သံဃာနဲ့ပရဟိတအလုပ် Social

Railway track


http://www.yinthinnei.blogspot.com/ မှာတင်ပေးထားတဲ့ သဲအင်းဂူ ဆရာတော်ဘုရားကြီးဟောကြားတော်မူအပ်သော ငရဲခန်း တရားတော် အသံဖိုင်နဲ့ကို နာကြည့်စေလိုပါသည်။
ဘုန်းကြီးများ ပရဟိတလုပ်ငန်းများ ထဲထဲဝင်ဝင် လုပ်သင့်မသင့်ကို တလောက ရွာထဲမှာ အချင်းချင်း အမြင်ဖလှယ်ရင်းက ဆက်စပ်နေတဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုများ အကြောင်းကို တွေးမိပါတယ်။ ပြည်ပသာသနာပြု ဘုန်းကြီးများအတွက် ဘဏ္ဍာရေးအပိုင်း မြင်တာလေးကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေး မလို့ပါ။ နိုင်ငံခြား တိုင်းပြည်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေဟာ ပြည်တွင်းကကျောင်းတွေနဲ့ ကွဲပြားတာ အတော်များ ပါလိမ့်မယ်။ ကျောင်းတည်နေပုံကအစ လူအများနဲ့ ဆက်ဆံရေးအဆုံး အဆင်ပြေသလို လုပ်ရတာမို့ ယေဘူယျခြုံကြည့်ရင် မြန်မာပြည်မှာလို မပြည့်စုံဘူး ပြောနိုင်ပါတယ်။ ကောင်းတာလည်း အများကြီး ရှိပါတယ်။
မြန်မာအနေများတဲ့မြို့မှာ ဘုန်းကြီးကျောင်းတကျောင်း အခြေကျရင် ရေ၊ မီး၊ ပစ္စည်းလေးပါး ရှားမယ် မထင်ပါဘူး။ သံဃာဦးရေ နည်းတာကတကြောင်း ဖြစ်ပါလိမ့်မယ်။ ကျောင်းပိုင်မဟုတ်သေးရင် အိမ်ဖိုးမြေဖိုး၊ ရေ၊ မီး၊ တယ်လီဖုန်း စတဲ့လစဉ်ကြေး၊ ကားရှိရင် ကားကုန်ကြစရိတ်၊ အာမခံကြေးနဲ့ အထွေထွေစရိတ် စသဖြင့် လစဉ်ပေးဆောင် ရမှာပါ။ ကုန်ကျစရိတ်ကို အလှူပွဲလမ်းသဘင်၊ အလှူရှင်၊ အိမ်ငှားခ တွေဆီက ရပါလိမ့်မယ်။ သာသနာရေးမှတ်ပုံတင်နဲ့ဝယ်ရင် ဘဏ်ချေးငွေခက်လို့ အမည်ခံ စေတနာရှင်ရှာပြီး တခြားလူ အမည်ပေါက် ဝယ်တတ်ပါတယ်။ ရုံးလုပ်ထုံးလုပ်နည်း လွယ်ကူအောင် ကုမ္မဏီမှတ်ပုံတင် ဖွင့်လို့ရပါတယ်။
ရလာတဲ့ အလှူငွေကို ကျောင်းထိုင် သို့မဟုတ် ကျောင်းရှိကိုယ်တော်များမှ စီမံခန့်ခွဲ သုံးစွဲကြမယ်လို့ ယူဆပါတယ်။ အချို့ဆရာတော်များ စုထားတဲ့ငွေနဲ့ မြန်မာပြည်တွင်း လိုအပ်တဲ့ နေရာတွေမှာ မိဘမဲ့ကျောင်း၊ ရေတွင်းရေကန် စသဖြင့် တတ်စွမ်းသလောက် လုပ်ပေးကြလို့ ကြည်ညို သဒ္ဓါပွား ရပါတယ်။ ဘုန်းကြီးလှူရင် ပိုကုသိုလ်ရတယ်လို့ လူအများ ယုံကြည်ကြပြီး မည်သူမည်ဝှာထက် သံဃိတဒါနအဖြစ် ရည်မှန်းလှူကြပါတယ်။ ရလာတဲ့ အလှူငွေကို သုံးတန်သလောက်သုံးပြီး လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းသူများကိုယ်စား တဆင့် ဖြန့်ဝေပေးတယ်ဆိုရင် နတ်၊ လူသာဓုခေါ်ပြီး အလှူခံရော အလှူရှင်ပါ ပိုအကျိုးရှိပါလိမ့်မယ်။
တဖက်ကလည်း ဘုန်းကြီးကို အသုံးချပြီး ငွေတော့မကိုင်နဲ့ပြောရင် ဖြစ်နိုင်မယ် မထင်ဘူး။ မလုပ်ပါနဲ့ တားလည်း လုပ်ချင်သူက လုပ်မှာပဲမို့ ဆရာ၊ ဒကာ လက်တွဲပြီး ပရဟိတ အကျိုးပြုလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါပြီ။ ကျနော်အနေနဲ့ ဘဏ္ဍာရေးနဲ့ဆိုင်လို့ စဉ်းစားမိတဲ့ အချက်နှစ်ချက် တင်ပြချင်ပါတယ်။ ပထမအချက် အနေနဲ့ Transparency ပွင့်လင်းမြင်သာဖို့ပါ။ လစဉ်ရှင်းတမ်း ထုတ်ပြန်ပေးနိုင်ရင်၊ လုပ်ငန်းစဉ် တိတိကျကျနဲ့ ပရောဂျက် အကောင်အထည် ဖော်ပြနိုင်ရင် အများယုံကြည်ကိုးစားမှုကို ပိုရလာမှာ မလွဲပါဘူး။ ကုမ္မဏီလုပ်ငန်းတွေလို သိပ်ရှုပ်ထွေး ခက်ခဲစရာ မလိုဘဲ ရိုးရိုးရှင်းရှင်းနဲ့ လူအများသတိပြုမိဖို့ပဲ လိုပါတယ်။
လူတိုင်းငါးပါးသီလ မမြဲသလို ဘုန်းကြီးတိုင်းလည်း အရိယာသံဃာ မဟုတ်ပါဘူး။ ဘုရားရှင် အဆုံးအမ ပြောင်းလဲခြင်း သင်္ခါရကို အနိမ့်ဆုံး တမဂ်တဖိုလ်ပေါက် အောင်မြင်သူသာ အရိယာသံဃာ မည်ပြီး ကျန်သူများ ဘယ်လောက်ဘုန်းကြီးကြီး သစ္စာညဏ် မသိလျင်တော့ သမုတိသံဃာပါ။ ဒါပေမဲ့ ၂၂ရသွယ်သော သိက္ခာပုဒ်ကို စောင့်ထိန်း၊ တရားဓမ္မ သင်အံလေ့ကျက်ခွင့်ရလို့ ကိလေသာအပူနဲပြီး သီလပိုစင်ကြယ်တယ်။ ပုထဇဉ်သဘာဝ အလျောက် လောဘ၊ ဒေါသနဲ့ပါ။ သူတို့မှာလည်း ပုထုဇဉ်များလို အတ္တ၊ပရ အရေးပေါင်းစုံ ရှိပါတယ်။ ဒါတွေကို နားလည်မှုရှိစွာနဲ့ တပါးခြင်း အငြိမ်းစားရံပုံငွေ ထောင်ပေးထားရင် ပြည်ပသာသသနာပြု ဘုန်းကြီးများ ၎င်းတို့ နောင်ရေးအတွက် ပူပန်မှုနည်းပြီး သာသနာအတွက် စိတ်ရှင်းရှင်းနဲ့ ပိုလုပ်နိုင်ကြမှာပါ။
နိုင်ငံခြားမှာလူတွေ အငြိမ်းစားယူတဲ့အခါ အစိုးရကပေးတဲ့ လူမှုဖူလုံရေးရံပုံငွေ တခုထဲနဲ့ မလောက်လို့ ပင်စင် ရံပုံငွေ၊ အငြိမ်းစား ရံပုံငွေ၊ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ စသဖြင့် အမျိုးမျိုး စီမံထားရှိပါတယ်။ ရံပုံငွေ တခုချင်းအလိုက် စည်းကမ်းချက်၊ ဝင်ငွေခွန် ဥပဒေများ ကွဲပြားပေမဲ့ ဘုံတူညီတာကတော့ လစာထဲမှ အချို့ကို သတ်မှတ်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံ ထားခြင်းပါ။ မြန်မာပြည် အစိုးရဝန်ထမ်း ပင်စင်လစာလည်း ဒီသဘောပဲ ဖြစ်ပါလိမ့်မယ်။ တိုးတက်တဲ့နိုင်ငံမှာ ပိုထူးတာက ပုဂ္ဂလိကငွေကြေး စီမံခန့်ခွဲသူတွေထံ ရင်းနှီးမြှုပ်နှံကြတာပါ။ ကံအကြောင်း မလှလို့ ရင်းထားတာတွေ ရှုံးပြီး အဖတ်မတင်တာလည်း ဖြစ်တတ်ပါတယ်။
ဘုန်းကြီးများဖက်က လိုက်လျောရမှာက အလှူငွေကို အများဆိုင်ထားဖို့၊ လူဝတ်ကြောင်များနဲ့ တွဲပြီး အလုပ်လုပ်တတ်ဖို့ပါ။ အကျင့်မရသေးခင်တော့ တော်တော်တော့ ခက်ပါလိမ့်မယ်။ မြန်မာပြည်လို သံဃာဦးရေ သိန်းချီရှိပြီး ဘဏ္ဍာရေးလုပ်ငန်း မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာလည်း မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် ပြည်ပမှာစတင် လုပ်ဆောင်ဖို့ အကြံပြုတာပါ။ ပြည်ပမှာ သီတင်းသုံးတဲ့ ဘုန်းကြီးများ မြန်မာပြည်မှာလို ကျောင်းပိုင်ထားလို့မရ၊ လူများနဲ့လည်း အလိုက်အထိုက် နေရတာမို့ နောင်ရေးအတွက် စုဆောင်းထားရင် အပြစ်တင်လို့ မရနိုင်ပါဘူး။ သူတို့မှာသာ တရားဝင် စုဆောင်းထားတာရှိရင် ငွေကြေးအရှုပ်အရှင်း ကင်းကင်းနဲ့ ပရဟိတ အလုပ်များကို ပိုလုပ်နိုင်ကြပါမယ်။
လူနဲ့တူသွားတာ မကောင်းပေမဲ့ တဖြည်းဖြည်း လူနဲ့ပိုတူလာတာကို မျက်စိမှိတ် ဇွတ်တင်နေတာထက် လက်တွေ့ပိုဆန်ပါတယ်။ မြန်မာပြည် ကောင်းစားစဉ်က အစိုးရအရာရှိများ အငြိမ်းစားယူတဲ့အခါ လုံလောက်တဲ့ ပင်စင်လစာရှိလို့ အကျင့်ပျက် ခြစားမှုနည်းတာ သင်ခန်းစာ ယူနိုင်ပါတယ်။ ဘုန်းကြီးလည်း လူထဲကလာတာမို့ သီလမြဲသူ လူနည်းရင် ဝိနည်းလုံသူ ဘုန်းကြီး ရှားပါမယ်။ ပါရမီရှင်ပေါများသော သာသနာခေတ်ဦးပိုင်းနှင့်တော့ မနှိုင်းပါနဲ့။ ဆုတ်ကပ်ကာလတွင် မိမိတို့နှင့် တန်သလောက် ရမည်။ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရလည်း မူလတန်း ပညာရေးမှ သေဆုံးချိန် သရဏဂုံတင်ခြင်းအထိ ဘုန်းကြီးများပါသည်။
အခုလို လျောက်ရေးနေတာ ဘုန်းကြီးများကို စော်ကားလိုခြင်း မဟုတ်ဘဲ သမုတိသံဃာ သဘောကို သိမြင်ပြီး နှစ်ဖက် အပေးအယူ အလျော့အတင်း လုပ်ရန်ဖြစ်ပါတယ်။ အရေးကိစ္စ အဖက်ဖက် ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာ ဘီလူးစည်း လူ့စည်း မရှိသလို ဖြစ်နေတာ ကြာပြီမို့ ပြင်ဆို နင်ပြင်မှ ငါလည်းပြင်မှာပါ။ ဘုန်းကြီးများ အောက်ဆင်းပြီး လူ့အရေး ကူညီဆောင်ရွက်လိုလျင် အမြဲ စင်ပေါ်ကနေချင်လို့ မဖြစ်သလို လူများကလည်း ဘုန်းကြီးကို လိုတမျိုး မလိုတမျိုး မဆက်ဆံသင့်ပါဘူး။ ယခုမှ လောကီ၊ လောကုတ် သီးခြားခွဲဖို့ ကြိုးစားလျင် အရှိန်ဖြင့် သွားနေသောကား ဂငယ်ကွေ့ ရသလို ဖြစ်သွားနိုင်လို့ပါ။ တကယ်တော့လည်း သမိုင်းကြောင်းနဲ့ လာတဲ့အရာ မှန်သမျှဟာ မျဉ်းပြိုင်နှစ်ကြောင်း ရထားသံလမ်းအပေါ် ခုတ်မောင်းသွားလာနေတဲ့ ဂငယ်ကွေ့ ပြန်ကွေ့လို့မရတဲ့ မီးရထားတစင်းနဲ့ ပိုတူတယ် မဟုတ်ပါလား။

2 comments

  • kai

    April 8, 2011 at 5:20 am

    အပေါ်ကစာလေးအတွက် ကိုကြောင်ကြီးကိုသာဓုခေါ်ပါတယ်ဗျာ..။
    လက်တွေ့ကျကျနဲ့ ချည်းကပ်နိုင်မှ… ဖြေရှင်းနို်င်မှ သာသနာတည်တန့်ပြန့်ပွားမှာမို ့ပါ..။
    ဒီကိစ္စတွေနဲ့ပါတ်သက်ပြီး.. အယ်လ်အေမှာ ပြသနာကြီးငယ်တွေ တော်တော်တက်ဖူးတာမို ့.. ဒီလိုစံနစ်တကျချည်းကပ်ပြင်ဆင်တာတွေ.. မီဒီယာအနေနဲ့… အားပေးချင်ပါတယ်..။
    ဒီဝက်ဘ်ဆိုက်မှာကို.. အောက်ကလင့်ကစာတွေလိုက်ဖတ်ကြည့်ရင်.. ဘာတွေဖြစ်နေသလည်း.. ဥပဒေတွေကဘာလည်း.. ဘာတွေလုပ်သင့်သလည်း.. ခန့်မှန်းနိုင်မယ်ထင်တာပါပဲ..။
    ထုံးစံအတိုင်း… မြန်မာထေရဝါဒဗုဒ္ဓဘာသာမှာ.. ကွန်ဆာဗေးတစ်တွေများလွန်းတော့… နောင် ဆယ်စုဘယ်နှခုလောက် ဖြတ်ရဦးမယ်မသိပါဘူး..။
    ဒါပေမဲ့..မလုပ်ရင်..မဖြစ်တော့တာမို ့… တခုခုဆွေးနွေးကြရင်း ..လူငယ်တွေကပဲ..စထားလိုက်ကြပါစို့လို ့…
    http://myanmargazette.net/?s=AZUSA+TEMPLE

    ပြောရရင်.. အလှူငွေတွေကို .. ဘုန်းကြီး၊ ဆရာတော်တွေကတဆင့်..မြန်မာပြည်ထဲပို့တာ..လှူတာမှာလည်း.. တော်တော်များများ ဥပဒေအပြင်ကလုပ်ကြရတာပါ..။
    ကက်ရှ်ဘစ်ဇနက်တွေလေ..။
    စာရင်းမရှိ..အင်းမရှိ်.. ဆိုတော့.. အောဒစ်ဝင်ရင်.. တာဝန်ခံရတဲ့ဒကာ-ဒကာမတွေ.. အသင်းတွေခမျာ ဒုက္ခများနဲ့ပေါ့..။ တကယ်ကိုဖြစ်နေပါတယ်..။
    စာရင်းချုပ်တော့… ဘာဖြစ်သလည်းဆိုတော့.. သိန်းဂဏန်းလွန်ရောနဲ့..ရှေ့ဆက်လို့မရဖြစ်ကုန်တာပါပဲ..။
    ကိုယ့်ကိုယ်ကိုယ်…ဘောင်ခတ်ထားသလိုဖြစ်နေဟန်ပါပဲ..။

    ကဲ.. ဆွေးနွေးမဲ့သူတွေ ဖိတ်ခေါ်ပါတယ်…။

  • ashinindaka

    April 11, 2011 at 1:36 am

    အခုမှ ဖတ်မိတယ်။ ကောင်းတယ် ဒကာကြောင်ကြီးရေ။ ဒီဆောင်းပါး တဆက်တည်း အောက်က About the author:bigcat ဆိုတာကို ဆက်ဖတ်ကြည့်မှ (သင့်ကိုတဂျွပ်ဂျွပ်နဲ့ ဝါးစားပစ်မည်) ဆိုပါလား။ ကြောက်နေရပါလား။ အခုတော့ စာရေးခြင်းအနုပညာနဲ့ ဝါးစားနေပြီပေါ့လေ။ 😛

Leave a Reply