သံသရာ ဝဲဩဃထဲမှာ သူသာလျှင်ဘုရင်ကြီးပေါ့။

who whoMarch 24, 20111min1102

အင်း…ကျနော့ခန္ဓာအိမ်ကြီးမှာက ရန်သူတွေ တပ်စွဲပြီး ဖြစ်နေပါပြီ။ အရင်ကတော့ အဲလို ရန်သူ့လက်အောက် ရောက်လို့ရောက်မှန်း မသိလေ တော့ မိုးလင်းမိုးချုပ် သူတို့ခိုင်းတာကို ပျော်ပျော်ကြီးကို လိုက်လုပ်လို့ အဟုတ် ကြီးထင်ပြီး ငါကွလို့ ဂုဏ်တွေတောင် ယူနေပါသေးရဲ့နော်။ အင်း…သိပါပြီ။ သစ္စာသိခွင့်မရအောင် မျက်လုံးပိတ်လို့ အချိုသပ်ခိုင်းခံနေရတဲ့ ကိုယ့်ဘဝ ကိုယ် ဒုက္ခတွင်းထဲကျနေပါပေါ့လားလို့ သိလိုက်ရပါပြီ။ သစ္စာလေးပါးနဲ့ ယောင် လို့တောင် တွေ့ခွင့်ဆုံခွင့် မရရလေအောင် အဝိဇ္ဇာဆိုတဲ့ ခေါင်းဆောင်ကြီးက မျက်လုံးပိတ်၊ နားပိတ်လို့ သူ့တပည့် သုံးယောက်ကို တာဝန်တွေပေးလို့ အချိတ်အဆက်မိအောင်ကို လှည့်ခိုင်းလည်ခိုင်းနေလိုက်ကြတာ။ ဟူး…ဒီလက် အောက်က လွတ်ဖို့ကတော့ ဘယ်နှယ့်များ လုပ်ရပါ့မလဲဆိုတာ တွေးရင်းနဲ့ တောင် စိတ်တွေ မွန်းကျပ်လာရပါပြီ။
ဒီနေ့လည်း ကြည့်ပါဦးတော့။ သူတို့ခိုင်းတာလေး လုပ်ရင်းက သူတို့ ကို မျက်ခြေမပျက်အောင် သတိနဲ့ စောင့်ကြည့်မှပဲ ဒီခေါင်းဆောင်ကြီးဟာ ခေ သူမဟုတ်ဘူးဗျနော်။ အမယ် သူ့အစွမ်းအစကတော့ဖြင့် မသေးပါလားဆိုတဲ့ သူ့ရဲ့ထူးခြားချက်တွေကိုသိလာရပြန်ပါတယ်။သူ့ရဲ့အာဏာစက်က အင်ပါယာ ကျယ်လှချည်လား။ ငရဲ၊ တိရစ ္ဆာန်၊ ပြိတ္တာ၊ လူ့ပြည်၊ နတ်ပြည်နဲ့ ဗြဟ္မာပြည် အားလုံးကို ရောက်အောင် ပို့ဆောင်ပေးနေတာ အာသဝတို့ တပ်ဖွဲ့ကြီးရဲ့ လက်ချက်ပဲကိုးနော်။ အင်း…ဒါဆိုကျနော်တို့ခုလိုလူ့ပြည်ရောက်နေရတာတောင် ဒီအာသဝ တွေရဲ့ အစွမ်းကြောင့်ပါလားဆိုတာ ပေါ်လာရပြန်ပါတယ်။ လွန်လေပြီးသော အတိတ်ဘဝက လူ့ပြည်လိုချင်လို့ ဆိုတဲ့ ကာမာသဝ အစွမ်းကြောင့် လူ့ပြည် ရောက်စေတဲ့ကုသိုလ်အလုပ်တွေကိုလုပ်ခဲ့ရတယ်။ လူ့ဘဝလိုချင်တဲ့ ဘဝါသဝ ကြောင့် လူလာဖြစ်ရပြန်တယ်။ လူ့ပြည်ရောက်ချင်တယ်။ ငါလူပဲ ဖြစ်ချင်တယ် ဆိုတဲ့ ဒိဋ္ဌါသဝကြောင့် လူလာဖြစ်ရတာမလား။ အဲဒီလိုပဲ နတ်ပြည်ကို လိုချင်စရာလို့ ထင်ပြီး လိုချင်စေခဲ့တဲ့ ကာမာသဝကြောင့် ဒီနတ်ဘဝကိုပဲ အဟုတ်ထင်စေခဲ့တဲ့ ဘဝါသဝကြောင့် ငါသာလျှင် တန်ခိုးကြီးသော နတ်ဖြစ် ရပါလို၏ရယ်လို့ ဆုတွေတောင်းပြီးနေစေခဲ့တဲ့ ဒိဋ္ဌါသဝကြောင့်………… ဟူး….. တွေးရင်းနဲ့ကို သူတို့လက်ချက်တွေချည်းပဲ ဆိုတာ သိသာနေပါတယ်။
ဗြဟ္မာကြီးဖြစ်ဖို့လည်း ဘာထူးလဲနော်။ သမထကျင့် စဉ်တွေကျင့်မှ ဗြဟ္မာခန္ဓာရမယ်ဆိုလို့ တစ်ခါ သမထတွေ ကျင့်ရရှာပြန်တယ်။ အင်း….ခန္ဓာဟူ သမျှက ဒုက္ခသစ္စာ အစစ်ကြီးပါလားရယ်လို့ကို မြင်ခွင့်မရအောင် ပိတ်ကာထား ခံရလေတော့ ရချင်လိုချင်တာတွေကိုက ဒုက္ခခန္ဓာတွေကိုသာ ဦးတည်လို့ ကုသိုလ်တွေလုပ်တယ်။ ဆုတွေတောင်းတယ်။ ဒါဆို အတိတ်အတိတ်တွေ တုန်းက အာသဝရန်သူတွေ တွန်းပို့လိုက်လို့ ခုလို လူ့ဘဝကိုရလာခဲ့တာ ပဲနော်။ ခုလည်း နေ့ရှိသ၍ သူတို့က ငယ်နိုင်ဖြစ်နေလေတော့ အမယ် အပိုင်ကြီးကိုပဲ။ မိုးလင်းကတည်းက မနားတမ်း စီးနင်းခိုင်းစေနေကြ ပြန်လေ တော့ အော်…အတိတ်ကတည်းက ဒီရန်သူ့လက်အောက်မှာ သူတို့ ခိုင်းတာ လုပ်လာခဲ့ရတာ ခုထိပါပဲလားဆိုတာ ပေါ်လာပြန်ပါတယ်။ ခုကနေမှ မရုန်း နိုင်ရင်တော့ သူတို့က ကိုယ့်ကို သံသရာ လည်အောင် တစ်ပတ်ပြီး တစ်ပတ် လှည့်ပေးနေတော့မှာပါလား။ မဆုံးနိုင်သော ဒုက္ခတွေကို ခံရစေဖို့ စီမံပေးနေ ဦးမှာပါလား။ ဆိုတဲ့ အတွေးတို့က တစီတတန်းကြီးကိုပဲ ဝင်ချလာပါ တော့ တယ်။
အော်..၃၁ဘုံထဲ ကျင်လည်နေရသမျှ သတ္တဝါတိုင်းကို သူတို့ကပဲ စီမံ ပေးနေတာပါလားဆိုတာကို သိခွင့်ရလိုက်ရပါပြီ။ အပါယ်သံသရာမှာ ကျင် လည်စေဖို့ ကာမဂုဏ်ငါးပါးနဲ့ ပျော်ပါး သောက်စား မူးယစ်အောင် ကာမာသဝ ကပဲ တာဝန်ယူ လည်စေခဲ့တယ်။ အဲလို အကောင်းအဆိုး အမှားအမှန် မဝေဖန် မပိုင်းဖြတ်နိုင်တဲ့အခါကျမှ မကောင်းကို အကောင်းထင်လို့ မဟုတ် တာတွေ ကျူးလွန်နေရတဲ့ဘဝကို ခင်တွယ်အောင် လုပ်ပေးနေတဲ့ ဘဝါသဝက လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ပြန်တယ်။ ဒီလိုနဲ့ပဲ လူသတ်ဖို့တောင် ဝန် မလေးတဲ့ လက်မရွံ့သားဘဝထိရောက်တာတောင် ငါလို ဘယ်သူများသတ်ရဲ လို့လဲဆိုပြီး လက်မတွေထောင်ပြန်တော့ ဒီတစ်ခါ ဒိဋ္ဌါသဝရဲ့ အလှည့်ပေါ့နော်။ အင်းသူတို့တွေ တာဝန်ကျေပွန်မှုကြောင့်ပဲ ဒီခန္ဓာကြီးဟာ အပါယ်သံသရာ ကြောထဲမှာ မြုပ်ချင်တိုင်း မြုပ်ရပြန်တာပဲမလား။ အော် တစ်နေ့ပြီး တစ်နေ့ ၊ တစ်နှစ်ပြီး တစ်နှစ် ၊ တစ်ဘဝပြီး တစ်ဘဝ ငါတို့ဘာတွေလုပ်နေပါလိမ့်ဆို တော့ကာ အာသဝ ကောင်းစားရေးတွေနဲ့သာ အချိန်တွေကုန်လို့ သူတို့ခိုင်း တာလုပ်လို့ သူတို့စိတ်ကြိုက် ဖြစ်စေဖို့ သူတို့ကို အလုပ်အကျွေးပြုနေရပါလား ဆိုတာကြီးကိုတော့ဖြင့် ဘွင်းဘွင်းကြီးကို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား လာရပါပြီ။
ထူးတာမှ တော်တော့ကို ထူးလွန်းလို့ ဂုဏ်ထူးမော်ကွန်းတင်ဖို့တောင် ကောင်းနေပါပြီလေ။ ဘာတွေများ ထူးခြားနေပါလိမ့်ဆိုတော့ ၃၁ဘုံလုံးကိုပဲ အထက်အောက် စုန်ချည် ဆန်ချည် ဖြစ်အောင် သံသရာက မထွက်ပြီးတာပဲ ဟေ့ လည်သာလည်ပစေနော်။ ဆိုပြီး ဟိုဘုံ ဒီဘဝတွေနဲ့ ဟိုလူ ဒီမိသားစု တွေနဲ့ အမလေး….မခွဲပါရစေနဲ့လို့ အော်ပြီး ဆုတောင်းလာရအောင်ကို ဒီအာသဝတွေက လက်စွမ်းတွေထက်နေလိုက်တာကတော့ ထူးခြားလွန်းနေပါ တော့တယ်။ အင်း ဒီအာသဝလေးပါးရဲ့ လက်အောက်မှာပဲ ကျင်လည်နေရတဲ့ ကျနော့်ဘဝလေးကတော့ ဒုက္ခပါပဲ။ ခုလက်ရှိကလည်း သူတို့က ကိုယ့်ခန္ဓာ အိမ်ထဲမှာအေးဆေးကိုပဲ အုပ်ချုပ်နေပြန်တာနော်။ ရေးရင်းနဲ့တောင် ကြက်သီး ထလာပါပြီ။ ဘယ့်နှယ့်လုပ်ရပါ့မလဲ။ အကြံပေးကြပါဦးဗျာ။ ကျနော့ အဖြစ်ကတော့ ဆုပ်လည်းစူး၊ စားလည်းရူးမယ့် အဖြစ်ထက်တောင် ဆိုးနေပါ သေးတယ်။
ဘာပဲဖြစ်ဖြစ် သတိအထူးထားလို့သာ မီးစင်ကြည့်ကလို့ ဒီရန်သူ အာသဝ လေးပါးလက်က လွတ်ဖို့ နည်းလမ်း ရှာရတော့မှာပါပဲ။ ဒီနေ့ တော့ဖြင့် အားလုံးကို ရန်သူအာသဝရဲ့ လွှမ်းမိုး ချယ်လှယ်နိုင်တဲ့ အင်ပါယာ နယ်ပယ် ကျယ်ဝန်းပုံနဲ့ ထူးခြားပုံလေးတွေကို သိလာရသလောက် ပြန်လို့ ဖောက်သည်ချ လိုက်ရပါတော့တယ်။

2 comments

  • ဆူး

    March 26, 2011 at 3:48 pm

    အကွဲချင်လည်း ကွဲရမည်။
    မခွဲချင်လည်း ခွဲရမည်။
    မသေချင်လည်း သေရမည်။
    လောကသဘော ပြောပြောနေလည်း မထူးလှပါဘူး။ ကြည့်သူ မြင်ပြီး သိသူတွေ ကျော်ဖြတ်သွားခဲ့ပြီ။
    မသိချင်လို့ ငေးမှိုင်ပြီး နေတာလား
    သိရကောင်းမှန်း မသိတာလား..
    သတိတရားကင်းလွတ်စွာနဲ့ အပျော်ကြီး ပျော်နေလို့ ဝေးပြီးရင်း ဝေးနေခဲ့ရပါတယ်။
    သတိ မရှိရင်တော့ အသိလွတ်တာဘဲ။

  • ဆူး

    March 26, 2011 at 3:50 pm

    **မကွဲချင်လည်း ကွဲရမည်။**
    အ နဲ့ မ မှားပေါင်းမိသွားတယ်။

Leave a Reply