အကောင်းဆုံးကျောင်း
မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ဝန်းရံလာတယ်။
‘ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ’
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။
‘ဟေ့၊ ဖက်တီး’
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။
ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။
အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။
‘ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး’
မြေးလေးက ဝမ်းသာအားရ ပြောတယ်။
‘ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး’
အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
‘မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်’
အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။
ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ဝမ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။
ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။
‘အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား’
အသံတသံက ထွက်ပေါ်လာတယ်။
‘ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား’
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။
မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
‘မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ’ လို့ ပြောလိုက်တယ်။
‘အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ’
ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။
ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။
‘အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ’
အဘိုးအို ပြန်ဖြေလိုက်တာက
‘ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်’
မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)
11 comments
bigcat
April 15, 2011 at 4:38 am
ကျောင်းသားတွေကလည်း ကစားဖော်သူငယ်ချင်းတွေ မရှိတော့လို့လူအသစ်မျှော်နေတုန်း၊ ကျောင်းအုပ်ကလည်း ကျောင်းသားအလုံအလောက်မရှိလို ကျောင်းပိတ်ရမှာစိုးရိမ်နေတဲ့အချိန်မှာ အဘိုးနဲ့မြေးလေးရောက်သွားတယ်ဆိုရင်တော့…ဒန်တန့်တန်
ဆူး
April 15, 2011 at 5:07 am
မူလတန်းတုန်းက တက်တဲ့ မူလတန်းကျောင်း သေးသေးလေးမှာ တော့ သင်ခဲ့ရတဲ့ ဆရာမ က အတော် စေတနာကောင်းတယ်။
အထက်တန်းကျောင်းကို ပြောင်းတက်တဲ့ အခါမှာတော့.. ဆရာမ မခေါ်ရဘူး တီချယ်ခေါ်ရတယ်။
စိတ်ကောင်း သိပ်မရှိဘူး ကျူရှင် မတက်ရင် တမျိုး တက်ရင် တမျိုး..
ကျောင်းမှာ အချဉ်ထုတ် လိုက်ရောင်းတဲ့ ဆရာမ နဲ့..
ဒုတ်ကြည့်ထား ဆိုပြီး ကြိမ်လုံး ၃လုံးပူးပြီး အသေချတဲ့ ဆရာမ
ထိုင်ထ လုပ်ခိုင်းတတ်တဲ့ ဆရာမ
စုံနေတာဘဲ.. အတ္တတွေ အလွန်ကြီးတယ်.. ငါစွဲ များတဲ့ ဆရာမတွေ ကြီးဘဲ။
ကျောင်းသားဆိုတာ နိပ်ကွပ်မှ ဆိုတဲ့ ဆရာမတွေ ကြီးဘဲ။
minhtetthar
April 15, 2011 at 5:40 am
အဲလိုဆရာမမျိုးကကျောင်းတိုင်းမဟုတ်ပါဘူးဗျာ…။
ဒါပေမဲ့…ကောင်းတဲ့ဆရာမကနည်းပါတယ်။
ကျောင်းတော်တော်များများမှာလဲ…ငါကျောင်းများတယ်။
ကျောင်းအနည်းငယ်လောက်ပဲ…ငါမဟုတ်ကြတာပါ။
weiwei
April 15, 2011 at 5:33 am
အခု မြန်မာနိုင်ငံမှာ အကောင်းဆုံးကျောင်းကတော့ ဘုန်းတော်ကြီးပညာသင်ကျောင်းပဲ ဖြစ်ပါတယ် …
ogre
April 15, 2011 at 9:45 am
ကျောင်းသန့်ရှင်းရေးနဲရေအိုးရေခွက်တံမျက်စည်းဘိုး
မကောက်ခံတဲ့ကျောင်း….
မိဘဆရာအသင်းကြေးမကောက်တဲ့ကျောင်း
ဘုံကထိန်ကြေးမကောက်တဲ့ကျောင်း
စာမေးပွဲကြေးမကောက်တဲ့ကျောင်း
စာသင်ခန်းမှာအပရိကနဲအိမ်ကျူရှင်ကျမှတိတိကျကျသင်တဲ့
ဆရာမတွေမရှိတဲကျောင်း….အခုပဲပြောင်းတက်ခြင်းပါတယ်..
သူကြီးရှိရင်ပြောပြပေးနာ်….
shwepyithu
April 15, 2011 at 11:05 am
ကျမတို့ခေတ်တုန်းကတော့ ဆရာမကိုကျူရှုင်တက်ဖို့ သွားပြောတာ အဆူခံရတော့တာပဲ။ ငါတို့က အတန်းထဲမှာ ကောင်းကောင်းမသင်လို့လား။ မသိရင် ချက်ချင်းလာမေးတဲ့။ အရမ်းမျက်နှာထားတင်းပြီး အပေါက်ဆိုးတယ်လို့ အပြောခံရတဲ့ ဆရာကြီးကလဲ တပည့် တစ်ယောက်ချင်းကိုမှတ်မိပြီး ဘယ်သူ ဘာလိုနေသလဲ သိတယ်။ တစ်ယောက်ချင်းရဲ့ အားနဲချက်ကိုသိပြီး ပြင်လဲပေးတယ်။ အားလဲပေးတယ်။ တခြားလေးစားဖို့ကောင်းတဲ့ ဆရာတွေလဲ ရှိသေးတယ်။ တစ်ယောက်တစ်မျိူးဆီကောင်းကြတယ်။ ပြောရင်ဆုံးမှာမဟုတ်လို့။ တကယ့်ကိုချစ်ခင်လေးစား အားကျဖို့ကောင်းတဲ့ ဆရာတွေပါ။ ခုထိအမှတ်ရနေမိပါတယ်။
antimoe
April 15, 2011 at 12:29 pm
တပည့်မရှား…တစ်ပြားမရှိ..
ပီတိကိုစား…အားရှိ..ခဲ့တဲ့ ခေတ်က ဆရာတွေ ပင်စင်ယူကုန်ကြပြီ။
တစ်ချို့က ပင်စင်လစာ မလောက်မငှနဲ့…ပီတိကို စားရင်း ဝမ်းဟာနေတယ်။
တစ်ချို့က တပည့်ဟောင်းတွေရဲ့ မြေးတွေအထိကို စာပြန်သင်နေရတုန်းပဲ။ တရားစခန်းက နောက်မှ…နောက်မှ..။ လောလောဆယ် ဝမ်းရေးကပိုခက်တယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဟေ့။
အဆင်ပြေတဲ့သူတွေ ရှိသလို… အဆင်မပြေတဲ့သူတွေကပိုများပါတယ်။
ဒီခေတ်က ပညာရေးလောကသားတွေလည်း အရှေ့ကစီနီယာတွေကို သင်ခန်းစာယူပြီး လက်ရှိလုပ်ပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ အသုံးချလို့ နေပါတယ်။
အခြေခံ၊ အဆင့်မြင့်၊ စာရေး၊ လက်ထောက်၊ ကျောင်းအုပ်၊ ပညာရေးမှူး၊ ဦးစီးမှူး၊ ညွှန်မှူး……..ရာထူးကအဆင့်ဆင့်။
ရနေတဲ့ ပမာဏကလည်း အမျိုးမျိုး။ တခါက..ရှပ်အဖြူ၂ထည်ပဲရှိခဲ့တဲ့ သူငယ်ချင်းဆရာတစ်ယောက် အခု တိုက်၃လုံး ပိုင်နေပြီ။ ကျူရှင်ကောင်းတယ်လေ။
တချို့ကလည်း..ဘော်ဒါနဲ့ အကျိုးပေးတယ်လေ။ ပညာရေးကသာ..ဘာဖြစ်တယ်..ညာဖြစ်တယ်…ဝေဖန်နေကြတာ..။
ပညာရေးက ဝန်ထမ်းတွေအားလုံး သချင်္ာ တဖက်ကမ်းခတ်တော်ကြတာပါ။
မိုက်ကယ်ဂျော်နီအောင်ပု
April 15, 2011 at 1:16 pm
ဆရာဆရာမတွေကိုလည်း
တစ်ဖက်သတ်အပြစ်မမြင်စေချင်ပါဘူး
သူတို ့မှာကလည်း လစာက နှစ်ပဲတစ်ပြားဘဲရတယ်လို ့ဆိုရမလားနော
ဒီလိုလုပ်ပါလား
လွှတ်တော်ထဲမှာပြောကြည့်ရအောင်လေ
ငှက်ကြီး
April 15, 2011 at 1:41 pm
ဒါဆိုရင် အနန္တောအနန္တငါးပါးထဲမှာ အခုခောတ်ဆရာတွေ မပါတော့ဘူးလား။
ခောတ်ဆိုးကြီးကြောင့်ဆရာတွေ ပြောင်းလဲသွားတာလား။
ချစ်၊ ကြောက်၊ ရိုသေ ဆိုတာ ယခုခောတ်ဆရာတွေအတွက် ရှိသေးရဲ့လား။
unclegyi1974
April 15, 2011 at 3:59 pm
အတော်ကောင်းတဲ့စာပါ
ဒါပေသိယနေ့ခေတ်မြန်မာမှာအဲလိုကျောင်းမျိုး
ရမှကျောင်းထားမယ်ဆိုကလေးဒီတသက်
ကျောင်းနေရဖို့မမြင်ဖူးနော် သဂျီးရေ
ဘီလူးရေ မောင်ရင့်ကလေးထားဖို့ကျောင်းတွေ့ထား
တယ် အဒေါ်စားကျောင်းတွေလေ
moethidasoe
April 19, 2011 at 5:57 am
အဘိုး စောစောပိုင်း တွေကတဲ့ကျောင်းသား အများစုက တက္ကသိုလ် ကြီးကြီးတွေများ ရောက်ခဲ့ရင် ဆရာကို ပခုံးတိုက်သွားမယ့် .. ဆရာကို ပြန် တရားစွဲမယ့် ကျောင်းသားတွေ ဖြစ်လာတတ်တယ် ..
နောက်ဆုံးတွေ့တဲ့ ကျောင်းက ရန်ကုန်မှာ အတွေ့ နည်းမယ် .. နယ်မှာတော့ ရှိသေးတယ် .. အဘိုး နယ်ကို သွားရှာပါ လို့