ပန်းတိုင်

ashinindakaApril 7, 20111min1224

သစ္စာလေးပါးထဲမှာ တတိယမြောက်သစ္စာက နိရောဓသစ္စာတဲ့။
နိဗ္ဗာန်အမှန်တရားပေါ့။

ဗုဒ္ဓဘာသာဝင်တို့အဖို့
နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါတယ်။
ကကြီး ခခွေး မဆိုတတ်ခင် မရေးတတ်ခင်ကတည်းက
ဩကာသကန်တော့ချိုးထဲမှာပါတဲ့
“နိဗ္ဗာန် တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဆိုတာကို
မိဘတွေနဲ့အတူ လိုက်ဆိုတတ်နေပြီ။

ကလေးသဘာဝ နိဗ္ဗာန်ဆိုတာကြီးက ဘယ်လိုဟာကြီးလဲ၊ ဘာကြီးလဲ လို့ စပ်စုကြည့်တော့
အလွန်ချမ်းသာတဲ့တရားကြီးပေါ့ကွယ် လောက်သာ မိဘတွေ ဖြေဆိုတတ်တယ်။
ဒီထက်ပို မဖြေတတ်တော့ဘူး။
ဒါပေမဲ့ နိဗ္ဗာန်ဆိုတာ ရယူရမဲ့ လိုအပ်တဲ့ ရှိရမဲ့အရာတစ်ခုလို့တော့ ခံစားမိသလိုပဲ။

ကိုရင်ပေါက်စဘဝ (အဘိဓမ္မာ) သဂြိုဟ်သင်တော့ စာချဘုန်းကြီးက
ပရမတ်တရား (၄) ပါးကို ပြောပြပါတယ်။
ပရမတ်တရား (၄) ပါးဆိုတာ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တဲ့။
စာချဘုန်းကြီးပြောတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတာ
စိတ္တ၊ စေတသိက၊ ရူပ၊ နိဗ္ဗာန ဆိုတဲ့ပါဠိပုဒ်တွေက လာတာ။
ပရမတ်ဆိုတာကိုက ပရမတ္ထ ဆိုတဲ့ပါဠိပုဒ်က လာတာ။

ဆိုတော့ ငယ်ရွယ်တဲ့ ကိုရင်တစ်ပါးအနေနဲ့
စာချဘုန်းကြီးပြောတဲ့ စိတ်ရဲ့ အဓိပ္ပါယ်ကိုလဲမသိဘူး။
စေတသိက်ရဲ့ အဓိပ္ပါယ်ကိုလဲမသိဘူး။
ရုပ်ရဲ့ အဓိပ္ပါယ်ကိုလဲမသိဘူး။
နိဗ္ဗာန်ရဲ့ အဓိပ္ပါယ်ဆိုတာ ဝေလားဝေး။

စိတ္တကို စိတ်လို့ဘာသာပြန်တာ၊ နိဗ္ဗာနကို နိဗ္ဗာန်လို့ဘာသာပြန်တာဟာ
စရာပေတွာ၊ စရာပေတ်၍။ လို့ဘာသာပြန်တာထက် ပိုပြီးနားလည်ရခက်ပါတယ်။

အဲ၊ ဒါပေမဲ့ သဂြိုဟ်စာအုပ်ရဲ့ တစ်နေရာမှာတော့ နိဗ္ဗာန်နဲ့ပတ်သက်လို့
နိဗ္ဗာန်ဆိုတဲ့သဘောသဘာဝ ခပ်ပျပျ အဓိပ္ပါယ်လေးကို တွေ့လိုက်ရတယ်။
နိဗ္ဗာန်ဆိုတာကို မဂ်ဉာဏ်လေးပါးနဲ့(သာ) မျက်ဝါးထင်ထင် တွေ့မြင်ရတယ်တဲ့။
နိဗ္ဗာန်ဆိုတာ မဂ်ဖိုလ်တို့ရဲ့ အာရုံဖြစ်တယ်တဲ့။
ဝါနလို့ခေါ်တဲ့ တဏှာမှ လွတ်မြောက်တတ်လို့ ထွက်မြောက်တတ်လို့ နိဗ္ဗာန်လို့ခေါ်တယ်တဲ့။
(သဂြိုဟ်-ရုပ်ပိုင်း၊ ပုဒ်ရေ – ၆၂)

ဒါကလဲ ပြီးပြည့်စုံတဲ့ ရှင်းလင်းတဲ့ (သူလို ကိုယ်လို သာမန်လူတွေ)
နားလည်လွယ်တဲ့ ရှင်းလင်းချက်တော့ မဟုတ်သေးပါဘူး။
ဆိုတော့ အဲ့အချိန် သဂြိုဟ်ကို သင်နေရတဲ့အချိန် ကိုရင်ပေါက်စ အရွယ်တုန်းက
နိဗ္ဗာန်ရဲ့ အဓိပ္ပါယ်ကို ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါဘူး။

ဒီနိဗ္ဗာန်ကို အင်္ဂလိပ်လိုတော့
Liberation, Deliberance, Emancipation, Cessation, Freedom
စသဖြင့် အမျိုးမျိုး ပြန်ဆိုကြတယ်။
တချို့က Happiness လို့တောင် ပြန်ဆိုကြသေးတယ်။

ဒါနဲ့စပ်လို့ ရထားပေါ်မှာ ခရီးသွားရင်း ဆုံတွေ့ကြတဲ့
ကြားဘူးတဲ့ ဦးဇင်းလေးတစ်ပါးနဲ့ အင်္ဂလိပ်ကြီးတစ်ယောက်
ဘာသာရေးဆွေးနွေးခဲ့တဲ့အဖြစ်အပျက်လေးကို သတိရမိတယ်။
သူတို့နှစ်ဦး ဟိုဟိုဒီဒီ ပြောရင်းဆိုရင်း နိဗ္ဗာန်အကြောင်းရောက်သွားတယ်တဲ့။
နိဗ္ဗာန်ဆိုတာ ဘာပါလဲ လို့ အင်္ဂလိပ်ကြီးက မေးတာပေါ့။
နိဗ္ဗာန်ဆိုတာ Happiness ကိုပြောတာပါလို့ ဦးဇင်းလေးက ဖြေသတဲ့။
အင်္ဂလိပ်ကြီးကလဲ
အိုး၊ ဂလိုလား၊ ဟုတ်ပါဘီဗျာ တဲ့။

နောက်နာရီဝက်လောက်အကြာမှာ ခရီးဖော်ဦးဇင်းက
ဘာကို သဘောကျတယ်မသိပါဘူး။
အသံထွက်ပြီး ဟက်ဟက်ပက်ပက် ရယ် သတဲ့။

ဒါကို အင်္ဂလိပ်ကြီးက
“ဟိုမှာ ခင်ဗျားသူငယ်ချင်း နိဗ္ဗာန်ရောက်နေပြီ” တဲ့။
သူက နိဗ္ဗာန်ကို Happiness လို့ ပြောခဲ့တာကိုး။

ဒီနိဗ္ဗာန်ဆိုတာကို ပြီးပြည့်စုံတဲ့ နားလည်လွယ်တဲ့ မှန်ကန်တဲ့
မြန်မာစကားနဲ့ ဖလှယ်ဘို့ မလွယ်သလို
အင်္ဂလိပ်စကားလုံးနဲ့ ဖလှယ်ဘို့ မလွယ်ဘူး။
မလွယ်ပေမဲ့ အဆင်ပြေသလိုတော့ ပြန်ဆိုနေရတာပဲ။
အဆင်ပြေသလို ပြန်ဆိုပေမဲ့ အဆင်မပြေတဲ့အခါမှာ
အခုနက အင်္ဂလိပ်ကြီးလို နားလည်မှုလွဲသွားရင်တော့
ဒို့နိဗ္ဗာန် ကိုယ်ကျိုးနည်းရချည်ရဲ့။

ဘုရားရှင်ကိုယ်တိုင်ကတော့ ဓမ္မစကြာတရားဦးမှာ
တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော
လို့ ဟောခဲ့ပါတယ်။
“တဏှာလုံးဝ ကင်းပျောက်ချုပ်ငြိမ်းရာ၊ စွန့်လွတ်ရာ၊ စွန့်ပယ်ရာ၊
လွတ်မြောက်ရာ၊ မကပ်ငြိရာသည် နိဗ္ဗာန်” ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်
နိဗ္ဗာန်ရဲ့ အဓိပ္ပါယ်ကို သိဘို့ ဗုဒ္ဓဘာသာဝင်တိုင်း ကြိုးစားသင့်ပါတယ်။
ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်က နိဗ္ဗာန်ဖြစ်နေလို့ပါပဲ။
ဗုဒ္ဓဘာသာဝင်တိုင်း နိဗ္ဗာန်ဆိုတာကို
ပြောနေကြပေမဲ့ ကြားနေရပေမဲ့ နိဗ္ဗာန်ဆိုတာရဲ့ အဓိပ္ပါယ်ကို
ဂဃနဏ သိတဲ့သူ ရှားတယ်။

(သူများလာထောင်းရင် ပိုနာမှာစိုးလို့)
ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းရမယ်ဆိုရင်
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ခေါင်းဆောင်များဖြစ်တဲ့ ဘုန်းကြီးတွေတောင်
“အရှင်ဘုရား၊ အရှင်ဘုရားတို့ ပြောပြောနေတဲ့ ဟောဟောနေတဲ့ နိဗ္ဗာန်ဆိုတာ ဘာပါလဲဘုရား” လို့ သွားမေးကြည့်။
အင်း၊ အဲ ဆိုတဲ့စကားလုံးတွေ အကြိမ်များစွာ ကြားရမှာဖြစ်ပြီး
နိဗ္ဗာန်ဆိုတာ နိနဲ့ ဝါန ပေါင်းစပ်ထားတဲ့ပုဒ်ဖြစ်တယ် စသဖြင့်
အငယ်တုန်းက ဆရာဘုန်းကြီးက ကျက်ခိုင်းလို့ ရထားတဲ့ဟာတွေကို
ရွတ်ပြ ဆိုပြ ပါလိမ့်မယ်။ တချို့ဘုန်းကြီးတွေဆို
ငယ်ငယ်တုန်းက စနစ်တကျ မသင့်ခဲ့ရလို့ ဒါကိုတောင်
ကျကျနန မရွတ်ပြ မဆိုပြနိုင်ပါဘူး။

ပါဠိအဘိဓာန်ဆရာကြီးကတောင် နိဗ္ဗာန်ဆိုတဲ့ပုဒ်ကို
မောက္ခ၊ လွတ်မြောက်ရာ
နိရောဓ၊ ချုပ်ငြိမ်းရာ၊
တဏှက္ခယ၊ တတ်မက်မှုတဏှာကုန်ရာ၊
ဒီပ၊ အလင်းရောင် စသဖြင့် ပရိယာယ်စကားလုံး (၄၀) ကျော် ထုတ်ပြသွားပါတယ်။
ဒါကလဲ နိဗ္ဗာန်ကို နားလည်ဘို့အတွက် အဘိဓာန်ဆရာကြီးရဲ့  ကြိုးပမ်းမှုပါပဲ။

ထိုထိုကျမ်းကြီးကျမ်းငယ်အသွယ်သွယ်ကို ကိုးကားမှီငြမ်းပြီး
မြန်မာဘာသာပြန်ဆရာတော်များကလည်း
အလွန်တရာ မြင့်မြတ်တာ၊ အစဉ်ထာဝရတည်မြဲတာ၊ ဖျက်ဆီးလို့ မရတာ၊
မြေ၊ ရေ၊ လေ၊ မီး ဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားတာ မဟုတ်တာ။
ဆင်းရဲမှုကို ကျော်လွန်တာ၊ အဖြစ်အပျက် မရှိတာတွေဟာ နိဗ္ဗာန်ဆိုပြီး
ပြောတော့တာပဲ။ ဟောတော့တာပဲ။

ရှင်းရှင်းပြောရရင် ဒီရှင်းပြချက်တွေက
နိဗ္ဗာန်ဆိုတာ ဘာလဲ ဆိုတာ
ရှင်းသွားအောင် လုပ်မပေးနိုင်ပါဘူး။
ရှင်းမသွားတဲ့အပြင် ပိုတောင် ရှုတ်ထွေးသွားပါသေးတယ်။
ဒါကလဲ ရှုတ်ထွေးသင့်လို့ ရှုတ်ထွေးတာပါ။

နိဗ္ဗာန်အဓိပ္ပါယ်ကို ရှင်းပြတဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်၊
ရှင်းပြတာကို နာယူ၊ လေ့လာ၊ နားထောင်တဲ့သူကလည်း ရိုးရိုးပုဂ္ဂိုလ်ဖြစ်နေတော့
ရိုးရိုးပုဂ္ဂိုလ်တို့အရာမဟုတ်တဲ့ နိဗ္ဗာန် ဆိုတာကို
ဘယ်လိုမှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ခန့်မှန်းသိလောက်နဲ့ပဲ နိဗ္ဗာန်ကို နားလည်ကျမှာပါ။

လူတွေဟာ ဝေါဟာရပညတ်တစ်ခုကို အဓိပ္ပါယ်ဖော်ဆောင်ရာမှာ
သူတို့မျက်စိနဲ့ မြင်တဲ့အရာဝတ္ထုကိုသာ
သူတို့စိတ်သိနဲ့ အဓိပ္ပါယ်ဖောင်ဆောင်နိုင်ကြတာမဟုတ်ပါလား။

သူတို့မျက်စိနဲ့မမြင်နိုင်တဲ့အရာဝတ္ထုကို
သူတို့စိတ်အသိနဲ့ အဓိပ္ပါယ် မဖောင်ဆောင်နိုင်ကြပါဘူး။
နိဗ္ဗာန်ဆိုတာကြီးကိုလည်း သူတို့မျက်စိနဲ့ မမြင်နိုင်လို့ အဓိပ္ပါယ်မဖော်ဆောင်နိုင်ကြဘူး။
ခန့်မှန်းယော်ရမ်းပြီး နိဗ္ဗာန်ဆိုတာ ဒီလိုကွ၊ ဟိုလိုကွ နဲ့ ပြောဆိုနေကြတာ။

နိဗ္ဗာန်နဲ့စပ်လို့
ဒေါက်တာရာဟုလာရေးခဲ့တဲ့ What the Buddha Taught
ဆိုတဲ့ စာအုပ်ခလေးတောင် သတိရမိသေး။
(စာအုပ်မှာ ဒီလို)

ငါးသတ္တဝါတွင် ကုန်းမြေအကြောင်းဖော်ပြရန် ဝေါဟာရမရှိသကဲ့သို့
လူတို့တွင်လည်း လောကုတ္တရာအတွေ့အကြုံကို ဖော်ပြနိုင်ရန် စကားလုံးမရှိချေ။
လိပ်က ၎င်း၏မိတ်ဆွေ ငါးအား
ကုန်းပေါ်မှာ လမ်းလျှောက်၍ ရေကန်သို့ ပြန်လာကြောင်း ပြောပြသည်။

ငါးက
အော်၊ ဟုတ်လား၊ ရေကူးလာခဲ့တာမဟုတ်လား ဟု ပြန်မေးလေသည်။

လိပ်က
ကုန်းပေါ်တွင် ရေမကူးနိုင်ကြောင်း၊ ကုန်းမြေသည် မာကြောကြောင်း၊
လမ်းလျှောက်၍ သွားရကြောင်း ရှင်းပြသည်။
သို့ရာတွင် ငါးက လိပ်ပြောသော ကုန်းမြေကဲ့သို့ မရှိနိုင်ကြောင်း၊
ရေကန်ကဲ့သို့ပင် လှိုင်းအိကလေးများနှင့် ရေပြင်သာဖြစ်ရမည်ဖြစ်၍
ရေငုတ်နိုင်၊ ရေကူးနိုင်မည်သာဖြစ်ကြောင်း ဇွတ်ငြင်းဆိုလေတော့သည်။

ဟုတ်တယ်။ ရိုးရိုးလူသား (လောကီလူသား) တို့ နိဗ္ဗာန်ဆိုတာကို သေချာ မသိနိုင်။
မျက်မှောက်သိဖြင့် နိဗ္ဗာန်ကို မသိနိုင်။
တရားကျင့်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတဲ့
အရိယာအဆင့်လေးဆင့် တစ်ဆင့်ဆင့်ရောက်မှသာ
နိဗ္ဗာန်သဘောသဘာဝကို သေသေချာချာ အတွင်းသိ အစင်း (အဆင်း) သိ
(ဝါ) မျက်မှောက်သိ သိနိုင်မယ်။

ဆိုတော့ နိဗ္ဗာန်ကို ဂဃနဏ သိဘို့ သောတာပန်ဖြစ်ဖို့လိုတယ်။
သကဒါဂါမ်ဖြစ်ဖို့လိုတယ်။
အနာဂါမ်ဖြစ်ဖို့လိုတယ်။
ရဟန္တာဖြစ်ဖို့လိုတယ်။

ဒါပေမဲ့ ဟိုနေ့က စာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။
(ဆရာတော်အရှင်အရိယဓမ္မရဲ့  ) “ဗုဒ္ဓဝါဒပြဿနာများ”  ဆိုတဲ့စာအုပ်။
အဲ့ထဲမှာ နိဗ္ဗာန်ဆိုတဲ့သဘောသဘာဝကို သာမန်လူတစ်ယောက်နားလည်နိုင်လောက်တဲ့
အရေးအသားနဲ့ ရှင်းပြထားတယ်။
ဖတ်ဖူးတဲ့စာအုပ်တွေထဲမှာတော့ အရှင်းဆုံးပဲလို့ ပြောရမလိုပဲ။

4 comments

  • eros

    April 7, 2011 at 4:14 am

    အမှန်စင်စစ် မြန်မာလူမျိုးတို့သည်၊ နိဗ္ဗာန်အားလိုချင်ပါသည် ပြောသော်လည်း၊ အမှန်စင်စစ် နိဗ္ဗာန် အားယခုမသွားလိုကျသေးပေ။ နိဗ္ဗာန်ထက် လူ၊နတ်၊ချမ်းသာ များကို ရရှိခံစားလိုကြသည်။ နိဗ္ဗာန် သည်ဘာမှမရှိဟုပြန်ဆိုနေသောကြောင့်လည်း ပျင်းစရာဟု တွေးထင်သူများလည်းရှိပေသည်။ စာအုပ် တအုပ်က ဖတ်ထားသမျှကို ဝေငှလိုက်တာပါ။ စာအုပ်နာမည် မမှတ်မိတော့ပါဘူး။

  • bigcat

    April 7, 2011 at 4:48 am

    တပည့်တော်နာဖူးတဲ့ သဲအင်းတရားတပုဒ်ထဲမှာ လောကမှာ မပြည့်စုံလို့ ထွင်နေဖြည့်နေရတာ၊ နိဗ္ဗာန်မှာ အားလုံးပြည့်စုံလို့ ဘာမှမလိုတော့ဘူးကြောင်း မှတ်သားထားပါသည်။ သဂျီးက မပြည့်လို့ လိုက်ဖြည့်နေတဲ့ ရုပ်ဝတ္ထုတီထွင်မှုများနဲ့ သုညဓာတ်နိဗ္ဗာန်ကို တိုင်းနေပါတယ် ။ သူ့ကို ဆရာဘုန်းကြီး အမွေပေးထားတဲ့ ကြိမ်လုံးနဲ့ အားပါးတရ ဆော်ပလော်တီးတော်မူပါ အရှင်ဘုရား….

  • ငှက်ကြီး

    April 7, 2011 at 1:48 pm

    တပြည့်တော်အထင်ကိုပြောရရင်…နိဗ္ဗာန်ကိုသိနားလည်ဖို့(သို့)ရေးရေးလေးမြင်နိုင်ဖို့အတွက် ပါရမီဓါတ်ခံလိုပါလိမ့်မယ်။
    ပါရမီဓါတ်ခံ မရှိတဲ့သူတွေကို ဘယ်လိုပင်ရှင်းပြစေကာမူ သိနားလည်နိုင်မယ်မထင်ပါဘူးဘုရား။
    ပါရမီဓါတ်ခံပါတဲ့သူတွေကတော့ နဲနဲလေးရှင်းပြရုံနဲ့တင် သဘောပေါက်နိုင်ပါတယ်ဘုရား။

  • nature

    April 7, 2011 at 4:04 pm

    မြန်မာပြည်ကလူတော်တော်များများကတော့ နိဗာန်မဂ်ဖိုကိုရက်တိုတိုနဲ့ရရပါလို၏ လို့ဆုတောင်းနေကြတာပဲ။အကောင်းဆုံး အအေးချမ်းဆုံးနေရာတခုလို့ ယေဘူယသိထားပါတယ်။

Leave a Reply