ဖတ်စေချင်လို့….

၁)

 

၁၉၈၈ နှစ်ကုန်ပိုင်းလောက်မှာ သူတို့ကိုယ်သူတို့ ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဆိုပြီး နာမည်တပ်တဲ့သူတွေက အမျိုးမျိုးသော အဖွဲ့တွေဖွဲ့ခဲ့ကြပါတယ်။ ဒီလူတွေကို ဇာဂနာ က ဒီလို ပြက်လုံးထုတ်ခဲ့ပါတယ်။

ငါတို့ ဗမာပြည်မှာ ဝက်သားဖူလုံစေဖို့ ဝက်တဲကြီးတွေ ကို အရပ်လေးမျက်နှာမှာ ဆောက်ကြမယ်။ အရှေ့ဝက်တဲကို (ရဝတ)၊ အနောက်ဝက်တဲကို (နဝတ)၊ တောင်ဝက်တဲကို (တဝတ) နဲ့ မြောက်ဝက်တဲ ကို (မဝတ) လို့ နာမည်ပေးစေ။ ဒီအချိန်မှာ ဇာဂနာ နဲ့ သူ့ တပြည့်တို့ အခြေအတင်ပြောတဲ့ စကားတွေကတော့။

တပြည့်: ဆရာ၊ ဝက်တဲတွေကတော့ အခြေအနေ မဆိုးပါဘူး။ ဒါပေမယ့် ဒီကောင်တွေက အစားသောင်းကျန်းတယ် ဆရာရဲ့၊ မစားရရင် ဆူပွက်နေတာပဲ။
ဇာဂနာ: ဒါများကွာ၊ အသံထွက်လာရင် သူတို့အကြိုက်လေးတွေ ပက်ကျွေးလိုက်ပေါ့။
တပြည့်: ပြောရင်းဆိုရင်း ဆရာရေ၊ အရှေ့ဝက်တဲ (ရဝတ) က အကောင်တွေ မစားရလို့ အော်နေပြီဗျိုး။
ဇာဂနာ: အာ ဒီကောင်တွေလောက်တော့ ဖွဲလေး ဆန်ကွဲလေး ပက်ကျွေးလိုက်စမ်းပါကွာ။ ငြိမ်သွားပါလိမ့်မယ်။
တပြည့်: ဟုတ်တယ်ဆရာရေ၊ ကျွန်တော်နည်းနည်းကျွေးလိုက်တာ၊ ဒီကောင်တွေ ငြိမ်သွားပြီ။ အာ.. ပြောလို့မှမဆုံးသေးဘူး၊ မြောက်ဝက်တဲ (မဝတ) က အကောင်တွေ အော်ပြန်ပြီဆရာရေ။
ဇာဂနာ: ဒီကောင်တွေကိုလဲ ခုနက ကောင်တွေထက်တော့နည်းနည်း ပိုပက်ကျွေးလိုက်ကွာ၊ ဒီကောင်တွေက အကောင်နည်းနည်းကြီးတော့ အစားပိုကြီးတယ်ကွ။
တပြည့်: ဟားဟား၊ ဆရာပြောတဲ့အတိုင်းပဲ ဆရာရေ။ ပိုကျွေးလိုက်ရတယ်။ ဒါပေမယ့် ကျွေးလိုက်တော့လဲ ငြိမ်သွားတာပါပဲ။ tongue.gif
ဇာဂနာ: အေး၊ ခုနနေကျရင်တော့ တောင်ဝက်တဲ(တဝတ) ကကောင်တွေ အော်ကြလိမ့်မယ်။ ဒီကောင်တွေက အကောင်ကြီးတော့ တစ်ကောင်ချင်းကို မင်းသေချာကျွေးမှဖြစ်မယ်ကွ။ အသံမထွက်အောင် ဂရုစိုက်ပြီးကျွေး၊ ကြားလား။
တပြည့်: ဟုတ်ကဲ့ဆရာ၊ ဟာ ဆရာရေ အနောက်ဝက်တဲ(နဝတ) က အကောင်ကြီးတွေ အော်ကုန်ပြီဆရာရေ၊ လုပ်ဦး။
ဇာဂနာ: ဟာဟုတ်လား၊ ဒီအတ္တဘောကြီးတွေကတော့ မင်းကျွေးလို့ မရတော့ဘူး၊ ငါကိုယ်တိုင်သွားကျွေးမှ ရတော့မယ်။

 

(၂)

 

၁၉၈၈ မှာတက်လာတဲ့ အစိုးရက နိုင်ငံခြားနဲ့ ပြောတတ်ဆိုတတ်ဆက်ဆံတတ်ဖို့ ဝန်ကြီးတွေခန့်ကြတယ်။ အခုလက်ရှိ နလဗိန်းတုံး ကနေ နောက်ပြန် ပြန်ရေကြည့်ရင် ဦးဝင်းအောင် ဆိုတဲ့ လူကြီးလူကောင်း ရုပ်သေးရုပ်၊ ဦးအုန်းဂျော် ဆိုတဲ့ တုတ်ထိုးကြိုးဆွဲရုပ်သေးရုပ် နဲ့ ပထမဦးဆုံးကတော့ အေဗယ်လ် ဆိုတဲ့ ဝန်ကြီးပေါ့။ သူကိုတော့ ကုလသမဂ္ဂမှာ ဘယ်လိုညာသလဲ ဆိုတာကို ဇာဂနာက ဒီလိုပြက်လုံးထုတ်ခဲ့တာ။

အင်္ဂလိပ်စာ Primary သင်တန်းအတွင်းဝယ်။

သင်တန်းသားများ: အေ၊ ဘီ၊ စီ၊ ဒီ (သံပြိုင်ဆိုစေ)
ဇာဂနာ: မင်းတို့ အေဘီစီဒီ ဆိုနေကြပေမယ့် ဘယ်ဟာက “အေ” မှန်း ဘယ်ဟာက “ဘီ” မှန်းသိကြရဲ့လား၊
သင်တန်းသားများ: (ဇဝေဇဝါ ဖြစ်နေစေ)
ဇာဂနာ: A နှင့် B ကို ကျောက်သင်ပုန်းပေါ်တွင်ချရေးလျှက်

သေချာကြည့်လိုက်၊ ဘယ်ဘက်က အေ၊ ညာဘက်ကဘီ၊ အေဘယ် ညာဘီ၊ အေဘယ်ညာဘီ၊ မှတ်ထားကြ..

 

(၃)

ရန်ကုန်မြို့ကို စင်္ကာပူက ရင်းနှီးမြုပ်နှံမှုတွေ လာမယ်ဆိုပြီး ရန်ကုန်မြို့လယ်က ပပဝင်းရုပ်ရှင်ရုံ၊ ဂုဏ် ရုပ်ရှင်ရုံတို့ဟာ Traders ဟော်တယ်အတွက် နေရာဖယ် စတေးခဲ့ရပါတယ်။ ဘယ်ဟာတော့ ဖျက်သွားပြီ။ ဘယ်ဟာကတော့ ဖျက်ခံရတော့မယ်။ ဆိုပြီး မျက်ခုံးတစ်လှုပ်လှုပ် နဲ့ပေါ့နော်။ အဲဒီ တုန်းက ဇာဂနာက ရုပ်ရှင်ရုံတွေ နာမည်တွေ တန်းစီပြီး ရွတ်သွားဖူးပါတယ်။ မှတ်မိသလောက်ကတော့..

“ဘုရင့်” အခြေအနေကတော့ သိပ်မကောင်းဘူး။ “ပပဝင်း” “ရဲရင့်” တို့ “ဂုဏ်” တို့ ဆိုတာ မရှိတော့ပါဘူး။ “နေပြည်တော်” ကတော့ ပျက်စီးနေပါပြီ။ “သမ္မတ” ကလည်း မရေမရာပါပဲ။

(၄)
မြန်မာပြည်ရဲ့ မုသာဝါဒ သတင်းစာ နှစ်စောင်မှာ တစ်ချိန်သောအခါက စာမျက်နှာတိုင်းမှာ တစ်နေ့မပါရရင် စားမဝင်အိပ်မပျော်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သဘောကတော့ သူသည် တိုင်းပြည်အတွက် တစ်ရက်တစ်လေတောင် အနားမနေပဲ နေ့စဉ်ရက်ဆက် သောက်တလွဲ အလုပ်တွေ လုပ်ကြောင်းကို တိုင်းပြည်ကို သိဒ္ဓိတင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ သူဟာ သူ့ကိုယ်သူ တစ်ချိန်က တိုင်းပြည်ရဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း လို တိုင်းပြည် ပြည်သူလူထုက လေးစားချစ်ခင်တဲ့ သူတစ်ယောက် ဖြစ်အောင် အားထုတ်လေပါတယ်။ သူ့ရဲ့မိန်းမဟာလည်း ဒေါ်ခင်ကြည်လို ဖြစ်လာလေမလား ဆိုပြီး ကြိုးစားရှာကြပါတယ်။ နောက်ဆုံးတော့လဲ အဖြေကပြောင်းပြန်ပဲထွက်လို့ ကမ်းနားသစ်ပင် ပီသစွာနဲ့ ကာလရေစီးရဲ့ တိုက်စားခြင်းခံလိုက်ရပါတယ်။

ဇာတ်လမ်းကတော့ တစ်ရက်မှာ သူတို့တွေထဲက တစ်ယောက်သောသူက ဇာဂနာ ကို ခေါ်ပြီးတော့ မင်းငါတို့ကို ဟာသတစ်ခုလုပ်ပြစမ်းကွာ လို့ဆိုပါတယ်။ မင်းလုပ်ချင်တာလုပ် ရီရရင်ပြီးရော လို့ ပြောတော့ ဇာဂနာက ရေဇလုံတစ်လုံးရယ်၊ ပလပ်စတစ်ခွက်တစ်လုံးရယ်၊ သတင်းစာ တစ်စောင်ရယ် ယူလာခိုင်းပါလေသတဲ့။ ပြီးလဲ ပြီးရော ရေဇလုံထဲကို ရေထည့်၊ ပလပ်စတစ်ခွက်ကို ရေထဲနှစ်လိုက်ပြီး သတင်းစာ ကဗျာကယာ လှန်ပြီး ဖတ်လေသတဲ့။ သတင်းစာ ဖတ်မယ်ဆိုပြီး စာမျက်နှာကိုလှန်ဆဲမှာပဲ ရေခွက်က ရေထဲကနေ ရေပေါ် ပြန်ပေါ်လာရောတဲ့။ ဒီလို ရေထဲ နှစ်လိုက် ပြန်ပေါ်လာလိုက် ဖြစ်နေလို့ စိတ်မရှည်စွာ မြည်တွန်ပုံက

တောက်!!! သတင်းစာမှ ဖတ်မယ် မကြံရသေးဘူး။ ဒီသောက်ခွက်က အရင်ပေါ်ပေါ်လာတယ်

 

သူငယ်ချင်းရဲမေးလ်ကနေရတာပါ…တဆင့်မျှဝေလိုက်ပါတယ်…အားလုံးဖတ်စေချင်လို့ပါ

4 comments

  • dream

    March 19, 2011 at 5:45 am

    အတော်ပြောင်မြောက်တဲ့ ဟာသတွေပါဘဲ

  • zawthulay

    March 19, 2011 at 10:36 am

    ကျွန်တော်လည်းဇာဂနာကိုကြိုက်တယ်…ဗျ..ဘာလို့ဆိုတော့ တစ်လုံးပြောရင် တစ်လုံးထိလို့..သူ့လောက်ပြောတတ်တဲ့သူကျွန်တော်မတွေ့သေးဘူး..

  • intro

    March 19, 2011 at 3:30 pm

    အဟောင်းလေးတွေပေမယ့် ခုချိန်ထိကို ကြိုက်မိနေပါတယ်ဗျာ…

  • ogga

    March 19, 2011 at 3:44 pm

    နောက်လဲ ရှိသေးရင်တင်ပေးပါဦးဗျာ။

Leave a Reply