“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”အပိုင်း(2) (သင်္ကြန်ဝိဉာဉ်…………..)

“မန်းသင်္ကြန် တူးပို့ မြို့မ သင်္ကြန်မင်းသားများ ဟစ်ဟော့နဲ့ အီလက်ထရိုဗုံသံ”အပိုင်း(2)
(သင်္ကြန်ဝိဉာဉ်…………..)

(သင်္ကြန်ဝိဉာဉ်…………..)
မွေးကထဲက ရင်ထဲမှာ သင်္ကြန်ဝိဉာဉ်အပြည့်ကိန်းအောင်းနေတဲ့မန်းလေးသားကျွန်တော်အဘို့ကတော့ သင်္ကြန်နဲ့ပါတ်သက်ရင် အမှတ်တရတွေများမှာများပါ။
မှတ်မှတ်ရရ ကျွန်တော် မူလတန်းကျောင်းသားဘဝမှာ ကျွန်တော်တို့ အတန်းပိုင်ဆရာမက
“အခုတစ်ပါတ်ရုံတင်မယ့် ရုပ်ရှင်ထဲမှာ တီချာ ပါတယ် သားတို့ကြည့်ဖြစ်အောင်ကြည့်”လို့မှာပါတယ်။
ဒီတော့ လဲကျွန်တော်တို့ကလည်း ကိုယ့်ဆရာမပါတယ်ဆိုတော့ အိမ်ကိုပူဆာတာပေါ့။
အိမ်ကလဲ အဲဒီကားရုံတင်တော့ လိုက်ပြပါတယ်။
ဒါပေမယ့် ရုပ်ရှင်သာပြီးသွားတယ် ကျွန်တော်တီချာကို မြင်တောင်မမြင်လိုက်ရပါဘူး။
အိမ်ကလူကြီးတွေကလဲ ဝိုင်းကြည့်ပေးတာမတွေ့ပါဘူး။
နောက်နေ့ကျောင်းရောက်တော့ ဆရာမကိုပြောတာပေါ့
“တီချာကို ရုပ်ရှင်ထဲမှာမတွေ့ဘူး”ပေါ့
အဲဒီတော့မှာ တီချာက
“သင်္ကြန်မဏ္ဍပ်မှာယိမ်းကတဲ့အဖွဲ့ထဲကအလယ်တန်းဘေးအစွန်ဆုံးကတီချာလေ”
လို့ပြောပါတယ်။အဲဒီဇာတ်ကားကတော့ နောင် မန်းသင်္ကြန်ရဲ့ပထမဦးဆုံးသော
သင်္ကြန်မင်းသားဖြစ်လာမယ့် ဝင်းဦးရဲ့ အအောင်မြင်ဆုံးလူကြိုက်အများဆုံး မန်းလေးသင်္ကြန်ကို
အပြည့်စုံဆုံးရို်က်ပြခဲ့တဲ့ “မောင်တို့ချယ်ရီမြေ “ဇာတ်ကားပါဘဲ။
နည်းနည်းလေးကြီးလာတော့ ကိုးနှစ်ဆယ်နှစ်အရွယ်ရောက်တော့ သင်္ကြန်ဆိုရင် ဝင်းပေါက်လမ်းမကနေ
မေ့လောက်မှ လူတစ်ခါလာတာ စက်ဘီးလာတာ ကားတစ်စီးတစ်လေလာတာကို စောင့်ပက်ရတာကို
မကြိုက်တော့ပါဘူး။
ဒါပေမယ့်လည်းကျုံးဘေးသွားကစားမယ်ဆိုပြန်တော့ လဲအိမ်ကစိတ်မချ။
ဒီတော့ အပြင်ထွက်ဘို့ နည်းလမ်းကတော့ ဦးလေးတွေစက်ဘီးနဲ့ရေပက်ခံထွက်ရင်လိုက်ဘို့ပူဆာရပြန်ပါတယ်။
ကျွန်တော်တို့ဦးလေးတွေသူငယ်ချင်းတွေအုပ်စုက စက်ဘီးလေးငါးစီးနဲ့ရေပက်ခံထွက်ပါတယ်။
စက်ဘီးလက်ကိုင်မှာ ရေပုံးချိတ် အဲဒီထဲကို ဒန်ဖလားထဲ့ပြီး အရပ်တကာမဏ္ဍပ်တကာကိုလည်ပါတယ်။
အဓိကသွားတဲ့နေရာကတော့ သူတို့လိုက်နေတဲ့ကောင်မလေးတွေရှိတဲ့”ဘုရားကြီးအောက်ကျင်း”ကမဏ္ဍပ်မှာကျောက်ချလို့ရပ်ပါတယ်။
ကောင်မလေးတွေဆီက ရေတောင်း ရရင် သူတို့မှာပါလာတဲ့ ပုံးထဲကိုထည့် အဲဒီရေနဲ့သူတို့ကိုပြန်ပက်။
ဟိုကလဲ ရှက်သလိုလိုနဲ့သူတို့ကိုပြန်ပက်၊အသံမထွက်တဲ့မျက်လုံးတွေနဲ့စကားပြော။
ကျွန်တော်ကလဲ အဲဒီမဏ္ဍပ်က ရွယ်တူကလေးတွေနဲ့ပေါင်းလို့ရေဆော့။
မောရင် မဏ္ဍပ်ဘေးမှာ စတုဒီသာကြွေးတဲ့မုန့်ကိုသွားတောင်းစား။
ပြီးရင်ပြန်ကစား။
ဒါနဲ့ဘဲသင်္ကြန်တစ်ရက်ပြီးသွားတတ်ပါတယ်။
တစ်နှစ်မှာတော့ အဲလိုဦးလေးတွေနဲ့လိုက်သွားတုံးကပေါ့။
ဘုရားကြီးအောက်ကျင်းမဏ္ဍပ်ရောက်တော့ ထုံးစံအတိုင်း ဦးလေးကလဲ သူ့ကောင်မလေးနဲ့အီစီကလီတွေလုပ်နေပါတယ်။
ကျွန်တော်နဲ့ကစားဖော်တွေရောက်မလာတော့ တစ်ယောက်ထဲရေကစားရတာပျင်းလာပါတယ်။
အဲဒီအချိန်ဦးလေးသူငယ်ချင်း “ကိုစိုး”ကစက်ဘီးတွန်းလာတာမြင်တော့ ကျွန်တော်ကလိုက်မယ်ပြောတဲ့အခါ
သူက ခေါင်းခါပြပါတယ်။
အဲဒါကိုဇွတ်လိုက်မယ်ဆိုပြီး ဇွတ်တွယ်ကပ်နေတော့
“ ငပေါက် လိုက်ချင်ရင်လိုက်ခဲ့ လမ်းရောက်မှ ပြန်ချင်တယ်မပြောနဲ့ ငါကတော့တစ်နေကုန်လည်မှာ“လို့ပြောပါတယ်။
ကျွန်တော်ကလဲဇွတ်ကိုစက်ဘီးဘားတန်းပေါ်တက်လိုက်သွားပါတယ်။
ဖြစ်ချင်တော့ ကျွန်တော်လိုက်သွားတာကိုဦးလေးက မသိလိုက်ပါဘူး။
စစခြင်း ကျွန်တော်တို့ကဘုရားကြီးလေးဆယ်ငါးတာကနေအရှေ့ကိုတက် ဘုရားကြီးတောင်ဘက်မုဒ်ကရေကစားတဲ့မဏ္ဍပ်မှာဝင်လို့ရေဆော့ပါတယ်။
အဲဒီကနေထွက်တော့ 28လမ်း-လမ်း80ဒေါင့်နားကအရက်ဆိုင်ဝင်ပြီး
အချမ်းပြေဆိုပြီးဝင်တွယ်ပါတယ်။ကျွန်တော်ကတော့ အမြည်းစားပေါ့။
နောက်အဲဒီကနေထွက် ပြီး 26ဘီလမ်းကျုံးဒေါင့်ရောက်တော့ မြမာလာနို့အေးဘားမှာ
ကျွန်တော်တို့မုန့်ဝင်စားကြပါတယ်။
ကျွန်တော်တို့အိမ်နဲ့တစ်ပြဘဲဝေးတော့ “နေခဲ့မလား”လို့မေးတော့ အလည်မက်တဲ့ကျွန်တော့်
“ဟင့်အင်း”ပေါ့။
အဲဒီကနေဆက်ပြီးနန်းရှေ့ကသူ့ သူငယ်ချင်းတွေအိမ်ကိုသွားပါတယ်။
ဟိုရောက်တော့ သူတို့ကဆက်သောက်။
ကျွန်တော်ကအဲဒီက ကလေးတွေနဲ့ရေဆက်ကစား။
နောက်တော့ မန်းလေးတောင်ခြေသွားမယ်ဆိုပြီးအုပ်စုလိုက်ကြီးချီတက်ကြပါတယ်။
ကလေးကတော့ကျွန်တော်တစ်ယောက်ထဲပါ။
နောက်တော့ သုဓမ္မာဇရပ်တန်းမှာသူတို့အဖွဲ့ခွက်ပုန်းဆက်အုပ်ကြပါတယ်။
အတော်ကြီးညနေစောင်းမှအိမ်ပြန်ရောက်ပါတယ်။
အိမ်လဲရောက်ရော လူကြီးတွေကို ဒုက္ခပေးအုံးဆိုပြီး တုတ်နဲ့ဆော်ပလော်တီးတာခံရပါတော့တယ်။
ဦးလေးအိမ်ပြန်တော့ ကျွန်တော်ပါမလာတော့ သူကိုလဲဝိုင်းဆူကြပါသတဲ့။
သွားတတ်မယ်ထင်တဲ့နေရာကိုလိုက်ရှာပြန်တော့လဲမတွေ့နဲ့။
တစ်အိမ်လုံးစိတ်ပူကြပါသတဲ့။
နောက်မှတစ်ယောက်က ကိုစိုးနဲ့ မြမာလာနို့်အေးဘားထဲကထွက်သွားတာတွေ့တယ်ဆိုမှ
နည်းနည်းစိတ်အေးကြရပါသတဲ့။
ဒါပေမယ့်လဲအိမ်ပြန်ရောက်တော့ ဆော်ခံရတာ လည်ရတာနဲ့တောင်မတန်ပါဘူးဗျာ။
ဒါလေးကတော့ သင်္ကြန်ထဲကအမှတ်တရလေးပေါ့။
ကျွန်တော်အမြင်ပြောရရင် တော့ပိုတယ်ထင်မလားဘဲမသိဘူး။
မန္တလေးသူ မန္တလေးသားများအတွက်ကတော့ သင်္ကြန်ဝိဉာဉ်ဆိုတာ မွေးကတည်းက
အတူပါလာတယ်ထင်တာပါဘဲ။

(လှလွန်းလို့လာရှာသူကို ………………….ဖိုးညိုမြဘွဲ့ကိုများနှင်းမှာလားခင်……………)

ဟိုးအရင်ကသင်္ကြန်ဆိုတာအခုခေတ်လို ကျုံးပါတ်ပါတ်လည်ကွက်ကွက်လေးမဏ္ဍပ်ရှိတာမဟုတ်ပါဘူး။
မန်းလေးမြို့လေးပြင်လေးရပ်မှာ နာမယ်ကြီးပေ့ဆိုတဲ့ ကိုယ်ပိုင်မဏ္ဍပ်တွေလဲရှိတယ်။
ရပ်ကွက်ကလုပ်တဲ့မဏ္ဍပ်တွေ၊ဌာနဆိုင်ရာ မဏ္ဍပ်တွေ ၊နယ်မြေမဏ္ဍပ်တွေလဲရှိတယ်ဆိုတော့ ဘယ်နေရာသွားသွား ကြည့်ချင်စရာတွေချည်းပါဘဲ။
အများအားဖြင့်ကတော့ အကမဏ္ဍပ်ကြီးတွေက သပ်သပ်၊ရေပက်ခံမဏ္ဍပ်ကသပ်သပ်များပါတယ်။
ရေပက်ခံမဏ္ဍပ်ကတော့ သီချင်းတွေဖွင့်ပြီးရေပက်။
အကမဏ္ဍပ်တွေကတော့ ညမှကတာများပါတယ်။
အကမဏ္ဍပ်တွေက ရေပက်တယ်ဆိုရင်လဲ စင်မကြီးဘေးမှာစင်သေးသေးလေးထိုးလို့ရေသတ်သတ်ပက်ကြပါတယ်။
ရပ်ကွက်တိုင်းမှာစင်ထိုးပြီး ရေစည်ပိုင်းတွေတင်ရေပိုက်လေးတွေဆင်စင်ပေါ်ကလူကပိုက်နဲ့ပက်။
သင်္ကြန်သီချင်းတွေဖွင့်လို သင်္ကြန်အကတွေကို က ။
တစ်ချို့ကြတော့ အုန်းလက်ကလေးတွေနဲ့ယာယီမဏ္ဍပ်လေးတွေထိုး ၊
ရေစည်ပိုင်းတွေချ လို့ရေကစားကြပါတယ်။
ကားနဲ့လည်တဲ့သူ၊စက်ဘီးနဲ့လည်တဲ့သူ၊ဆိုက်ကားနဲ့လည်တဲ့သူ။မြင်းလှည်းနဲ့လည်တဲ့သူ
ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်ကြတာပါ။
ခြေလျင်လည်တဲ့သူကလဲလည်လို့ တစ်မြို့လုံးလမ်းပေါ်ရောက်နေပါတယ်။
ကျွန်တော်တို့လူပျိုပေါက်ရောက်တော့ ကိုယ့်သူငယ်ချင်းတွေစုလို့ ဦးလေးတို့တုန်းကလိုစက်ဘီးတွေနဲ့လည်ကြပါတယ်။
တစ်မြို့လုံးမှာက မဏ္ဍပ်တွေရှိတော့ လေးပြင်လေးရပ်စလုံးနှံ့အောင်လည်ဘို့ အစီအစဉ်တွေဆွဲကြရပါတယ်။
သူငယ်ချင်းတွေကြားမှာညှိရတာ တစ်ခါတစ်လေ စကားတွေများရပါတယ်။
သူငယ်ချင်း အချင်းအချင်းကလဲ အတူတူလည်ချင် ကိုယ်လိုက်နေတဲ့ကောင်မလေးရှိတဲ့မဏ္ဍပ်ကိုလဲသွားချင်
ဘယ်သူနဲ့မှ မညိသေးတဲ့သူကလဲ နာမယ်ကြီးကောင်မလေးတွေရေကစားမယ့်နေရာကို သွားချင်သလို
သင်္ကြန်မှာမှ အပြင်ကိုထွက်လာမယ့် အိမ်တွင်းပုန်းမလေးတွေကိုမှ ရှာချင်သူတွေကလဲတစ်မျုးိ
ဆိုတော့ ရင်ထဲမှာဖြစ်ချင်တာတွေက များနေကြပါတယ်။
ဒါပေမယ့်လဲနောက်တော့ အုပ်စုလိုက်ကြီး သင်္ကြန်မပြီးမချင်းတတွဲတွဲနဲ့နေရောညပါ မြို့အနှံလည်ကြပါတော့တယ်။
ကိုယ်နဲ့ပြေလည်ပြီးသားသူတွေကတော့ မဏ္ဍပ်ကိုဝင်ရေတွေအပြန်အလှန်လောင်းလို့အိုကေမှာစိုပြေနေကြပေမယ့်
အခုမှစတွေ့လို့ အပျုးိတွေနိဒါန်းတွေလုပ်နေသူများကတော့ သူမျက်စေ့ကျနေတဲ့ကောင်မလေးကို တရစ်ဝဲဝဲလုပ်လို့ သူရှိတဲ့ မဏ္ဍပ်နားကမခွာနိုင်ဘဲ“ဖိုးညိုမြ”လုပ်ကြရပါတော့တယ်။

(ဆက်လက်ဖော်ပြပါမည်။)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

One comment

  • unclegyi1974

    March 29, 2011 at 4:18 pm

    ဟိုတုန်းကမိဖတွေနဲ့ဒီနေ့ခေတ်မိဖတွေကွာ
    တာဒါပဲလေ
    ဟိုတုန်းကကလေးလည်းအများကြီးမွေးကြတယ်
    မွေးတဲ့ကလေးကိုလည်းဂရုစိုက်ကြတယ်
    မျက်စိအောက်ကသိပ်အပျောက်မခံဖူး
    အခုခေတ်ကသိပ်လည်းမမွေးကြဖူး
    အိမ်မရှိရင်ပြီးရော သိပ်လည်းအရေးလုပ်မနေကြဖူး
    ကျောက်လမ်းမထွက်လည်းဂရုမစိုက်ဖူး
    တိုက်မိခိုက်မိကြမှ ငါ့သားငါ့သမီးလုပ်တတ်ကြတာ

Leave a Reply