ အခု သူငယ်တန်းတက်ရတော့ ကျမရှိုးထုတ်လို့လည်း မရပါဘူး … ကျောင်း ဝတ်စုံပဲဝတ်ရတာပါ ။ ကျမက စမ်းချောင်း ၂ မှာ တတ်ရတာပါ … ။ သတ်မှတ်ထားတဲ့ ယူနီဖောင်းက စကတ်ကို နောက်က ကြိုးသိုင်း ကြတ်ခြေခတ်ပုံနဲ့ ပခုံးပေါ်က တဆင့ ် အရှေ့ကိုပြန်ကျပြီး ခါးမှာ ကြယ်သီးလေး တစ်ဘက်တစ်လုံး နဲ့ ပြန်ချိတ်ရတာပါ … စကတ်က အရမ်း အကားကြီးမဟုတ်ပါဘူး ။ အတွန့်အခေါက်လေး နှစ်ခုကို အရှေ့ဘက်မှာထားရပါတယ်…. နောက်ဘက်အခြမ်းက အတွန့်မပါရပါဘူး ။ စကတ်လေးက ကျောင်းစိမ်းရောင်လေးပါ … ။ ကျမက အရှည်ကြီးမကြိုက်လို့ ဖိုးကွာတားလောက်အရှည်ပဲ ဝတ်ခဲ့ပါတယ် ။ စတတ်မှာ ကပ်အိတ်လေး တခုပါပြီး အိပ်မှာ အဖြူစင်းလေး နှစ်စင်းပါရပါတယ် … အဲ့ဒီအ ချိန်က ကျမတို့ ကျောင်းတစ်ခုပဲ ဒီလို စကတ်ပုံစံအစလုပ်ခဲ့တာပါ… အိပ်ကပ်လေးက အဖြူနှစ်စင်းထက်မပိုရတာရယ် … ကြယ်သီး နှစ်လုံးက ရှပ် အကျီင်္ မှာ သုံးသလိုပဲ အသေးလေးတွေ ဖြစ်ရမယ်ဆိုတာရယ်ပါ ။ အကျီ င်္ လေးကတော့ ဟာဝိုင်ယီ ကော်လံလေးကို လက်တိုလေးပေါ့… လက်ရှည်လဲရပေမဲ့ အမြဲစိတ်အိုက်တတ်တဲ့ ကျမက လက်တိုပဲဝတ်ပါတယ် ။ အမေကလည်း ယူနီဖောင်းနဲ့ဆိုတော့ ….. သူများအမေတွေထက်ပိုပြီး ကျောင်းဝတင်မကပဲ ကျမကို အတန်းထဲထိ လိုက်ပို့ခွင့်ရခဲ့ပါတယ်… ။ ကျမထိုင်ရမဲ့နေရာကို ရွေးပေးပြီး မုန့်တွေဝယ်ပေးကာ ပြန်ပါတော့တယ်…။ ကျမကို အမေရွေးပေးတဲ့ နေရာကိုလည်း ကြည့်ပါဥိး ။ ဆရာမနဲ့ မျက်နှာချင်းဆိုင်မှာပါ.. ဘလက်ဘုတ်ကနေဆို ပထမတန်းပြီး ဒုတိယတန်းပေါ့ … ။ အဲဒီခေတ်က မြေဖြူသုံးတာမို့ အမေက အမှုန်တွေဝင်မှာစိုးလု့ိ နောက်တတန်းမှာ ထိုင်ခိုင်းခဲ့တာပါ…။ ဆရာမရောက်တော့ နှုတ်ဆက်ကြတယ်… ။ ဆရာမက တစ်ယောက်ချင်းစီကို ကိုယ့်နာမည်ကိုယ်ပြောခိုင်းတယ် … ။ ပထမဆုံးမိတ်ဆက်တဲ့အနေနဲ့ပေါ့…. နာမည်တွေအများကြီးပဲ ကျမဘာမှ မမှတ်ထားပါဘူး ။ နောက်တော့လည်း မှတ်မိမှာပေါ …. 😀 စာသင်ချိန်ရောက်တော့ စာသင်ပါတယ်… ။ ထမင်းစားချိန်ပြီးတော့ စာပြန်သင်ပါတယ် … ။ စာသင်ချိန်ကုန်ခါနီး ကျမရေးနေတဲ့ ခဲတံကို တစုံတယောက်က လာလုပါတယ် … ကျမလည်း အငိုက်မို့ပါသွားခဲ့တာပေ့ါ… ။ ကျဘေးက ငတိလေးက လာလုတာလို့ လှည့်ကြည့်တော့ တွေ့ပါတယ်.. သက်သက်ဗိုလ်ကျတာပါ… ။ ကျမလည်း ပြန်ပေးဆိုတဲ့ သဘောနဲ့ လက်ဖဝါး သေးသေးလေးကို ဖြန့်ပြီး အသံတိတ်တောင်းပါတယ်… ။ သူကလည်း ပြန်မပေးဘူးဆိုတဲ့ အထာနဲ့ နှုတ်ခမ်းကို မဲ့ပြပါတယ်… ။ ဆရာမက စာသင်ချိန်မို့ ကျမတို့ အသံမထွက်ရဲပါဘူး ။ ဟိုကောင်လေးက ကျမခဲတံကို ယူပြီးဆရာမ စာသင်နေတာ လိုက်ကူးပါတယ်… ကျမလက်ထဲဗလာပေါ့… ။ နောက်တချောင်း ကွန်ပါဗူးထဲက ထုတ်ရေးမယ်တွေးရင်း ဒေါသတွေ အလိုလို ထွက်လာမိတယ် … ။ င့ါပစ္စည်း ငါ့ဆန္ဒမရှိပဲ မပေးဘူးပေါ့… ။ လိုချင်ရင်ထိုက်သင့်တဲ့ အပြစ်ခံရမှာပဲဆိုတဲ့ စိတ်တွေ ဆူပွက်လာတယ်… ။ စိတ်တွေ တိုလာပြီး တကိုယ်လုံးတောင် ဖိန်းဖိန်း ရှိန်းရှိန်းဖြစ်လာမိပါတယ်… ။ ဒေါသစိတ်ရဲ့နောက်မှာ လက်ကလည်း အလိုလို ရောက်သွားပြီး ကောင်လေးလက်ထဲက ကျမခဲ့တံလေးကို ပြန်စောင့်လုလိုက်ပါတယ် … ။ ပြီးတော့ ကောင်လေးရဲ့ လုတဲ့ လက်ဖမိုးကို လုခံရတဲ့ ခဲတံလေးနဲ့ တအား ထိုးစိုက်လိုက်ပါတော့တယ် ။ အားခနဲ အော်သံနဲ့ အတူ ကောင်လေးရဲ့ လက်ဖမိုးကနေ သွေးတွေ ထွက်လာခဲ့တယ် ။ ဆရာမနဲ့ စာသင်ခန်းထဲက လူအားလုံး အံ့ဩကုန်တော့တယ်.. ။ ကောင်လေးရဲ့ ငိုသံကလည်း ကမာ္ဘပျက်သလိုပါပဲ ။ ကျမကတော့ လုပ်လိုက်ရလို့ နေသာ ထိုင်သာရှိသွားပါတယ်… ကျမခဲတံလေးရဲ့ ထိပ်လေးလည်း ကျိုးပြီး သူ့ အသားထဲနစ်ကျန်ခဲ့ပါတယ် .. ဆရာမက ကောင်လေးကို ကျောင်းဆေးခန်းကို ခေါ်ပြီး ပြုစုပေးကာ အဲ့ဒီမှာပဲ နားနေစေပါတယ်…။ ကျမကိုလည်း ဒေါသတွေထွက်ပြီး ဗျင်းမယ် တကဲကဲလုပ်နေပါတယ်… ။ အမေ့သူငယ်ချင်း ဆရာမတယောက်က တိုးတိုးလာပြောသွားလို့ ကျမအရိုက်တော့မခံရပေမဲ့.. နောက်နေ့ မိဘခေါ်ရပါမယ်တဲ့… ။ အမေတော့ ပထမဆုံး ကျောင်းတတ်တဲ့နေ့ ပြသနာဖြစ်လာတဲ့ အတွက် ကျမကို ဆူဦးမည်လား မသိ …။ သားသမီး မကောင်းလျှင် မိဘခေါင်းတဲ့လား ။ မိဘက အေးပေမဲ့ သားသမီးက စိတ်ဆတ်ချင်ဆတ်မှပေါ့… ။ ကိုယ့်စိတ်နဲ့ ကိုယ်ပဲလေ… ဒီလူက မွေးလို့ ဒီလိုစိတ်ဖြစ်ရမယ် ဘယ်ဟုတ်ပါ့မလဲ ။ သားသမီး မကောင်း မိဘခေါင်းဆိုတဲ့ ဘယ်သူထွင်ခဲ့တဲ့စကားပုံမှန်း မသိတဲ့ စကားပုံကို အ ဲ့ဒီအချိန်ကတည်းက ပြင်ချင်မိခဲ့တာပါ… ။ `
နောက်နေ့ ကျမ ကျောင်းသွားတော့ အမေ ဆရာမလာတဲ့အထိ လိုက်တွေ့ရပါတယ် ။ စောင့်နေရတာပါ ….။ ဆရာမကတော့ ခေါ်ရတာ အားနာကြောင်း ဒါပေမဲ့ ကလေးက အသွက်လွန်နေကြောင်း ပြောပါတယ်…။ တဖက်က မိဘတွေကိုလည်း ဆရာမက တောင်းပန်ပေးတာ ကျေးဇူးတင်ကြောင်း အမေက ပြောတာ ကျမကြားမိပါတယ် … ။ စိတ်ထဲ တီးတိုး ညည်းမိတယ် … ဘာလို့ တောင်းပန်ရမှာလဲလို့ပါ… ကိုယ့်ဆုံးရှုံးမှူအတွက် တန်ရာတန်ကြေးတောင်းတာ ကျမအပြစ်တဲ့လား …။ အိမ်ရောက်တော့ အမေက ဆုံးမပါတယ် … ။ သူတပါးကိုယ့် ကြောင့် ထိခိုက် နစ်နာရလျှင် ကိုယ်လည်း အနည်းဆုံးတော့ စိတ်မကောင်းဖြစ်ရတာပါပဲ ဆိုတာ ထောက်ပြတယ် …တစ်ခါတစ်လေ ခွင့်လွှတ် သည်းခံခြင်းမျိုး ထားကြည့်ဖို့လည်း အဲ့ဒီအချိန်ကတည်းက ရိုက်သွင်းပေးခဲ့တယ်… ။ အမေက ပဲ အပြောကောင်းလို့လား ကျမမသိ …. ကျမစိတ်ထဲ သည်းခံရမယ် ခွင့်လွှတ်တတ်ရမယ်ဆိုတဲ့ အတွေးက အနည်းငယ်သာ ကျန်ခဲ့ပါတယ် … ။ နားကိုက်ရင် ပါးရိုက်ရမယ်ဆိုတဲ့ အတွေးမျိုးပဲ ပိုအားသန်ခဲ့တာ အခုထိပါပဲ… ။ ကျမကလည်း လူတမျိုးလေ … ခေါင်းမာပြီး ယုံကြည်ရာကိုပဲ စွဲစွဲမြဲမြဲ လုပ်တတ်တဲ့အကျင့်ပေါ့… ။ သူများအပေါ် မကောင်း မကြံပါဘူး … ကိုယ့်ကို အကောင်းကြံတာလည်း ခွင့်မလွှတ်တတ်ပါဘူး ။ မှန်လိုပဲ ကျင့်ဆောင်ပါတယ် … ။ ဒီလို စိတ်တွေနဲ့ ကြီးပြင်းလာရတဲ့ကျမ စာသင်နှစ်တွေတိုင်း အမေ ရုံးခန်းမလိုက်ရတဲ့ နှစ် ၊ ဆရာမတွေကို လက်ဆောင ်မ ဝယ်ပေးခဲ့ရတဲ့နှစ် မရှိခဲ့ပါဘူး ။ အမေ့ခဗျာ ဇီးရွက်လောက်မျက်နှာလေးနဲ့ ကျမနောက်က အမြဲလိုက်ရတာပါ… ။ အဲ့ဒါလည်း ကျမမုန်းပါတယ် …။ ကျမ မကောင်းဘူးထင်ရင် တယောက်ထဲကိုပဲ အကျိုးပြစ်တွေ စုပုံနေပါစေလား … ဘာမှ မလုပ်တဲ့ အမေ့ကို ခေါ်ခေါ်တွေ့တဲ့ ကျောင်းအုပ်ဆရာမကြီးကိုလည်း မုန်းမိပါတယ် ။ ပညာရေးကျတော့လည်း ဆုပေးပွဲတိုင်း အလှူငွေထည့်ရပြီး ဘယ်တော့မှ ဆုမရခဲ့တဲ့ ကျမက တခြား လှုပ်ရှားမှူမျိုးမှာ ထူးချွန်ပြန်ပါရော … ။ ဘင်ခရာအဖွဲ့လုပ်မလား … အဆင်ပြေတယ် … ဘယ်နေရာက လဲ…. တဦးချင်းပြိုင်ပွဲလား အဖွဲ့လိုက်လား ရတယ် တရေးနိုးပြိုင်တောင် အေးဆေးပဲ ။ တခြား ကျပန်းစကားပြောပြိုင်ပွဲ ၊ တင်းနစ်ပြိုင်ပွဲ …. ဘာလာလာ ကျမဝင်ပြိုင်ခဲ့တာချည်းပဲ … ပွဲတိုင်းလည်း ဆုရခဲ့တာပေါ့… ။ အဲ့ဒီမှာရတဲ့ဆုက ပညာရည် ထူးချွန်မှူ ဆုပေးပွဲလို ဂုဏ်ပြုပွဲနဲ့ လုပ်ပေးတာ မဟုတ်တဲ့အတွက် မျက်နှာပန်း မလှခဲ့ပါဘူး ။ သူငယ်တန်းကနေ ဆယ်တန်းအထိ ဆယ့်တစ်နှစ်လုံး အမေက မငြီးမငြူ ကျောင်းက ပြသနာ လိုက်ရှင်းပေးခဲ့တာ သတိရမိပါရဲ့ …။ကျမရဲ့ကျောင်း စာသင်နှစ် ဆယ့်တစ်နှစ်လည်း ပြီးရော ….. ကျမ အမေလည်း ကျောင်းလိုက်ပြီး တောင်းပန်ရတဲ့ အလုပ်က အငြိမ်းစားရသွားပါတော့တယ် … ။ ။
10 comments
weiwei
March 18, 2011 at 4:18 am
အီးတုံးကို တကယ်ချီးကျူးပါတယ် …
စာအရေးအသား ကောင်းတယ် ….
အားပေးနေပါတယ် ..
bigcat
March 18, 2011 at 4:37 am
အီးတုံးကို ဒေါ်စုနေရာဆက်ခံဖို့ အဆိုပြုပါတယ်။
etone
March 18, 2011 at 4:53 am
ကိုယ်စားလှယ်တော် မောင်ကြောင်ကြီးဧ။် အဆိုပြုချက်ကို ပယ်ချပါသည် … ။ ဒေါ်စုလို ကိုယ့်ကိုယ်ကို ချိုးနှိမ်ပြီး သည်းခံ စောင့်စား တတ်သည့် အရည်ချင်း စရိုက်မျိုး မရှိခြင်းကြောင့် ဖြစ်သည် ။
ပုံ/ ရုန်းတော်
(ခွေးတရုန်းရုန်း)
dream
March 18, 2011 at 7:04 am
ဖတ်လို့ကောင်းလိုက်တာ
🙂
အာဖျံ ကွီး
March 18, 2011 at 9:12 am
အေးလေ .. အီးတုံးမကောင်းတာနဲ.ပဲ … မိဘတွေကိုပဲခေါ်တွေ.စရာလား … ဟီးးး
အမှန်ဆို ကျောင်းအပ်ကတည်းက အဖေနာမယ်နေရာကို အီးတုံး၊ ဟော .. အမေနာမယ်နေရာကိုလဲ အီးတုံး၊ ကျောင်းသူနာမယ်နေရာကိုလဲ အီးတုံးလို.ပဲ ရေးခဲ့ရမှာ … အဲဒါဆို အီးတုံးပြဿနာ ကိုယ်ဟာ့ကိုယ်ဖြေရှင်းလို. ရပီပေါ့ … ဟီးဟီးးး
အလကား စတာပါ .. အမအီးတုံးရယ် ..
ရေးထားတဲ့စတိုင်လ်ရော .. စိတ်ကူးရော .. ဇတ်လမ်းရော အကုန်ကောင်းပါတယ် … 😛
ဆူး
March 18, 2011 at 2:09 pm
ဟီးဟီး.. လက်သွက်ပုံကတော့.. ဆူး နဲ့ သိပ်ကွာဘူး။
မူကြို မတက်ခင်က မှတ်မှတ်ရရ.. ကားနဲ့ ခရီးသွားတုန်း ကားပေါ်မှာ ပါတဲ့ ဆူး နဲ့ အသက်မတိမ်းမကွာတဲ့ ကောင်လေး တယောက် ကောင်မလေးတွေကို ပါးစပ်ထဲ အရွက်တွေ လိုက်ထည့်တယ်။ ကားပေါ်မှာ ဆူး ထက် ငယ်တဲ့ ကောင်မလေး တယောက်လည်း ပါတယ်။ ဆူး က သွားပြီး ကြိမ်းတယ်.. နင်ထပ်လုပ်ရင် နင့်ကို ငါပါးချမယ်။ အဲလို ပြောပြီးရော ပါးစပ်ထဲ လာထည့်ကော.. သူ့လက် ပါးစပ်ထဲ မရောက်ခင်မှာ လက်က ပါးချလိုက်ကော.. ငိုပြီး သူ့အမေကို သွားတိုင်တယ်။ ခပ်တည်တည်ဘဲ.. အန်တီသား သမီးတို့ ကို ဒီလို မလုပ်နဲ့ ပြောတာ လာလုပ်လို့ ပါးချလိုက်တယ် တိုင်လိုက်တယ်။ ဟိုမျက်နှာငယ်နဲ့ ကောင်မလေးကလည်း ဟုတ်တယ် အန်တီ ဘာညာနဲ့ ကလေးအမေတွေ အားလုံး ရောက်လာတော့ သူ့သားကို ကုတ်ဆွဲပြီး ခပ်ဝေးဝေးမှာ သွားနေခိုင်းတယ်။ ဘဝမှာ ပထမဆုံး အကြိမ် ယောင်္ကျားလေး တယောက်ကို ပါးချလိုက်တာဘဲ။
၃တန်းလောက်မှာ သူငယ်ချင်းတယောက်က ဘာရည်ရွယ်ချက်မှ မရှိဘဲ ခေါင်းလာခေါက်တယ်။ သူလက် အရုတ်မှာ ကိုယ့်လက်က အသွား သူ့ရဲ့ နောက်လက်တဖက်က နင့်လောက်ကတော့ အသာလေး ငါ ဖမ်းနိုင်တယ် ဆိုတဲ့ ပုံနဲ့ ဖမ်းလိုက်တယ်။ အဲဒီ အချိန်မှာ မှတ်မှတ်ရရ ဘယ်လက်မှာ သကြားလုံး အကြီးကြီး တလုံးကိုင်ထားတယ်။ ညာလက်ကို ချုပ်လိုက်တော့ အဆင်ပြေသလို ဘယ်လက်နဲ့ ခေါက်လိုက်တာ သကြားလုံး နဲ့ ထုသလို ဖြစ်ပြီး ငိုသွားကော.. ဆရာမ ကို တိုင်မယ်တဲ့။ တိုင်ပေါ့ နင်အရင် စတဲ့ ပြသနာ ငါလက်ကို မချုပ်ရင် နင် သကြားလုံးနဲ့ အထု ခံရမှာ မဟုတ်ဘူး ပြောတော့ မတိုင်ရဲဘဲ ငိုပြီး ပြီးသွားတယ်။
၄တန်းလောက်မှာ စကားပြောရင် ပါးရိုက်ပြောတတ်တဲ့ သူငယ်ချင်း ဘာပြောပြော ပါးလာလာ ရိုက်တယ် မနာပါဘူး မကြိုက်တော့ မလုပ်နဲ့ ပြောလည်း မရဘူး။ ပြောရင် မေ့သွားလို့ ဆိုပြီး အကြောင်းပြတာနဲ့.. တချိန် အငိုက်မှာ ပါးကို တချက် ဖောင်း ဆိုပြီး ချလိုက်တော့ ငိုမဲ့ ငိုမဲ့နဲ့.. ဆရာမ နဲ့ တိုင်မယ်။ တိုင်ပေါ့ နင့်ကို ငါ အစောကြီးကတည်းက ငါပြောထားတာ နင် ၁ဝချက်ချလို့ ငါ ၁ချက်တောင် မရှိဘူး နင်ကို ငါ အစောကြီးကတည်းက ပြောပြီးသား နောက်တခါ ထပ်မနာချင်ရင် သတိမလွတ်စေနဲ့ ဆိုတော့ သူလည်း ဆရာမ မတိုင်ရဲဘူး။ ပြီးသွားကော..
ရတန်းမှာ သူငယ်ချင်းနဲ့ ခုံလုပြီး စိတ်တိုလို့ ခုံပြစ်လိုက်တာ လုတဲ့ သူငယ်ချင်း ခါးသွားမှန်လို့ ဆရာမ ကို သွားတိုင်တာ အတန်းထဲမှာ တမနက်လုံး ခုံပေါ် မတ်တပ်ရပ်လိုက်ရတယ်။ အိမ်က မိဘ ခေါ်မယ်တဲ့။ မခေါ်ပေးနိုင်ဘူး ကိုယ်ဖြစ်ကိုယ်ခံ ဒီကိစ္စ သမီးမမှားဘူး မတော်တဆ ပြသနာ ဖြစ်တာ သူအရင် စလွန်လို့ ဖြစ်တာ ဆိုပြီး ဆရာမ ကို ပြောလိုက်တော့ အိမ်က ခေါ်တော့ဘူး။
ဟီးဟီး.. နောက်ပိုင်း သတိထားတယ် ဒေါသသိပ်မကြီးအောင်.. စိတ်ကို ထိန်းတယ်။
kopauk mandalay
March 18, 2011 at 3:36 pm
အေး ကိုပေါက်ကတော့ ညည်းတို့လုပ် ရက်ရက်စက်စက်မလုပ်ပါဘူးအေ။
ကိုယ်ချင်းစာပါတယ်။
ငါတို့ကယောက်ျားလေးကျောင်းကိုး။
ငါကိုလာဗိုလ်ကျတဲ့ကောင်မှတ်ထားပါတယ်။
ဒီကောင်အိမ်သာတက်တဲ့အချိန်မှာအပြင်ကနေ ဂလန့်ချိတ်ထားပေးခဲ့ပါတယ်။
လာဖွင့်ပေးမယ့်သူမရှိမချင်းသေအောင်အော်သေအောင်ငိုပေတော့။
ကိုပေါက် ကသနားတတ်ပါတယ်။
သူများအသာနာအောင်ဘယ်တော့မှမလုပ်တတ်ပါဘူးနော်။
eros
March 19, 2011 at 3:08 am
Capricorn born တွေလာတွေ့နေပါလား။ နာလည်း စိတ်တိုလွယ်တယ်။ ဒါပေမယ့် ရန်ဖြစ်တာ အကြိမ်ရေ က လက် ၅ချောင်းတောင် မပြည့်ဘူး။ ဆရာမကို ကန်တော့ရတဲ့ ပိုက်ပိုက် အကုန်သက်သာတာပေါ့။
etone
March 21, 2011 at 2:03 am
ှဆရာမကလည်း ရမှန်းသိလို့ပါဟာ ။
ထစ်ခနဲဆို မိဘခေါ် ပဲ… မိဘခေါ်တော့ လက်ချည်းပဲမလာဘူးလေ … လောင်ဆက်လေး ဘာလေး ပါတော့ မိဘပဲ ခေါ်ခိုင်းတာပေါ့… ။
eros
March 21, 2011 at 4:33 am
Capricorn born အခြင်းခြင်း မိတ်ဖွဲ့ပါတယ်။