“ပျော်စရာကွဲ့ အဖော်ရှာမဟဲ့ တကယ်လဲ ကြော်ငြာတဲ့ 2011သင်္ကြန်………………………”

“ပျော်စရာကွဲ့ အဖော်ရှာမဟဲ့ တကယ်လဲ ကြော်ငြာတဲ့ 2011သင်္ကြန်………………………”
အရင်နှစ်အဟောင်းက အညစ်အပေါင်းကို ဆေးကြောတဲ့ သင်္ကြန်ဆိုတာ ရှေးနှစ်ပေါင်းအတော်ကြာကတည်းကရှိခဲ့တာပါ။
ရှေးစကားအဆိုအရ ရေထဲကျရင်ရေခန်း မြေပြင်မှာရောက်တော့ မီးလောင်
ဟိုလဲ ထားမရ ဒီလဲထားမရတဲ့ ဗြဟ္မာမင်း တစ်ပါးရဲ့ခေါင်းကို နတ်သမီးတွေက အလှည့်ကျကိုင်ထားပေးရတော့
ညောင်းတာပေါ့နော်။ဒီတော့လဲ တစ်ယောက်ညောင်းသွားရင် နောက်တစ်ယောက်ကိုပြောင်းပေးပါသတဲ့။
ဒီလိုတစ်ယောက်နဲ့တစ်ယောက်လက်ပြောင်းတဲ့အချိန်မှာ သင်္ကြန်ပွဲကျင်းပတယ်လို့လဲဖတ်ခဲ့ရဘူးပါတယ်။

ဒါပေမယ့်လည်း တစ်နှစ်လုံးနေမှတစ်ကြိမ်ထဲရယ် ဆိုတော့ သင်္ကြန်ကျဘို့ ရက်ပေါင်း 360ကျော်တောင် စောင့်ရတယ်ဆိုတာ အတော်ကြာတယ်လို့ပြောရမှာပေါ့နော်။
ဘယ်လိုအကြောင်းတရားကြောင့်ဘဲ ကျင်းပ ကျင်းပ ဘာလိုဘဲဆိုဆို ဒီသင်္ကြန်ဆိုတာကို ကျွန်တော်တို့အားလုံးပျော်ဘို့အတွက် ဒီသင်္ကြန်ဆိုတာကို မျှော်ကြရတာကလဲ အမှန်ပါဘဲ။
သင်္ကြန်နဲ့ ပါတ်သက်လို့ ဖြစ်လာခဲ့ရတဲ့ထင်ရှားတဲ့အလွမ်းဇာတ်ကတော့ ပုဂံခေတ်က ဖြစ်ခဲ့တဲ့
နရသီဟပတေ့နဲ့မိဘုရားစောလုံ တို့ရဲ့ဇာတ်လမ်းကတော့ ဆင်ခြင်စရာ လွမ်းစရာတွေ အပြည့်နဲ့ အလွမ်းဇာတ်ပါဘဲ။
တစ်ခုသောသင်္ကြန်အခါ ရေပက်ကစားချိန်မှာ မိဘုရားစောလုံကို ဝိုင်းပြီးရေမွန်းအောင်ပက်ရမယ်လို့ မောင်းမ မိဿံများကို ဘုရင်မင်းတရားကမှာကြားစေခိုင်းပြီး သူချစ်တဲ့ မိဖုရားစောလုံကို ကြည်စားပါတယ်။
ဘုရင်ကခိုင်းတယ်ဆိုတော့ ကျန်တဲ့ မိဘုရားတွေမောင်းမ မိဿံတွေကလဲ ဝိုင်းလို့တလကြမ်းရေပက်ကြပါသတဲ့။
ခိုင်းတာထက် နည်းနည်းပိုပိုသာသာလေး မနာလိုစိတ်အခံနဲ့လုပ်သူလည်းပါပေမပေါ့။
(မျက်နှာလိုအားရလို့ များ သုံးလိုက်ရင် နည်းနည်းများလွန်သွားမလားမသိ)
အဲဒီအချိန်မိဘုရားစောလုံ လဲအရှက်တကွဲအကျိုးနည်းဖြစ်သွားပြီး ဘုရင်ကို စိတ်နာသွားပါသတဲ့။
(အခုခေတ်လိုများမီးသတ်ပိုက်နဲ့ထိုးသလိုထိုးလို့ အဝတ်အစားများကျွတ်သွားသလားမှမသိ ဘူးနော်)
အဲဒါနဲ့ဘဲ မိဖုရားစောလုံက သူစားတော်ပွဲဆက်ရတဲ့အလှည့်မှာ ဘုရင်ကို ဆက်ရမယ့် စားတော်ပွဲထဲမှာအဆိပ်ခပ်လိုက်ပါသတဲ့။
ဘယ်နေရာမှ မစွမ်းတဲ့ နရသီဟပတေ့ဘုရင်က သူ့အဆိပ်ခပ်တာကိုတော့ ရိပ်မိသွားတော့ စစ်ဆေးရေးတွေဝင်လိုက်တဲ့ အခါ မိဖုရားစောလုံကလဲ မငြင်းနိုင်တော့ ဝန်ခံလိုက်တဲ့အခါသေဒဏ်အပြစ်ပေးလိုက်ပါသတဲ့။
နရသီဟပတေ့ဘုရင် ဟာဘယ်နေရာမှမစွမ်းဆိုပေမယ့် တစ်နေ့ကို ဟင်းခွက်သုံးရာပြည့်အောင် တည်ခင်းပေးရပါသတဲ့။
(အခုခေတ်ဘူဖေးဆိုတာမျိုးကို မြန်မာတွေက ပုဂံခေတ်ကတဲက စခဲ့တာနော် မြန်မာတွေကို အထင်မသေးပါနဲ့)
တရုပ်တွေက ပုဂံပြည်ကိုလာတိုက်တဲ့အချိန်မှာပုဂံကနေထွက်ပြေးရလို့ ဒီနရသီဟပတေ့ကို တရုပ်ပြေးမင်းလို့လဲ ခေါ်ပါသတဲ့။
(သူသေပြီးမှခေါ်ရဲတာနေမှာပါ ။သူရှိတုံးများခေါ်ရင် တောင်စွယ်နေကွယ်တာနဲ့တွေ့သွားမှာပေါ့နော်)
ဒါပေမယ့် ညည ကျတော့ ဒီဘုရင်က သူ့မိဖုရားစောလုံကို သတိရလို့ ထထအော်ပါသတဲ့။
ဘာတဲ့………..သူအော်တာ “စောလုံငါ့ကိုစောင့်ပါခလှဲ့ “တဲ့။
အဲလိုအော်တာ ဟုတ်မဟုတ်တော့ မသိဘူး ဖတ်ဘူးတာပြန်ပြောပြတာပါ။
ဒါကတော့ မြန်မာသင်္ကြန်အလွမ်းဇာတ်လမ်းပညာပေးဇာတ်လမ်းလေးပေါ့။
တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လဲ မသိပါဘူး။
ဖတ်ဘူးတာလေးကိုတွေးမိတော့ရမ်းအုပ်ထဲ့လိုက်တာပါ။
ဒီလို သင်္ကြန်မှာလွမ်းစရာဇာတ်လမ်းတွေရှိကောင်းရှိပေမယ့် ပျော်စရာတွေနဲ့ယှဉ်ကြည့်မယ်ဆိုရင်
ရာခိုင်နုန်းနည်းနည်းလေးဘဲရှိမယ်ထင်ပါတယ်။

ဒီတော့လဲ ကျွန်တော်ကတော့ သင်္ကြန်ဆိုတာကို ပျော်စရာ လို့ဘဲမှတ်ထားပါတယ်။
သင်္ကြန်နားနီးပြီဆိုတာနဲ့ ကျွန်တော်တို့ စိတ်ထဲမှာ သင်္ကြန်ကျရင်…………………..ဘာလုပ်မယ်
ညာလုပ်မယ် ဆိုတာကို ကြိုတင်လို့ စိတ်ကူးယဉ်ပါတော့တယ်။
တစ်ချို့ကတော့ တရားစခန်းဝင်မယ် တစ်ချို့ကတော့ မယ်သီလရှင်ဝတ်မယ် ရဟန်းခံမယ်
ရေပက်မဏ္ဍပ်ထိုင်မယ် ကားနဲ့လည်မယ် ဘုရားဖူးထွက်မယ် အစသဖြင့်စီစဉ်သမျှအားလုံးဟာ
စိတ်ကြည်နူးစရာ ပျော်ရွှင်စရာ တွေပါဘဲ။
ဒီနှစ်သင်္ကြန်မှာ မန္တလေးကို လေးဖြူနဲ့ အိုင်စီအဖွဲ့လာမယ်ဆိုတော့ မန်းလေးသူ မန်းလေးသား မန်းလေးကလူငယ်တွေပျော်ရတာအမှန်ပါဘဲ။
အိုင်စီကို ဖိတ်တာက တော့ ကမ္ဘာကျော် မြန်မာဘီယာ ကပါဘဲ။
ဒီတော့လဲ မန်းလေးသူမန်းလေးသားတွေက ကျေးဇူးတင်တဲ့အနေနဲ့ မြန်မာဘီယာကို သောက်ကြ အားပေးကြမှာ အမှန်ပါဘဲ။

သင်္ကြန်မတိုင်ခင်မှာ ဆိုက်တွေထဲမှာ ဒီသင်္ကြန်ပွဲကျင်းပတာ ရေချိုတွေကို အလဟဿဖြုန်းတီးတာဘဲဆိုတဲ့ ပို့စ်တွေကိုဖတ်ရပါတယ်။
ဟုတ်တော့ လဲ ဟုတ်သလိုပါဘဲ။
သင်္ကြန်မှာမြန်မာပြည်ထဲက ရန်ကုန်နဲ့မန္တလေးမှာတင် ဒီပွဲတော်အတွက်သုံးတဲ့ရေ ဂါလံ အတော်များမှာသေချာပါတယ်။
ကျနော်တွေးကြည့်မိတာက သင်္ကြန်မှာ ကစားလိုက်တဲ့ရေအားလုံး အကုန်တော့ ဆုံးရှုံးမသွားဘူးလို့တွေးမိတာပါ။
ချောင်းထဲ ကန်ထဲ အင်းထဲ ကျုံးထဲ မြစ်ထဲကရေတွေကလည်း နေအပူအောက်မှာအကာမပါဘဲနေရတော့ အပူကြောင့် အငွေ့ပျံသွားမယ်။
အဲဒီကနေ တဆင့်ပြီးတစ်ဆင့်မိုးရေအဖြစ်နဲ့ ပြန်ဝင်စားပြီးကမ္ဘာမြေပေါ်ကို ပြန်ရောက်လာမှာကလဲ အမှန်ပါဘဲ။
ကျနော်တို့ကစားလိုက်တဲ့ရေချိုတွေကလဲ လူတွေကိုစိုမယ် အငွေ့ပျံသွားမယ် မြေကြီးပေါ်ကျမယ် ပြန်စိမ့်ဝင်သွားမယ်ဆိုတော့ တစ်ချိန်မှာရေပြန်ဖြစ်လာအုံးမှာပါဘဲ။
အားလုံးတော့ အလဟဿမဖြစ်လောက်ဘူးလို့တွက်မိပါတယ်။
(ကျနော်က အရပ်တွေးတွေးကြည့်တာပါ ပညာရှင်မဟုတ်ပြန်တော့လဲ အချက်အလက်တွေနဲ့ကိုင်ပြောပါဆိုရင်တော့
ဆောရီးပါလို့ တောင်းပန်ရမှာအမှန်ပါဘဲ)
ကဲ ကျနော်တို့ သင်္ကြန်ရေမကစားဘူး ထားပါတော့ ကျနော်တို့ မသုံးတဲ့အတွက် ပိုလာမယ့် ရေချိုတွေကို အမှန်တကယ်
လိုအပ်တဲ့နေရာတွေကို ရောက်အောင်ဘယ်လိုပို့မယ်ဆိုတာကို ဝိုင်းစဉ်းစားပေးစေချင်ပါတယ်။
အဲလိုသာ အမှန်တကယ်ပို့နိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာအမှန်ပါဘဲ။
(ရှေးက နန်းတော်ရှေ့ဆရာတင်ကတော့ ဒီရေသယ်ယူပို့ဆောင်ရေးကိစ္စကိုပြောဘူးပါတယ်။
“အင်းယားကရေကို ယူ အင်းယားကရေကိုယူ တန်ဆာခက သုံးရာလောက်တော့ ကုန်မှ…………….”
လို့သီချင်းထဲမှာရေးထားတော့ ပဲတို့ ပြားတို့ မတ်တို့ မူးတို့ သုံးရတဲ့ခေတ်မှာတောင် တန်ဆာခက 300ကျပ်ဆိုတော့
လက်ဖက်ရည်တစ်ခွက် ကျပ် 250-300ဖြစ်နေတဲ့အခုခေတ်မှာ ကဲ တွက်ကြည့်လိုက်ရအောင် ရေချိုပို့ခ ဘယ်လောက်ကုန်မယ်ဆိုတာကို)

သင်္ကြန်ဆိုတာကလဲ နာမယ်ကြီး အဆိုတော် ရုပ်ရှင်မင်းသားမင်းသမီးများအတွက်ကတော့
ပျော်စရာပါဘဲ။
ဟိုရှေးခေတ်က တစ်မြိုထဲမှာဘဲ ဟိူဘက်မဏ္ဍပ်နဲ့ဒီဘက်မဏ္ဍပ်လောက်ဘဲ ကူးဆိုကြတာပါ။
မန်းလေးမှာဆိုရင် ကျုံးရေပြင်ထဲကနေ မော်တော်ဘုတ်လေးနဲ့ကူးကြတာပေါ့။
အခုတိုးတက်တဲ့ခေတ်မှာတော့ တစ်မြို့နဲ့တစ်မြို့တောင်ကူးပြီးဆိုကြရပါသတဲ့။
(ဟိုက ဒီက အပြိုင်အဆိုင်ငှားကြတော့ ပိုက်ပိုက်လဲ စို့စို့ ပို့ပို့လေး ရသကိုးဗျ)။

မန်းလေးမှာ ဒီနှစ်သင်္ကြန်မဏ္ဍပ်ကတော့အရင်နှစ်ထက်စာရင် နည်းပါတယ်။
ဒါပေမယ့်လည်း ကားတွေကလဲ ပြည့်ကျပ်လို့ ကျုံးတစ်ဖက်ကိုနေ့တဝက်နဲ့မရောက်နိုင်ပါဘူး။
လူရောကားရော စည်ကားလှပါတယ်။
နေရာအနှံ့မှာလဲ ကကြဆိုကြ ရေတွေ ဖောဖောသီသီ ပက်ကြ တကယ့် ပျော်စရာကြီးပါ။
(ရေပေါဆို ကျုးံဝင်တဲ့မြောင်းပြည့်လျှံနေအောင်ရေတွေလွှတ်ပေးထားတာပါ)
ဖောဖောသီသီက ရေတင်မကပါဘူး ဘီယာလဲ ပါ ပါတယ်။
လမ်းမှာ ကားပေါ်မှာဆိုင်ကယ်ပေါ်မှာ ဆိုင်ထဲမှာ ဘီယာသောက်ပြီးကောင်းနေတဲ့
ကောင်လေး ကောင်မလေးတွေ ကိုကို မမတွေနဲ့ အန်ကယ်ကြီးတွေတပုံကြီးအများကြီးပါဘဲ။
အလှပြကားကတော့ လမ်းမှာဖြတ်သွားရင်း နှစ်ကားသုံးကားတော့ မြင်လိုက်ရပါတယ်။
ဟိုအရင်ခေတ်တုံးကတော့ အလှပြကားဆိုတာ တကူးတကလိုက်ကြည့်ရတဲ့ အထဲမှာပါ ပါတယ်။
(လွမ်းစရာနော် သံချပ်နဲ့ အလှပြကားကိုတော့ တကယ်သတိရပါတယ် ပြန်လည်ဖော်ထုတ်စေချင်ပါတယ်)
ဘာဘဲပြောပြော 2011 သင်္ကြန်ကတော့ ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်ဘဲပျော်စရာတွေနဲ့ဘဲပြီးဆုံးသွားခဲ့ပါတယ်။
မြန်မာတွေအတွက်ကတော့ သင်္ကြန်ဆိုတာ “ပျော်စရာကွဲ့”လို့သတ်မှတ်ရင် မမှားဘူးလို့ထင်ပါတယ်နော်။

တကယ်တန်းပြောရရင် သင်္ကြန်လည်တာမှ မဟုတ်ပါဘူး ဘယ်နေရာမဆို အဖော်လေးပါမှပြည့်စုံတာပါ။
ဒါကြောင့်သင်္ကြန်ပိတ်ရက်ရှည်မှ ဘုရားဖူးထွက်မယ့်သူတွေကလဲ စိတ်တူသူခြင်းအတူသွားနိုင်ဘို့ အဖော်ရှာကြပါတယ်။
တရားစခန်းဝင်မယ့်သူကလဲ အဖော်ရှာပါတယ်။
သင်္ကြန်မှာအသားအရေပျက်စီးမှာစိုးလို့လျှောက်မလည်ဘူး မဏ္ဍပ်မှာထိုင်ကြမယ့်သူတွေကလဲ အဖော်ရှာပါတယ်။
ကားနဲ့လည်မယ့် သူတွေကလဲ လူများလေ ငွေအကုန်သက်သာလေမို့ အဖော်ရှာပါတယ်။
မငြိတငြိ မဖြစ်တဖြစ်အတွဲလေးများကလဲ ငြိသထက်ငြိအောင် အတူတွဲပြီးကဲဘို့ အဖော်ရှာကြပါတယ်။
ဒီနှစ်သင်္ကြန်မှာ ဆိုင်ကယ်နဲ့လည်တဲ့အတွဲတွေပိုများပါတယ်။
ဆိုင်ကယ်တစ်စီးကို သုံးယောက်လေးယောက် ။
အတွဲလေးတွေကတော့ တတွဲစီပေါ့။
ကောင်မလေးကလေး ကောင်လေးကို ဇွတ်အတင်းနောက်ကဖက်။
လွတ်ထွက်သွားစိုးတယ်ထင်ပါရဲ့။
ကောင်လေးကလဲ ဆိုင်ကယ်အတင်းမောင်း။
နောက်သင်္ကြန်ဆိုရင် လူတွေစိတ်ထဲမှာ လွတ်လွတ်လပ်လပ်ကဲချင်ရာခွင့်ရပြီလို့ထင်နေကြပါတယ်။
လူတွေကြားထဲမှာ ကောင်ကလေး က ကောင်မလေးကို ဖက်ပြီးထား ကောင်မလေးကလဲ ပြန်ဖက်ထား ရှက်များတောင်မရှက်။သူတို့နှစ်ယောက်ထဲရှိနေတဲ့အတိုင်းဘဲနော်။
ဖက်ရုံတင်မက တစ်ချို့က ပါးလေးကိုတောင်နမ်းပြ နိုင်ငံခြားကား ကြည့် နေရသလိုပါဘဲ။
တစ်ချို့အတွဲတွေကြပြန်တော့ လည်းကောင်မလေးက ခပ်တည်တည်ကောင်လေးက ရှက်သလိုလိုလုပ်ပြနေတော့
ဆန်ကြမ်းက စီးရသလားဆိုပြီး နားရင်းတောင်ပြေးအုပ်ချင်စိတ်ပေါက်မိပါတယ်။
အဲလိုကဲကဲသဲသဲ အတွဲလေးတွေက ရေသန့်ဘူးထဲက ဘီယာကို တလှည့်စီသောက်၊
ထမင်း ဆိုင်ထဲရောက်တော့ ဘီယာကိုခွက်လှည့်သောက်။
ဘီယာမူးနေတဲ့ကောင်မလေးရယ် အရက်သောက်ထားတဲ့ကောင်လေးရယ်
လုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရတယ်လို့ ထင်နေတဲ့ အချိန်ရယ်ကိုတွေးလို့ ရင်မောမိပါတယ်။
ကိုယ်ကသာ ပူချင်သလို ရှာကြံပူနေပါတယ်။
ကောင်လေးတွေကတော့ နောင်ရေးစိတ်အေးရအောင် “အဖော်”ကိုကြိုတင်လို့ ဆောင်ထားပါသတဲ့။
ကောင်းလေစွလို့ဘဲပြောရမလား တော်ရှာပါတယ်လို့ဘဲပြောရမလား ကိုယ့်ခေတ်ကထက်စာရင်
လက်သွက်ခြေသွက်နဲ့ ကြိုတင်လို့ စဉ်းစားနိုင်ပါပေတယ်လို့ ဘဲ သ
ရှေးသီချင်းထဲကလိုပြောရင်တော့ “တတ်လဲ တတ်နိုင်ကြပါတယ်………………………”လို့ဘဲဆိုချင်ပါတယ။်
တစ်ခုတော့ ရှိပါတယ် ဒီလိုအဖြစ်မျုးိက လူငယ်တိုင်းလို့ မဆိုလိုပေမယ့် အတော်များများကတော့ ဒီအတိုင်းပါဘဲ။

ကျွန်တော်တို့ငယ်ငယ်ကတော့ သင်္ကြန်ရက်မတိုင်မီ အေပရယ်လ ဆယ်ရက်ဆိုရင် သင်္ကြန်တွင်းစားဘို့ အခြောက်အခြမ်း မပုတ်မသိုးနိုင်တာတွေကို ဝယ်ရပါတော့တယ်။
ဘာလို့လဲဆိုတော့ သင်္ကြန်တွင်းရောက်တာနဲ့ဈေးတွေလဲ ပိတ်ဆိုင်လဲပိတ် ဆိုတော့ ဘာမှဝယ်လို့မရလို့ပါ။
တကယ်လို့များဝယ်လို့ရပြန်တယ်ဆိုရင်လဲ ဈေးက မတန်တဆ၊
အဲတော့ ကြိုတင်လို့ ဝယ်ထားကြပါတယ်။
သင်္ကြန်တွင်းရောက်ရင် ငါးခြောက်ချက် ဘဲဥ ကုလားပဲဟင်း ငါးသေတ္တာ ဒါတွေဘဲစားရတာများပါတယ်။
ရှေးမြန်မာများက သင်္ကြန်တွင်းရောက်တယ်ဆိုတာနဲ့ အလုပ်လုပ်တာတွေနားမယ်၊
ကောင်းမူ့ကုသိုလ်လုပ်မယ် တရားဘာဝနာပွားမယ် ဥပုဒ်သီတင်းဆောက်တည်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့
ဆိုင်တွေပိတ်အလုပ်တွေရပ် ကိုယ့် အလုပ်သမားတွေကိုလည်းမုန့်ဘိုးတွေပေးလို့ အနားခိုင်းကြပါတယ်။
နောက်တဖြည်းဖြည်းခေတ်တွေပြောင်းလာ နေထိုင်တဲ့လူတွေကလဲ ပြောင်းလဲလာပါတယ်။
အဲတော သင်္ကြန်ဆိုတာ သူတို့နဲ့မဆိုင်ဘူးလို့ ယူဆတဲ့သူများက သင်္ကြန်တွင်းပိတ်ရက်မထားဘဲ
ဆိုင်တွေဖွင့်ကြဈေးတွေရောင်းကြပါတော့တယ်။
အဲတော့ ကျွန်တော်တို့ တစ်တွေမှာလည်း ကိုယ့်ဖောက်သယ် သူများဆီရောက်မှာစိုးတာနဲ့
သူတို့လိုဆိုင်ဖွင့်ကြရပါတော့တယ်။
အရင်က “သင်္ကြန်တွင်းမှာတောင် မနားဘဲဖွင့်ရသလား”လို့ အပြစ်တင်ခံရမှာကြောက်တဲ့သူများလဲ
ဆိုင်ဖွင့်ဘို့ အဖော်ရကုန်ပါတယ်။
ဆိုင်တွေဖွင့်တယ်ဆိုတော့ ကုမ္ပဏီက အရောင်းသမားလေးတွေမှာလည်း ဆိုင်တွေက လိုတယ်လို့ဖုန်းဆက်
လိုက်တာနဲ့ ပို့ရအောင်အဆင်သင့်ပြင်ထားရပါတော့တယ်။
ဟိုအရင်ကဆို သင်္ကြန်တွင်းဆိုရင် ဆိုင်တွေပိတ်တော့ လူတွေကလည်း တပါတ်စာလိုသလောကို ကြိုဝယ်ကြပါတယ်။
အဲတော့လဲ ဆိုင်တိုင်းဆိုင်တိုင် း သင်္ကြန်မတိုင်မီမှာအရမ်းရောင်းကောင်းကြပါတယ်။
ဆိုင်ရှိသမျှလူကုန် မနားရ ထမင်းတောင် မစားရအောင်ရောင်းကောင်းခဲ့ကြပါတယ်။
သင်္ကြန်မတိုင်ခင်ဒီလိုရောင်းကောင်းတယ်ဆိုတာ ခုခေတ်မှာတော့ ပုံပြင်လေးတပုဒ်လိုဖြစ်သွားပါပြီ၊
ဘယ်လိုဘဲပြောပြော ခေတ်ရဲ့ပြောင်းလဲခြင်းကို လက်ခံနိုင်ရမယ် လိုက်ပြောင်းလဲနိုင်အောင် ကြိုးစားရမှာကတော့ အမှန်ပါဘဲ။
နို့မဟုတ်ရင် ကိုယ်က သူများနောက်မှာကျန်နေခဲ့မှာပါ။
အရင်ကတော့ သင်္ကြန်ဆိုတာနဲ့ မဏ္ဍပ်တွေမှာ ပန်းချီဆရာ ပိုစတာဆရာတွေခေါ်လို့ အလှဆင်ကြပါတယ်။
သင်္ကြန်ဆိုမှတော့ ပိတောက်နဲ့ငွေဖလား က အဓိကပေါ့။
မန်းလေးရတနာပုံမြို့တော်ဆိုတော့ မြို့ရိုးပုံပေါ့။
နည်းပညာတွေတိုးတက်လာတဲ့ခေတ်မှာတော့ ဗွီနိုင်းဆိုတဲ့ ပလပ်စတစ်လိုအစပေါ်မှာ ဆေးရောင်စုံပုံနှိပ်တဲ့အတတ်ပညာထွန်းကားလာချိန်မှာတော့ သင်္ကြန်မဏ္ဍပ်မှာ ဒါတွေနဲ့အလှဆင်ပါတော့တယ်။
ဒီတော့ လဲ ခေတ်အပြောင်းအလဲကိုလိုက်မလာတဲ့ ပန်းချီဆရာက နေခဲ့တော့ ပေါ့နော်။
ဗွီနိုင်းဆိုတာကလဲ ကိုယ်လိုချင်တဲ့ပုံစံအရောင်အသွေး ကို အတိအကျရနိုင်သလို မြန်မြန်လဲရနိုင်ပါတယ်။
ဈေးကလဲ တစ်ပေပါတ်လည်မှ 250ကျပ်ဆိုတော့ သိပ်ကို အဆင်ပြေုပါတယ်။
ဒီဗွီနိုင်းတွေ ခေတ်စားလာတဲ့အခါမှာ သင်္ကြန်မဏ္ဍပ်မှာ စပွန်ဆာဆိုတဲ့ အရာကလဲ ခေတ်ပေါ်ဘာသာစကားတစ်ခုအဖြစ်နေရာယူလာပါတယ်။
မဏ္ဍပ်တစ်ခုမှာ ကိုယ့် စီးပွားရေးအတွက် လူသိအောင်ကြော်ငြာချင်ပါသလား။
မဏ္ဍပ်တစ်ခုလုံးကို ကိုယ့်ကြော်ငြာ တစ်ခုထဲဘဲ အပြည့် ကပ်ချင်ပါသလား ရတယ် သိန်းရာဂဏန်းပေ့ါ။
ကျွန်တော်ကတော့ အကုန်လုံးတော့လဲ မဟုတ်ဘူး လူများများမြင်နိုင်တဲ့နေရာမှာကပ်ချင်တယ်ဆိုလဲရတယ် ကြေးကတော့ သိန်းဆယ်ဂဏန်းပေါ့။
အဲတော့ များများကပ်ရင် ကြေးများများ နည်းနည်းကပ်ရင် ကြေးနည်းနည်းဆိုတဲ့စီးပွားရေးဈေးကွက်တစ်ခုပေါ်လာပါတယ်။
အဲဒီအခါမှာ ကိုယ်ပစ္စည်းကြော်ငြာလဲ ကပ်ချင်တယ် ငွေလဲအကုန်သိပ်မခံချင် သိပ်အကုန်မခံနိုင်သူများက အောက်ကြေးရှာပါတော့တယ်။
သင်္ကြန်သာနီးလာတယ် ကြော်ငြာရှင်မရရှာတဲ့ မဏ္ဍပ်ကလေးများကို လိုက်ရှာပြီး အောက်ကြေးထိုင်ပါတော့တယ်။
ငွေနည်းနည်းပေးမယ် သူ့ကြော်ငြာတဲ့ ပစ္စည်းကိုလက်ဆောင်ပေးမယ်ဆိုပြီးညှိပါတယ်။
အဲတော့လည်း စပွန်ဆာမရရှာတဲ့ မဏ္ဍပ်ပိုင်ရှင်ခဗျာ ပြောင်ရှင်းကြီးထားမယ့် အတူတူ ကပ်လိုက်ပါဆိုပြီး ခေါင်းငြိမ့်လိုက်ရပါတယ်။
အခုဒီနှစ်မှာ မြို့ထဲမှာ ကျုံးပါတ်ပါတ်လည်မှာ မဏ္ဍပ်ကအတော်လေးကို နည်းပါတယ်။
အဲတော့ ကြော်ငြာချင်သူများမှာ မဏ္ဍပ်ကိုအလုအယက်ရှာကြရပါတယ်။
ရှာရင်းရှာရင်းနဲ့ တောင်သမန်အင်းက ဈေးကွက်တစ်ခုလိုဖြစ်သွားပါတယ်။
အပြိုင်အဆိုင်ကြော်ငြာကြတာတော့ ဝီစကီတွေပိုများပါတယ်။
အရက်ဆိုတာကို မကြော်ငြာရဘူးဆိုတော့ ကန့်သတ်တဲ့ဘောင်ထဲကလွတ်အောင် ပုလင်းပုံခွက်ပုံတွေမထည့်ဘဲ
ကိုယ့် လိုဂိုလေး(အမှတ်တံဆိပ်)လူသိအောင် လူများများမြင်အောင် ဗွီနိုင်တွေကို ဗုံးဘောလအောသုံးရပါတော့တယ်။
တောင်သမန်အင်းမှာက အမြဲတမ်းဖွင့်တဲ့ ဆိုင်တွေက မယ်ဇယ်ပင်တွေအောက်မှာရှိပါတယ်။
သင်္ကြန်တွင်းအခါတွင်းလေးမှာဖွင့်တဲ့ယာယီဆိုင်တန်းတွေကတော့ တောင်သမန်းအင်းဘေးနဲ့ဦးပိန်တံတားအောက်မှာဝါးလုံးတွေနဲ့ယာယီဆိုင်ခန်းတွေဆောက်ကြပါတယ်။
(ဒီလိုဆောက်ခွင့်ရဘို့ ကလဲ ကြေးမနည်းဘူးလို့သိရပါတယ်။
အဲတော့လဲ အခါတွင်းမှာ တောင်သမန်အင်းက ဈေးသည်တွေ မှာဈေးတင်ရောင်းရတော့ တာပေါ့ဗျာ)
အဲဒီယာယီဆိုင်ခန်းတွေကို ကုန်ပစ္စည်းကြော်ငြာချင်သူတွေက ကြော်ငြာကပ်ခွင့်ရဘို့အတွက်
လက်ဦးမှု့ယူရပါတော့တယ်။
ဆိုင်တစ်ဆိုင်လုံးကို ကြော်ငြာအပြည့်ကပ် လက်ဆောင်တွေပေး ကိုယ့်ကြော်ငြာတဲ့ပစ္စည်းကို
မကုန်ရင် ပြန်ယူပေးပါမယ်ဆိုတဲ့ ကတိတွေပေးလို့ အပြိုင်အဆိုင် ရောင်းကြ ကြော်ငြာကြပါတော့တယ်။
ဒီနှစ်မှာထူးထူးခြားခြား မြင်လိုက်ရတဲ့ ကြော်ငြာလေးတစ်ခုကတော့ ဝီစကီ တံဆိပ်သစ်လေးပါ။
သင်္ကြန်တွင်းဆိုတော့ သင်္ကြန်လည်တဲ့သူတိုင်းယမကာဘီယာ မှီဝဲကြတာ ထုံးစံပါ။
အဲဒီတံဆိပ်အသစ်လေးကတော့ ကားနဲ့မြို့ပါတ်လို့ သူ့ပစ္စည်းကို အမြည်းလိုက်ဝေပါတယ်။
ဝေတာမှ အရက်တင်မဟုတ်ပေါင်ဗျာ ဒီအတိုင်းသောက်ရင် လွန်ကုန်မှာစိုးလို့ ရေသန့်ဘူးလေးတစ်ဘူးတောင်
အဆစ်ထည့်ပေးလိုက်ပါသေးတယ်။
လမ်းမှာတွေတဲ့ ယောက်ျားလေးပါတဲ့ကားတွေ ဆိုင်ကယ်အုပ်စုတွေ လမ်းဘေးမှာ ထိုင်နေတဲ့ လူတွေကို လိုက်လို့ဝေပါတယ်။
ဒီမြင်ကွင်းလေးကို မြင်တော့ တကယ်ကြော်ငြာတဲ့ သင်္ကြန်လို့သာဆိုလိုက်ချင်ပါတယ်။
ဘာဘဲပြောပြော 2011 သင်္ကြန်ကတော့ ပျော်ရွှင်စွာ နဲ့ ကုန်လွန်သွားခဲ့ပါပြီ။
နောင်လာမယ့်နှစ်တွေမှာလဲ ဒီလို မင်္ဂလာရှိစွာ ပျော်ရွှင်စွာ ကျော်လွန်နိုင်ပါစေလို့ ဆုတောင်းရင် းနှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(19-4-2011)

2 comments

  • MaMa

    April 21, 2011 at 2:41 am

    ခေတ်တွေအလီလီ ပြောင်းသလို ခေတ်ဟောင်းဘယ်လို၊ ခေတ်သစ်ကဒီလိုလို့ ပြောပြနိုင်တဲ့ ကိုယ့်အခြေအနေကိုပဲ ကျေနပ်နေရသေးတယ်။ သင်္ကြန်ကဲရင်းနဲ့ ဘဝကူးသွားတဲ့လူတွေဆို အဲဒီလို ပြောခွင့် မကြုံလိုက်ရဘူး။ နှစ်တိုင်းသင်္ကြန်မှာ မြန်မာ့လူဦးရေ တော်တော်နည်းသွားတယ်တဲ့လေ။

  • char too lan

    April 21, 2011 at 9:28 am

    သင်္ကြန်အကြောင်းဖတ်ရတာ ကိုယ်တိုင်လိုက်ကြည့်နေသလိုပဲ ပျော်လိုက် စိုလိုက် ရွဲလိုက် ရှောင်လိုက် ကျပ်လိုက် ဆူညံလိုက် ရင်ခုန်လိုက်နဲ့ မောသွားတာပဲ 🙂

Leave a Reply