အင်းတော်ကြီးအပြန် ပိုးလိုပက်လက်လန်

(၁) “ဘုရား…ဘုရား”ကားနဲ့ဒုံးပျံများမှားစီးမိသလား။ကြည့်စမ်း မြန်လိုက်သည့် အရှိန်နှုန်း။ တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့ မောင်းနေသလဲမသိ။လူတစ်ကိုယ်လုံး မြောက်လိုက် ကြွလိုက်နဲ့ နတ်ဒိုးနှင့်ယိမ်းကနေရသလား ထင်မှတ်ရတယ်။ ကိုယ့်ကိုကိုယ် ဟောလီးဝုဒ်ကိုရုပ်ရှင်သွားရိုက်ရသလို ခံစားနေရတယ်။ ဂျိမ်းစ်ဘွန်းရဲ့ ရုပ်ရှင်တွေကြည့်ပြီး အကြမ်းပတမ်း ကားစတန့်တွေကို မြင်ရတဲ့အခါတုန်းက ရင်လှိုက်သည်းဖိုဖြစ်ခဲ့ဖူးတယ်။ အဲဒီလိုအရှိန်နဲ့များ ကားစီးလိုက်ရရင်တော့ အသက်တောင် ထွက်လောက်ရဲ့လို့ တွေးမိဖူးတာပေါ့။

ခုကြည့် ဂျိမ်းစ်ဘွန်းမောင်းတဲ့ကားကို စီးပြီး ကယ်ပါ ယူပါ တစာစာအော်ရတော့မယ့်အခြေအနေ။ လေအလျင်ပေါ် ခုန်ပျံကျော်လွှားနေတဲ့ ကျန်ကျောင်းလို ဝေဟင်မှာ တဟူးဟူးကိုဖြစ်လို့။ဒါပေမယ့် သိတယ်မို့လား။ ကိုယ်မရောက်ဖူးတဲ့နေရာကို သွားရမှာဆိုတော့ကာ ကြမ်းပါစေ၊ ခုန်ပါစေ တုံးတိုက်တိုက်၊ကျားကိုက်ကိုက်ပေါ့။ တကယ်ဆို မသက်သာပါဘူး။ အညာမှာ ဖုန်ထူတာကမှ ပါးပါးလေးရယ်။ ဖုန်လုံးဆိုတာ ဟီးရိုရှိးမား အဏုမြူဗုံးပေါက်ကွဲသလိုကို အုံလိုက် ကြွတက်နေတာ။ရှူ စမ်းဟဲ့။ ဖုန်ဆိုတာဟာ နှာခေါင်းထဲကို သူ့ထက်ငါ အလုံးလိုက်ဝင်နေတာများ ဂူထဲကို လင်းနို့တွေ အုပ်လိုက်ကြီး ဝင်ချလာသလိုမျိုး။ အနီးအနားက သူငယ်ချင်းတွေကိုကြည့်လိုက်တော့ ပုဆိုးလေးတွေကိုယ်စီ ခေါင်းပေါ်ကို ခြုံလို့။ မသိရင် တောပုန်းဓားပြတွေကို ကားပေါ်တင်ခေါ်လာသလိုလို။ ဖိုးဝှီးလ်နောက်ခန်းပေါ်မှာ ရောက်နေတဲ့ ကိုယ်တို့သူငယ်ချင်းတွေဟာ ခေတ်ပျက်လို့ ပြေးမိပြေးရာ ပြေးလာရသလို ဗရုတ်သုတ်ခပုံစံကိုပေါက်နေတာ။

အစက ဒီခရီးသွားမယ်မှန်းမသိလို ကြိုတင်မပြင်ဆင်လာခဲ့သမျှ ခုမှ ဝဋ်ဒုက္ခ လှလှကြီးတွေ့တာပဲ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒီခရီးကိုလိုက်လာကြတာက အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရားကိုမို့လို့။ ကိုယ်တို့ရဲ့ အထက်လူကြီးက- “အင်းတော်ကြီးသွားမယ် မင်းတို့လိုက်ချင်ရင်တော့ ကားနောက်ကလိုက်ခဲ့ကြ”လို့ ပြောလိုက်ရင်ပဲ အပျော်အပါးဆို ရွပိုးထိုးနေတဲ့ ကိုယ်တို့ သူငယ်ချင်းတွေဟာ လှုပ်လှုပ်ရွရွဖြစ်ကုန်တယ်။ ပုဆိုးတွေယူပါဟ၊ အခင်းတွေယူပါဟ နဲ့ကိုဖြစ်ကုန်တာ။ ဝတ်ထားတာတွေက လှလှပပ တွေဆိုတော့ ဖုန်ကာဖို့ တာစူကြတယ်။ ကားပေါ်ကို အလုအယှက်တက်ပြီး ပုဆိုးတွေ ခေါင်းမြီးခြုံ လူတွေလည်း ဓားပြပုံပေါက်ကုန်တယ်။ ပုဆိုးကို ခေါင်းမြီးခြုံပြီး သကာလ ဖြစ်သွားလိုက်တဲ့ပုံစံတွေများ ခင်းပြချင်သေးတယ်။ ဘော်ဒါတို့ ကြည့်ဖူးမှာပေါ့။ ဟိုတုန်းက ရုပ်ရှင်တွေလေ။

အကျွန်ုပ် သော်ဇင် မျက်မှန်တပ်ပြီး ပုဆိုးခြုံထားပုံက ရုပ်ရှင်မင်းသမီးကြီး (ဒေါ်)ခင်ယုမေနဲ့တူသတဲ့။ ဂိုက်ပေးကြမ်းတဲ့ ကိုကိုဖိုးနေက သူဖုန်းစားနဲ့တူသတဲ့။ကိုကျော်ဇင်ကတော့ နင်ဂျာလား၊ ဖင်ဗလာလားပဲ။ နေပူထီးထီးမှာ လက်ပြတ်အင်္က ျီနဲ့ ခန္ဓာဗလကို မော်ကြွားချင်သူ လှမျိုးထွန်းက ဟန်ကြီး တခွဲသားနဲ့ အပူဒဏ်ကို အံတုနေတယ်။ Rappingအရွတ်ကောင်းတဲ့ တင်ကြီးက ဖုန်အလုံးလိုက်ဝင်တာတောင် တေးသွားအရွတ်မပျက်ဘူး။ ရှိပါစေလေ။ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။ ဒီကြားထဲ ဘယ်မျက်မမြင်ကျောင်းကထွက်လာတယ်မသိဘူး တိုက်ကြီးက မမြင်မကန်းနဲ့ ပဲတွေဇွတ်များနေတယ်။တပ်ထားတဲ့ မျက်မှန်က ကတ္တရာသုတ်ထားသလို မည်းနက်ပြောင်ထလို့။

ခရီးစပါပြီ။ အင်းတော်ကြီးသို့အသွား ဤခရီးနီးသလားပေါ့။ ပျော်လိုက်သည်ဖြစ်ချင်းရယ်။ အပြုံးကို ပိတောက်လိုပန်ရင်း လူပျိုတွေ ဘုရားဖူးထွက်ကြသတဲ့။ ပစ္စည်းအစုံ မလုံပေမယ့် ကျေနပ်ပီတိ ဂွမ်းဆီက ထိချင်နေပြီ။ ဒါပြောတာ မုန့်ဆီကြော်ကို မျှော်ကိုးလို့ လက် မီးပူဟပ်တော့မယ်ဆိုတာ ကိုယ်တို့မသိဘူးလေ။

 

ဖားကန့်ကနေ ဆိုင်းတောင်ရွာဟောင်းလမ်းကို ဖြတ်တယ်။ ဆိုင်းတောင်ကနေ ဝှေခါဖက်ကိုထွက်တယ်။ အို…စပါပြီ။တဒုတ်ဒုတ်နဲ့ ခုန်လိုက်တဲ့ကား ကိုယ်တို့က ဇီးဖြူသီးတွေလား။ကားကပဲ ဆန်ကောလားတော့မသိ။ လှိမ့်လှိမ့် လှိမ့်လှိမ့် နဲ့ကိုနေတာ။

(၂)

ကိုယ်က သီချင်းလေးတစ်ပုဒ်ကို စ…..ညည်းပြတယ်။ လောလောလတ်လတ် ပတ်ဝန်းကျင်ကိုကြည့်တော့ စိမ်းစိမ်းစိုစိုကိုမြင်ရတာဆိုတော့ ဝင်းဦး သီဆိုပြီး စန္ဒာလှထွတ်ရေးတဲ့ “မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း”တေးသွားတစ်ပိုဒ်ပေါ့။

“တစ်ရောင်တည်းမခြယ်၊ အရောင်ဝဲလယ်၊ တောနှင့်တောင်စွယ်၊လယ်ယာ တလင်း၊ရှုခင်းတွေက စုံလင်ပေတယ် ၊ရှေးမူမပျက်တယ်၊ဆေးကူချက်ကယ်၊ စိမ်းမြမြ ယိမ်းကသလိုနှယ်၊ပင်ပျို ပင်အိုတို့အလယ်၊ ရှုလေချစ်သော ခရီးသည်”တေးသွားဆုံးတော့ ရောင်းရင်းတွေက ထောပနာပြုတယ်။ “သေလိုက်ပါလား”တဲ့။

ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုတာ မြင်ရတာ လယ်ယာနဲ့တူတာဆိုလို့ ဘယ်ဟာမှ လက်ညိုးထိုးပြလို့ကိုမရဘူး။ အမို့အမောက်နဲ့တောင်တွေများနေပေမယ့်လည်း ပင်ပျို ပင်အိုဆိုတာ အမြစ်ကပါလန်ကုန်ပြီ။ ဒါကြောင့်ပြောတာ သီချင်းနဲ့ ပတ်ဝန်းကျင် သဟဇတမဖြစ်ဘူးလို့။ကိုယ်ကလည်း မဆိုတော့ဘူးဆိုပြီး စာသားတစ်ကြောင်းရွတ်မိသေးတယ်။

“စုံမြိုင်ခြေ ဂနိုင်မြေလမ်း အထွေအထွေ ဆန်းပြားကြွယ်”ဆိုတာနဲ့ သူငယ်ချင်းတွေ ဝိုင်းပြောတ.ယ်။ “တော်ပါတော့”တဲ့။ ကောင်းလေစွ။ အရပ်ရှစ်မျက်နှာ မျက်စိကစားရင်း ရင်တွင်းကလီဇာ ပြုတ်ထွက် သွားမှာစိုးရိမ် နေရသေးတယ်။ မောင်းပြီ ။ ဂျိမ်းစဘွန်းတော့ ကြမ်းပြီ ။ လေတိုးသံတွေ ရွှီးရွှီးနဲ ့ ကိုယ်တို ့လဲ  ဟီး….ဟီး…..ပေါ့ ။ကွေ ့လိုက်ကောက်လိုက် ၊တက်လိုက်ရတာလဲ ပြင်ဦးလွင် မြွေလိမ်မြွေကောက် လမ်းကမှတော်ပါဦးမယ် ။ ဆင်းလိုက်တက်လိုက်နဲ  ့ ကိုယ်တွေ လဲ ဆယ့်နှစ်ပွဲ ဈေးမှာ ချားရဟတ်ပဲ စီးရသလိုလို . ရိုလာကိုစတာပဲ စီးရသလိုလို ။ ရင်တုန်ပန်းတုန် ၊ တုန်စရာရှိတော့ အကုန်တုန်ကုန်ရော ။

ကိုလေမင်းသား က ကိုယ်တို ့ရဲ ့မျက်နှာ ကို ချစ်စနိုးနဲ ့မကျီစယ်ဘူး ။ မယ်နာဂစ်အမှီပြုပြီး ဝင်လက်သရမ်းလိုက်တာ မျက်နှာများကြမ်းရှကုန်လို့ အဆောင်ရောက်ရင် ကိုယ့်မျက်နှာကို ဘရပ်(ရှ်)လုပ် အဝတ်လျှော်မယ်လို့ တွေးရတဲ့အထိပဲ။ ကိုနွေမင်းသားကတော့ အပူရှိန်ကို ဒီဂရီမြင့်ပြီး ကိုယ်တို့ကို လောင်မြိုက်စေတယ်။ ကိုဖုန်ဆိုတာများ အမြင်ကပ်ချင်စရာကောင်းလောက်အောင် ကိုယ်တို့အဆုတ်ကို ဗုံးကျဲချင်နေတယ်။ မိုင်နာပါ အစ်ကိုတို့ရယ်။

လာစမ်း။ ထိစမ်း။ ပူစမ်း။ မွန်စမ်း။

“မိုးညှင်းမြို.နယ်မြှိကိုဆိုပါ၏” ဆိုပါလား။ဒါဆိုရောက်တော့မှာပေါ့။ ရောက်ချင်မြင်ချင်ဇောနဲ့ စိတ်ဓါတ်တွေ တက်ကြွနေခိုက်မှာ အသည်းခိုက်လုလု ဆောင့်ချက်က ပြင်းလှချည်သေးရဲ့။ “အောင်မလေး မြတ်စွာ”ဆိုပြီးတော့ “ဘုရား”လို့တောင်ဆုံးအောင်မအော်နိုင်တဲ့ဘဝအဖြစ်ကိုရောက်ရောပဲ။လေသံ ဟူး ဟူး ဟီး ဟီး ရွှီးတဲ့ကြားမှာ ပရမ်းပတာ ကိုယ်တို. သူငယ်ချင်းတစ်ခု ရဲ.အော်သံကို ကားခေါင်းထဲက ဂျိမ်းစဘွန်းကြီး မကြားနိုင်ဘူးထင်ပါရဲ.။ နွားလှည်းကို အင်ဂျင် တပ်ပြီးမောင်း သလိုခဲခလုတ်ကို ကျော်ဟယ် ခွရယ်နဲ.လေအလျျှင်မှာ မြေပြင်ကို ရေထင်ပြီး စပီဘုတ်မောင်းနေသလားလို.တောင် ထင်ရတဲ့အထိ ။

(၃)

ဖိုးနေတစ်ယောက်က မျက်နှာကြီး အီးမှန်သလိုပုံစံနဲ.ရှုံ့မဲ့ပြီး “ မေတို.ဖေတို့ရယ် သားမှားပါပေါ့”လို့ပြောတယ်။တစ်တောင်ကျော်တိုင်းရှေ့ကိုမျှော်ကြည့် လည်ပင်းညောင်ရေအိုး ဖြစ်ရတဲ့အထိ ဘဝကဆိုးနေတယ်။ မြေပြန့်လေးဖြစ်သွားလိုက်ရင်ပဲ အင်းတော်ကြီးနဲ့ နီးလာသယောင်ယောင်။ မျှော်တော်ယောင်ဘဝကိုလွတ်ချင်တဲ့ ကိုယ်တို့ သူငယ်ချင်းတွေ ကားပေါ်မှာ လုံးပါးပါးရင်း ပရုပ်လုံးဖြစ်ခါနီးပြီ။ ရေဆာပြေ ဘီယာလည်း မပါလာလေတော့ ခြောက်လုလု အာခေါင်မှာ  ကန္တရဖြစ်ထွန်းလို့ နေပူက ရှစ်ဆကဲပြန်တယ်။ လှမျိုးထွန်းရဲ့ မျက်နှာ မအီမသာဖြစ်ပုံက မြီးညောင့်ရိုး ကျိုးတဲ့ဟန်ပေါက်နေပါရော။ အကျွန်ုပ် သော်ဇင်ကတော့ ပြောစရာ စကား လျှာဖျားက မထွက်တော့ ရေအဆာ တံထွေးကို အခါခါ မျိုချ လည်ချောင်းတွေ ရှတတဖြစ်နေတယ်။ တစ်ရှူးတစ်စ နှာခေါင်းဝ စို့မိလို့ မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ တင်ကြီးက Rappingလည်းမရွတ်နိုင်တော့။ ကားခေါင်းခန်းက အစ်မတော်တစ်ယောက် အန်ဖို့ ကားရပ်တယ်။

ရုတ်တရက် ကားပေါ်က မျောက်တစ်ကောင် ခုန်ဆင်းပြေးသွားတဲ့အတိုင်း လှမျိုးထွန်း ခုန်ဆင်းတယ်။ ကိုုယ်တို့ သူငယ်ချင်းတွေ ရွှေပြွန်ဝက ရေသွန်ဖို့ ရေတံခါးကြီးဖွင့်ရတော့မှာမို့ အောက်ကိုခဏဆင်းကြရတာပေါ့။ တောလမ်းတစ်နေရာဆိုတော့ ဟိုကြည့် သည်ကြည့် သူခိုးကြည့်ကြည့်နေစရာမလိုပဲ ရေလွှတ်ဖို့ ရွှေချုံနန်းကို ဝင်လိုက်ရင်ပဲ လား…..လား ချုံထဲမှာ အသည်းပုံဖင်ထောင်ထားသလို ဗွီ(V)ရှိတ်နဲ့ ငုတ်တုတ်။

ဘယ်လိုလုပ်ရပါ့။ ရှေ့တိုး နောက်ဆုတ် ခက်နေတဲ့ ခြေလှမ်းတွေကို ဘေးဘယ်ညာ ဘယ်ကို လှမ်းရမှန်းမသိတော့ဘူး။ “ယိုသူမရှက် မြင်သူရှက်”ဆိုတဲ့ ဆိုရိုးစကားကို Coverလုပ်ဖို့လားတော့မသိ။ ငုတ်တုတ် ကိုယ်တော်လုပ်ထားပုံက ပုဆိုးခေါင်းခြုံ မျက်နှာတော်ကို ငပုတ်ဖမ်းထားသေးတယ်။

“ဖင်သာပေါ်စေ မျက်နှာတော်မပေးစေ”နဲ့ဆိုတဲ့အချိုး။ အဘယ်သူပါလိမ့်လို့ စူးစမ်းကြည့်လိုက်တော့ အနားမှာ ရေတံခွန်ကြီးအလား ရေသွန်နေတဲ့ တင်ကြီးကပြောတယ်။ လှမျိုးထွန်းတဲ့။ မှတ်ဟ။ မပြုံးပဲလည်းမနေနိုင်။ ဝါးလုံးကွဲလည်း မရယ်နိုင်တဲ့အဖြစ်က ကိုယ့်လူ လူမိမှာ စိုးလို့ ရေငုံနုတ်ပိတ် နေနေရသလိုမျိုးပေါ့။ ရေရှား၊ စက္ကူရှားတဲ့ အခြေအနေမှာ ကိုယ်တော့် ကိစ္စ ဘယ်လိုရှင်းလာသလဲတော့ မတွေးတတ်တော့ဘူး။ အားလုံး ကျန်းမာရေးကို ကန့်လန့်ကာချပြီးတော့ နာဆာ အာကာသ သိပ္ပံယာဉ် စခန်းက ဒုံးပျံကြီး မိုးထောင်လွှတ်သလို “ဝူး”ခနဲ စီးတော်ယာဉ်က ထွက်တယ်။

များမကြာမှီမှာ “ညောင်ပင်”ဆိုတဲ့ရွာကလေးကို ဝင်တော့ အင်းရေ စပ်စပ်ကို မြင်လိုက်ရတယ်။ ရေစပ်ကို မြင်တော့မှ “ဟေး”ခနဲ ပြိုင်အော်ပြီး ပျော်ကြရတယ်။ ကျယ်လိုက်တဲ့ ရေပြင်ကြီး။ ဒါဆိုရောက်ပြီလား မမေးနဲ့။ ရွာတွေကို ထပ်ဖြတ်ပြီး သွားရသေးတယ်။

“အင်းတော်ကြီး သမိုင်းဝင် မုဆိုးမခြေရာနှင့် သရုပ်ဖော်ပုံပြခန်း-လွဲမွန်”ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တော့ ကားခဏရပ်တယ်။ မုဆိုးမ ခြေရာကိုကြည့်ဖို့ ကို်ယ်တွေလည်း ဆင်းတာပေါ့။ မုဆိုးမခြေရာနဲ့ ကျွဲခြေရာကို ဓါတ်ပုံပါရိုက်ယူလိုက်တယ်။ တအောင့်လောက်ကြာတော့ ဆက်ထွက်ခဲ့တာပေါ့။ အင်းတော်ကြီးကိုရောက်ခါနီးလေ စိတ်လှုပ်ရှားလေလေဖြစ်နေတာက အးလုံးပဲ။ မကြာမတင်လေးမှာပဲ- “ အင်းတော်ကြီး ရွှေမဉ္ဇူစေတီတော် ရေလယ်ဘုရား၊ မိုးညှင်းမြို့နယ်”ဆိုတဲ့ မုခ်ဦးကိုတွေ့လိုက်ရတယ်။ကိုယ်တွေလည်းမနေနိုင်တော့ဘူး။

(၄)

မတ်တပ်ရပ်ပြီး လေညှင်းရှူရင်း ဘုရားကိုရောက်တယ် ။  ဘုရားမှာ အမှတ်တရ ဓါတ်ပုံရိုက်လိုက်ကြပုံများတော့ ကင်မရာသံ တဖျတ်ဖျတ်နဲ့ မသိရင် အကယ်ဒမီ ပေးပွဲရောက်နေသလိုလို။ အထက်လူကြီးကပြောတယ်။ “ဘုရားရော ဖူးပြီးကြပြီလား” “ဘုရားဖူးမှာလား ဓါတ်ပုံရိုက်မှာလား”လို့ မေးယူရတဲ့အထိ။ ဂိုက်ပေးကြမ်းနေလိုက်ပုံများတော့ မြန်မာပြည်က ရုပ်ရှင်မင်းသားတွေမပြောနဲ့ ဟောလီးဝုဒ်က မင်းသားတွေ တောင် မှီနိုင်မယ် မထင်ဘူး။ ဘုရား ပရဝဏ်အတွင်းရှိရှိသမျှ နေရာတွေမှာ အမှတ်တရဆိုတဲ့ စကားကို တသွင်သွင်သုံးပြီး ကင်မရာကို လက်ကမချမိကြဘူး။ ဘယ်ပို့စ်က ဘယ်လိုလှတယ်။ဘယ်လိုက မိုက်တယ်နဲ့ ခန္ဓာတစ်ခုလုံး ဟိုလှည့် ဒီလှည့်နဲ့ နေပူကြီးထဲ လသာနေသလို အေးအေးလူလူ ဓါတ်ပုံရိုက်နေလိုက်ကြတာများ ဝက်ဝက်ကိုကွဲ။

“ရွှေမဉ္ဇူရေလယ်ဘုရား”ဆိုတာ ကချင်ပြည်နယ်ရဲ့ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူဆိုတော့ ရောက်တုန်း ရောက်ခိုက်ဆိုတဲ့ သဘောနဲ့ ကင်မရာအလုံး အားကုန်ရင်ကုန်ပါစေ ရိုက်လိုက်စမ်းဟဲ့ပေါ့။ တင်ကြီးတို့များ မြောက်ပေးရင် အဟွာတက်အောင် ကမလားလို့ ထင်ရလောက်အောင် ထိုင်ရက်တစ်ပုံ ထရပ်တမျိုးနဲ့ ဟန်ပေးနေတယ်။

အလန်းစားFashion ဆိုပြီး အပီကြွားတဲ့ ဖိုးနေက အရပ်ကြီးကလန်ကလားနဲ့ သူ့ကိုယ်သူ ကိုးရီးယားမင်းသားပါတဲ့။ ရေစကြို နွားအို လှမျိုးထွန်းကလည်း  ရွာက ကောင်မလေးကို “ငါ ဒီလို လန်းသဟဲ့”လို့ ပုံတော်ပြ အဟုန်ကြွအောင်လုပ်မလို့ ကင်မရာကို အလွတ်မပေးချင်ဘူး။ ကလေးအို အဖိုးအိုလိုလို မျိုးဇော်အောင်က ခါးကုန်းချိနဲ့ ဒူလာဝမ်းသွားတဲ့ ရုပ်ကို ငွေဆောင်က ကောင်မလေး ကြွက်ခြောက်ဖို့ ပေးချင်သေးတယ်ဆိုပဲ။

အားလုံးရိုက်ပြီး သကာလ သော်ဇင် အကျွန်ုပ် ဟန်ပြလှုပ်ရင်ပဲ ရင်ပြင်တော်ပေါ်က အပျို ရှိရှိသမျှစိုလို့ အုန်းကြွက်ကြွက်ဆူ ဝိုင်းတော်မူတယ်။ “ချောလိုက် ခန့်လိုက်တာဟယ်”တဲ့။ ရွှေမဉ္ဇူဘုရားမှာ နှစ်နှစ်နာရီကျော်ကျော်လောက် လှည့်ပတ် ဓါတ်ပုံရိုက်ရင်း ကိုယ်တို့တွေ ပြန်ခဲ့ကြတယ်။

အပြန်ခရီး မဟန်ပုံများတော့ စားသမျှအစုံစုံ အစာခြေရန်မလို သူ့အလိုလို ပြိုကုန်ရော။ အပြန်ခရီးမှာ ဂျိမ်းစ်ဘွန်းတို့ မောင်းပုံများ အောချလောက်ပါရဲ့။ ကား တစ်ချက်ဆောင့်ရင် လူက လေပေါ် တစ်ပေလောက်မြင့်ရော။ ညနေကလည်း တဖြည်းဖြည်း မှောင်လာတော့ လ..ကလေးက ခေါင်းပြူထွက်လာတ.်။

ကောင်းကင်ကိုမော့ကြည့်ပြီး ကိုယ်တို့ သူငယ်ချင်းတွေက ဟိုသီချင်းလေကိုဆိုတယ်…။

“ဆိုပါလေ လူအများ ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊  ဓမ္မံ သရဏံ ဂစာ္ဆမိ၊ သံဃံ သရဏံ ဂစာ္ဆမိ”တဲ့။ အကျွန်ုပ် သော်ဇင်က “အင်း ရှေ့က ဂျိမ်းစ်ဘွန်းတစ်ယောက် ကားကို ဒုံးပျံထင်ပြီး မြင်နေရတဲ့ လဆီကိုများ သွားနေရော့သလား”လို့ ထင်မိတယ်။ အဟုတ်။

ပြောရရင် တောင်ပေါ်သားပါ။ ကျိမ်ဆိုရဲပါရဲ့။ တောင်ပေါ် အကွေ့အဝှက် ခရီးတွေ အလီလီ သွားဖူးပေမယ့် ဒီလို ကြမ်းရမ်းမောင်းနှင်ပုံမျိုး တစ်ခါမှ မစီးဖူးဘူး။ ဘုရားစူး။ ကားက ဆောင့်လိုက် တင်ပါးက အောင့်လိုက်နဲ့ ကြာရင် ကွမ်းသီးလုံးလောက် အဖုအပိန့်တွေထွက်လာမှာ စိုးရသေးတယ်။

လ..ကလေးသာသာမှာ ဒုံးပျံနှစ်စင်ဒ ရှေ့ဆင့်နောက်ဆက် အမြန်နှုန်းမြင့်နေတယ်။ ဟိုဖက် ယိမ်းထိုး၊ ဒီဖက် ယိမ်းထိုးနဲ့ လူတွေလည်း ခြေကကိုင်ပြီး ကိုင်ပေါက်၊ ကိုင်ရိုက်ထားသလို နာကျင်လို့။ သံပေါင်တန်းကို ကိုင်ရတဲ့ လက်ခမျှာမှာလည်း အံသေပြီး မလှုပ်ရှားနိုင်။ ဘုရားစာဆိုတာ ဘယ်နှစ်ခေါက် ဘယ်နှစ်လီ ရွတ်မိမှန်းမသိတော့။

(၅)

အဲဒီအချိန်မှာပဲ “ဗြုန်း”ဆိုတဲ့အသံကြီးကို ကြားလိုက်ရရင်ပဲ စီခနဲ အသံတွေက-

“သေပါပြီ..ဗျ”

“ကျိုးပါပြီ”

“အောင်မလေး..ဗျ”

“အောင်မလေး မြတ်စွာ……”

“ဘုရား ဘုရား မ….ပါ”

သော်ဇင်(လွိုင်ကော်)

Date-20-April-2011

Time-12;30 Pm

မှတ်ချက်။………………………………။ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ နှစ်ဆန်းတစ်ရက်နေ့တွင် သွားရောက်လည်ပတ်ခဲ့သည်များကို အမှတ်တရ ရေးဖွဲ့ပါသည်။ အကျွန်ုပ်၏ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်လျှက်—–

သော်ဇင်(လွိုင်ကော်)

One comment

  • unclegyi1974

    April 21, 2011 at 4:11 pm

    ကိုသော်ဇင်ရေ သင်္ကြန်အင်းတော်ကြီးသွားမလို့
    သွားဖူးတဲ့သူတွေကဖျက်လို့မသွားဖြစ်လိုက်ဖူး
    တော်သေးတာပေါ့

Leave a Reply