ငါစွဲ Self

root killer

ကျူပင်ခုတ်ကျူငုတ်မကျန်

လူတိုင်းတွင် အစွဲကိုယ်စီရှိကြသည်။ သူဌေးက စည်းစိမ်ဥစ္စာကို စွဲသလို ဆင်းရဲသားကလည်း ရှိသမျှလေးကိုစွဲသည်။ ငွေမရှိတောင် သားမယား၊ ချစ်သူ ခင်သူကိုစွဲသည်။ ဘုရား၊ ရဟနာ္တတို့မှလွဲ၍ ကျန်ဝေနေယျ သတ္တဝါများအားလုံးတွင် အနည်းနှင့်အများ အစွဲရှိသည်။ ယုတ်စွအဆုံး အထက်အရိယာ အနာဂါမ်ကြီးများပင် မလွတ်၊ သူ့အတိုင်းအတာနှင့်သူ ရှိကြသည်။ ကောင်းသောအစွဲ၊ ဆိုးသောအစွဲ၊ မှန်သောအစွဲ၊ မှားသောအစွဲဟူ၍ စွဲကြပြီး သုဂတိ၊ ဒုက္ခတိဘုံများတွင် ကျင်လည်ရသည်။ ဤအစွဲကပင် ဗုဒ္ဓဘာသာနှင့် အခြားဘာသာအယူဝါဒတို့၏ ကွာခြားချက်ဖြစ်သည်။
အစွဲသည် သံသရာလွတ် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြောင်းဖြစ်သည်၊ ငရဲ၊ ပြိတ္တာ အပ္ပါယ်လေးဘုံ ရောက်ကြောင်းဖြစ်သည်။ ဖခင်သတ်၍ ထီးနန်းယူသော အဇာတသတ်မင်းအား ပြုခဲ့သော အကုသိုလ် များကို စိတ်မစွဲရန် တရားချနိုင်မှ စိတ်တည်ငြိမ်ပြီး သရဏဂုံတည်သည်။ သဲအင်း ဓမ္မကထိက တဦးက ငရဲကြောက်စရာမလို။ သူ့ဖာသာသူနေသည်၊ ကိုယ်ပြုသော အကုသိုလ် စေတသိက်များက ငရဲသို့ တွန်းပို့ခြင်းဖြစ်သည်။ အဘိဓမ္မာလိုတော့ သေခါနီးဇော ခုနှစ်ချက်ဟု ပြောကြသည်။ လူပြိန်းလိုတော့ သေခါနီးအစွဲက အဆုံးအဖြတ်ပေးသည်။ ယင်းအစွဲပြုတ်ရန်၊ မဖြစ်ရန် လေ့ကျင့်ထားရသည်။
ဗုဒ္ဓဝါဒတွင် ပူဇော်သက္ကာရပြုခြင်း၊ ချီးမွှမ်းအောက်မေ့ခြင်း၊ တောင်းပန်ဆုတောင်းခြင်းတို့သည် အပေါ်ယံသဘော၊ ရှောင်လွှဲမရကောင်းသည့် လောကထုံးစံဖြစ်ပြီး အစွဲအားလုံးမှ လွတ်မြောက်ရေးသာ အနှစ်သာရဖြစ်သည်။ တဆူထဲသော ဘုရား၏ အယူဝါဒကို နာယူကြခြင်းအတူတူ မိမိဖြည့်ဆည်းခဲ့ရာ ကံအလျောက် အသိညဏ်ဖြစ်သည်။ ဘုရားရှင်ပင် သတ္တဝါတိုင်းကိုကျွတ်အောင် ဆုံးမရန် မဖြစ်နိုင်၍ ကံနယ်၊ ညဏ်နယ် နှစ်ပိုင်းထားရသည်။ ကံနယ်သည် ဖြည့်ခြင်းဖြစ်ပြီး ညဏ်နယ်ကတော့ စွန့်ရသည်။
တချို့လည်း ယင်းသို့ အစွဲဖြုတ်ခြင်းကို ကိလေသာအာသဝေါ အားလုံးကုန်မှဟုထင်သည်။
အစွဲပြုတ် သစ္စာညဏ်တွင် ပညတ်ပုံ အဆင့်ဆင့်ရှိသော်လည်း ပယ်စွန့်ခြင်း သဘောကတော့ တူသည်။ စွန့်တိုင်းလည်းမပြုတ်၊ စွန့်တတ်မှပြုတ်သည်။ နည်းစနစ်မှန်ဖို့ ဆရာသမားကောင်းတွေ့ရန် လိုသည်။ အစွဲဟူသည် သံသရာတလျောက်လုံး ငါစွဲလာသော ကိုယ်၊ လက်၊ သား၊ မယား အတ္တမှစ၍ တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာ ပရအကျိုး အထိပါဝင်သည်။ အစွဲဟူသည် ညောင်းညာ၊ ကိုက်ခဲ၊ စိတ်ဆိုး၊ ပျော်ရွှင်၊ သွား၊ လာ၊ ထိုင်၊ အိပ် စသည့် မြင်သာသည့် ပညတ်သဘောများမှ ဈာန်သမာပတ်၊ အဘိညာဉ်တရားလို ရခဲသော သမထအစွမ်းများအထိ အကြုံးဝင်သည်။ ပညတ်သည်အကျိုး၊ မသိမှု အဝိဇ္ဇာသည် အကြောင်းဖြစ်သည်။
ယင်းသို့ပြော၍ သမာဓိအား အကျိုးမဲ့သည် မဆိုလိုဘဲ သမာဓိမှ သတိပဌာန်မှ နုပဿနာသို့ ကူးရန်ဖြစ်သည်။ ပြောတိုင်းမသိ၊ သိတိုင်းမရ၊ ရတိုင်းမဖြစ်၊ ဖြစ်တိုင်းမဟုတ်၊ နည်းမှန်ရသည်။ http://trueanswer.multiply.com/journal/item/5/5 “အမေး(၂) တွင် စိတ်ကလေးတစ်ခုသည် အချိန်တစ်ခုကြာအောင် (တစ်မိနစ်၊ နှစ်မိနစ် စသည်ဖြင့် ) တောက်လျှောက် ရှိနေသည် ဟု ယူဆခြင်းမှာ မှန်သလော မှားသလော။ စိတ်တစ်ခုတည်းမှ အချိန်တစ်ခုကြာအောင် (တစ်မိနစ်၊ နှစ်မိနစ် စသည်ဖြင့် ) တောက်လျှောက် ရှိ နေသည်ဟု ယူဆခြင်း မှာ မမှန်ကန်ဟု ဖြေဆိုပါက တောက်လျှောက် ရှိမနေသော စိတ်ကို အရှိ ၊ အဟုတ် ၊ တကယ့်အစစ် ထင်မှတ်ကာ အတွေးစိတ်ပေါ်လာရင် တွေးတယ် တွေးတယ် စသည်ဖြင့် မှတ်ခိုင်းနေခြင်းသည် ဝိပဿနာ ကျင့်စဉ် ဖြစ်ပါသလော။ (သို့မဟုတ်) သမထ အားထုတ်မှု သက်သက် ဖြစ်ပါသလော။ ဝိပဿနာ အားထုတ်မှုဟူသည် ယထာဘူတ အမှန်ကို အမှန်အတိုင်း နှလုံးသွင်း ဆင်ခြင် ရှုသိနေခြင်း ဟု ဆိုလိုသည် မဟုတ်ပါလော။” ကိုစိုးဝင်းထွဋ်၏ သတိပေးချက်က အလွန်ကျေးဇူးများသည်။ ရုပ်၊ နာမ်တိုက်ဆိုင်တိုင်း မှတ်နေသော်လည်း အကြောင်းတရား သိမှုနာမ် ဒါမှမဟုတ် ရုပ်နာမ်တထပ်ထဲဖြစ် တထပ်ထဲပျက်ခြင်း သဘောထက် အကျိုးတရား ရုပ်ပြောင်းလဲခြင်း ကိုမဲပြီးရှုမှတ်ကြရင်း မူလတရား သူ့သဘောသူဆောင်ခြင်း ပျောက်သွားသည်။ နဂိုထဲက ဘယ်အရာမှ တည်မနေဘဲ အစဉ်ပြောင်းလဲခြင်း နိယာမတရားနှင့်လွဲကာ သိပြီးမှပျက်၊ ဖြစ်ပြီးမှ ပျက်ကြတော့သည်။ ပိုဆိုးသည်က ပြောင်းလဲမှုဝေဒနာကို ပညတ်ခံစားမှုများတပ်ကာ မှတ်ခြင်းပင်ဖြစ်သည်။
မြတ်စွာဘုရားက အကျိုးကိုမသတ်၊ အကြောင်းသတ်ရန်လိုကြောင်း ခြင်္သေ့နှင့်ခွေး ဥပမာဖြင့် ညွှန်ပြခဲ့သည်။ ခွေးသည် မုဆိုးကို ရန်မမူဘဲ လွဲသွားတဲ့ မြှားနောက်ကိုလိုက်သဖြင့် နောက်မြှားချက်ဖြင့် သေသည်။ ခြင်္သေ့ကတော့ ရန်သူမုဆိုးကိုပဲ ခုန်အုပ်သောကြောင့် ချမ်းသာရာရသည်။ ယောဂီအများက ကိုယ်ကာယ ပြောင်းလဲမှု၊ အပြင်ဗဟိဒ္ဓ ပြောင်းလဲမှု ဖြစ်စဉ်ကို ဖြစ်ပျက်ရှုကြသည်။ ၎င်းတရားတို့သည် အမြဲရှိနေသည့်၊ ကံကုန်မှပျက်မည့် အရာများဆိုသည်ကို သတိလွတ်ကုန်သည်။ မသိမှုအဝိဇ္ဇာကြောင့် ယင်းပြောင်းလဲခြင်းများကို ပညတ်အမျိုးမျိုးတပ်စွဲသည်၊ ကံထပ်ဖြစ်သည်၊ ညဏ်ဆက်မဖြစ်ဘဲရှိသည်။ အကျိုးတရားများသတ်၍ အရင်းခံအကြောင်း တန်းလန်းကြီးနှင့် အကုသိုလ်စိတ်များ မဖြစ်သည့်အခါ သစ္စာညဏ်လမ်းပေါ် ရောက်ပြီထင်သည်။
သဲအင်းဂူဆရာတော် စကားနှင့်ဆိုလျှင်တော့ ရှေးဘုရား အဆူဆူပွင့်ခဲ့ပေမဲ့ အခုအချိန်အထိ တရားမတွေ့သေးတာ သံသရာမှာ မလုပ်ဖူးတာ ရှိသေး၍ဖြစ်သည်။ အဲဒါကတော့ သမ္မာဒိဋ္ဌိနဲ့စသော မဂ္ဂင်ရှစ်ပါးလမ်းကြောင်းပါ။ မှန်ကန်တဲ့အမြင်မရှိရင် ဘယ်လောက် အားထုတ်ပါစေ အနာဂတ်မှာလည်း ဘုရာအဆူဆူ ဖူးရပေမဲ့ တရားတော်နဲ့ လွဲပါမည်။ အတိတ်ကံကြောင့် သန်းရာချီတန် ကျောက်စိမ်းတုံး တွေ့ပေမဲ့ တန်ဖိုးမသိလို့ ထောင်၊သောင်းဂဏန်းနဲ့ ကျေနပ်လိုက်ရတဲ့ အဖြစ်မျိုး ထပ်ပြီးမကြုံရအောင် ပညတ်၊ ပရမတ် တွဲသိ၊ ခွဲသိခြင်းထက် ပညတ်၊ ပရမတ် စပ်သိမှသာ လူမြတ်လို့ ခေါ်ဆိုထိုက်ကြောင်း စွန်းလွန်ဆရာတော်ကြီးရဲ့ ဩဝါဒနဲ့ အဆုံးသတ် လိုက်ပါသည်။

6 comments

  • zawthulay

    April 19, 2011 at 10:10 am

    အခုလိ်ု…ငါစွဲအကြောင်းတင်လိုက်တာ..တော်တော်လေးကိုကောင်းပါတယ်…….လူတိုင်းကိုယ်စီမှာငါစွဲဆိုတာရှိကြတာပါပဲအဲဒါက..အရှိစွဲနဲ့မရှိစွဲဆိုပီး အစွဲနှစ်ခုရှိတယ်……….
    အရှိစွဲကထိလို့ကိုင်လို့ရတဲ့ဟာကိုစွဲတာ…….မရှိစွဲဆိုတာကတွေးထင်ပီးတော့စွဲတာ
    (ဥပမာ-နတ်ကိုးကွယ်မှု၊ တို့ဘာတို့ပေါ့လေ) ပုပ်ခတ်ပြောဆိုတာတော့မဟုတ်ပါဘူး..ဒါပေမယ့်အမှန်မြင်စေချင်တဲ့ ဆန္ဒနဲ့ပြောပြတာဖြစ်ပါတယ်)

  • weiwei

    April 19, 2011 at 3:02 pm

    ရှင်းပြထားတာ ကောင်းပါတယ် …
    ကမ္မဌာန်းတရားအားထုတ်တဲ့အခါမှာတော့ ပါရမီ အနုအရင့်အလိုက် ခန္ဓာစရိုက်နဲ့ သင့်တော်တဲ့ ကမ္မဌာန်းကို ပြနိုင်တဲ့ ဆရာကောင်းနဲ့ တွေ့ဖို့ အလွန်အရေးကြီးပါတယ် … တရားရပုံချင်း မတူနိုင်ကြလို့ ငါစွဲ ဆရာစွဲ မထားသင့်ဘူးလို့ ထင်ပါတယ် …

    • bigcat

      April 20, 2011 at 1:52 am

      အစွဲတွေ အကုန်စွန့်ဗျို့။ ငါစွဲ ဆရာစွဲ ဘာစွဲမှမထားနဲ့။ ဆူနာမီဆရာတော်စကားနဲ့ဆို ပညတ်တွေသည် သုံးပြီးစွန့်ပစ်ဖို့ပါ။ သူတို့ကို စွဲကိုင်ထားရင် ညဏ်မဖြစ်တော့ဘဲ သမုတိသစ္စာထဲမှာသာ လည်နေလိမ့်မယ်…

  • moethidasoe

    April 20, 2011 at 2:52 am

    စွန့်ဖို့ ပြောကြပေမယ့် ပါရမီ ဆိုတဲ့ ဘဝ အဆက်ဆက်က ဖြည့်ဆည်းခဲ့တာ မရှိရင် ခက်ခဲနေကြမှာပါ .. ဒီဘဝနဲ့ နိဗ္ဗာန် မရောက်နိုင်သေးကြတာက သေချာနေတယ် .. ဘာလို့ဆို အခုအထိ တရားသဘောကို အတိအကျ သိဖို့ ခဲယဉ်းနေကြသေးလို့ .. ဒါပေမယ့် ပါရမီ ဆိုတာ ဖြည့်ခဲ့မှ ရှိလာမှာ အလိုအလျောက်တော့ ဖြစ်လာမှာ မဟုတ်ပါ .. ဒါကြောင့် နောင် ဖြစ်နေဦးမယ့် ဖြစ်လေရာ ဘဝ တိုင်းမှာ အောက်ကျ နောက်ကျ မဖြစ်ရလေအောင် အမှားမလုပ်မိဖို့ .. ကံကြီးထိုက်တာကို မလုပ်မိဖို့ အရေးကြီးပါတယ် .. ဒါမှလဲ အကုသိုလ်တွေ နည်းလာပြီး ကုသိုလ် တရားတွေ ပွားများလာပြီး ပါရမီ ရင့်သန်လာမှာ .. ဒါမှ တရားကို ရှာတွေ့နိုင်မှာ ..
    တရားကို သိနေရုံနဲ့ မရသေးဘူး .. ကျင့်သုံးဖို့ လိုတယ် .. အရှင်အာနန္ဒာလောက်သိတဲ့ ပုဂ္ဂိုလ် ပြည့်တဲ့ ပုဂ္ဂိုလ် ဘယ်မှာ ရှိမှာလဲ .. ဒါပေမယ့် ကိုယ်တိုင် မကျင့်သုံးခဲ့တဲ့အတွက် ဘုရား သက်တော်ထင်ရှား ရှိနေတဲ့အချိန်မှာ ရဟန္တာ မဖြစ်ခဲ့ဘူးလေ .. သင်္ဂါယနာ တင်ခါနီးမှ ကျင့်မှ ဖြစ်ရတာ ..
    ဆရာမှားမတင်မိဖို့ အရေးကြီးတာကတော့ အားလုံး သိကြပေမယ့် တကယ် လက်တွေ့ လုပ်တဲ့အခါ မှားသလား မှန်သလား ဆိုတာ တော်တော် ဆုံးဖြတ်ရခက်တာကိုး ..
    မှားလား မှန်လားဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဗဟုသုတ (ဖြည့်ဆည်းဖို့) လိုတယ် ..

  • char too lan

    April 20, 2011 at 1:14 pm

    (အဘိဓမ္မာလိုတော့ သေခါနီးဇော ခုနှစ်ချက်ဟု ပြောကြသည်။ လူပြိန်းလိုတော့ သေခါနီးအစွဲက အဆုံးအဖြတ်ပေးသည်။ ယင်းအစွဲပြုတ်ရန်၊ မဖြစ်ရန် လေ့ကျင့်ထားရသည်။)
    အဲ့ဒါကို ကျနော်နားမလည်ဘူးဗျ သေခါနီးမှကောင်းမူလုပ်လဲ မီသေးတယ်ဆိုတာကို စွဲမနေဖို့ပြောတာလား ??
    ကျနော် ပိုစ့်ကိုကူသွားတယ်နော် ခွင့်ပြုပါခညာ…….. 🙂

Leave a Reply