ကိုးကွယ်ခြင်းနှင့် ဘာသာတရား (၁)။ (Religion and Buddhism)

BayoteApril 29, 20101min1401

မြတ်ဗုဒ္ဓသည် ဘုရား ဖြစ်တော် မူပြီးသည့် နောက် (၄၅) နှစ်လုံးလုံး ဟောကြား တော်မူခဲ့သော တရားတော် များကို ဓမ္မဟု ခေါ်ဆိုပါတယ်။ ဓမ္မသည် ( Religion) မဟုတ်ပါဘူး။ ထို့ကြောင့် ဘယ်ဘာသာဝင်မျိုးမဆို၊ အသားအရောင်၊ အမျိုး၊ ဇတ် ကိုးကွယ်သည့် ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဓမ္မကို နားထောင် နိုင်ပါတယ်။ လိုက်နာ ကျင့်သုံးလို့ ရပါတယ်။ မြတ်ဗုဒ္ဓ ဟောတော်မူ ခဲ့သော တရားတော်များသည် ဓမ္မသာဖြစ်၍ ( Religion) မဟုတ်ပါဘူး။

Religion ဆိုတာ (Believe in worship of a “God “or supernatural rolling Power ) ကို ကိုးကွယ် ယုံကြည် တဲ့ သဘော (God ကို ယုံကြည် ကိုးကွယ်ခြင်း၊ သို့မဟုတ် ကမ္ဘာကြီးကိုလွမ်းမိုး အုပ်ချုပ်တဲ့ တန်ခိုးတစ်မျိုးမျိုးကို ယုံကြည်ကိုးကွယ် ခြင်းကို) Religion လို့ခေါ်ပါတယ်။ ယုံကြည်ခြင်းရယ်၊ ကိုးကွယ်ခြင်းရယ်၊ ဆုတောင်းခြင်းရယ် (၃)မျိုး ပြုလုပ်ကြခြင်းကို (Religion) လို့ခေါ်ပါတယ်လို့ သီတဂူဆရာတော် ဘုရားကြီးက ရှင်းလင်းစွာ ဟောကြား ထားပါတယ်။

မြတ်ဗုဒ္ဓ ဟောတဲ့ ဓမ္မက သင်ယူဘိုု့့၊ ကျင့်ဘို့၊ ထိုးထွင်းသိမြင်ဘို့ (For learning, For Practice , For penetration ) ကို ရည်ရွယ်ပါတယ်။ အဘယ်ကြောင့်ဆိုသော်-

ဗုဒ္ဓ ဝါဒအရ ကိုးကွယ်ခြင်းသည် စရဏ ပြဌန်းတဲ့ အကျင့်တရား ဖြစ်သောကြောင့်ပင် ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒမှာ စရဏ (အကျင့်)က ပဓာန ဖြစ်ခြင်းကြောင့် (ကိုယ်တိုင် ကျင့်သုံးခြင်း) ကိုယ့်ကိုယ်ကို အားကိုးရသော ဝါဒ ဖြစ်ပါသည်။အကြင်သူသည် ဓမ္မကိုမြင်မှ ဗုဒ္ဓကိုမြင်သည်။ တရားကိုမြင်သူသည် ဘုရားကို မြင်ပါသည်။ ထိုကြောင့် ဓမ္မကို မြင်အောင် ကျင့်သုံးဘို့သည် အဓိကအကျဆုံးပင် ဖြစ်ပါသည်။

ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း ဆိုတာနဲ့တော့ ဝိမုတိ္တ ဆိုတဲ့ လွတ်မြောက်ခြင်းကို မရနိုင်ပါဘူး။ ဓမ္မဆိုတာကတော့ ယုံကြည်နေယုံနဲ့ မပြီးသေးပါဘူး၊ သစ်သီးစားချင်သူသည် သစ်ပင် ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။ ထို့အတူ

ဆရာဝန်တစ်ယောက်သည် ရောဂါသည် တစ်ယောက်ကို၊ ဆေးကုသောအခါ ရောဂါရဲ့အနေအထား၊ ရောဂါရဲ့ စတင်ပုံကိုအရင် ရှာဖွေ ကြည့်ရူပါတယ်။ ပြီးမှ အဲဒီ ရောဂါဘာကြောင် ့ဖြစ်သလဲဆိုတာ ကိုသိပြီး ဘာဆေး ပေးရမလဲဆိုတာကို ကြည့်ပြီးတော့ ဆေးညွန်း(prescription) ရေးပေးလိုက်တယ်။ ပြီးတော့ ဆေးပေးလိုက်ပါတယ်။

ရောဂါသည်က ဆေးညွန်းကို ဖတ်တယ်၊ ဒီဆေးညွန်းအတိုင်း ဒီဆေးသောက်ရင် ရောဂါပျောက် လိမ့်မယ်လို့ ယုံကြည်သလို ဆရာဝန်ကိုလည်း ယုံကြည်တယ်။ ပြီးတော့ ဆေးမသောက်ပဲ နေမယ်ဆို ရင်ရောဂါ မပျောက်နိုင်ပါဘူး။ ဆရာဝန်ကြီး တော်တယ်၊ တတ်တယ်၊ ဆိုပြီး ဆရာဝန်ကြီးကို ယုံကြည်ပါ၏ ဆိုပြီး ရှိခိုးနေ ယုံနဲ့ ရာဂါ မပျောက်သလို။ ဆေးညွန်း ကောင်းလွန်းလို့ အညွန်းကြီး ဖတ်နေသော် လည်းလူနာ ရောဂါ မပျောက် ကင်းနိုင်ပါ ဘူး။

ဆရာဝန်ကိုလည်း ယုံတယ်။ ဆေးညွန်းကိုလည်း သေချာစနစ်တကျ ဖတ်တယ်။ ဆေးညွန်း အားလျော်စွာ ဆေးကိုလည်း သောက်တယ်ဆိုရင် ဒီလူနာဟာ ရောဂါပျောက်ပါတယ်။

ထို့ကြောင် ့မြတ်ဗုဒ္ဓဟာ အလွန်ကျွမ်းကျင်တဲ့ သမားတော် ကြီးနဲ့တူပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ပိဋိကတ်သုံးပုံသည် အလွန်ကောင်းတဲ့ ဆေးညွန်းကျမ်း တွေနဲ့တူပါတယ်။ မြတ်ဗုဒ္ဓ ဟောတဲ့၊ သီလ၊ သမာဓိ ၊ ပညာ ဆိုတဲ့အကျင့် တွေကတော့ ရောဂါပျောက်ဖို့ အကောင်းဆုံး ဆေးတွေပါပဲ။

ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။

ဆင်းရဲမှ လွတ်လိုလျှင် မကောင်းသော အကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် ကောင်းသော အကျင့် ကိုကျင့်ရမည် ဖြစ်၏။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရမည်ဖြစ်သည်။
ဤသို့ ကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကိုလည်း သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။ဗုဒ္ဓ ဝါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ဝါဒမျိုးလည်း မဟုတ်ပါဘူး။

မြတ်ဗုဒ္ဓ ၏ ဝါဒမှာ (ဝိဘဇ္ဇဝါဒီ- ဝေဖန်ပိုင်းခြားနိုင်မှ ဗုဒ္ဓဝါဒ ) ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ တရားတော်သည် ဝေဖန် စီစစ်ခွင့်ရှိသော ဘာသာတရားမျိုး ဖြစ်ပါတယ်။ မြတ်စွာဘုရားသည် အရာရာ ဝေဖန် စီစစ်လေ့ ရှိသော ပုဂ္ဂိုလ်ထူးတစ်ဆူ ဖြစ်ပါတယ်။ ဝေဖန်စီစစ်ခွင့် မရှိသောဘာသာ တရားမျိုး မဟုတ်ပါဘူး။ ကိုးကွယ်မိပြီဆိုရင် ကိုးကွယ်ခံတဲ့ ဘုရားကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ၊ ဘာမှ ဝေဖန်ခွင့်မရှိဘူး ဆိုတဲ့ ဘာသာတရားမျိုး မဟုတ်ပါဘူး၊ အလွန်တရာလွတ်လပ်ပါတယ်။ လူတွေအားလုံး ဝေဖန်စီစစ်တဲ့ဥဏ် ရှိမှသာ ကိုးကွယ်ရာဟာ မွန်မြတ်တဲ့ ကိုးကွယ်ရာမျိုး ဖြစ်နိုင်ပါတယ်။ ဝေဖန် စီစစ်တဲ့ဥဏ် မရှိဘဲနဲ့ ကိုးကွယ်ရာသည် မွန်မြတ်တဲ့ ကိုးကွယ်မူ့မျိုး မဖြစ်နိုင်ပါ။ အရာရာ၌ အကောင်း အဆိုး အကြောင်း အကျိုး အရာဟူ သမျှကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်လေ့ ရှိလေသော ၊အတိုင်းမသိ ယုတ်မာသော တရားတွေ ကိုအောင်မြင်တော် မူသောမြတ်စွာ ဘုရား အားရှိခိုးခြင်းသည် မွန်မြတ်သော ကိုးကွယ် ခြင်းမျိုးသာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓ မပွင့်သေးမှီ ရှေးအခါက လူတို့သည် ဘေးဒုက္ခအမျိုးမျိုး၊ ဘေးအန္တာရယ် အမျိုးမျိုးဖြင့် ခြိမ်းခြောက် ခံရတဲ့အတွက် ကြောင့်သော် လည်းကောင်း၊ စည်းစိမ် ချမ်းသာ အဖြာဖြာကို လိုလား တောင့်တ၍ သော်လည်းကောင်း၊ ကိုးကွယ်ရာ အမျိုးမျိုး ရှာခဲ့ကြပါတယ်။ ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ် ရာက ချမ်းသာ စည်းစိမ်အမျိုးမျိုးကို ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည် ဟူ၍လည်း ယုံကြည်ခဲ့ ကြပါတယ်။ ထိုကြောင့် တစ်ချို့က တော ၊တောင်၊ ရေ၊ မြေ၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ သစ်ပင်၊ ဥယျာဉ် ၊ စေတီ (စေတီ ဆိုသည်မှာ နတ်ကွန်းများ ကို အိနိ္ဒယမှာ ဗုဒ္ဓမပွင့်ခင်ကစေတီ လို့ခေါ်ခဲ့ကြတယ်။ ရှိခိုးအပ်၊ အရိုအသေ ပြုအပ်၊ ပူဇော်အပ်သော အရာဌာန များကို စေတီလို့ခေါ်ခဲ့ကြပါတယ်။ ) စသည်အရာများကို တန်ခိုးရှင်ဟု သတ်မှတ် ကာ မှီခိုအားကိုး ယုံကြည် ကိုးကွယ် နေခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာသနာတော် မှာတော့ မမွန်မြတ်တာ တွေကို ကိုးကွယ်စရာ အနေနဲ့ ဘယ်ထဲမှာမှ ထည့်မသွင်းထားပါဘူး။ မွန်မြတ်တဲ့ ကိုးကွယ် ခြင်းပဲဖြစ်ရပါမယ်။

ဘေးရန်ကို ကြောက်လို့ ကိုးကွယ်ပေမဲ့ ဒါဟာ ဘေးရန်ကင်းတဲ့ ကိုးကွယ်ခြင်းမျိုး မဖြစ်နိုင်ပါဘူး။ ဒါတွေဟာမွန်မြတ်တဲ့ ကိုးကွယ်မူ့မျိုး မဖြစ်နိုင်ပါဘူး။ ဒီလိုကိုးကွယ်မူ့ အကြောင်းပြုလို့ ဒုက္ခမှ မလွတ် မြေက် နိုင်ပါဘူး။ အကြင်သူသည်၊ ဗုဒ္ဓကိုလည်းကောင်း၊ ဓမ္မကိုလည်းကောင်း၊ သံဃာကိုလည်းကောင်း သရဏံ ကိုးကွယ် ခြင်းသို့ ရောက်နေသော ပုဂ္ဂိုလ်သည် လေးမျိုးသော သစ္စာတရားတို့ကို မြင်နိုင်တဲ့ အကျိုး ကိုရပါတယ်။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ကို ကိုးကွယ်ခြင်းသည် ဘေးရန်ကင်း၏ ။မွန်မြတ်တဲ့ ကိုးကွယ်ခြင်းဖြစ်၏ ။ ဒုက္ခအပေါင်းမှ လွတ်မြောက်၏ ။

အဘယ်ကြောင့် ဆိုသော် ဗုဒ္ဓ မြတ်စွာဘုရားသည် သတ္တဝါတွေ အကျိုးမဲ့ဖြစ်မည့် ကိစ္စကိုတားမြစ်တော်မူ ပါတယ်။ အကျိုးစီးပွားဖြစ်မည့် ကိစ္စကို၊ လမ်းညွန်ချက် ပေးတော်မူခဲ့ပါတယ်။ မကောင်းတာ မှန်သမျှ တားမြစ်တယ်။ ကောင်းတာ မှန်သမျှ ညွန်ကြားပါတယ်။ ကျေးှဇူး တင်စရာကောင်းတဲ့ ဆရာတစ်ဆူဟု စိတ်တွင်ကြည်ညို တတ်လျှင် သဒ္ဓါ ဖြစ်စေပါတယ်။

ဓမ္မသည် မြတ်စွာဘုရား ဆုံးမတော်မူတဲ့ အတိုင်း ဓမ္မကို ကျင့်နိုင်လျှင်၊ ကျင့်နိုင်သည်နှင့် အမျှ မကောင်းကျိုး တွေကို ဖယ်ရှားပြီး ကောင်းကျိုးတွေကို ရစေနိုင်ပါတယ်။

သံဃာကလည်း သာသနာတော်ကို မြတ်ဗုဒ္ဓ ဟောကြားတော်မူတဲ့အတိုင်း တရားတော်များကို အတွေး ခေါ်သစ်တွေလည်း ဖြည့်စွပ်မထားပဲ ၊မြတ်ဗုဒ္ဓ ၏ မူရင်း ဟောပြောချက်တွေကိုလည်း ဖယ်နုတ်ခြင်း မရှိဘဲ တစ်စုံတစ်ခု ပြုပြင်ပြောင်းလဲခြင်း လည်းမလုပ်ပဲ မူရင်းအတိုင်း နှစ်ပေါင်း၂၅၀ဝ ကျော် ကာလ ပတ်လုံး သယ်ဆောင်ထိန်းသိမ်း လာတာကို ကျေးဇူးတင်တတ်တယ် ဆိုရင် သံဃာအပေါ်မှာ သဒ္ဓါ ဖြစ်စေပါတယ်။

(ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ရတနာသုံပါးရဲ့ အပေါ်မှာ ရောက်နေတဲ့ ကြည်ညို ယုံကြည်တဲ့စိတ် သဒ္ဓါတရား အရင်းခံရှိသော၊ သဒ္ဓါတရား ရရှိ၍ လာသော ကောင်းစွာ ကျင့်အပ်သော အကျင့်မြတ်သည်(သမ္မာဒိဋ္ဌိ ) ဖြောင့်မတ်တဲ့ အယူ မုချကိန်း တယ်လို့ိ ဆိုထိုက်ပါပေတယ်။
သမ္မာဒိဋ္ဌိ (သမ္မာဒိဋ္ဌိ ) ဆိုသည်မှာအသိဉာဏ် မှန်ကန်ခြင်း၊ အယူအဆ မှန်ကန်ခြင်းဖြစ်ပါတယ်။

သဒ္ဓါတရားလျှင် အရင်းခံရှိသော သမ္မာဒိဋ္ဌိနဲ့တွဲတဲ့ စေတနာက သတ္တဝါတွေ၏ စိတ်သန္နန်မှာ ဖြစ်တဲ့ ဘေးအန္တရယ်တွေ၊ ကြောက်လန့်ခြင်း၊ ထိတ်လန့်ခြင်း ၊ ကိုယ် စိတ်နှစ် ပါး ဆင်းရဲခြင်း၊ မကောင်းတဲ့ဘဝ ဆိုးအဖြစ်ဆိုးတွေ၊ကိုယ်နုတ် စိတ်နှလုံး ညစ်ညူးမူ့ တွေ ကို ဖယ်ရှားပေးနိုင်စွမ်း သတ္တိ အထူးရှိပါတယ်။

အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကိုတော့ ဗုဒ္ဓဝါဒက လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။ အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရား ပါတယ်။ အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကိ်ု ရနိုင်ပါတယ်။

ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-

အို-ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ ကိုယ်ကြီး) ကို ကြည်ညို၍ နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ဘူးပါတယ်။ ဝက္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
ထို့ကြောင့် သဒ္ဓါအရင်းခံတဲ့၊ အသိဥဏ်မှန်ကန်မူ့၊ အယူအဆမှန်ကန်မူ့ ဆိုသည့်(သမ္မာဒိဋ္ဌိ) တွဲလျှင် ထိုပုဂ္ဂိုလ်သည် အယူဖြောင့်ပြီဟုဆိုနိုင်ပါသည်။

ထိုကြောင့် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြပြီး ယုံကြည်မှု (သဒ္ဓါ ) နှင့်
အသိဉာဏ် ( ပညာ) ၊အကျင့် တို့ ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးနိုင်ကြသော ဗုဒ္ဓဘာသာဝင် သူတော်စင်များ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

(ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော် မှ ဗုဒ္ဓဘာသာဝင် တိုင်း သိသင့်သိထိုက်တဲ့ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို မှန်ကန်စွာ သိရှိနားလည်ကြ ရန်ရည်ရွယ်၍ ထုတ်နုတ် ပူဇော် အပ်ပါသည်။)
ရေးသားသူ – မေစိုး

One comment

  • kai

    April 30, 2010 at 7:33 am

    ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိ ရဟန်းတော်ကို ဗုဒ္ဓက-

    အို-ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ ကိုယ်ကြီး) ကို ကြည်ညို၍ နေခြင်းဟာ ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ဘူးပါတယ်။ ဝက္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို အသုံးမချလို့ ဖြစ်ပါတယ်။
    ထို့ကြောင့် သဒ္ဓါအရင်းခံတဲ့၊ အသိဥဏ်မှန်ကန်မူ့၊ အယူအဆမှန်ကန်မူ့ ဆိုသည့်(သမ္မာဒိဋ္ဌိ) တွဲလျှင် ထိုပုဂ္ဂိုလ်သည် အယူဖြောင့်ပြီဟုဆိုနိုင်ပါသည်။
    ==========
    သက်ရှိထင်ရှားဘုရားရှင်ကိုယ်တော်တိုင်ကို ကြည်ညိုနေတာကို ဘုရားရှင်ကိုယ်တိုင်က နှင်ထုတ်ခဲ့ဖူးရင်..အခုခေတ် ဘုရားဆင်းတုတော်တွေထုပြီး ဆင်းတုတော်ရှေ ့မှာကြည့်ညိုသဒ္ဓါပွားများရင်း ပုတီးစိတ်နေကြသူတွေကို ဗုဒ္ဓဘုရား ဘာတွေဟောကြားမလဲ သိချင်မိပါကြောင်း..။
    (ဆင်းတုထုလုပ်ကိုးကွယ်သော ဓလေ့နှင့် ပုတီးစိတ်ခြင်းအလေ့အကျင့်သည် ဘုရားရှင်ပရိနိဗာန်စံလွန်ပြီး နှစ်ရာချီကြာမှ ပေါ်ပေါက်လာသည်ဟု သမိုင်းတွင့်ဖတ်ဖူးပါသည်)

Leave a Reply