ရတနာ (၂)

ashinindakaMarch 27, 20111min820

အိန္ဒိယ ဝေသာလီတဝိုက်က ကုလားတွေ စုရုံးစုရုံးနဲ့
ရတနာငါးမျိုးအကြောင်းပြောဆိုနေတုန်း ဘုရားရှင်ရောက်သွားပါတယ်။

သူတို့ပြောဆိုနေတာတွေကို ဘုရားရှင်သိတော့
“မင်းတို့ပြောနေတဲ့ ဆင်တွေ မြင်းတွေက တကယ့်ရတနာအစစ်မဟုတ်ဘူး၊
ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေကလဲ တကယ့်ရတနာ ဘယ်ဟုတ်ရမတုန်း၊
သူဌေးဆိုတာကလဲ အလကားပါ။ မိန်းမများ ရတနာတဲ့၊ အံ့ပါရဲ့၊
တကယ့်ရတနာအစစ်က ဒါတွေကွ” ဆိုပြီး ဆက်လက်ရှင်းပြပါတယ်။

ဘုရားရှင်ရှင်းပြတဲ့ ရခဲတဲ့ ရတနာငါးမျိုးထဲမှာ
နံပါတ်(၁) ရတနာက ဘုရားဖြစ်တယ်။
လောကကြီးထဲမှာ ဘုရားရှင် တစ်ဆူနဲ့တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်ဖို့
အင်မတန်ခဲရင်းတဲ့အတွက် ဘုရားရှင်ဟာ ရတနာဖြစ်တယ်။
ဘုရားရတနာဖြစ်တယ်။

ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရတယ်၊
ဘယ်လောက်ကြာအောင် ပါရမီဖြည့်ကျင့်ရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်လို့
ရှင်းပြဖွယ်မလိုတော့ဘူး။

နံပါတ် (၂) ရတနာက
ဘုရားရှင်ရဲ့ တရားတော်တွေကို တရားတော်အတိုင်း
ပြန်လည်ဟောကြားပေးမည့်သူဖြစ်တယ်။
ဒီလိုလူကလည်း တွေ့ရခဲတယ်တဲ့။

စဉ်းစားကြည့်လိုက်ရင်
ဘုရားရှင်ရဲ့ တရားတော်တွေကို တရားတော်အတိုင်း ပြန်လည်ဟောကြားပေးတဲ့သူ ဆိုတာ
ဘုန်းကြီးတွေပဲ။

ဆိုတော့ မေးစရာရှိတာပေါ့။
“အရှင်ဘုရားကလဲ၊ ဘုန်းကြီးတွေ ပေါမှပေါ၊
ဒါ့ကြောင့် အရှင်ဘုရားပြောတယ်။ (တွေ့) ရခဲမှ ရတနာ တဲ့။
နေ့တိုင်းတွေ့နေရတဲ့ ဒီဘုန်းကြီးတွေကို ဘယ်လိုလုပ်
ရတနာစာရင်းထဲ ထည့်ထားရတာလဲ” လို့။

ဘုန်းကြီးပေါတာတော့ ဟုတ်ပါတယ်။
တရားဟောတဲ့ဘုန်းကြီးတွေ ပေါတာလဲ ဟုတ်ပါတယ်။
ဒါပေမဲ့ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကို တရားတော်အတိုင်း
တိတိကျကျ မှန်မှန်ကန်ကန် ဟောကြားပေးတဲ့ ဘုန်းကြီးကို
တွေ့ရခဲတယ်လို့ ပြောတာပါ။

ဒီလိုဘုန်းကြီးမျိုးမှ ရတနာနဲ့ တွဲစပ်ပြီး ဘုန်းကြီးရတနာလို့ ခေါ်ရမှာပါ။
ဒီလို မဟုတ်ရင် ဘုန်းကြီးတော့ ဘုန်းကြီးပဲ။ ဘုန်းကြီးရတနာ မဟုတ်ဘူးပေါ့။

သိပြီးဖြစ်တဲ့အတိုင်း တရားဟောဘုန်းကြီးတွေ အများကြီးပဲ။
တရားဟောပလ္လင်ပေါ်ရောက်တာနဲ့ သူပြောချင်ရာ စွပ်ပြောတော့တာပဲ။

ကြားဘူးတာလေး ပြောရအုံးမယ်။
တစ်နေရာမှာ ညတရားပွဲတွေ ကျင်းပတယ်တဲ့။
ကြေငြာတာ ကြော်ငြာတာကတော့ အထူးတရားပွဲ တဲ့။

ဘယ်လိုတရားပွဲတွေက ထူးတဲ့ ရှယ်တဲ့ တရားပွဲ၊
ဘယ်လိုတရားပွဲတွေက မထူးတဲ့ မရှယ်တဲ့ တရားပွဲဆိုတာ ခုထိ
ကိုယ်တော့ သဘောမပေါက်သေးဘူး။
ထား။

အဲ့တရားပွဲမှာ တကယ်နာမည်ကြီးတဲ့ဆရာတော်တွေရော၊
သူ့နည်းသူ့ဟာနဲ့ နာမည်ကြီးတဲ့ဆရာတော်တွေရော၊ မျိုးစုံပေါ့။ ဟောကြတာ။
တစ်ညကျတော့ ခပ်ရွှင်ရွှင် နာမည်အတော်အသင့်ရ
တရားဟောဆရာတော်လေး ပလ္လင်ပေါ်တက်ဟောတာပေါ့။
သီလယူပြီး သူ့တရားပွဲအဖွင့် နှုတ်ခွန်းဆက်စကားက
“ကဲ၊ ပရိသတ်ကြီး၊ မနေ့ညက ဟောသွားတဲ့ဘုန်းကြီးနဲ့
အခုဟောမဲ့ဘုန်းကြီး ဘယ်ဘုန်းကြီးက ပိုချောသတုန်း “ တဲ့။
ပရိသတ်တွေကလဲ ပြုံးပြုံး ပြုံးပြုံးနဲ့တဲ့။
ဒါမျိုးပြောတဲ့ ဟောတဲ့ဘုန်းကြီးတွေကို သဘောကျနေဟန်တူပါရဲ့၊
ဒီလိုဟောနေတဲ့ဘုန်းကြီးမျိုးကတော့ (တွေ့) ရခဲတဲ့ဘုန်းကြီး
ဘုန်းကြီးရတနာလို့ ပြောဘို့ ခက်မယ်ထင်ပါတယ်။

ဒါ့ကြောင့် နာမည်ကြီးတရားဟောဆရာတော်ကြီးတစ်ပါးက
သူ့တပည့်တရားဟောနေတဲ့ ဦးဇင်းငယ်တွေကို
“တရားဟောပလ္လင်ပေါ်တက်ရင် ပလ္လင်နဲ့ ထိုက်တန်တဲ့စကားကို ပြောဆိုရမယ်”လို့
ဆုံးမလေ့ရှိသတဲ့။
အတော်မှတ်သားစရာကောင်းပါတယ်။
တွေးရင် တွေးသလောက် လေးနက်မှုရှိပါတယ်။

ဘုန်းကြီးတွေ ပေါများတာနဲ့ စပ်လို့
နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းမြောက်များစွာသီတင်းသုံးသာသနာပြုနေတဲ့
ပီနန်ဆရာတော်ကြီးရဲ့ စကားတစ်ခွန်းကလဲ အတော်ထိတယ်။

အရင်တုန်းကတော့ နိုင်ငံရပ်ခြားမှာ ဗမာဘုန်းကြီး နှစ်ပါး သုံးပါးလောက်သာ ရှိတာမို့လား။
ဒီတော့ ဘုန်းကြီးရဟန်းတွေနဲ့ ကင်းပြီး မနေနိုင်တဲ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက
ပီနန်ဆရာတော်ကြီးကို
“ဗမာဘုန်းကြီးကလဲ ရှားပါလိုက်တာဘုရား၊ မူးလို့တောင် ရှူစရာမရှိတော့ဘူး”
လို့လျှောက်ကြသတဲ့။

အခု ၁ဝ စုနှစ်အတောအတွင်း နိုင်ငံအသီးသီးမှာ
ဘုန်းကြီးရဟန်းများရောက်ကုန်ကြပါပြီ။
အမေရိကကိုပဲ ကြည့်မလား၊ အင်္ဂလန်ကိုပဲ ကြည့်မလား၊
အိမ်နီးချင်းနိုင်ငံများဖြစ်ကြတဲ့ မလေးရှား၊ စင်္ကာပူ၊ ထိုင်း စတဲ့နိုင်ငံတွေကိုပဲ ကြည့်မလား။
ပေါမှပေါ။ ဘုန်းကြီးတွေ။

ဒီတော့ အခန်းအနားတစ်ခုမှာ ပီနန်ဆရာတော်ကြီးက အမိန့်ရှိတယ်။
“လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်တုန်းကတော့ နိုင်ငံရပ်ခြားမှာ
ဗမာဘုန်းကြီးတွေ မူးလို့တောင် ရှူစရာမရှိဘူး။
အခုများတော့ ရှူရလွန်းလို့ လူတွေ မူးတောင် မူးကုန်ပြီ” တဲ့။

ဘယ်လိုပဲဖြစ်ဖြစ်လေ၊
နံပါတ် (၂) ဖြစ်တဲ့ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားတော်များကို
တရားတော်အတိုင်း ပြန်လည်ဟောကြားပေးနိုင်တဲ့သူဖြစ်အောင်
တနည်းအားဖြင့် ဘုန်းကြီးရတနာဖြစ်အောင်
တနည်းအားဖြင့် ဘုန်းကြီးပေါ မဖြစ်အောင်တော့ ကြိုးစားရမှာပ။