Tibet ခရီးစဉ် (၅)

weiweiMarch 20, 20116min1529

တိဗက်ခရီးစဉ် (၅)

မနက်စောစော ဟိုတယ်မှာ မနက်စာစားပြီးနောက် ခရီးထွက်ဖို့ စိတ်စောနေမိပါတယ်။ မနက်စာစားရင်း တခြားခရီးသွားတွေဆီက ကြားမိတဲ့သတင်းတစ်ခုက လမ်းမှာ အကြီးစားလမ်းပြင်နေတဲ့နေရာတစ်ခုရှိတယ်။ အဲဒီနေရာက မနက် ၁ဝ နာရီကနေ နေ့လည် ၁၂ နာရီလောက်အထိ လမ်းပြင်နေတုန်း လမ်းပိတ်ထားမှာမို့ ခရီးသွားတွေက မနက်စောစောအချိန်မီ အဲဒီနေရာကို ဖြတ်နိုင်အောင်သွားကြတယ်လို့ ပြောတာကို ကြားမိလိုက်တယ်။ ကျွန်မတို့လမ်းညွှန်ကတော့ စောစောထွက်လို့မဖြစ်နိုင်သေးကြောင်း … ဧဝရတ်တောင်အထိသွားဖို့ ဖြတ်သန်းခွင့် ဗီဇာရမှသာ သွားနိုင်မှာဖြစ်လို့ ရုံးဖွင့်ချိန်အထိစောင့်ပြီး တုံးထုပြီးမှသာ ထွက်နိုင်မှာမို့လို့ ကျွန်မတို့ကို ဟိုတယ်မှာပဲ စောင့်နေဖို့ပြောပြီး သူကရုံးကိုသွားပါတယ်။

ကျွန်မတို့က အခြေအနေကို နားလည်ထားပြီးသားဖြစ်နေလို့ စိတ်ပူနေမိတယ်။ ညနေနေမဝင်ခင် ဧဝရက်တောင် ရှုခင်းကို မမှီမှာကိုလဲ စိုးရိမ်နေမိတယ်။ ညနေ နေဝင်ရှုခင်းနဲ့ မနက်စောစော နေထွက်ရှုခင်းကြည့်ပြီးတာနဲ့ ပြန်မယ့် အစီအစဉ်ဆိုတော့ အချိန်မီရောက်ချင်တဲ့စိတ်နဲ့ စိတ်လောနေမိတယ်။ မနက် ၉ နာရီ ခွဲလောက်မှာမှ လမ်းညွှန်ကပြန်လာပြီး ထွက်လို့ရပြီးလို့ပြောပါတယ်။ ကျွန်မတို့ကားပေါ်တက်ပြီး ခရီးစထွက်ကြတယ်။ ရှီဂစီမြို့က စထွက်တာနဲ့ လမ်းခရီးရှုခင်းတွေက ပိုပြီးလှလာတယ်။ လမ်းဘေးက မိုင်တိုင်တွေကိုကြည့်မိတော့ ကျွန်မတို့ရောက်နေတဲ့နေရာက ရှန့်ဟိုင်ကနေ ကီလိုမီတာ ၅၀၀ဝ ကျော်တဲ့နေရာကို ရောက်နေပြီ။ လမ်းမှာ လူနေအိမ်တွေ မရှိသလောက်ပါပဲ။

မနက်ပိုင်းက ကျွန်မတို့ ကြားခဲ့ရတဲ့အတိုင်းပဲ လမ်းပြင်တဲ့နေရာကိုလဲရောက်ရော လမ်းပိတ်ထားပါတော့တယ်။ ကားဆရာက လမ်းဖွင့်တဲ့အချိန်အထိ နောက်ထပ် ၂ နာရီ လမ်းမပေါ်မှာ စောင့်နေရမှာကို မစောင့်ချင်ဘူး။ ကျွန်မတို့ကတော့ ဘာလုပ်ရမှန်းမသိဘူး။ ကားဆရာနဲ့ လမ်းညွှန်နဲ့အချင်းချင်းစကားများနေပြပြီး ကားဆရာက ဘာမပြော ညာမပြောနဲ့ လမ်းဘေးက တောင်ပုလေးဘက်ကနေ သွားလိုက်မယ်လို့ စိတ်ကူးလိုက်ပြီး ကားကို လမ်းဘေးချလိုက်တယ်။ တောင်နိမ့်လေးပေါ်ကနေ မီတာ ၃၀ဝ လောက်မောင်းနိုင်ရင် လမ်းပိတ်တာကို လွတ်သွားနိုင်တယ်။ ဒါပေမယ့် ကားဆရာထင်သလို မလွယ်ပါဘူး။ မြေကြီးအလွန်ပျော့နေလို့ ကားနောက်ဘီး ကျွံဝင်သွားပါတော့တယ်။ ရုန်းလေနစ်လေနဲ့ ဘယ်လိုမှ ကြိုးစားလို့မရတော့ပါဘူး။ ကားအသွားအလာနဲလို့ အကူအညီလဲ တော်တော်နဲ့မရဘူး။ စိတ်ကောင်းရှိတဲ့ ကားတစ်စီးက အမျိုးသား ၃ ယောက်လောက်က ဝိုင်းဝန်းကြိုးစားပေးကြတယ်။ တစ်နာရီကျော်ကျော်လောက် နွံနစ်နေပြီးမှ လူအင်အား ၁ဝ ယောက်လောက်နဲ့ ရုန်းနိုင်အောင်လုပ်နိုင်ခဲ့ပါတယ်။

ကားဘီးကျွံတဲ့နေရာ
ရှန့်ဟိုင်မှအကွာအဝေး (ကီလိုမီတာ)
အဝေးပြေးလမ်းမကြီး
နွံမှ ရုန်းထွက်ပြီးနောက်

ကားဆရာနဲ့ လမ်းညွှန်နဲ့ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်ပြီး ရန်ဖြစ်နေတာနဲ့ ကျွန်မတို့လဲ တော်တော်စိတ်ညစ်နေမိတယ်။ ကားဆရာတစ်ကိုယ်လုံးလဲ ရွှံတွေပေလူးနေပြီ။ နေပူကျဲတဲ အရိပ်မရှိတဲ့နေရာမှာ လမ်းလျှောက်လိုက် ထိုင်လိုက်နဲ့ ပြီးတဲ့အထိစောင့်နေလိုက်ရပါတယ်။ နောက်ဆုံး ရုန်းနိုင်တဲ့အချိန်မှာ နေ့လည် ၁၂ နာရီတောင်ကျော်နေပြီး ကားလမ်းတောင် ပြန်ဖွင့်နေပြီ။ ကျွန်မတို့ကတော့ သူတစ်ပါးကို အပြစ်မတင်ချင်လို့ ဘာမှမပြောပဲ ခပ်အေးအေးပဲ နေလိုက်ပါတယ်။ ခရီးဆက်ထွက်လာပြီး နေ့လည်စာကိုတော့ ဘယ်သူမှ မစားတော့ဘူး။ ပါလာတဲ့ မုန့်နဲ့ ရေနဲ့ပဲ စားသောက်ပြီး ခရီးဆက်လာကြတယ်။ လမ်းမှာ ၂ နေရာ ဗီဇာကို ဓါတ်ပုံနဲ့လူနဲ့ သေသေချာချာစစ်ပါတယ်။ လမ်းကလဲ အရမ်းကောင်းတယ်။ ကားကလဲ အရမ်းကောင်းပါတယ်။ မရပ်တန်း မောင်းလာခဲ့ပေမယ့် ဧဝရက်တောင်ဘက် ဧရိယာထဲဝင်လာတော့ ညနေစောင်းနေပါပြီ။

လမ်းတစ်လျောက် ဓါတ်ပုံများ

စစ်ဆေးရေးဂိတ်မှာ ခဏရပ်နေရတုန်း တော်တော်ဆင်းရဲတဲ့ ကလေးတွေ ဝိုင်းလာကြပြီး စာအုပ် ဘောလ်ပင်ပါလာရင် ပေးပါဆိုပြီး လာတောင်းကြတယ်။ ကျွန်မတို့မှာ မုန့်အနဲငယ်ကလွဲပြီး အပိုဘာမှ ပါမလာလို့ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မက ခရီးသွားရင် ဘာမှမစားပဲ နေနိုင်တဲ့သူမို့လို့ စထွက်ကထဲက မုန့်များများစားစား ဝယ်မလာခဲ့မိဘူး။ ခရီးထွက်ရင် ပစည်းတွေသယ်ရတာစိတ်ညစ်လို့ ဘာမှသယ်လေ့လဲ မရှိဘူး။

တဖြည်းဖြည်းနဲ့ မှောင်စပြုလာတယ်။ ညနေနေဝင်ရှုခင်းကို မမှီနိုင်တာတော့ သေချာသွားပြီ။ လမ်းဘေးပတ်လည်ရှုခင်းတွေကိုပဲ ကြည့်နေကြရပါတယ်။ မိုင် ၂ဝ လောက် တောင်ပေါ်ခရီးကြမ်းကို သွားပြီးရင် ဧဝရက်တောင်ခြေကိုရောက်မယ်လို့ လမ်းညွှန်ကပြောတယ်။ သူကလမ်းဆိုးမယ်ဆိုတော့ ဘယ်လောက်များဆိုးတာပါလိမ့်လို့ တွေးမိနေပြီး တကယ်လဲအဲဒီနေရာရောက်ရော အလွန်ကောင်းတဲ့လမ်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ကတ္တရာမပါပဲ ဂဝံကျောက်ခင်းလမ်းအချောကို သူတို့က လမ်းဆိုးတယ်လို့ ခေါ်တာကိုး … ကျွန်မတို့အတွက်ကတော့ လမ်းဆိုးတယ်မခေါ်ဘူးပေါ့။

လမ်းဆိုးတဲ့ဆိုတဲ့ တောင်ပေါ်လမ်း
လှပသော တောင်တန်းများနှင့် လမ်းများ

 

 

 

 

 

 

 

 

 

 

 

မိုးချုပ်စ ည ရ နာရီကျော်လောက်မှာတော့ တောင်ခြေကိုရောက်လာတယ်။ တည်းခိုစရာ ၂ မျိုးရှိတယ်။ အုတ်နဲ့အခိုင်အခံ့ဆောက်ထားတဲ့တန်းလျှားလို တည်းခိုခန်းတစ်ခုနဲ့ ရွက်ဖျင်တဲ ၂ မျိုးရှိတယ်။ ဈေးနှုန်းကတော့ အတူတူပဲ။ ပထမဆုံး အုတ်တန်းလျားကို သွားကြည့်တော့ အနံ့အသက်သိပ်မကောင်းဘူး။ လျှပ်စစ်မီးလဲမရှိတော့ ညဘက် တော်တော်အေးမှာကို ကြောက်သွားကြတယ်။ ရွက်ဖျင်တဲမှာတော့ တိဗက်စတိုင် အပူပေးစနစ်လုပ်ထားပြီး တောင်ခြေနဲ့ အလွန်နီးကပ်တယ်လို့ လမ်းညွှန်ကပြောတာနဲ့ ရွက်ဖျင်တဲမှာပဲ တစ်ညတာတည်းခိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မတို့တည်းခိုခဲ့တဲ့ ရွက်ဖျင်တဲကလေး
တဲအတွင်းမှ မီးဖိုနဲ့ အပူပေးစနစ်

တဲထဲမှာ အလယ်တည့်တည့်မှာ မီးဖိုတစ်ခုနဲ့ ပိုက်လုံးတွေနဲ့ တဲထဲကို နွေးအောင်လုပ်ထားပေမယ့် အေးတာတော့ အေးနေတုန်းပါပဲ။ ပါလာတဲ့အဝတ်တွေကို အထပ်ထပ်ဝတ်ထားလိုက်ကြတယ်။ ထမင်းချက်ခိုင်းလိုက်ပြီး မုန်ညင်းရွက်ကြော်နဲ့ ကျွန်မတို့ယူသွားတဲ့ ဘလချောင်ကြော်နဲ့ တစ်နေ့လုံးစာအတွက် ထမင်းတစ်နပ်စားလိုက်ကြပါတယ်။ တဲပတ်လည်မှာ ဝိုင်းထားတဲ့ တိဗက်စတိုင် ဆိုဗာခုံတွေက နေ့ခင်းမှာ ထိုင်ခုံဖြစ်ပြီး ညဘက်မှာ အိပ်ယာဖြစ်သွားပါတယ်။ အိပ်ရတာက တစ်ယောက်နဲ့တစ်ယောက်ခေါင်းချင်းဆိုင်ပြီး အိပ်ရတယ်။ စောင်အလုံအလောက်ပေးပါတယ်။ ရေချိုးဖို့ဝေးလို့ အိမ်သာအတွက်တောင် အဆင်မပြေပါဘူး။ ဒါပေမယ့် မိုးချုပ်နေပြီဆိုတော့ ဘာမှ ထပ်မစဉ်းစားတော့ပဲနဲ့ ခရီးပန်းပန်းနဲ့ အိပ်လိုက်ကြပါတော့တယ်။

 

9 comments

  • weiwei

    March 20, 2011 at 5:14 am

    ခရီးစဉ် (၅) ကိုတင်ဖို့ ကော်နက်ရှင်းကောင်းတဲ့အချိန်ကိုစောင့်ရင်းနဲ့ ၂ လ လောက်စောင့်လိုက်ရပါတယ် … ဒီနေ့ အခြေအနေကောင်းတာနဲ့ စိတ်ရှည်လက်ရှည် တင်ပေးလိုက်ပါတယ်။
    နောက်ထပ် ခရီးစဉ် (၆) (၇) (၈) (၉) နောက်ထပ် (၄) ရက်စာ ခရီးကျန်ပါသေးတယ် …

    မကြာမီ .. လာမည် … မျှော် ….

  • weiwei

    March 20, 2011 at 5:28 am

    ပို့စ်တစ်ခုကို အခုလိုသာ တင်ရရင်တော့ top ten နဲ့ တော်တော်ဝေးနေအုန်းမယ်ထင်ပါတယ် 🙁

  • bigcat

    March 20, 2011 at 5:52 am

    အခြေနေကောင်းသေးရင် တခြားပို့စ်တွေကိုလည်း ရက်schedule လုပ်ပြီးတင်ထားလိုက်ပါလား။ Publish ကီးရဲ့အပေါ်မှာ ကြိုက်တဲ့နေ့ပေးလို့ရတယ်။

  • zaymdy

    March 20, 2011 at 11:23 am

    တီဗက် ပြည်.ကို တစ်ကယ် ရောက်သွားသလို. ခံစားရပါတယ် အလို. ခရီးသွားတာကို အားလည်း ကျပါတယ် နောက် ဆက်တွဲများ အဆင်ပြေစွာ တင်နိုင်ပါစေဗျာ …

  • ဆူး

    March 20, 2011 at 2:26 pm

    နောက်နေ့တွေလည်း ကွန်နက်ရှင် ကောင်းပါစေလို့ မျှော်လင့်ရင်း စောင့်နေမယ်နော်။

  • weiwei

    March 20, 2011 at 4:36 pm

    တိဗက်ခရီးစဉ်ကို အမှတ်တရနဲ့ အစီစဉ်တကျဖြစ်ချင်လို့ အေးအေးဆေးဆေး အချိန်ယူပြီး သေချာစဉ်းစားပြီး ရေးထားရတယ်။ ၆ ရက်မြောက်နေ့က နေရာများပြီး နဲနဲရှုပ်ထွေးလို့ သေချာအားတော့မှပဲ တင်တော့မယ် …

  • Gong Zhu

    March 20, 2011 at 4:43 pm

    သမီးလည်း လိုက်ချင်တာပေါ့ … နောက်ခါသွားရင် သမီးကိုခေါ်နော် …

  • weiwei

    March 20, 2011 at 4:47 pm

    မမဆူးကို ပြောထား သမီးရေ … သူက ခရီးသွားတာ ဝါသနာပါတယ် …
    မဝေကတော့ နောက်တစ်ခေါက်သွားဖြစ်မယ်မထင်ဘူး .. ဈေးကြီးလို့ 🙂

  • zoe

    March 20, 2011 at 4:50 pm

    တော်တော် စိတ်ဝင်စား ဖို့ကောင်း တာပဲ် ။ လွတ် သွားတဲ့ ရှေ့ဖက် ကခရီးစဉ်တွေ ပြန်ရှာ ဖတ်ကြည့်ရအုန်း မယ် ။

Leave a Reply