ဇာတိ
ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို သူ့ခေတ်က ခေတ်စားနေတဲ့
အစွန်းရောက်ကျင့်စဉ်နှစ်မျိုးကို သုံးစားမရအောင်ပြောဆိုပြီး
အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) နဲ့ မိတ်ဆက်ပေးပါတယ်။
ပြီးမှ သစ္စာတရားကို ဟောကြားတော်မူပါတယ်။
သစ္စာဆိုတာ ပါဠိစကားပါ။
အမှန်၊ အရှိ၊ သဘာဝ လို့ မြန်မာလိုပြန်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။
ဘာပြုလို့လဲဆိုတော့ သစ္စာ ဆိုတဲ့စကားလုံးအောက်မှာ
အမှန်တရား၊ အရှိတရား၊ သဘာဝတရားတွေချည်း ဘုရားရှင်က ဟောထားလို့ပါ။
သစ္စာဆိုတဲ့ အမှန်တရား၊ အရှိတရား၊ သဘာဝတရားက လေးမျိုးရှိတယ်။
(၁) ဒုက္ခ
(၂) ဒုက္ခ၏အစ၊ ဒုက္ခဖြစ်ပေါ်ရခြင်းအကြောင်း – သမုဒယ
(၃) ဒုက္ခ၏ချုပ်ငြိမ်းရခြင်း – နိရောဓ
(၄) ဒုက္ခ၏ချုပ်ငြိမ်းရာသို့သွားရာလမ်း – မဂ္ဂ တဲ့။
(၁) ဒုက္ခ
ဘုရားရှင်က ပဉ္စဝဂ္ဂီငါဦးကို သစ္စာတရားဟောတဲ့အခါ
လောလောဆယ် ထင်သာမြင်သာဖြစ်တဲ့
လူတိုင်းတွေ့ကြုံခဲ့၊ တွေ့ကြုံဆဲ၊ တွေ့ကြုံနေရဦးမည်ဖြစ်တဲ့
ဆင်းရဲခြင်းဒုက္ခသဘောသဘာဝတွေကို သရုပ်ခွဲပြပါတယ်။
ပါရမီအတော်အသင့်ရှိသူတွေအဖို့
ဘုရားရှင်ထုတ်ပြတဲ့ ဒုက္ခသရုပ်ကို ကြားရပြီး ဖတ်ရပြီး
အိမ်ထောင်သားမွေးမပြုရသေးသူတွေဆိုရင်
အိမ်ထောင်သားမွေးပြုချင်စိတ် ကုန်သွားနိုင်ပါတယ်။
အိမ်ထောင်သားမွေး ပြုပြီးသူတွေဆိုရင်
သားမယားပစ်ထားခဲ့ပြီး တောထွက်သွားနိုင်ပါတယ်။
ဆင်းရဲခြင်းဒုက္ခနဲ့ပတ်သက်လို့ ဘုရားရှင် ပထမဦးဆုံးမိန့်တာက
“ဇာတိပိ ဒုက္ခာ – ပဋိသန္ဓေတည်နေရခြင်းက ဆင်းရဲတယ်” တဲ့။
အမိဝမ်းတွင်းမှာ ပထမဦးဆုံး ရုပ်သစ်၊ စိတ်သစ်ဖြစ်ပေါ်တာကို
ပဋိသန္ဓေတည်နေတယ်လို့ဆိုပါတယ်။
ပဋိသန္ဓေတည်နေမှုနေ့ပတ်သက်လို့
ဘုရားရှင်က
“ရှေးဦးစွာ ကလလရေကြည်၊
ကလလရေကြည်မှ အမြှုပ်၊
အမြှုပ်မှ သားတစ်၊
သားတစ်မှ အခဲ၊
အခဲမှ ခက်မငါးဖြာ (ဦးခေါင်း၊ ခြေ၊ လက်) တို့ ဖြစ်ကုန်၏။
ဆံ, အမွေး, ခြေသည်းလက်သည်းတို့လည်း ဖြစ်ကုန်၏” လို့ ဟောခဲ့ဘူးပါတယ်။
ဘုရားရှင်ရဲ့ ဟောကြားချက်ကို ထပ်ပြီး အဓိပ္ပါယ်ဖွင့်တဲ့
အဋ္ဌကထာဆရာတော်က
ပဋိသန္ဓေ စ နေတဲ့ပထမ (၇) ရက်မှာ ကလလရေကြည်ဖြစ်ပါတယ်။
နောက် (၇) ရက်မှာ အမြှုပ်ဖြစ်လာတယ်။
နောက် (၇) ရက်မှာ သားတစ်လေးဖြစ်လာတယ်။
နောက် (၇) ရက်မှာ အခဲတုံး (ခပ်ကြီးကြီးလေး) ဖြစ်လာပါတယ်။
နောက် (၇) ရက်မှာ ဦးခေါင်း၊ ခြေ၊ လက်တို့ ထင်ရှားလာပါတယ်။
နောက် (၇၇) ရက်ဝန်းကျင်မှာတော့ မျက်စိ၊ နား၊ နှာ၊ လျှာတွေ ပေါ်ပေါက်လာပါတယ်။
နောက် (၂၉၄) ရက်ဝန်းကျင်မှာ ဆံပင်၊ မွှေးညှင်း၊ ခြေသဲ၊ လက်သဲတွေ ပေါက်လာတယ်လို့ဆိုပါတယ်။
အဲ့ဒီနောက်တော့ ကိုယ်ဝန်ရင့်ကျက်ပြီး ကိုးလနှင့် ဆယ်လကြား မွေးဖွားတယ်တဲ့။
အချို့ ခုနစ်လ၊ ရှစ်လလောက်နဲ့လဲ ဖွားကြပါသေးတယ်တဲ့။
ဒါကတော့ ဗုဒ္ဓစာပေမှာလာတဲ့ ပဋိသန္ဓေနဲ့စပ်တဲ့မှတ်သားစရာလေးတွေပါ။
သိပ္ပံခေတ် ဆေးသုတေသနလေ့လာချက်တွေနဲ့ ဗုဒ္ဓစာပေလာ ဖော်ပြချက်တွေဟာ
အတော်ကိုက်ညီကြောင်း စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။
ထား။
ဒီနေရာမှာပြောချင်တာက ဒီလိုအမိဝမ်းတွင်းမှာ
ကိုးလကျော် ဆယ်လနေခဲ့ရတဲ့ ဇာတိဒုက္ခအကြောင်း။
ဇာတိဒုက္ခ – ပဋိသန္ဓေနေတုန်းဆင်းရဲတာကို ပီပြင်အောင်
အဋ္ဌကထာဆရာတော် ရှင်မဟာဗုဒ္ဓဃောသ က
သူ့ရဲ့ ဝိသုဒ္ဓိမဂ်ကျမ်း (The Path of Purification) မှာ
ပီပီပြင်ပြင် ရေးပြထားတယ်။
မြန်မာပြည်က ဆရာတော်ကြီးတစ်ပါးက လင်္ကာသီကုံးထားတယ်။ ကောင်းမှကောင်း။
စာဟောင်းစာသစ်၊ အောက်ထက်ဝန်းရံ၊
ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊
ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊
မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊
မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊
အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍၊
လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊
ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။
ရှင်းလင်းချက်
စာဟောင်းစာသစ်၊ အောက်ထက်ဝန်းရံ၊
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ရဲ့အစာဟောင်းအိမ် (ချေးထုပ်) ကို ဖင်ခုထိုင်ထားရပြီး
အစာသစ်အိမ်ကို ခေါင်းနဲ့ ရွက်ထားရတယ်တဲ့။
ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊
ပုပ်နံ့ထွက်နေတဲ့ အညစ်အကြေတွေနဲ့ ပြည့်နေတဲ့ သားအိမ်ထဲမှာ
မိခင်ရဲ့ ကိုယ်ဝန်ဆောင် သွေးနဲ့ မိဘ နှစ်ဦးတို့၏ အညစ်အကြေး သုက်သွေးတို့ကို မှီခိုနေရတာဖြစ်လို့
မိခင်ဝမ်းတွင်းက ခလေးအနေအထားဟာ
မစင်တွင်းထဲက ပိုးလောက်နဲ့ ထူးမခြားနားပါ တဲ့။
ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊
မေးဖျားလက်ဆုပ်၊ သစ်ငုတ်တိုမှာ၊ မျောက်အိုကုပ်သည့်နှယ်၊
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
အမိကျောဘက်ကို မျက်နှာမူပြီး ဒူးနှစ်လုံးတို့၏အကြား၌ ခေါင်းကိုထားလျက်
မေးအောက်မှာ လက်နှစ်ဘက်ဆုပ်ကာ နေနေရတယ် တဲ့။
ဒီအနေအထားက ဘာနဲ့ တူသလဲ ဆိုရင်
သစ်ငုတ်တိုပေါ်၌ မျောက်အိုတစ်ကောင် ကုပ်ကုပ်လေး နေနေသလိုဘဲ တဲ့။
မလှုပ်မရှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ဖြစ်သူ မြန်မြန်ဆန်ဆန် သွားတဲ့အခါ၊ ကုန်ချီကွချီပြုတဲ့အခါတွေမှာ
အရက်သမားလက်ထဲရောက်နေတဲ့ ဆိတ်ပေါက်စလို၊
မြွေ-အလမ္ပာယ်ဆရာက မြွေကိုဖမ်းပြီး အမျိုးမျိုး နှိပ်စက် ညှဉ်းပန်းသလို
မချိမဆန့် ခံစားရတယ် တဲ့။
အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍
ကိုယ်ဝန်တည်ချိန် အမိဝမ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ဖြစ်သူ အစပ်စားရင် လှံနဲ့ထိုးပြီး ဆားနဲ့ပက်သလို ခံစားရတယ်တဲ့။
အပူစားရင် မီးနဲ့မြှိုက်သလို ခံစားရတယ်တဲ့။
အအေးစာတွေကို စားရင် ရေခဲတုံးကြီးနဲ့ ဖိထားသလို ခံစားရတယ်တဲ့။
ဒီလိုဒုက္ခခံရတာက သေလုမတတ် အသားတဆတ်ဆတ်နဲ့ကို ခံစားရတာပါတဲ့။
(ဒါ့ကြောင့် မိခင်တွေ အစားအသောက် ဆင်ခြင်သင့်ပါတယ်)
လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်ဝယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊
ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။
အချိန်တန်လို့ ဗိုက်နာလာရင် ခြေထောက်ကို အထက်၊
ဦးခေါင်းကို အောက်ဘက်သို့ စောက်ထိုးမိုးမျှော် လှည့်ရပါတယ်။
ပြီးတော့ မဂ်ဝသို့ရောက်သောအခါ သေးငယ်တဲ့ သံပေါက်ကျဉ်းကျဉ်းလေးထဲကနေ
ဆင်ပြောင်ကြီးကို ဆွဲထုတ်ရသလို ခလေးခမျာ ခံစားရသတဲ့။
ကတ္တရာလမ်းကြိတ်တဲ့ ကားကြီးနဲ့ အကြိတ်ခံရသလို
ခလေးခမျာ ခံစားရှာသတဲ့။
ဒါ့အပြင် ကောင်းစွာမီးမဖွားနိုင်ရင် မိခင်ချမ်းသာ ပြီးရော,
ကလေး ဘယ်လို ဖြစ်ဖြစ် ဟု ဆိုသူက ဆိုကြသေး၏။
မိခင်ဝမ်းတွင်းမှာ လေတောင် အတိုးမခံရလို့ အလွန်နုရွနေတဲ့ ခလေးသူငယ်ကို
တခါတလေ ညှပ်နဲ့ ဆွဲထုတ်ရတယ်တဲ့။
အပြင်သို့ ရောက်လာရင်လဲ အဝတ် ကြမ်းတမ်းတွေနဲ့ ကိုင်တွယ်လို့
ခလေးခမျာ အပ်နဲ့ ထိုးဆွသလို ခံစားရရှာတယ်။
အော်၊ ဇာတိဒုက္ခ ၊ ဇာတိဒုက္ခ၊ ဇာတိဒုက္ခ။
ရည်ညွှန်း၊ မင်္ဂလာသတင်းစဉ်၊ မော်လူး
5 comments
bigcat
March 31, 2011 at 4:01 am
သစ္စာလေးပါးကို အကျိုးပြီးမှ အကြောင်း ပုံစံနေရာချထားတယ်လို့ တွေ့မိပါတယ်။ အကြောင်းထူး တစုံတရာ ရှိပါသလား အရှင်ဘုရား။
ဒုက္ခ – အကျိုး၊ သမုဒယ – အကြောင်း
နိယောဓ – အကျိုး၊ မဂ္ဂ – အကြောင်း
ashinindaka
March 31, 2011 at 4:13 am
ရှိနေတဲ့ ပိုင်ဆိုင်နေတဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးကိုက ဒုက္ခဖြစ်နေတဲ့အတွက် ထင်သာမြင်သာလို့ ဒုက္ခဆိုတဲ့ အကျိုးတရားကို အရင်ပြောတယ်ထင်ပါတယ်။ အထင်ပါ။
အကျုိုးလေး ပြကာ ပြကာ အကြောင်းရှာခိုင်းရင် ပိုအဆင်ပြေမယ်လို့လဲ ထင်ပါတယ်။
ashinariya
March 31, 2011 at 8:49 am
အရိယသစ္စာဓမ္မလမ်းညွှန်
ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားနှင့် ဗြဟ္မဏဝါဒ ပရ¬မတ္တသစ္စာဒဿနတို့နှင့် ဗုဒ္ဓ၏ကံ/ ဂျိန်းကံတို့အား ကွဲကွဲပြားပြား သိရှိဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ဗုဒ¬္ဓဓမ္မစီးဆင်းခဲ့သည့် အတိတ်သမိုင်းကို သေသေချာချာ လေ့လာနိုင်ကြပါစေ။ သမိုင်းကို မသိရင် လူအ ဖြစ်လိမ့်မယ်လို့ သမိုင်းပညာရှင်တစ်ဦးက ဆိုထားပါတယ်။ ထပ်ပြီးတော့ သမိုင်းကို တလွဲသိနေရင် ရူးလိမ့်မယ်။ မိမိတို့ ရိုးရာစွဲ၊ ဆရာစွဲ၊ နည်းစွဲ၊ ဝါဒစွဲများဖြင့် အသိဉာဏ်များ မပိတ်ထားကြပါနှင့်။ ဖွင့်ထားသော မျက်စိ၊ နား၊ ဉာဏ်တို့ဖြင့် နှိုင်းယှဉ် လေ့လာကြပါ။ ရှေ့ဘဝ၊ နောက်ဘဝစွဲ ဂျိန်းဝါဒ စိတ်ကူးယဉ်အယူအဆနှင့် လူ့တန်ဘိုးမဲ့အောင်၊ လူ့ဝတ္တရားတွေပျက်ကွက်အောင် တစ်ကိုယ်ကောင်းဝါဒ ပရမတ္တသစ္စာ ဟိန္ဒူဗြဟ္မဏဒဿနတို့ဖြင့် ဖုံးလွှမ်းခြင်းခံနေရသော ဗုဒ္ဓ၏ ရိုးရှင်းသည့် အရိယသစ္စာနှင့် ကံကိုသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ ရှေ့ဘဝ၊ နောက်ဘဝအစွဲနှင့် ပရမတ္တသစ္စာဒဿနတို့ဖြင့် အိပ်ပျော်နေကြသော မိတ်ဆွေများ အိပ်ခြင်းမှ နိုးထနိုင်ကြပါစေ။ ဓမ္မ E-book စာအုပ်များ လေ့လာလိုပါက http://sites.google.com/site/sayamvasi/toe-bookspage အင်တာနက် လိပ်စာတွင် download ဖြင့် ရယူနိုင်ပါသည်။ လေ့လာဖို့အတွက် နောက်ထပ်လိပ်စာကတော့ http://myanmarengineer.org/forums/archive/index.php/t-2632.html ဖြစ်ပါတယ်။ Mp.3 များ download ပြုလုပ်မှုအခက်အခဲဖြစ်ပါက http://dhammaroad.multiply.com တွင် အပိုင်း (၁)/အပိုင်း (၂)များခွဲ၍ စီစဉ်ပေးထားပါတယ်။
ashinindaka
April 1, 2011 at 12:34 am
ကျေးဇူးအထူးတင်ရှိပါတယ် အရှင်အရိယ။
char too lan
April 1, 2011 at 5:44 am
ဒီလိုဆို မိဘမေတ္တာနဲ့ ကလေးဒုက္ခက ခံစားရမှုအပိုင်းမှာ ပြောင်းပြန်အချိုးကျတာပေါ့နော်!
ဆရာတော်နှစ်ပါးလုံးကိုကျေးဇူးတင်ပါတယ် ……….