တရားဆို တိုမှ
စာပေလာအရ ပြောရရင်
သဟမ္ပတိဗြဟ္မာကြီးက လျှောက်ထားတောင်းပန်လို့
ဘုရားရှင် တရားဟောမယ် လို့ ဆုံးဖြတ်ချက်ချပါတယ်။
ဘယ်သူ့ကို အရင်ဆုံးတရားဟောရမလဲ၊ ဘယ်သူက ငါ့တရားကို သိနိုင်မလဲ လို့
ဘုရားရှင် တွေးပါတယ်။
အာဠာရရသေ့နဲ့ ဥဒကရသေ့ကို တွေးမိပါတယ်။
ဒါပေမဲ့ သူတို့ဟာ ကွယ်လွန်သွားပြီး ၃၁ ဘုံထဲက တရားဟောလို့
အဆင်မပြေတော့တဲ့ ဘုံဘဝကို ရောက်နှင့်သွားကြပါပြီ။
ဒီ့နောက် ပဉ္စဝဂ္ဂီငါးဦးကို တွေးမိပါတယ်။
“ပဉ္စဝဂ္ဂီရဟန်းငါးဦးဟာ ငါ့အပေါ်မှာ ကျေးဇူးများတယ်၊
ငါတရားအားထုတ်တုန်းက သူတို့တတွေ ငါ့ကို ကောင်းကောင်း ပြုစုလုပ်ကျွေးဘူးတယ်၊
ဒါ့ကြောင့် ငါသူတို့ကို တရားဟောရရင် ကောင်းမှာပဲ” လို့ ဘုရားရှင် ဆက်တွေးမိတယ်။
အထက်တစ်နေရာမှာတုန်းက
ဘုရားရှင်ဟာ သက်ရှိမဆိုထားဘိ၊ သူအမှီပြု တရားထိုင်ခဲ့လို့ ဘုရားအဖြစ်ကိုရောက်ခဲ့တဲ့
သက်မဲ့ဖြစ်တဲ့ ညောင်ပင်ကိုတောင် ကျေးဇူးသိပြီး
ကျေးဇူးတင်တဲ့အနေနဲ့ ကြည့်ခဲ့တယ်ဆိုတာ တင်ပြခဲ့ဘူးပြီ။
ကျေးဇူးတင်တတ်တဲ့နေရာမှာလည်း အတူမရှိလို့ အတုမရှိဘုရားရှင်ပါလားလို့
အလွန်အင်မတန် နှစ်ထောင်းအားရဖြစ်မိကြောင်း ပြောပြခဲ့ဘူးပြီ။
ဒါနဲ့စပ်လို့
အနောက်နိုင်ငံက ပါဠိပညာရှင်ကြီးတစ်ယောက်ရဲ့ စကားလေးကို အမှတ်ရမိတယ်။
The more I know him (the Buddha), The more I love him. တဲ့။
ဘုရားရှင်(အကြောင်း) ကို ပိုသိလာရလေလေ၊ ဘုရားရှင်ကို ပိုကြည်ညိုလာလေလေ တဲ့။
အခုဘုရားရှင်ကိုကြည့်။
ဘုရားရှင်ရဲ့ ကျေးဇူးတရားကို အလေးထားပုံ ဘယ်လောက်အတုယူစရာကောင်းသလဲ။
သူ့ကို (အလုပ်အကျွေးပြုခဲ့ဘူးတဲ့) ကျေးဇူးရှိခဲ့ဘူးတဲ့ ပဉ္စဝဂ္ဂီရဟန်းတွေကို သတိရတယ်။
(အောင်မြင်လာရင် ဘဝမေ့တတ်တဲ့ လောကီလူသားတွေနဲ့
လုံးဝကွဲပြားခြားနားတာကို ဒီနေရာမှာလဲ တွေ့လိုက်ရတယ်။)
ကျေးဇူးသိတတ်တဲ့နေရာမှာလဲ အတူမရှိတဲ့ ဒို့ရဲ့ အတုမရှိဘုရားရှင်ပါလားလို့
တွေးတွေးပြီး ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်။
ဒါ့ကြောင့်လဲ
The More I know him, The More I love him ပြောတာပဲမဟုတ်လား။
ပဉ္စဝဂ္ဂီငါးဦးနေနေတဲ့ ဗာရာဏသီပြည်၊ မိဂဒါဝုန်တောကို ကြွပါတယ်။
ဘုရားဖြစ်တဲ့နေရာ ဗုဒ္ဓဂယာနဲ့ ပဉ္စဝဂ္ဂီရဟန်းတို့နေရာ ဗာရာဏသီက အတော်ဝေးတယ်။
အခုခေတ် (မြန်မာပြည်က အမြန်ရထားထက် မြန်တဲ့) အမြန်ရထားနဲ့ လေးနာရီလောက်စီးရတယ်။
လမ်းခရီးမှာ လူတစ်ယောက်နဲ့တွေ့တယ်။
သူ့နာမည်က ဥပက တဲ့။
ဒီဥပကဆိုတဲ့လူကလဲ သူ့နည်းသူ့ဟာနဲ့ တရားရှာဖွေနေသူဖြစ်တယ်။
အရပ်ထဲ နေသူမဟုတ်ဘူး၊ ခေသူတော့ မဟုတ်ဘူး။
ဥပက က မြတ်စွာဘုရားကို ကြည့်တယ်။ မေးတယ်။
“ငါ့ရှင်၊ သင့်အသားအရေဟာ အတော်ကြည်လင်တယ်၊ စင်ကြယ်တယ်၊ ဖြူစင်တယ်၊
ရဟန်းဘဝကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာတာလဲ၊
ဘယ်သူ့တရားကို သဘောကျပါသလဲ” လို့ ဘုရားရှင်ကို မေးတယ်။
ဒီအမေးကို ဖြေတဲ့ ဘုရားရှင်ရဲ့ အဖြေဟာ
တိုရှင်းလိုရင်းနဲ့ အတော်လေး ထိမိတယ်၊
ခရီးသွားရင်း (မတ်တတ်ရပ်ရင်း) အလ္လာပ သလ္လာပပြောဆိုရင်း
တစ်ဦးနဲ့တစ်ဦး မေးကြ မြန်းကြတာဆိုတော့
သိပ်ရှည်ရှည်ဝေးဝေး ပြောမနေဘူး။
၂၁ ရာစုမှာ လူတွေ အတော်အလုပ်များကြတယ်။
သိပ်အားတယ်လို့မရှိဘူး။
တိုးတက်လာသည်နှင့်အမျှ အလုပ်တွေက ပိုများလာတော့
ဘာသာရေးဘက် သိပ်မလှည့်နိုင်ကြတော့ဘူး။
တရားဘက်ကို မလှည့်နိုင်ကြတော့ဘူး။
ကိစ္စရှိလို့ ဆွမ်းစား ကွမ်းစားကြွလဲ
ဒကာ ဒကာမတွေအိမ်မှာ တရားဟောရပြီဆိုရင် အရင်တုန်းကလို
ဟိုး…….ရှေးရှေးတုန်းက….. ဗာရာဏသီပြည်မှာ….ဗြဟ္မဒတ်မင်းအုပ်စိုးစဉ်…
စသည်ဖြင့် လေရှည်နေလို့ မဖြစ်တော့ဘူး။
တိုရှင်းလိုရင်းပဲ ဟောကြရတာ။
တရားဟောခါနီးရင် တရားဟောမဲ့ဘုန်းကြီးတွေ မကြားတကြား
“ဟင်းဆို ချိုမှ၊ တရားဆို တိုမှ” နဲ့တောင်
တချို့က ပြောကြသေးတယ်။
တစ်ခါက ဒကာတစ်ယောက်က ဘုန်းကြီးတစ်ပါး တရားဟောအပြီး
“ဒီဘုန်းကြီး တရားဟောကောင်းတယ်” လို့ ချီးကျူးသတဲ့။
ဒါကို ဘေးက ကြားတဲ့ဒကာတစ်ယောက်က
“မောင်ရင်၊ တရားက ဘာကောင်းတာတုန်း၊ လုပ်စမ်းပါအုံး” လို့ မေးတယ်။
“ဒီဘုန်းကြီးဟောတဲ့တရားက တိုလို့ကောင်းတာပေါ့ဗျ” လို့ ပြန်ပြောသတဲ့။
တရားဟောရင် တိုတိုကြိုက်တဲ့ခေတ်မှာ
ဒို့ဘက်ကလဲ တိုတိုနဲ့ ထိမိတဲ့စကားလုံးတွေ ရွေးတတ်ဘို့ အရေးကြီးလာဘီ။
ဒီအတွက် လူတစ်ယောက်က
What is Buddha? လို့များမေးခဲ့ရင်
ဒီဥပကကြီးမေးတဲ့အမေးကို ဘုရားရှင် မတ်တတ်ရပ်ရင်း
ဖြေလိုက်တဲ့အဖြေလေးက ကွက်တိပဲ။
ဥပက၊
ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏၊ မကောင်းတဲ့ ညစ်ပတ်တဲ့စိတ်မရှိ၊
အကုန်လုံး စွန့်ခဲ့ပြီးပြီ၊ ကိလေသာဟူ မြူမျှမရှိ၊
သိစရာမှန်သမျှ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ပြီး သိခဲ့လို့
ငါ့ရဲ့ဆရာ ဘယ်သူပါလို့ ဘယ်လိုလုပ်ပြောလို့ရမလဲ၊
ဥပက
ငါ့မှာ ဆရာမရှိဘူး၊ ငါနဲ့တူတဲ့သူလဲ မရှိဘူး၊
ငါ့မှာ ပြိုင်ဘက်လဲ မရှိဘူး၊ ပြိုင်နိုင်တဲ့သူလဲ မရှိဘူး။
ငါဟာ ရဟန္တာဖြစ်တယ်၊ အတုမရှိသောသူဖြစ်တယ်၊
ဆရာတစ်ယောက်လဲဖြစ်တယ်၊
ငါဟာ တစ်ဆူတည်းသောဘုရားပါ၊
ငါအခု တရားဟောဘို့ ထွက်လာခဲ့တာ၊
မကောင်းတဲ့စိတ်ဓာတ် ငါ့မှာ လုံးဝမရှိတော့လို့
မကောင်းတဲ့စိတ်ဓာတ်တွေကို အနိုင်ယူခဲ့လို့
ငါ့ကို ဇိန လို့ ခေါ်တယ်၊ ဥပက။ ။
All have I overcome, all do I know.
From all am I detached, all have I renounced.
Wholly absorbed am I in the destruction of craving.
Havining comprehended all by myself whom shall I call my teacher?
No teacher have I.
An equal to me there is not.
In the world including gods there is no rival to me.
Indeed an Arahant am I in this world.
An unsurpassed teacher am I;
Alone am I the All-Enlightened.
Cool and appeased am I.
To establish the wheel of Dhamma to the city of Kasi I go.
In the blind world I shall beat the drum of Deathlessness.
Like me are conquerors who have attained to the destruction of defilements.
All the evil conditions have I conquered.
Hence, Upaka, I am called a conqueror.
What is the Buddha? ဆိုတာနဲ့
ပတ်သက်ပြီး ဘုရားရှင်ကိုယ်တိုင်ဖြေဆိုထားတဲ့ အဖြေလေးပါ။
Who is the Buddha? ဆိုတာကို
အထက်တစ်နေရာမှာ ရေးခဲ့ပြီးပြီ။
ဥပကနဲ့တွေ့ပြီး ဘုရားရှင် ခရီးဆက်ပါတယ်။
ပဉ္စဝဂ္ဂီငါးဦးတို့နေရာ ဗာရာဏသီ၊ မိဂဒါဝုန်သို့ ရောက်ပါဘီ။
6 comments
bigcat
March 26, 2011 at 4:05 am
အဲဒီဥပက တရားရသွားပါသလား အရှင်ဘုရား။ ဒါမှမဟုတ် သိရုံလေးပဲ သိသွားပါသလား။ ရွာထဲကသဂျီးလို သိမှပိုဆိုးသွားမှာ စိုးရိမ်လို့ပါ။
ashinindaka
March 26, 2011 at 6:11 am
တရားထူးရသွားတယ်လို့ ဖတ်ဖူးပါကြောင်း။
maungmoenyo
March 27, 2011 at 11:33 pm
အဲ့ဒီခေတ်အချိန်အခါက အမှန်တရား၊ ပင်ပမ်းဆင်းရဲကြီးလှတဲ့ ခန္ဓဝန်ကိုထမ်းရတဲ့ဘဝကလွတ်မြောက်ရာကို ရနိုင်တဲ့တရားကိုခြေဆန့်ဆရာရှာတဲ့ခေတ်လို့ ကြားဘူးပါတယ်။ တရားထူးကိုရကြသူတွေကလည်းသူတို့ရတဲ့တရားကို အသိပေးကြေငြာကြတယ်၊ အပည့်မွေးကြတယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့ ဆိုခဲ့တဲ့ အိုနာသေဘေး ကိုအကြောင်းရင်းခံစေတဲ့ ကိလေသာ ရဲ့ပြတ်ကြောင်း၊ကင်းကြောင်းတရားကို ရှာဖွေတွေ့ခဲ့သူရယ်လို့ ဗုဒ္ဓ တစ်ဦးတည်း သာရှိခဲ့သလို၊ ဒါဟာငါတွေ့တဲ့တရားဘဲလို့ခိုင်ခိုင်မာမာကြေငြာနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ မဟာလူသားလို့ ကမ္ဘာ့စာပေတို့က အမွှန်းတင်ကြပါတယ်။
ဆိုလိုတာက ကိုယ်မသိဘဲကိုယ်မတတ်ဘဲသိတယ်ဆိုပြီးအဲ့ဒီခေတ်အခါက ကြွေးကြော်လို့မရပါဘူး။ သိမှသာကြေငြာရပါတယ်။ ကြေငြာရင်လဲသတင်းကြားရသူအပေါင်းက လက်ခံယုံကြည်ကြရတဲ့ခေတ်ပါ။ မုသားကင်းတဲ့ခေတ်လို့ဆိုနိုင်ပါတယ်။
ဒါကြောင့် ဗုဒ္ဓအလုပ်အကြွေးလုပ်ခဲ့ပြီး၊ ဘာတရားထူးမှမရလို့စိတ်ပျက် လမ်းခွဲခဲ့ကြတဲ့ ကိုယ်လုပ်(၅)ဦးကိုတွေ့တော့၊ “အရင်ကဒုက္ခအပေါင်းတို့ချုပ်ရာနိဗ္ဗာန်ရတယ်လို့ငါပြောဘူးရဲ့လား။ ခုတော့ငါရပြီဟေ့” လို့ပိုင်ပိုင်နိုင်နိုင်ကြွေးကြော်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတရားပပေါင်းတို့ရဲ့အချုပ်ဖြစ်တဲ့ ဓမ္မစက္ကပဝတ္တန သုတ်ကိုဟောခဲ့တယ်လို့ဆိုပါတယ်။ ဗုဒ္ဓရဲ့နောက်လိုက် ကောဋည ကစပြီးနာကြားရသူအပေါင်းသောတာပန်တည်ကြပါတယ်။
maungmoenyo
March 27, 2011 at 11:41 pm
မှတ်ချက် တခုဆက်ပါရစေ။ “တရား”ရသွားတယ်ဆိုတဲ့စကားကပြောရလွယ်သလောက် အဓိပ္ပါယ်ဖွင့်လက်ခံကြရဘို့အလွန်ခက်ပါတယ်။ ခက်ခဲနက်နဲလှတဲ့အဘိဓမ္မာရဲ့အသေးငယ်အခြေခံအကျဆုံးအစိတ်အပိုင်းကို၊ အနုလုံပဋိလုံနားလည်ပြီးအပြန်ပြန်အလှန်လှန်သုံးသပ်ဆင်ချင်နိုင်ပြီး၊ အစစ်ဆေးခံဒေါင်ဒေါင်မည် နားလည်သူ၊ ဒါထက်တဆင့်တက်ရရင်၊ အတိတ်၊ပစ္စုပ္ပာန်၊အနာဂါတ်အခါမရွေး ဖေါက်မပြန်မပြောင်းမလဲနားလည်တတ်သိကြတာကိုသာ “တရားရတယ်” လို့ဆိုပါရစေ။ ဘုန်းကြီးအဟောကောင်းလို့သိယုံ၊ ဘုန်းကြီးကျောင်းကပြန်လာယုံ၊ ရိပ်သာအပါတ်စဉ်ရာထောင်မကပြန်ဖြစ်ပါစေ၊ တရားရတယ်လို့မဆိုနိုင်ကြောင်းပါ…။
ashinindaka
March 27, 2011 at 11:56 pm
သင့်လျှော်လျှောက်ပတ်တဲ့ မှတ်ချက်လေးတွေ ဖတ်ရလို့ ဝမ်းသာအံ့ဩမိပါတယ် ဒကာမောင်မိုးညိုရေ။
maungmoenyo
March 28, 2011 at 12:29 am
ဦးတင်ပါတယ်ဘုရား။ အသက်ကကြီးမျက်စိကမွဲမို့၊ မရေးနိုင်ပေမဲ့အရှင်ဘုရားရဲ့ articles များကိုတော့မပြတ်တမ်းဖတ်ရတာပါ။ ကျေးဇူးကြီးလှပါတယ်။ နောင်လာနောင်သားများအတွက်စာအုပ်ကျမ်းဂန်များထုတ်ဝေ နိုင်ရင်လဲ အတိုင်းထက်အလွန်ပေါ့။