ဒီမိုကရေစီလမ်းကြောင်းက သွေဖည်အောင် မလုပ်ပါနဲ့(လူထုစိန်ဝင်း)
လူထုစိန်ဝင်းက ပြောပါတယ်။ အားယားနေသူတွေသာ ဂေးအခွင့်အရေး၊ တိရိ စ္ဆာန် အခွင့်အရေး လုပ်ကြတာပါတဲ့
ဒီနေ့ အချိန် နည်းနည်းရလို့ ဘလော့တွေထဲ လျှောက်မွှေကြည့်တော့ အညာနွေ တမာမြေ ဘလော့မှာ ဒီဆောင်းပါးလေး တွေ့လာတာနဲ့ မန္တလေး ဂေဇက်က ဘော်ဒါတွေတော့ ဖတ်ချင်ရှာမှာပဲ ဆိုပြီး တင်ပေးလိုက်တာပါ။ ဘာလို့ဆိုတော့ မနှစ်တုန်းက ဂေဇက်ရွာထဲမှာ လိင်တူချစ်သူ ပဋိပက္ခတွေ ရှိခဲ့သေးတယ်မို့လား။ အင်း ကျနော်တင်လိုက်တဲ့ ဒီဆောင်းပါးကို ဖြိုးတယောက်များ ဖတ်မိရင် ဒေါသတွေ တချောင်းချောင်းထွက်ပြီး ရှူးရှူးရှဲရှဲ ဖြစ်နေမလား မသိနော်။
အားလုံးကို လေးစားလျှက်
Good Idea
ဒီမိုကရေစီလမ်းကြောင်းက သွေဖည်အောင် မလုပ်ပါနဲ့(လူထုစိန်ဝင်း)
သူက လိင်ခွဲခြားမှု (gender discrimination) နဲ့ ပတ်သက်တဲ့ သုတေသန လုပ်နေသူပါ။ မေးမြန်းဆွေးနွေးချင်တာတွေ မေးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကြောင့် စကားပြောဖြစ်ကြပါတယ်။ သူကိုယ်တိုင်က အလေးအနက် လေ့လာထားလို့ စကားပြောရတာ လက်မဝင်ဘူး။ အဆင်ပြေတယ်။ ဘယ်လောက်ထိ လေ့လာထားသလဲဆိုရင် မဟာယနနဲ့ ဟိနာယန ဗုဒ္ဓဘာသာဂိုဏ်းတွေအကြောင်း ကောင်းကောင်းသိထားတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သူက အတော်ကြီး လေးစားတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေလို အမျိုးသမီးတွေကို ဒုတိယတန်းစား လူသားများအဖြစ် သဘောမထားဘဲ အိမ်ထောင်စုရဲ့ စီမံခန့်ခွဲသူ ငွေကိုင်အဖြစ် နေရာပေးတာကို သူက ချီးကျူးတယ်။
မိန်းမလျာ ယောက်ျားလျာ
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ ဆွေးနွေးဖြစ်တာတွေကို ဒီနေရာမှာ မရေးတော့ပါဘူး။ ရေးချင်တဲ့ အကြောင်းအရာ လမ်းချော်သွားမှာစိုးလို့ပါ။ စနစ်တကျ ထဲထဲဝင်ဝင် လေ့လာထားတာကြောင့် သူ့ကို လေးစားသလို၊ ဒီလို လေ့လာနိုင်အောင် လုံလောက်တဲ့ အထောက်အကူပြုတဲ့ ပညာရေးစနစ်ကိုလည်း အားကျမိပါတယ်။ ဒီနေရာမှာ အဓိက ရေးချင်တာက သူ မေးတဲ့ နောက်ထပ် အကြောင်းအရာနဲ့ ပတ်သက်ပါတယ်။ သူက မြန်မာနိုင်ငံမှာ မိန်းမလျာ (gay) နဲ့ ယောက်ျားလျာ (lesbian) များရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဌာန်းထားတာ ဘာကြောင့် မရှိရတာလဲဆိုတဲ့ အချက်ဖြစ်တယ်။ မိန်းမလျာ ယောက်ျားလျာများနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးများက သရော်လှောင်ပြောင်လေ့ရှိပြီး မနှစ်မြို့တဲ့ သဘောနဲ့ ဆက်ဆံတတ်ကြတယ်။ အများစုက ရှုတ်ချတဲ့ အမြင်ရှိကြတယ်။ အများစုက ရှုတ်ချတဲ့ အမြင်ရှိကြတယ်။ ဆေးပညာ ရှုထောင့်အမြင်နဲ့ ကြည့်တတ်ဖို့ ပညာပေးတာမျိုး မရှိတဲ့အပြင် ပိုဆိုးတာက သူတို့ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ကို လေးစား အသိအမှတ်ပြုခြင်း မရှိတာ ဖြစ်တယ်လို့ ပြောပါတယ်။
တိုက်ရိုက်မေးခွန်း
အဲဒီနောက် သူက နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ လူငယ်အရေး၊ နိုင်ငံတကာအရေး၊ စာနယ်ဇင်းလောကအရေး စတဲ့ လူ့လောကရဲ့ ကိစ္စမှန်သမျှကို တို့ထိ ရေးသားနေသူ တစ်ဦးအနေနဲ့ မိန်းမလျာ ယောက်ျားလျာများရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ရေးဖူးပါသလားလို့ တိုက်ရိုက် မေးခွန်းထုတ်ပါတယ်။ မရေးဖူးဘူးလို့ ချက်ချင်း ဖြေလိုက်တော့ ဘာကြောင့်လဲ၊ ရေးဖို့ လိုအပ်တယ် မထင်လို့လား။ ဒါမှမဟုတ် သူတို့ကို မနှစ်မြို့လို့လားလို့ ထပ်မေးပြန်တယ်။ သူ ဒီလို မေးတာကို မအံ့ဩပါဘူး။ အနောက်နိုင်ငံက လူတွေ အများစုက တခြားနိုင်ငံတွေကို ကြည့်တဲ့အခါမှာ သူတို့ ရောက်ရှိနေတဲ့ လက်ရှိ အခြေအနေ အဆင့်အတန်းက နှုန်းစံတွေနဲ့ပဲ ချိန်ထိုးကြည့်လေ့ ရှိကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး ငါး ခြောက်ဆယ်က သူတို့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်လေ့ မရှိကြဘူး။
ချောက်ကမ်းပါးကြီး ခြားသလို
ဒီနေ့ ကမ္ဘာပေါ်မှာ သိပ်ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ ကွာခြားချက်ဟာ အင်မတန် ကြီးမားပါတယ်။ နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးတစ်ခု ခြားနေသလို ဖြစ်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားရင် ကွာခြားသလောက် တခြား လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု၊ အနုပညာရေး ကိစ္စတွေမှာလည်း ကွာခြားမှာပဲ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက လူတွေအတွက် မီးရဖို့ ရေရဖို့ဆိုတာ ပူနေဖို့ မလိုတော့တဲ့ ကိစ္စဖြစ်ပေမယ့် ဆင်းရဲတဲ့ နိုင်ငံက လူတွေအတွက်တော့ မီးရဖို့ ရေရဖို့ဆိုတာ ထိပ်တန်းဦးစားပေး လိုအပ်ချက်ကြီး တစ်ခုအဖြစ် ရှိနေတာ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေက လနဲ့ အင်္ဂါဂြိုဟ်မှာ ရေရှိ မရှိ စူးစမ်းလေ့လာနိုင်တဲ့ အချိန်မှာ ဆင်းရဲနိုင်ငံက လူတွေကတော့ မြေကြီးထဲ တွင်းတူးပြီး ရေရှာနေကြရလို့ အာကာသကို မော့တောင် မကြည့်နိုင်ကြသေးပါဘူး။ အဲဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံက လူတွေကို အမြင်ကျဉ်းမြောင်းတယ်။ ဂလိုဘယ်စိတ်ဓာတ် မရှိဘူးလို့ ပြောလို့ မရပါဘူး။
ယားလို့ မကုတ်အား
အနောက်နိုင်ငံက သုတေသီ အမျိုးသမီးကို မင်းတို့မှာက ပူစရာ ဘာမှ မရှိဘူး။ မင်း အခုလို သုတေသနတွေ လုပ်နိုင်ဖို့အတွက် ဂရန့် (grant) တွေ၊ စကောလားရှ်စတွေ အဆင်သင့်။ တို့ဆီက လူတွေအတွက်တော့ အခုထိ ကလေးတိုင်း မူလတန်း ပညာသင်ယူနိုင်ဖို့ မနည်းကြီး လုံးပန်းနေရဆဲ ဖြစ်သည်။ ပူစရာ မရှိတဲ့ မင်းတို့က ဘာမှ လုပ်စရာ မရှိဘဲ အားယားနေလို့ တိရစ ္ဆာန် အခွင့်အရေးတို့၊ ဂေးအခွင့်အရေးတို့၊ ကျားထိန်းသိမ်းရေး၊ မြွေထိန်းသိမ်းရေးတို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ စတဲ့ ဆိုင်းဘုတ်တွေ အမျိုးမျိုးထောင်ပြီး ကြွေးကြော်သံတွေ အမျိုးမျိုး အော်ဟစ်နေနိုင်ပေမယ့် တို့လို နိုင်ငံတွေမှာတော့ လူတစ်ယောက်အတွက် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး ဆိုတာလေးအတွက်တောင် မနည်းကြီး ရုန်းကန်နေရလို့ အားဖို့ မပြောနဲ့ ယားလို့တောင် မကုတ်အားလို့ ထုံးတို့ မှတ်ထားရတယ်။
အရေးကြီးတာက ဒီမိုကရေစီ
တို့ မြန်မာနိုင်ငံမှာဆိုရင် နှစ်ပေါင်းငါးဆယ် လုံးလုံး ဒီမိုကရေစီဆိုတာနဲ့ ကင်းဝေးခဲ့လို့ အခုမှ ဒီမိုကရေစီစနစ် ထူထောင်ဖို့ လုံးပန်းနေရဆဲ ဖြစ်တယ်။ ဒီအချိန်မှာ မြန်မာလူမျိုးတွေ အားလုံးအတွက် အရေးကြီးဆုံး လိုအပ်တာက ဒီမိုကရေစီ နိုင်ငံတစ်ခု ပီပီပြင်ပြင် ထွက်ပေါ်လာဖို့ ဖြစ်တယ်။ ဒို့အားလုံး ဒါအတွက် ကြိုးစားနေရလို့ တခြားကိစ္စတွေကို အာရုံမစိုက်နိုင်သေးဘူး။ ဆိုင်းဘုတ်တွေနဲ့ ကြွေးကြော်သံတွေ သိပ်များလွန်းရင် မကောင်းဘူး။ ဒီမိုကရေစီ ခရီးကို အနှောင့်အယှက် ဖြစ်တယ်။ အဲဒါကြောင့် မင်းတို့ရဲ့ ဂေးအခွင့်အရေးတွေ၊ တိရိစ ္ဆာန်အခွင့်အရေးတွေကို တို့ အားအားယားယား စဉ်းစားမနေနိုင်သေးဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရတယ်။
ဘာလို့ အော်ရမှာလဲ
ဒီလို မပြောရင် မဖြစ်ဘူး။ အနောက်နိုင်ငံက လူတွေ အားလို့ ယားလို့ လုပ်နေကြတာတွေကို အဟုတ်မှတ်ပြီး ပုံတူ ကူးချနေကြတာမျိုး ဒီမှာလည်း ခေတ်စားနေတယ်။ တကယ်တော့ ဂေးအခွင့်အရေးဆိုတာ သူတို့ အနောက်နိုင်ငံတွေမှာတောင် ဘာမှ လုပ်စရာမရှိတဲ့ အားအားယားယား လူတန်းစားလောက်သာ အော်နေကြတာပါ။ အများစုက စားဝတ်နေရေးနဲ့ အခွန်တွေ လျှော့ပေါ့ရေး အလုပ်လက်မဲ့ ပပျောက်ရေး၊ ပညာရေး ကျန်းမာရေး စရိတ်တွေ လျှော့ချရေး ကိစ္စတွေနဲ့ လုံးချာလိုက်နေကြတာပါ။ ဂေးအခွင့်အရေး အကြောင်း ဒီမှာသာ လာပြောနေတာ သူတို့ အနောက်နိုင်ငံတွေမှာတောင် လိင်တူချင်း တရားဝင် လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံဆိုလို့ လက်ဆယ်ချောင်းတောင် ပြည့်အောင် ရှိတာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီလိုအချိန်မှာ ဂေးအခွင့်အရေးတို့ တိရစ ္ဆာန်အခွင့်အရေးတို့ကို အချိန်ကုန်ခံပြီး ဘာလို့ အော်နေရမှာလဲ။
မယောင်ရာ ဆီမလူးနဲ့
အခု အချိန်မှာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ကျားတွေ မြွေတွေ မိကျောင်းတွေ မဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးတွေအတွက် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးနဲ့ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်တွေ ပေါများရေး ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ အားလုံး ကြိုးပမ်းနေကြတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့က ကျွန်တော်တို့အတွက်တော့ ပထမ ဦးစားပေး အရေးကြီးဆုံး ကိစ္စကြီးပဲ။ ဒီမိုကရေစီနိုင်ငံ မတည်ဆောက်နိုင်ရင် တိရိစ ္ဆာန်အခွင့် အရေး မပြောနဲ့ လူ့အခွင့်အရေးတို့ စာပေ လွတ်လပ်ခွင့်တို့ဆိုတာတွေလည်း နတ္ထိပဲ။ ဒါကြောင့် ခုချိန်မှာ ဂေးအခွင့်အရေးတွေ၊ ကျားနဲ့ မိကျောင်း အခွင့်အရေးတွေ ကြွေးကြော်နေတာဟာ ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်သွားအောင် လုပ်နေတာနဲ့ အတူတူပဲလို့ ပြောလိုက်ချင်တယ်။ မယောင်ရာ ဆီမလူးပါနဲ့။ ကိုယ့်အတွက် ဘာအရေးကြီးဆုံးလဲ ဆိုတာပဲ စဉ်းစားပါ။
လူထုစိန်ဝင်း
၂၁ – ၃- ၂၀၁၁
ပြည်သူ့ခေတ် ဂျာနယ်
အတွဲ (၁)၊ အမှတ် (၃၈)
8 comments
nigimi77
April 8, 2011 at 8:24 pm
သေချာတာကတော့……အားအားယားယား ချမ်းသာနေတဲ့ လူချမ်းသာ အသိုင်းအဝိုင်းမှာ ဂေးတွေ လူဖြစ်(ဆရာဖြစ်) နေတယ်။ အဝတ်အစားဆိုင်တွေမှာ ယောကျာင်္း စစ်စစ် ဝတ်လို ့ရတဲ့ အဝတ်အစားရှားပါးနေပြီ။
အားလုံး နီးပါးက ဂေးဖက်ရှင် ဖြစ်နေပြီ။ ဖျော်ဖြေရေး အစီအစဉ်တွေမှာလည်း ဂေးတွေဟာ အဓိကကျတဲ့
နေရာတွေကို ထိုးဖောက် ဝင်ရောက်ထားပြီးပြီ။ လမ်းမတွေပေါ်မှာ ဂေးဖက်ရှင်ဝတ်ပြီး
ဖင်လှုပ်လျှောက်တဲ့ ဂေးမဟုတ်တဲ့ ယောကျာင်္းလေးများကိုလည်း တွေ ့ရပြီ။ တိုးတက်မှု နဲ ့ လမ်းကြောင်း သွေဖီမှုဟာ လက်ချင်းယှက်ပြီး သွားနေပြီ။
စိန် ့ဖလို းမီးနား မိန်းကလေးကျောင်းက အစပြုပြီး လက်စဘီယံ တွေ အောတိုက်နေပြီ။ ထောင်ထဲမှာ ယောကျာင်္းတွေပဲရှိလို ့ လိင်ဆက်ဆံချင်စိတ်ကနေ လိင်တူနှစ်ချိုက်စိတ်တွေ ဝင်လာသလားပဲ။
ဒါလဲ 50/50 ပဲ ။ ဟော်မုန်းဖောက်ပြန်မှုကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်ချို ့ မိန်းကလေးတွေ မိန်းကလေးခြင်း
စွဲလမ်းစိတ်နဲ ့ အချစ်တော်ထားကြပေမဲ့လည်း ဆန် ့ကျင်ဖက်လိင်နဲ ့ အကြောင်းအမျိုးမျိုးနဲ ့ဆက်ဆံမိတော့
လည်း ပုံမှန်ပြန်ဖြစ်သွားရော။ ကုန်ထုတ်လုပ်မှု တွေမှာ ဝန်ထမ်းတွေက မိန်းမတွေက အများစု ။
လိင်တူ အချစ်တော် ရှာကြတာကလဲ အတူတူနေကြတဲ့ အထိကို။
nayyaung09
May 6, 2011 at 8:22 pm
ဆရာ လူထုစိန်ဝင်းလဲ ခုနောက်ပိုင်း စိတ်ဂယောက်ဂယက်ဖြစ်နေပုံရပါတယ်။ သူနောက်ပိုင်းရေးတဲ့ ဆောင်းပါးတွေ ဟာ အရင်လို အနှစ်သာရမရှိတော့ပဲ မကျေနပ်ချက်တွေ၊ အလိုမကျမှုတွေ ပြည့်နေတာ တွေ့ရပါတယ်။ စိတ်ခံစားချက်တွေ စွက်နေတဲ့ ဆောင်းပါးတစ်ပုဒ်ဟာ ဘယ်လိုမှ သမာသမတ်မကျနိုင်ပါဘူး။
တကယ်က ဂေးတွေ ခုခေတ်မှ များလာတာမဟုတ်ပါဘူး။ ဂေးအဖြစ်နဲ့နေချင်တဲ့၊ ဂေးလို နူးနူးညံ့ညံ့ နေချင်တဲ့ ယောကျာ်းလေးတွေ ခေတ်ကာလတိုင်းမှာရှိပါတယ်။ ပတ်ဝန်းကျင်က နားလည်မပေးကြလို့ အောင့်အီး သည်းခံပြီး တကယ်သဘောမကျတဲ့ ပုံစံနဲ့ တစ်သက်လုံး နေခဲ့ကြရတာပါ။
အခုခေတ်မှာမှ မီဒီယာတွေမှာ လဲရေးလာကြ၊ အင်တာနက်တွေ ဘလော့ဂ်တွေမှာလဲ လွတ်လွတ်လပ်လပ် ရေးကြ၊ ပြောကြ၊ ဖလှယ်ကြဖြစ်လာလို့ ဒီလိုဖြစ်နေတာ ငါတစ်ယောက်တည်းမဟုတ်ပါလားဆိုတာ နားလည်ပြီး ပိုမို ပွင့်လင်းလာကြတာဖြစ်ပါတယ်။
ဒါဟာ မိမိအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိခြင်း (Freedom of speech)ရဲ့ ရလဒ်တစ်ခုဖြစ်လို့ ဒီမိုကရေစီဆန်တဲ့ အပြုသဘောပြောင်းလဲလာခြင်းသာ ဖြစ်ပါတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
April 8, 2011 at 11:38 pm
ဆရာလူထုစိန်ဝင်းရဲ့အာဘော် ဆောင်းပါးတွေကို Eleven မှာ မဖတ်ရတာကြာပါပြီ။ သူစတင်ရေးသားစဉ်တုန်းက ဖတ်ရတာ ကျန်သလိုရှိပေမယ့် နောက်ပိုင်းမှာတော့ သူ့စာတွေဖတ်ရတာ အနှစ်သာရမဲ့နေတယ်လို့ ခံစားရပါတယ်။ ဒါကြောင့်လားတော့ မသိပါဘူး၊ ခုနောက်ပိုင်း သူ့ဆောင်းပါးတွေ Eleven မှာ မတွေ့ရတော့ပါဘူး။ ခုဒီမှာ တင်ထားတဲ့ Post လေးက တော်တော်အရသာရှိပါတယ်။ လက်ဘက်ရည် ကျဆိမ့်လေးတစ်ခွက်ကို သောက်လိုက်ရသလိုပဲ၊ သူ့ကို အရင်က မကျေမနပ် ပြောချင်နေတာတွေ ပျော်ဆင်းသွားတယ်လို့ ခံစားမိတယ်။
ဆိုတော့ကာ သူပြောလိုတဲ့ ဆိုလိုရင်းကို ကျွန်တော့်ဘက်က အမြင်နဲ့ ဝင်ဆွေးနွေးကြည့်ရအောင်။
သူပြောတဲ့ တိုးတက်ပြီးနိုင်ငံတွေက အဖက်ဖက်ပြည့်စုံနေလို့ လုပ်စရာမရှိတဲ့အဆုံး ဟိုအခွင့်အရေး၊ ဒီအခွင့်အရေးတွေ အော်နေကြတာ၊ လုပ်ဆောင်နေကြတာကို ကျွန်တော်တို့တွေအနေနဲ့ လူသားချင်း တော်တော်စာနာထောက်ထားတတ်ကြတာပဲလို့ သိပ်ပြီး ချီးကျူးမိကြပါတယ်။ တစ်ကယ့်လက်တွေ့ဘဝမှာတော့ ဆရာလူထုစိန်ဝင်းပြောသွားတဲ့ စားဝတ်နေရေးအတွက် လုံးပမ်းနေကြရာကနေပဲ အဲဒါတွေထအော်ဖို့ မစဉ်းစားမိကြတော့ပါဘူး။ ဒီနေ့မှာ ထမင်းစားနေရင်းနဲ့ မနက်ဖြန် ဘာဟင်းချက်ရရင်ကောင်းမလဲ၊ လက်ထဲမှာ ငွေက ဘယ်လောက်ပဲရှိတော့တာ၊ ဟိုဟာဒီဟာအတွက်ကလဲ ကုန်ကျစရာက ရှိသေး၊ ဒီလ လစာထွက်ရင် လောက်မှ လောက်ပါ့မလား? အစရှိသဖြင့် ရေရှည်စီမံကိန်းအတွက် ဘဏ်တွေမှာ ငွေစုဖို့နေနေသာသာ ဒီလကနေ နောက်လ အလျင်မှီဖို့အရေး တွေးပူနေရတာနဲ့ကို ဘာမှကို မလုပ်ဖြစ်ကြတော့တာပါပဲ။
သူပြောတဲ့ ဒီမိုးကရေစီးဆိုလားပဲ ရအောင်လုပ်ကြပါပြောတယ်။ သူက အတော်လေးစိတ်ဝင်စားနေပုံရတယ်။ ကြိုးစားကြပါ၊ ကြိုးစားကြစမ်းပါ၊ ကြိုးစားလိုက်ကြပါဟဲ့ဆိုပြီး ကလောင်စွမ်းနဲ့ ရေးသားပြနေပေမယ့် လမ်းကြောင်းမှ မချပြတာပဲ။ လက်ရှိအခြေအနေမှန်ကို သုံးသပ်ဆင်ခြင်ပြတာ ပိုကောင်းမယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံဟာ တစ်ချိန်က အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံတစ်ခုအနေနဲ့ သတ်မှတ်ခံခဲ့ရပြီး ယခုအချိန်မှာတော့ အရှေ့တောင်အာရှက နိုင်ငံတွေတိုင်းမှာ 3D အလုပ်တွေကို သွားရောက်လုပ်ကိုင်နေကြရတယ်။ ပြည်တွင်းမှာ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်နေတော့ တစ်ခါက စာရေးဆရာတစ်ယောက်ရေးထားတဲ့ စစ်ပြီးကာစ မြန်မာပြည်အခြေအနေဆိုတာကို သွားမြင်မိတယ်။ လမ်းတွေက ပေါက်ပြဲ၊ လမ်းပေါ်မှာလဲ မိန်းမနဲ့ ကလေးတွေချည်းပဲ၊ အိမ်တွေကလဲ ယိုင်နဲ့၊ အစရှိတဲ့ မြင်ကွင်းတွေကို ယနေ့အချိန်တိုင်အောင် တွေ့မြင်နေရဆဲပါ။
ဒီလိုအခြေအနေမျိုးရှိနေတဲ့ မြန်မာနိုင်ငံမှာ အဲဒီ ဒီမိုးကရေစီးဆိုလားမသိတဲ့ စကားလုံးကြီးကို ကြားနေရတာလဲ ဆယ်စုနှစ် နှစ်စုတောင်ကျော်ခဲ့ပေါ့။ လက်တွေ့အကောင်အထည်မပေါ်လာတဲ့အတွက် အမှန်အတိုင်းပြောရရင် စိတ်ဝင်စားမှုမရှိတော့ပါဘူး။ ဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီမိုကရေစီမရှိတဲ့ စင်္ကာပူကို အတုယူစေချင်ပါတယ်။ Policy က အရေးမကြီးပါဘူး၊ လက်တွေ့အသုံးဝင်မှု မဝင်မှု၊ မိမိနိုင်ငံနဲ့ အပ်စပ်၏၊ မအပ်စပ်၏နဲ့ပဲ ချိန်ထိုးပြီး လက်တွေ့ကျတဲ့ လမ်းစဉ်တွေကိုသာ ပြောင်ပြောင်မြောက်မြောက် လုပ်ပြစေချင်ပါတယ် အို်ဘယ့် နိုင်ငံရေးသမားတို့။
ယခုလက်ရှိ ရွေးကောက်ခံ အမတ်လောင်းတွေထဲမှာ ဘယ်သူကများ ပြည်သူတွေကောင်းစားရေးအတွက် ဘာတွေများလုပ်ပေးနိုင်ကြပါပြီလဲ? ဘာတွေများ ရှေ့ဆက်ဆောင်ရွက်သွားကြပါမလဲ? ဒီလိုနဲ့ပဲ ” အားလုံးကောင်းပါသည်ခင်ဗျား ” ဆိုပြီး အိမ်ရောက်ချင်ဇောတစ်ခုနဲ့ လွှတ်တော်ကနေပြန်လာကြသူအပေါင်းတို့၊ အခြေခံအကျဆုံးဖြစ်တဲ့ ပြည်သူတွေ စား၊ ဝတ်၊ နေရေးကို မြှင့်တင်ပေးနိုင်တဲ့အခါကျမှ ကိုယ်ဖြစ်ချင်နေတဲ့ ဒီမိုကရေစီနိုင်ငံဆိုတာကြီးကို ချီတက်ကြတာ ကောင်းလိမ့်မယ် ထင်မိပါကြောင်း…
(လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါစေ)
bigcat
April 9, 2011 at 2:12 am
ပွဲဆူအောင် မိန်းမရှာတွေက လုပ်နေတယ်ထင်တာပဲ။ သိပ်တော့သဘောမကျဘူးဗျို့။ သူတို့မှာခြောက်ပိုင်ခွင့် ရှိသလို ကျုပ်တို့မှာလည်း သောက်မြင်ကပ်ပိုင်ခွင့်ရှိတယ်။ ယောက်ျားလျှာတွေကိုတော့ သူတို့ကံအတိုင်း ဖြစ်ခွင့်ပေးလိုက်ပါဗျာ။ သဘောထားကြီးသင့်တဲ့အခါ ကြီးရမှာပေါ့။ လိင်တူတိုင်း မုန်းလို့တော့ ဖြစ်မယ်မထင်ဘူး။ 😀
sniper2011
April 9, 2011 at 5:23 am
ဆရာလူထုစိန်ဝင်းရဲ့ဆောင်းပါးကိုဖတ်ပြီးသဘောကျမိတဲ့sniperနဲ့အမြင်တူကြတဲ့ရွာသားတွေကိုတွေ့လို့ပျော်သွားတယ်ဗျာ.idea ရေနောက်လဲဒီလိုဆောင်းပါးလေးတွေတွေ့ရင်၊အားရင်တင်ဗျာ။ခုချိန်တော့ဆရာ
ပြောသလိုစား၊ဝတ်၊နေရေးကအရေးကြီးလို့။ဒါကိုအရင်ဆုံးပြလည်အောင်ဝိုင်း
လုပ်ကြရမှာဘဲ။အခြောက်တွေအတွက်နောက်တော့စဉ်းစားပေးရမှာဘဲ၊သူတို့လဲဟော်မုန်းဖေါက်ပြန်လို့ဖြစ်လာရတာ.မြန်ပြည်သား၊လူသားတွေဘဲဗျာ၊မိတ်
ကပ်ဘက်မှာသူတို့တွေတော်တယ်ဗျနော်.သူတို့ရဲ့လုပ်အားတွေကလည်းမြန်
ပြည်အတွက်အကျိုးရှိနိုင်တယ်ဗျနော်.
naywoonni
April 9, 2011 at 9:36 am
အပိုအရှုပ်
မလိုဖြုတ်စို့
ခင်ဗျားတို့ ကျုပ်တို့
အားလုံးသတိ ……။ တဲ့
ကျွန်တော်ရေးတာမဟုတ်ဘူး
ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ကဗျာ …………. အပိုအရှုပ်ဆိုရင်တော့ နေဝန်းနီတို့ကဖြုတ်ထားခဲ့ပြီးသား …။ 😛
char too lan
April 10, 2011 at 3:45 am
Bravo !!
Thanks your info ~
🙂
nature
May 6, 2011 at 10:56 pm
ကောင်းပါတယ်။အဓိပါယ်ရှိတယ်။အားပေးပါတယ်။