ထိုင်တာများလို့ ခါးနာတာ ညောင်းတာ မဖြစ်ရအောင်

လင်းဝေMarch 21, 20111min524

ကိုယ်တိုင်လည်း ထိုင်တာများပြီး ခါးညောင်းတတ်တယ်။
တစ်ခါတစ်ခါ ကိုယ့်ခါးကို ပြန်နှိပ်တဲ့အခါနှိပ်ရင် အညောင်းဆန့်တဲ့အခါဆန့်ရင်း အညောင်းဖြေပါတယ်။
များသောအားဖြင့် ဓါတ်လှေကားစောင့်နေရင်းဖြစ်ဖြစ်၊ တစ်ခုခုထယူရင်းဖြစ်ဖြစ် ခါးကိုလှည့်ပြီး အညောင်းဖြေဖြစ်ပါတယ်။

ကိုယ့်လိုပဲ သူများတွေလည်း ညောင်းတတ်မယ်။ ညောင်းတာနည်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေး ဝေမျှလိုက်ပါတယ်။

တနေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဍာန် ပျက်ယွင်းတာကစပြီး အသက် ၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တနေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြော ပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ထိုင်နေတဲ့အခါ မတ်တတ်ရပ်အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ C-ပုံသဏ္ဍာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ် သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရမရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။

အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအဝင် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့နည်းလမ်းတွေကတော့

၁။ ထိုင်လျက် တသက်မတ်ထဲ မနေဘဲ ပုံစံပြောင်းပါ။ ၁၅-မိနစ် ဒါမှမဟုတ် နာရီဝက်တခါလောက် ထိုင်ရာက ထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။

၂။ တတ်နိုင်သူတွေကတော့ လမ်းလျှောက်လေ့ကျင်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။

၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်း ပါတယ်။ အကြောင်းကတော့ ဆောင့်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ပုခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်တဦးက ဆိုပါတယ်။

၄။ ရုံးမှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် ထိုင်တဲ့အခါ ခါးရဲ့သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခုံပေါ်မှာ ခါးမှီတခုခု (Lumbar roll) ထားရှိသင့်ပါတယ်။

၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တကြိမ်မှာ ၁၀-ခါကနေ ၁၅-ခါအထိ တနေ့သုံးကြိမ် ပြုလုပ်သင့်တယ်။

၆။ ညဘက်မှာ အထိုင်များလို့ ခါးညောင်းတယ် နာတယ်ဆိုရင် အိပ်ယာထဲမှာ ဘေးကိုစောင်းလို့ ဒူးနှစ်ဘက်ကွေးပြီး ရင်ဘက်အတွင်းထဲထည့်လို့အိပ်ပါ။
အဲဒီလိုအိပ်ခြင်းအားဖြင့် ခါးကို ဆွဲဆန့်ထားသလိုဖြစ်ပြီး အညောင်းအညာပြေစေပါတယ်။

ကဲ ခါးဆိုတာက တကယ်တော့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဂရုစိုက်ကြပါလို့ အကြံပေးရင်း အားလုံးပျော်ရွှင်ကြပါစေ။

4 comments

  • search123

    March 21, 2011 at 9:36 am

    ခန္ဓာကိုယ်ကို တတ်နိုင်သမျှမတ်မတ်နေဖို့ကြိုးစားတာဟာ ကျန်းမာရေးအတွက်အထောက်အကူကောင်း တစ်ရပ်ပါ။

  • Shwe Tike Soe

    March 21, 2011 at 10:25 am

    ကျေးဇူးတင်လိုက်တာဗျာ..
    ခါးအတွက်လေ့ကျင့်ခန်းတွေ လိုက်နာရမယ့်အချက်တွေရှိရင်ထပ်တင်ပေးပါအုံး

  • dream

    March 21, 2011 at 10:26 am

    အိပ်မက်တို့လို ကွန်ပျူတာသမားတွေအတွက် အသုံးဝင်လှပါတယ် 🙂

  • Gong Zhu

    March 21, 2011 at 5:00 pm

    ခါး မတ်မတ်နေနေကျ မဟုတ်တဲ့လူက ခါးကို မတ်မတ်နေလိုက်ရင် ကိုးလို့ကန့်လန့်ကြီးကိုဖြစ်လို့ …

Leave a Reply