သက်သတ်လွတ် စားခြင်းအကြောင်း တစ်စေ့တစ်စောင်း

anewgenerationboneMarch 24, 20112min42314

အကယ်စင်စစ် ကျွန်ုပ်သည် စာရေးဆရာတစ်ယောက်လည်းမဟုတ်ပါ စာရေးဆရာဖြစ်ခြင်သူလည်းမဟုတ်ပါ

ဖြစ်ရန်လည်းလုံးဝ မရည်ရွယ်ပါ

သို ့သော် စာရေးဆရာတို ့ရေးသားကြပါကုန်သော စာအုပ်များကိုမူ လက်လှမ်းမှီသ၍ ဖတ်ခဲ့ဘူးပါ၏။

သို ့ပါ၍ ကျွန်ုပ် သိသမျှသည် ကျွန်ုပ်ဖတ်ခဲ့ဖူးသော စာအုပ်များပင်ဖြစ်လေတော့သည်။

(သိသည်ဆိုသည်မှာ တတ်သည်ဟု လုံးဝ ဝန်မခံပါ )

သို ့ပါ၍ ကျွန်ုပ် အနည်းငယ် သိရှိနားလည် ထားသည့် အကြောင်းရာ တစ်ချို.ကို စာဖတ်ခြင်း၏သဘောဖြင့် သာမန်မျှ ဆွေးနွေးတင်ပြခြင်းသာလျှင်ဖြစ်ပါသည် ဟူမူ၍ သဘောပိုက်ကြစေလိုပါသည်၊

ကျွန်ုပ်တို ့လူသားများအားလုံးတွင် စား။ဝတ်။နေရေး ဟူသော အကြောင်းသုံးပါးရှိသည့်အနက်

အစာစားခြင်းတည်းဟူသော အကြောင်း တစ်ရပ်ကိုမူ မည်သူမဆို မဖြစ်မနေလုပ်ဆောင်ရမည့် အလွန်အရေးကြီးပါလှသော

အကြောင်းတစ်ခုဟု ဆိုခြင်ပါ၏။

ဆိုလိုသည်မှာ လူတိုင်းသည် အသက်ရှင်နေထိုင်ရေးတွက် အစာကို နည်းအမျိုးမျိုး ပုံသဏ္ဍန်အမျိုးမျိုးတို ့ဖြင့် စားသောက်နေထိုင်ကြရပါကုန်သောကြောင့်တည့်။

သတ်သတ်လွတ် ( သက်သတ်လွတ် ) စားခြင်းအကြောင်းပင်ဖြစ်၏။

အကြောင်းအမျိုးမျိုးကြောင့် စားသော ထိုသက်သတ်လွတ် စားခြင်း အကြောင်းကို ပုဂ္ဂိုလ်ရေးအရ ကျွန်ုပ်ဆွေးနွေးနိုင်စွမ်းမရှိပါ

သို ့သော် ကိုးကွယ်ရာ ဗုဒ္ဓဘာသာ ( ဗုဒ္ဓရှင်တော်ဘုရား၏အဆိုအဆုံးမတွင်နေသူ ) များနှင့် ပတ်သက်၍

သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓဘာသာဖြစ်လို ့စားတာ ဗုဒ္ဓဘာသာဖြစ်လျှင် သက်သတ်လွတ်စားရတယ် ဤသို ့တစ်နည်း ဆိုကြ၏။

အထူးသဖြင့် သက်သတ်လွတ်စားလျှင် ကုသိုလ်ရသည် ဟု တစ်ထစ်ချ ယုံကြည်ကြလေ၏။

ဤယုံကြည်မှု ့သည် ပို၍များပြီးလျှင် ပို၍လည်း ခိုင်မာကြ၏၊

သို ့ပါ၍ အစဉ်အလာတစ်ခု အဖြစ်ဖြင့် သက်သတ်လွတ် စားခြင်းအမှု ့ကိုပြုကြလေသည်။

မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင်

လိုချင် တပ်မက် မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ

ဟူ၍ သုံးမျိုး သာရှိခဲ့ သည်ဟူ၍ ဟောကြားခဲ့သည်။

ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ် လာရတော့သည် ဟု ဟောကြားတော်မူခဲ့ပါ၏။

ဗုဒ္ဓဘုရားရှင်၏ အဆုံးမတော်တွင်ရှင်ရဟန်းတို ့သည် အစာတည်းဟူသော အဟာရကို မှီဝဲသုံးဆောင်ရာ၌

သင့်သော အကြောင်း အားဖြင့် ဆင်ခြင်၍ ဆွမ်းကို မှီဝဲ၏၊ မြူးထူးခြင်းငှါ မဟုတ်၊

မာန်ယစ်ခြင်းငှါ မဟုတ်၊ တန်ဆာဆင်ခြင်းငှါ မဟုတ်၊ အရေအဆင်း ဖွံ့ဖြိုး တိုးပွားခြင်းငှါ မဟုတ်၊

ဤကိုယ်၏ တည်တံ့ ရုံမျှသာ မျှတရုံမျှသာ (ဆာလောင် မွတ်သိပ်သော)  ပင်ပန်းခြင်းကို ပယ်ဖျောက်ရုံမျှသာ

မြတ်သော အကျင့်ကို ချီးမြှောက်ခြင်းငှါသာ  (ဆွမ်းကို မှီဝဲ၏)။

ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်း ကိုလည်း ပယ်ဖျောက်အံ့၊

ဝေဒနာသစ် ကိုလည်း မဖြစ်စေအံ့၊  ငါ့အား မျှတခြင်းသည် လည်းကောင်း၊

အပြစ် မရှိသည့် အဖြစ်သည် လည်းကောင်း၊

ချမ်းသာစွာ နေရခြင်းသည် လည်းကောင်း ဖြစ်လတ္တံ့ ဟု (ဆွမ်းကို မှီဝဲ၏)။ ထိုသို ့ဖြစ်ပါသည်။

မဇ္ဈိမနိကယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဂဟပတိဝဂ် ဇီဝကသုတ် တွင် မြတ်စွာဘုရားရှင်သည်

သုံးပါးသော အကြောင်းတို့ဖြင့် အသားကို မသုံးဆောင် ကောင်း ဟူ၍ ငါ ဟောကြား၏။

မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း

( ထိုသတ္တဝါ၏အသက်ကို သတ်ဖြတ်နေသည်ကို မြင်နေရလျှင်။ သတ်နေသည့် အသံကိုကြားနေရလျှင်။ ဘာအသားမှန်း မသိလျှင် ထိုအသားသုံးမျိုးကို ကြားသား။ မြင်သား။ မသင်္ကာသား ) ဟူသော ဤသုံးပါးသော အကြောင်း တို့ဖြင့်

အသားကို မသုံးဆောင်ကောင်း ဟူ၍ ငါ ဟောကြား၏။

ဗုဒ္ဓဘုရားရှင်သည် အဟာရကိုမှီဝဲရာ၌ မှားယွင်းစွာကျင့်ကြံသော ပုရဗိုဇ် တစ်ယောက် အား အဟာရတို ့ကိုမှီဝဲရာ၌

သီလ၏ပြည့်စုံခြင်း။ စိတ်သမာဓိ၏ပြည့်စုံခြင်း။ ဉာဏ်ပညာ၏ ပြည့်စုံခြင်း ဖြင့် စားရာ၏ဟု ဟောကြားတော်မူ၏။

သီလ၏ပြည့်စုံခြင်တွင် သူတစ်ပါးတို ့၏အသက်ကို ကာယကံ။ ဝဇီကံ။ မနောကံ ဖြင့်စောင့်ထိမ်း ခြင်းကို ကျွန်ုပ်တို ့သိရှိကြကုန်ပြီးဖြစ်ပါ၏။

အသက်လွတ်သည်ဖြစ်စေ မလွတ်သည်ဖြစ်စေ အစာကို သီလဖြင့်ဆင်ခြင်ရာ၌ထိုအစာသည် မိမိကိုယ်တိုင် သူတစ်ပါးထံမှ ဖြားယောင်။ လိမ်ညာ။ခိုးယူ။ လုယက်ခြင်း အကြောင်း ကင်းရာ၏၊ ထိုအကြောင်းတို ့အား သူတစ်ပါးတို ့ကိုလည်း ကူညီ စေခိုင်း အားပေးခြင်းလည်းကင်းရာ၏၊ မတရားသဖြင့်ရသော ဥစ္စာ ငွေကြေး တို ့နှင့်လည်းအစဉ်ကင်းလွတ်ရာ၏၊

စိတ်သမာဓိ၏ပြည့်စုံခြင်းဖြင့် ဆင်ခြင်ရာ၌လွန်စွာမှပင် ကျယ်ပြန် ့နက်နဲလှပါ၏၊

အသက်လွတ်သည်ဖြစ်စေ မလွတ်သည်ဖြစ်စေ အစာသည် အသက်ရှင်ခြင်း၏ အထောက်အပန် ့အကြောင်းတစ်ခုလည်း အပါဝင်ဖြစ်၏၊ ထိုအကြောင်းကို မဆင်ခြင်မိသောအခါ အစာတွင် အရသာကို စိတ်၌တည်၍စား၏

ထိုအခါအရသာကိုစွဲ၍ကောင်းသည်ဟုခံစားနှစ်သက်မိကာ တက်မက်ပြီး လောဘသည်ဖြစ်၏၊

မကောင်းဟု ခံစားမိ၍  မနှစ်သက်ခြင်း ဖြစ်ကာ ဒေါသသည်ဖြစ်၏

ဤသည်မှာ အစာနှင့် မိမိခန္ဓာကို သတိထားစရာ အကျဉ်းမျှသာဖြစ်၏

အကယ်စင်စစ်တွင်မူ လွန်စွာမှပင် သိမ်မွေ ့နက်နဲ ခက်ခဲလှတော့၏၊

သက်သတ်လွတ်စားသည်ဟု ဂုဏ်ယူဝန် ့ကြွားခြင်း။ သူတစ်ပါးတို ့ကို အသားစားသူများဟု အပြစ်မြင်ခြင်း။

အစာကို ကြိုက်၏။ မကြိုက်ဟု စိတ်ထား၍ စားခြင်း။ အစာကိုစားရ၍ ဝမ်းသာခြင်း။ ဝမ်းနည်းခြင်း။

အစာ၌ စိတ်တိုင်းကျ ဖြစ်ခြင်း။ မဖြစ်ခြင်း၊

တစ်စုံတစ်ယောက်သည် ငါ့အားကောင်းသော အစားအစာကို ကျွေးပါမူကောင်းလေစွ။

စားသုံးရသည်ပြီးနောက် နောင်တွင်လည်း ဤကဲ့သို ့ ကျွေးမွေးပါမူ ကောင်းလေစွဟူ၍

သူတစ်ပါးတို ့ထံမှ မျှော်လင့်တောင်းတတတ်ခြင်း စသည် တို ့သည် များစွာရှိကုန်၏၊

အသားတုဟူသည် သက်သတ်လွတ်စားသူတို ့အတွက်အထူးစီမံထားသော အသားလွတ်အစာတစ်မျိုးဖြစ်၏၊

အချို ့သည် ငါးတစ်ကောင် လုံးကဲ့သို ့ ပုံစံတူ အတုလုပ်ပြီးလျှင် ငါးအသားတုဟူ၍စား၏၊

အသက်အသားကို မစား ဟု ပြောပါလျှက် အတုလုပ်၍ စိတ်ကို အသား၌ တည်၍ စားခြင်းကို လွန်စွာသတိချပ်သင့်လှပါသည်၊

သဒ္ဓါတရားကြောင့် သက်သတ်လွတ်စားလိုလျှင်လည်း မေတ္တာစိတ်ကိုစီးဖြန်းနိုင်ရန် လွန်စွာအရေးကြီးသည်ဟု ယူဆမိပါသည်၊

မေတ္တာတရား၏ အကြောင်းကိုပြောရန်မှာ လွန်စွာမှ ကျယ်ဝန်းလှသည်ဖြစ်လေရာ ပြုရန်မှာလည်း ခက်ခဲလှပါသည်

( ဤသည်မှာ ပုဂ္ဂိုလ် တစ်ဦး ချင်း၏ အရည်သွေးပြည့်စုံခြင်းနှင့်လည်းဆိုင်ပါသည်၊  မိမိမလုပ်နိုင်၍ သူတစ်ပါးမလုပ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ ) အကယ်စင်စစ် ကျွန်ုပ်တို ့ သည် မေတ္တာစိတ်ကို မွေးမြူနိုင်ရန်နှင့် မေတ္တာစိတ်များ ရင်၌ ကိန်းအောင်းရန် မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်လှပါသည်၊

အကြောင်းမှာ မိမိရင်မှာတကယ်မေတ္တာစိတ်မရှိပါပဲ မသိပါပဲလျှက် သူတစ်ပါးတို ့ကို မေတ္တာပို ့သည်ဆိုခြင်းမှာ အလွန်မှဆင်ခြင်ရာ၏၊

မေတ္တာ၏ အကျိုးကျေးဇူးမှာလည်း လွန်စွာမှပင်ကြီးမားလှ၏၊

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က

ထမင်းအိုးကြီး အလုံးတစ်ရာလှူတာထက် နွားနို ့ တစ်ညှစ်စာ အချိန်ကလေးလောက် မေတ္တာ ဘာဝနာ စီးဖျန်းတာကပို၍ အကျိုးကြီးသည် ဟု ဟောကြားတော်မူခဲ့၏၊

ထို ့ကြောင့်မေတ္တာတရားကို မိမိကိုယ်တိုင် တစ်ကယ်သိရန် တစ်ကယ်ရှိရန် ကြိုးစားရမည်ဖြစ်၏၊

မေတ္တာသုတ် ၌ ဥုဇူစ = ဖြောင့်မတ်ရမည် ( သူတစ်ပါးတို ့ကို မလိမ်ခြင်း မျှမဟုတ်ပဲ မိမိကိုယ်ကို မိမိ မလိမ်ခြင်း ထိ ဖြောင့်မတ်နိုင်ရမည် ) ဟူ၏၊

တစ်ဦးဦးကို အလိုမကြ၍ အနိုင်မရသည့်အခါ “မေတ္တာသာပို ့ပေးလိုက် သူလမ်းသူသွားလိမ့်မယ်”  

ဤသည်ကား ကြားဘူးနားဝ မေတ္တာစကားများ ဖြစ်၏၊

ထိုသို ့ပြောလိုက်တိုင်း ဥုဇူစ တည်းဟူသော တရားတော်မြတ် နှင့် ချိန်ကိုက်နိုင်ရမည်ဖြစ်ပေသည်၊

မိမိသည် ထိုသူကို တစ်ကယ် မေတ္တာပို ့ မှာလား ပျက်စီးစေခြင်သည်လား ဆိုသည်မှာ မိမိကိုယ်ကိုမိမိ အသိဆုံး ဖြစ်၏၊

မေတ္တာအစစ် မပို ့နိုင်ခြင်းထက် မေတ္တာအတုကို ဟန်လုပ်၍ ပို ့ နေကြသည်ကို သတိပြုရာ၏၊

( အဟံအဝေရောဟောမိ = ငါ့မှာရန်ကင်းပါစေ )

( အဗျာပဇ္ဇောဟောမိ = ကြောင့်ကြခြင်းကင်းပါစေ )

( အနီဃောဟောမိ = ဆင်းရဲ ခြင်း ကင်းပါစေ )

( သုခီ အတ္တာနံ ပရိဟရာမိ = မိမိကိုယ်ကို စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အောင် ဆောင်ရွက်နိုင်ပါစေ ) ဟု ဆန္ဒပြုနိုင်ရမည် ဖြစ်သည်၊

သူတစ်ပါးကို မေတ္တာပို ့ဖို ့ထားဦး မိမိကိုယ်ကိုမှ မေတ္တာထားရကောင်းမှန်း မသိခြင်းကိုလည်း အထူးပင်သတိချပ်ရာ၏၊

ဗြဟ္မစရိယ = ဗြဟ္မစိုရ် ၏ အဓိပ္ပါယ်အတိုင်း

ကိလေသာကင်းစင်ပြီးသော သူတော်စင် သူတော်ကောင်းကြီးများ၏ ဖြူစင်သန် ့ရှင်းသော စေတနာ စိတ်ထား များဖြစ်သည့်

မေတ္တာ။ ကရုဏာ။ မုဒိတာ။ ဥပေက္ခာ ဆိုသည့်မှ သူတော်ကောင်းတို ့၏  မေတ္တာမျိုးကို ထားရာ၏၊

မည်သို ့ပင်ဆိုစေ မေတ္တာစိတ်ပြန် ့နှံ ့ခြင်း ဘာဝနာကြောင့် လက်တွေ ့ခံစားရမည်မှာ

မိမိကိုယ်တိုင် မိမိ၏ စိတ်ချမ်းမြေ့ကြည်လင်ခြင်း အရသာ ပင် ဖြစ်၏၊

ဤသည်တို ့မှာ အသက် ဟူသောအသိကို စိတ်သမာဓိ၏ ပြည့်စုံခြင်းဖြင့် ဆင်ခြင်ရာတွင်

ထားရမည့် မေတ္တာတရား အား အကျဉ်းမျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်၊

ဉဏ်ပညာ၏ ပြည့်စုံခြင်း ဖြင့် စားခြင်း၌

မိမိတို ့ စားသောအစာတို ့သည် ဖော်ပြပါသီလ၏ ပြည့်စုံခြင်း နှင့် ကိုက်ညီပြီးဖြစ်ရမည်ကိုလည်း ဆင်ခြင်ပြီး  ဖြစ်ရပါလိမ့်မည်

မိမိစားသည့်အစာသည် မိမိနှင့်သဟဇာတ ဖြစ်မဖြစ် ( ဝါ ) မိမိနှင့်သင့်တော်ခြင်း ဖြစ်မဖြစ်ကို သိနိုင်ရပါမည်၊

ဥပမာ အသားစိမ်း ငါးစိမ်း ဟင်းသီးဟင်းရွက်စိမ်း စသည်တို ့၌ မည်သို ့စားသောက်ရမည်ကို သိနိုင်ရာ၏။

မိမိ၏ ကျမ္မာရေးနှင့် သင့်ခြင်း မသင့်ခြင်း။ ဥပါဒ် ဖြစ်ခြင်း မဖြစ်ခြင်း။

လိုအပ်သည်ထက် ပို၍စားခြင်း။ လျှော့၍စားခြင်း (ခန္ဓာနှင့်မျှအောင်မဆင်ခြင်နိုင်ခြင်း)။

အချိန်ကာလကို သိ၍စားခြင်း။ ရောင့်ရဲ တင်းတိမ်နိုင်ခြင်း စသည်ဖြင့် ဆင်ခြင်နိုင်ရာ၏၊

အစာကို မှီဝဲနေစဉ်အချိန်၌ ခန္ဓာကိုယ်၏ ထားရှိအပ်သော ကိုယ်အိန္ဒြေကိုလည်း ဆင်ခြင်နိုင်ရပါ လိမ့်မည်၊

( လျှောင်း။ ထိုင်။ ရပ်။ သွား၍စားခြင်းတွင် )၊

အသက်ဟူသော အကြောင်းတွင် ပါဏာတိပါတ သူ့အသက်ကို သတ်ခြင်းအား

ကမ္မပထ မြောက်စေသော အင်္ဂါ (၅) ပါးကို အောက်ပါအတိုင်းပြဆိုပါသည်။

(၁) သတ္တဝါဖြစ်ခြင်း၊

(၂) သတ္တဝါဟု အမှတ်ရှိခြင်း ( သိခြင်း )၊

(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊

(၄) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊

(၅) ထို လုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။

အသက်ဟူသော အကြောင်းတွင် ပါဏာတိပါတ သူ့အသက်ကို သတ်ခြင်း

အားထုတ်မှု (ပယောဂ) ခြောက်မျိုး ကို အောက်ပါအတိုင်းပြဆိုပါသည်။

(၁) ကိုယ်တိုင်သတ်ခြင်း၊

(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊

(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊

(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲ ထောင်၍ သတ်ခြင်း၊

(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း

(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ကြသည်။

ဤ ပယောဂ (၆)မျိုးမှ တစ်နည်း နည်းနှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ် သော ကြောင့် သေလျှင် ပါဏာ တိပါတကမ္မပထမြောက်၏။ ပါဏာတိပါတကံထိုက်သည်ဟု ဆိုလိုခြင်းဖြစ်၏။

သို ့ပါ၍ မိမိတို ့စားသုံးကြသည့်အစာတို ့ကို အထက်ပါအကြောင်းသုံးပါးနှင့် ဆင်ခြင်၍ စားသုံးကြပါလျှင် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ သက်သတ်လွတ် ( အပြစ်၏အသက်ကိုသတ်၍ စားသော ) စားခြင်း ဟုခေါ်ဆိုနိုင်ပါလိမ့်မည်၊

သို ့မဟုတ်ပါပဲ အဓိဌာန်၍ ။ မွေးနေ ့ဖြစ်၍။ ဝါတွင်း။ ဥပုသ်ရက်။ အထက်အမိန် ့။

စသည်တို ့ကြောင့် စားသော အသားမပါသောအစာတို ့ကို မိမိတို ့ဘာသာ နာမည်ပေးရပါလိမ့်မည်၊

အကယ်စင်စစ် မိမိဆိုလိုရင်းမှာ

ယနေ ့လွန်စွာမှ ခေတ်စားလှပါသော ထိုသက်သတ်လွတ်စားကြခြင်း ကို ဗုဒ္ဓဘုရားရှင်၏ အဆုံးအမနှင့် အနည်းငယ်မျှ ချိန်ဆ ဆွေးနွေး ပြခြင်းသာဖြစ်ပြီး အခြားသော အယူအဆများနှင့် ဆွေးနွေးရန် မိမိ လုံးဝ မတတ်နိုင်စွမ်းပါ၊

ဤအထက်ပါအကြောင်းရာများအား ကျွန်ုပ် ဖတ်ဖူးမှတ်ဖူးသော ဗုဒ္ဓ၏ တရားတော်တို ့ကို မှီငြမ်းကိုးကား၍ အမှန်တိုင်း တင်ပြခြင်းသာ ဖြစ်၏၊ အကယ်၍ ထိုအကြောင်းရာတို ့သည် ဗုဒ္ဓ၏ အဆုံးမတို ့နှင့် လွဲဖယ်၍ နေပါသည် ဟု မြင်ခဲ့ပါမူ။

ကျွန်ုပ်၏ ညံ့ဖျင်းမှု ့သာလျှင်ဖြစ်ပြီး ထို အမှား တို ့ကို မိမိတို ့၏ ဉဏ်ပညာဖြင့် နားလည်သလို ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ပါ၏၊

( အဆုံးအမကိုလည်းခံပါမည် )

ဗုဒ္ဓဘုရားရှင်၏ တရားတော်မြတ်တို ့သည် အပြစ်။ အနာမဲ့ပါ၏။ ပြီးပြည့်စုံပါ၏

ဗုဒ္ဓဘုရားရှင်၏ တရားတော်မြတ်တို ့ကို ကျွန်ုပ်သည် အကြွင်းမဲ့ ယုံကြည်ပါ၏၊

သို ့သော် အကြွင်းမဲ့ကားမကျင့်ကြံပါ၊

ကျွန်ုပ်ရေးသားသော ဗုဒ္ဓဘုရားရှင် ၏ တရားတော်မြတ် တို ့ အကြောင်း နှင့် ကျွန်ုပ်၏ အမူအကျင့်တို ့

လွဲဖယ်နေသည်ရှိသော် ကျွန်ပ်၏အပြစ်သာ ဖြစ်ပါ သည် ဟု ဝန်ခံပါ၏၊

မည်သို ့ဆိုစေကာမူ ကျွန်ုပ်တို ့ဗုဒ္ဓဘာသာဝင်များအနေနှင့်

မိမိတို ့၏ နေ ့တစ်ဒူဝ လူမှုကိစ္စများမှသည် သာရေး၊ နာရေး များစွာကုန်သော အကြောင်းအရာတိုင်းတွင်

ရှေးရိုးအစဉ်လာများကို သေခြာစွာ လေ့လာခြင်းမရှိပါဘဲလျှက်

ဗုဒ္ဓဘာသာဝင်တို ့၏ လုပ်နည်းလုပ်ထုန်း ကျင့်စဉ်များဟူ၍

အလွယ်တကူ မပြောဆို၊ မပြုမူ၊ မကျင့်ကြံကြပါရန်နှင့် ထိုသော အကြောင်းအရာတို ့ကို

ပညာအရာ သိက္ခာအရာ ကြီးတော်မူကုန်သော ဆရာတော်ကြီးများ ဟောကြားတော်မူအပ်သော ထေရဝါဒ တရားတော်တို ့ကို ရှာဖွေနာယူ မှတ်သားသင့်ကြပါကုန်၏ဟု နှိုးဆော်လိုက်ရပါတော့သည်။

http://video.sanook.com/โรงฆ่าสัตว์_ระบบทันสมัย(คนรักสัตว์ไม่ควรดู)-427600-player.html

14 comments

  • ငှက်ကြီး

    March 24, 2011 at 2:38 pm

    ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ။ နောက်တင်မည့် ပို့စ်များကိုစောင့်မျော်ဖတ်ရှူနေပါဦးမည်ခင်ဗျာ။
    ဤပို့စ်ကို ဖတ်ပြီး အကျိုးများစွာရရှိပါသည်ခင်ဗျား။

  • nigimi77

    March 24, 2011 at 3:50 pm

    တကယ်ကို ကောင်းပါတယ်။ ဆက်ရေးဖို ့တောင်းဆိုပါတယ်။

  • ရွာထဲမှာ ဦးကြောင်ကြီး သတ်သတ်လွတ်ကိစ္စရေးတိုင်း ပွဲကောင်းတတ်ပါတယ်။ ဆရာခိုင်ကလည်း ဘာသာရေးကဲတဲ့ သတ်သတ်လွတ်ကိစ္စကို သဘောမကျတတ်ပါဘူး။ ဒါကြောင့် ကျွန်တော်လည်း သက်သတ်လွတ်ကိစ္စရေးချင်တာ ရှိတာကို အောင့်ထားတာပါ။ အခု တစ်ယောက်က ရေးပြီဆိုတော့ ကျွန်တော် ခုပဲ ပို့စ်တစ်ခု တင်ချင်ပါတယ်။ ပို့စ်ခေါင်းစဉ်ကို သက်သတ်လွတ်နှင့်လူ့ကျင့်ဝတ် လို့ ပေးပါရစေ။
    ဥဇူစ=ဖြောင့်မတ်ရမည်။
    အသားစားတာဟာ အသားစားတာပါ။ အသားစားတာဟာ မိမိစိတ်ကိုလိမ်လည်ပြီး သက်သတ်လွတ်စားတယ် ပြောမရပါ။ အသားစားလို့ အပြစ်မဖြစ်ပါ။ မြတ်စွာဘုရားကိုယ်တိုင် သက်သတ်လွတ်မစားပါ။ သို့သော်ငြား …

  • bigcat

    March 25, 2011 at 1:55 am

    ပြည့်စုံစွာတင်ပြထားလို့ အကျိုးများပါတယ်။ ဘုရားဟောတွေ တိုက်ရိုက်ဖောက်သည်ချထားလို့ ငြင်းရန်ခက်ပါကြောင်း။ ကိုယ်ပိုင်အယူအဆများ ထုတ်ဖော်ရေးသားပါက ပြန်လည်ဆွေးနွေးရန် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ရေးသားမည်ဆိုပါကလည်း ကမာ္ဘမပျက်ခင် အလျင်အမြန် ရေးသားစေလိုကြောင်း မှတ်ချက်ပြုအပ်ပါသည်။

  • အာဖျံ ကွီး

    March 25, 2011 at 7:10 am

    တစ်ကယ့်ကို မဇ္ဇိမပဋိပဒါ ကျတဲ့စကားတွေပါပဲ ..

    သူတလူ ငါတမင်း .. ကိုယ်ယုံကြည်ရာ … ကိုယ်ထင်မြင်ရာတွေကိုပဲ … အာဘောင်အာရင်းသန်တိုင်း … မှားမှန်းမသိ မှန်မှန်းမသိ … မပြည့်မစုံ … ဇွတ်လွှတ်နေကြတဲ့ (ကျုပ်လဲဒီအတိုင်းပါပဲ … မထူးပါဘူး) စကားဝိုင်း တွေကြားထဲမှာ … ဒီတန်ဖိုးရှိတဲ့ပို.စ်လေးဖတ်ရတဲ့အတွက် .. ကျေးဇူးအထူးတင်ရှိပါတရ်။

  • char too lan

    March 25, 2011 at 9:20 am

    များစွာသော မှတ်သားစရာတွေအတွက် ကျေးဇူးတင်ပါတယ်။

  • anewgenerationbone

    March 25, 2011 at 5:53 pm

    ဟုတ်ကဲ့ပါခင်ဗျ
    ဆိုခဲ့ပြီးသည့်အတိုင်း
    ဗုဒ္ဓရှင်တော်ဘုရားရဲ ့ တရားတော်မြတ်ထဲကနေဘဲပြောနိုင်ပါတယ်ခင်ဗျ
    အဆိုပါတရားတော်မြတ်ရဲ ့လိုရင်းကတော့ နိဗ္ဗာန် ရောက်ကြောင်းလို ့ဆိုခြင်ပါတယ်
    နိဗ္ဗာန် ရောက်ကြောင်းဟာ စား၊ဝတ်၊နေ ရေးထက်
    တဏှာ၊ မာန၊ ဒိဋ္ဌိ သည်သာ ဖြစ်ပါကြောင်းနှင့်
    မြတ်စွာဘုရားရှင်တော်မြတ်၏ တရားတော်မြတ်တို ့ကို
    ပြည့်စုံစွာနားလည်သည့်အခါ
    ကိုယ်ပိုင်တွေးခေါ်စရာမလိုတော့ဘဲ
    ထိုသောလမ်းစဉ်ကို လိုက်နာကျင့်သုံးရုံသာ ရှိပါတော့မယ်
    ဥပမာ
    ခရီးတစ်ခုတွက်
    ညီညာဖြောင့်ဖြူးသော လမ်းကို
    သိရှိပါလျှက်
    မိမိကိုယ်ပိုင် လမ်းသစ်ဖောက်လုပ်ခြင်းဟာ
    အဆိုပါ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတာနဲ ့မလွတ်ကင်းနိုင်ဘူးလို ့
    ထင်မြင်နားလည်မိပါတယ်ခင်ဗျ။

  • kai

    March 25, 2011 at 6:25 pm

    ဒုက္ခပဲ.. ကိုကိုကာလသားတို့..။ ခေတ်သစ်ကာလာမ ပုဏ္ဏားတို့..
    ကာလာမသုတ်တော်ကို ဘယ်လိုများနားလည်နေကြသလည်းမသိ..။
    ကွန်ပျူတာလို ဒစ်ဂျစ်တလုံးစီတောင် လိမ်မရေးတဲ့ အိုင်တီ-အင်တာနက်ခေတ်မှာတောင်.. တရက်၊ တလ-အတွင်းတင်.. သတင်းတခု.. စာတပုဒ်..စာတကြောင်းကို ..အဓိပါယ်အမျိုးအမျိုး ထည့်သွင်းဖြည့်စွက်..လိုချင်တာ..ဖြစ်ချင်တာတွေထည့်.. ကိုယ်လိုရာ.. ပြန်ရေးနေတဲ့ လူသားတွေလက်ထဲမှာ….
    မြန်မာတွေလက်ထဲမှာ….

    သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??
    အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??
    ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??
    ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
    (ဟုတ်ပြီ မှန်ပြီဟု အတည်)ယူလိုက်ကြပြီလား.. ??
    ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??
    နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)ယူလိုက်ကြပြီလား.. ??
    အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??
    (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??
    ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??

    ပါဌိလိုရေးတာနဲ့ ဘုရားတရားဆိုပြီး .. (ဟုတ်ပြီ မှန်ပြီဟု အတည်) ယူလိုက်ကြပြီလား.. ??

    ===========
    ဦးနှောက်တွေကို … ဖွင့်ထားပါ..။ ဆွေးနွေးပါ..။ ဝေဖန်ပါ..။ ဆုံးဖြတ်ပါ..။
    အတွေးအခေါ်မှာ .. မှိုင်းမိနေရင်..သံသရာတခုလုံးမှောက်ပါတယ်..။

  • zaw min

    March 25, 2011 at 6:53 pm

    ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် သက်သက်လွတ်စားလျှင် ကုသိုလ်ရသည်ဟုထင်မြင်ယူဆသူများလှပါသည်။မီးလွတ်စားခြင်း၊သတ်သတ်လွတ်စားခြင်းတို့သည် ထေရဝါဒဗုဒ္ဓဘာသာနှင့် မဆိုင်ဟုထင်မိပါသည်။
    ဘုရားဟော်ဒေသနာများတွင်လည်းမပါပါ။တကယ်တော့ ကုသိုလ်ဖြစ်လိုသောစိတ်ပေါ်၌သာမူတည်ပါသည်။အင်း…စိတ်တွေအကြောင်းပြောရင် ကိုပုထွတ်လာတော့မယ်။ဘီအီးနဲ့ပဲကြီးလှော်လည်း သက်သက်လွတ်ပဲ။ဆိုတော့ကာ….
    ဆိုတော့ကာ….

  • kai

    March 25, 2011 at 7:01 pm

    ဗုဒ္ဓက စင်္ကီသုတ်တွင် ဘာရဒွါဇနွယ်ဖွား ကာပဋိကလုလင်အား ဟောကြားခဲ့သည့်တရား..

    ဘာရဒွါဇ… ဤငါးပါးတို့သည် မျက်မှောက်၌ပင် (အမှန် အမှားဟူသော) အကျိုးနှစ်မျိုးရှိသည်။ အဘယ်ငါးပါးနည်း?
    (၁) ယုံကြည်ခြင်း (သဒ္ဓါ)
    (၂) နှစ်သက်ခြင်း (ရုစိ)
    (၃) တစ်ဆင့်ကြားခြင်း(အနုဿဝ)
    (၄) အခြင်းအရာကို ကြံစည်ခြင်း (အာကာရပရိဝိတက္က)
    (၅) အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း (ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ) တို့တည်း။

    ဘာရဒွါဇ… ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အမှားဖြစ်တတ်သည်။ ကောင်းစွာ ယုံကြည်မထားသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားသော်လည်း အချည်းနှီး အမှား ဖြစ်တတ်သည်။ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားခြင်း မရှိသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။
    […] ဘာရဒွါဇ… ယောက်ျားအား ယုံကြည်ခြင်းဖြစ်သော်လည်း “ဤသည်သာ မှန်၏။ အခြားသည် အချည်းအနှီးတည်း” (ဣဒမေဝ သစ္စံ, မောဃမညန္တိ) ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ယုံကြည်၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထားသော်လည်း “ဤသည်သာ မှန်၏။ အခြားသည် အချည်းအနှီးတည်း” ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထား၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ ဘာရဒွါဇ… ဤမျှဖြင့် ငါတို့သည် သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ) ကို သတ်မှတ်၏။ (မ-၂-၄၂၈၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏဝဂ်၊ စင်္ကီသုတ်)

    အရှည်ဖတ်ချင်ရင်..။
    http://tipitakamyanmar.blogspot.com/2010/05/blog-post_731.html

  • bigcat

    March 26, 2011 at 2:30 am

    ငါတွေ့နဲ့စာတွေ့ ဆိုင်လို့ နည်းနည်းဖောပါရစေ။ ဘုရားဟောတွေကို ဘယ်ဟာအစစ်၊ ဘယ်လိုလူအတွက်၊ ဘာအကြောင်းနဲ့၊ ဘာကိုရည်ညွှန်းသလဲဆိုတာ ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာညဏ်ရှိရင် သူ့အတိုင်းလိုက်ပါ။ သစ္စာတရားကို ငြင်းမရတာ ပညာမမဲ့ရင် သိပါတယ်။ ဒါပေမဲ့ ဘုရားဟောသလို နားလည်ဖို့ကတော့ သူနဲ့ထိုက်တန်တဲ့ ညဏ်ရှိမှဖြစ်တယ်။ ၂၄ပစ္စည်းပဌာန်း ဒေသနာ၊ ဓမ္မစတြာသုတ် မြန်မာပြန်တရားတွေ နာကြည့်ပါ။ ငြင်းနိုင်လို့လား။ မမှန်လို့မငြင်းနိုင်တာ မဟုတ်ဘဲ လိုက်မမှီလို့ လက်ခံတာများပါတယ်။ တကယ်လိုက်မှီ နားလည်ရင် အရိယာညဏ် ဖြစ်ပြီပေါ့။ ဒါမှမဟုတ် စိတ်ပြောင်းပြီပေါ့။ အခုတော့ နားထောင်ပြီး တရားရသလိုနဲ့ ခဏကြာတော့ ဒုံရင်းကဒုံရင်းပါပဲ။ အဲဒါ ငါတွေ့နဲ့ စာတွေ့ ခြားနားချက်ပါ။
    ကျနော်နာဖူးတဲ့ သဲအင်းတရားမှာ ဆရာတော်ကြီးက လူတွေပဌာန်းတရား ရွတ်ကြတယ်။ ပဌာန်းထဲပါတဲ့ စက္ခုံဥဠပါတ္တိ (စာလုံးပေါင်းမသိပါ) ဆိုတာ သမာဓိနဲ့ ပညာကြောင့် အထက်ဘဝဂ် အောက်အဝီဇိ စတြာဝဠာတတိုက်လုံးတိုးလျှိုး ဟင်းလင်းပွင့်နေတာကို တွေ့မြင်တာလို့ မိန့်တာနာဖူးပါတယ်။ ဆရာတော်က ပါဠိမပြောနဲ့ မြန်မာစာတောင် သေစာရှင်စာ ကောင်းကောင်း မဖတ်တတ်ပါ။ ဒါပေမဲ့ သူနဲ့တန်တဲ့ အကျင့် စရဏနဲ့ လမ်းဆုံးကို ရောက်ပါတယ်။ ကျနော်တို့တတွေလည်း ကိုယ်နဲ့သင့်တော်တဲ့ အဆုံးအမကိုရှာတတ်ပြီး လိုက်နာအားထုတ်တတ်ဖို့ အရေးကြီးတယ်လို့ ဆိုလိုခြင်းပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 26, 2011 at 2:38 am

    ( မြတ်စွာဘုရားရှင်တော်မြတ်၏ တရားတော်မြတ်တို ့ကို
    ပြည့်စုံစွာနားလည်သည့်အခါ
    ကိုယ်ပိုင်တွေးခေါ်စရာမလိုတော့ဘဲ
    ထိုသောလမ်းစဉ်ကို လိုက်နာကျင့်သုံးရုံသာ ရှိပါတော့မယ် )
    အေးပေါ့လေနော
    မှန်ကန်စွာသိပြီးဆိုရင်တော့
    မှန်ကန်စွာကျင့်ကြံရပေတော့မပေါ့
    ဒါက လက္ခံနိုင်သူတွေအတွက်ပါ
    ကျန်တဲ့ ..
    မြတ်စွာဘုရားထက် သို ့မဟုတ်
    မြတ်စွာဘုရားလို ပညာဉဏ်ကြီးသူလို ့ကိုယ့်ကိုယ်ကိုယ်အမှတ်ရှိသူတွေကတော့
    နိဗ္ဗာန်ဆိုတဲ့လမ်းကို မဂ္ဂင် ရှစ်ပါးလမ်းစဉ်ဖြင့်မသွားဘဲ
    ခုနစ်ပါးလမ်းစဉ်တို ့
    ကိုးပါးလမ်းစဉ်တို ့နဲ ့သွားကြလေကုန်သဒီး။

  • naywoonni

    March 26, 2011 at 1:54 pm

    zaw min နဲ့ အောင်ဘုကို လိုက်ခ်ပါ………. အပေါ်မှာနှိပ်မရလို့………….ဟီးးးတစ်ဆယ်ဝင်ယူတာ…….

  • aungnng87

    July 22, 2011 at 1:13 pm

    ကိုကြောင်ကြီး…. ပဌါန်းထဲမှာ စက္ခုံဥဒပါတိမပါဘူးလေ။ အဲဒါကဓမ္မစကြ်ာလေ.။ ကိုကြောင်ကြီးရဲ့။

Leave a Reply