To create All Settings folder

ဝင်းဒိုးစ် ဆဲဗင်း သုံးနေတဲ့ သူများအတွက် နည်းကောင်းလေး တစ်ခုပေးချင်ပါတယ်။ ဘာကြောင့် ဝင်းဒိုးစ် ဆဲဗင်းအတွက်လို့ ပြောရသလဲဆိုရင် ခုကျွန်တော် သုံးနေတဲ့ ကွန်ပျူတာက ဝင်းဒိုးစ်ဆဲဗင်းမို့လို့ကြောင့်ပါ။ ဒီနည်းလမ်းလေးကို Windows XP မှာ မစမ်းဖူးသေးပါဘူး။ ဒါကြောင့် ရလား မရလား ဆိုတာ မသိတဲ့ အတွက်ကြောင့် ဝင်းဒိုးစ် ဆဲဗင်းလို့ နာမည် တပ်ရေးလိုက်တာပါ။ တကယ်လို့ ဒီပို့စ်ကို ဖတ်တဲ့ သူငယ်ချင်းများအနေနဲ့ Windows XP နဲ့ လက်လှမ်းမီတယ်ဆိုရင် စမ်းပြီး ဝေဖန်ပေးကြပါလို့ ပြောလိုက်ပါတယ်။

ကဲ …စမယ်ဗျာ။ ကျွန်တော်တို့ ကွန်ပျူတာတွေမှာ အမြဲတမ်းလိုလို Driver ပြုတ်သွားတာလို့၊ Update လုပ်ခိုင်းတာလို့ စတဲ့ တိုလီမုတ်စတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒါတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ သိရင်တောင် ဘယ်နေရာကနေ ဖြေရှင်းရမယ်ဆိုတာ အခက်တွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေ ဟိုနေရာမှာဆိုပြီး ဝင်ကြည့်လိုက်၊ ဒီနေရာလောက်မှာ ထင်တယ် ဆိုပြီး ဝင်ကြည့်လိုက်နဲ့ အချိန်တွေ ကုန်သွားရပါတယ်။ ဒါကြောင့် အဲဒီလို ကွန်ပျူတာရဲ့ Setting များ အားလုံးကို တစ်နေရာတည်းမှာ ထည့်ထားရင်း ကောင်းမှာပဲလို့ တွေးမိကောင်း တွေးမိကြမှာပါ။ ကံကောင်းစွာနဲ့ပဲ ဝင်းဒိုးစ်ဆဲဗင်းမှာ အဲဒီလို လုပ်ဆောင်ဖို့ ပါလာပါတယ်။ ကျွန်တော့် အထင်ပြောရရင် Control Panel ကမှ အဲဒီလောက် စုံချင်မှ စုံမှာပါ။ ဒါပေမယ့် ကျွန်တော် ပြောမယ် နည်းလမ်းကတော့ ကွန်ပျူတာရဲ့ Setting များ အားလုံးကို Folder တစ်ခုအောက်မှာ ထည့်ထားပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ ကိုယ့်ထားချင်တဲ့ Settings Folder ကို ထည့်ဖို့ အရင်ဆုံး နေရာ ရွေးလိုက်ပါ။ ကိုယ်နဲ့ နီးစပ်တဲ့ နေရာ၊ ကိုယ်နဲ့ လက်လှမ်းမီတဲ့ နေရာ တစ်နေရာကို တွေ့ပြီ ဆိုရင် အဲဒီနေရာမှာ New Folder တစ်ခုပေးလိုက်ပါ။ ဝင်းဒိုးစ် ဆဲဗင်းမှာ ဆိုရင်တော့ အပေါ်က Menu bar ပေါ်မှာ ရှိတဲ့ New Folder ကို ကလစ် တစ်ချက်နှိပ်လိုက်ရုံနဲ့ New Folder တစ်ခု တည်ဆောက်နိုင်ပါတယ်။ အဲဒီလို New Folder တစ်ခု တည်ဆောက်ပြီးပြိဆိုရင် အဲဒီ Folder ကို နာမည်ပေးရပါလိမ့်မယ်။ နာမည်ပေးတဲ့ နေရာမှာ Folder ကို Select ပေးပြီး F2 နှိပ်ကာ နာမည်ပေးနိုင်သလို ဒါမှမဟုတ် ကလစ် နှစ်ချက်ကို ခြားနှိပ်ပြီး နာမည်ပေးနိုင်သလို ဒါမှမဟုတ် ညာကလစ် တစ်ချက်နှိပ်ပြီး Rename ကို ရွေးကာ နာမည်ပေးနိုင်သလို။ စိတ်ကြိုက်လုပ်လို့ ရပါတယ်။ ပြီးတဲ့ အခါ အဲဒီ Folder နာမည်မှာ အောက်မှာ ပေးထားတဲ့ အတိုင်း လိုက်ရိုက်ပြီး နာမည်ပေးလိုက်ပါ။ စာလုံးမမှားပါစေနဲ့။

All Settings.{ED7BA470-8E54-465E-825C-99712043E01C}

ပြီးရင် Enter ခေါင်လိုက်ပါ။ ဒါဆိုရင် All Settings folder တစ်ခု ဖြစ်သွားပါလိမ့်မယ်။

အဲဒီ All Settings folder ထဲမှာ ကွန်ပျူတာတစ်လုံးရဲ့ ဝင်းဒိုးစ်ပိုင်းဆိုင်ရာ Settings များ အားလုံးနီးပါး ပါဝင်ပါတယ်။ ဒါကြောင့် သင်အတွက် အချိန်ကုန်နေစရာ မလိုတော့ပါဘူး။ အဲဒီ Folder ထဲ ဝင်ပြီး ကိုယ် နှစ်သက်သလို ပြင်ဆင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ Folder ထဲမှာ Setting စုစုပေါင်း (၂၈၄) မျိုး ပါဝင်နေပါတယ်။ တကယ်လို့ နှစ်သက် သဘောကျတယ်ဆိုရင်တော့ စမ်းသပ်သုံးနိုင်ပါကြောင်း…။       ။