ပုစာ္ဆ

သူများတွေက စာလေးတစ်ကြောင်းနှစ်ကြောင်းရေးပြီး ပို့စ်လုပ်နေကြလို့ ကျွန်တော်လည်း အားကျမခံ ပို့စ်တစ်ပုဒ်တင်ပါတယ်ဗျို့။
ကျွန်တော့်စိတ်ထဲမှာ ပြဿနာတက်နေတဲ့ ပုစာ္ဆတစ်ပုဒ်ကတော့ – အနုပညာဟာ နိုင်ငံရေးကို လွှမ်းမိုးသလား။ နိုင်ငံရေးက အနုပညာကို လွှမ်းမိုးသလား။ အနုပညာကို အတော်အတန်လွတ်လပ်ခွင့်ပေးတာဟာ နိုင်ငံရေးကို လွတ်လပ်ခွင့်ပေးတဲ့ သဘောကိုဆောင်သလား။ ဥပမာ တစ်ခုကိုပြောမယ်ဗျာ။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဟာ တိုင်းသူပြည်သားတွေကို သီချင်းနားမထောင်ရ၊ အမျိုးသမီးများ အလှမပြင်ရ၊ စာအုပ်စာပေ မဖတ်ရ၊ စသဖြင့် တင်းကျပ်ခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ အနုပညာလက်ရာတွေ စာကြည့်တိုက်တွေ အလုံးစုံကိုဖျက်ဆီးခဲ့တာပါ။ ဂီတပညာရှင်တွေကို သတ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အနုပညာဟာ ပုန်းလျှိုးကွယ်လျှိုးရှင်သန်ခဲ့တယ်။ အဲဒါလေးကို တွေးမိလို့ပါ။ ဒီမေးခွန်းဟာ ချာတူးများလန်နေရော့သလား။ ဘာပဲဖြစ်ဖြစ် သိချင်ပါတယ်။ ဝိုင်းဝန်းစဉ်းစားပေးကြပါဗျာတို့။ ကျေးဇူးတင်ပါသည်။

7 comments

  • ရှူံးနိမ့်နေသူတစ်ဦးကို ရှူံးနိမ့်နေသူတစ်ဦးက ဦးဆုံး ဖြေဆိုခွင့်ရတာ ဝမ်းသာသဗျာ

    အမေးရှိလို့ အဖြေရှိရမယ်ဆိုရင် အနုပညာကို နိုင်ငံရေးကလွှမ်းမိုးတာမဟုတ်ပါဘူး၊ နိုင်ငံရေးကိုသာ အနုပညာက လွှမ်းမိုးတာပါ။ သို့သော်လည်း ဩဇာအာဏာလွှမ်းမိုးတာကတော့ အနုပညာကို နိုင်ငံရေးကသာဖြစ်ကြောင်း သိစေလိုပါတယ် အသင် အိုမိတ်ဆွေ။ ရှည်လျားထွေပြားလွန်းသော နာမည်ကို ခေါ်ဆိုဖို့ရန် မတတ်နိုင်ပါသောကြောင့် မိတ်ဆွေဟုသာ ခေါ်ဆိုလိုပါသည်။ ပြောဆိုလိုသည့် အကြောင်းရင်းကို ဆက်ပါမည်။

    အနုပညာဆိုသည်မှာ လူသားတိုင်း၏ နှလုံးသည်းပွတ်ကို ကိုင်လှုပ်နိုင်သော စွမ်းအားတစ်ခုဖြစ်သည်။ စိတ်နှလုံးကို ညှို့ယူဖန်တီးနိုင်စွမ်းရှိသည်။ Buddish ဘာသာတွင် ပဟာသ(မှန်/မမှန်မသိပါ) ငရဲသို့ ကျရောက်စေရန်ဖန်တီးမှုဟု သိရပါသည်။ အရေးမကြီးပါ၊ အဓိက အရေးကြီးသည်မှာ မျက်မှောက်ကာလတွင်သာဖြစ်ပါသည်။ အနီးစပ်ဆုံးဥပမာကိုပြုပါမည်။ မြန်မာနိုင်ငံတွင် James Bond ခေတ်စားခဲ့စဉ်က မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယဉ်ခဲ့ပုံနှင့် လက်ရှိကိုရီးယားများခေတ်စားချိန်ကွာခြားချက်များကို နှိုင်းယှဉ်ကြည့်စေလိုပါသည်။ James Bond ကာလက အနှီကာလသားများကို လွန်စွာမှပင် သနားခြင်း ဖြစ်မိတော့သည်။ ရင်ညွန့်လေးမြင်ရုံမျှကိုပင် ပျော်ရွှင်နေခဲ့ကြလေသည်။ ယခုကိုရီးယားမလေးများကဲ့သို့သော ခြေအိတ်အရှည်လေးများကိုဝတ်၊ စကပ်အတိုလေးများဖြင့် အရောင်ခွဲခြားသိမြင်နိုင်သော ကျွန်တော်တို့အရွယ်တွင် မွေးဖွားကြီးပြင်းကြရသော လူငယ်များက ထိုသူများကိုကြည့်ကာ လှောင်ပြုံး ပြုံးနေကြပေလိမ့်မည်။

    ဆက်ပါမည်..

    ပြောလိုရင်းကိုနားလည်ပါသော်လည်း ဝိနည်းလွတ်အောင်ဆိုပါမည်။ နိုင်ငံရေးကို အနုပညာက လွှမ်းမိုးနိုင်သည်ကို မြန်မာပြည်တွင် ရှေးဘုရင်များလက်ထက်ကပင် အတော်လေး ဂရုပြုခဲ့ရပါသည်။ တဘောင်ဆိုသည်မှာ အနုပညာရှင်များထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မင်းလောင်းပေါ်မည်ဟု တဘောင်ထွက်သည်နှင့် လက်ရှိမင်းများမှာ ဖင်ကြိမ်းလေတော့သည်။ ထို့ကြောင့် သမိုင်းတွင် သွေးစွန်းခဲ့သောရာဇဝင်များ ပေါ်လာခြင်းဖြစ်ပါသည်။ World သမိုင်းတွင်ပင် အထင်အရှားရှိပါသည်။ ကျွန်တော်ချစ်သော မြန်မာပြည်တွင်လည်း ယခုတိုင်အောင် ထိုအယူသည် ကြီးစိုးဆဲဖြစ်ပါသည်။

    ဥပမာဆိုလျင်ဖြင့်မူ လူအများ သိမြင်နိုင်မည့် စိုင်းစိုင်းခမ်းလှိုင်သီဆိုခဲ့သည့် သေပြီဆရာသီချင်း ပေါက်ခဲ့ပြီး များမကြာမီမှာပင် ရန်ကုန်မြို့ရှိလူစည်ကားရာနေရာ (၃)နေရာတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည်ကို တော်တော်များများသိကြမည်ထင်ပါသည်။ ထို့အပြင် လေးဖြူ၏ အမျိုးအရင်းတွေက သစ်စာဖောက်တတ်တယ်ဟူသော စကားကြောင့် ရှိူးပွဲတော်တော်များများ နှစ်တော်တော်ကြာအောင် ပိတ်ပင်ခံခဲ့ရသည်ကို သတိပြုမိကြမည်ထင်ပါသည်။ ထိုမျှပင် အနုပညာစွမ်းအားကို နိုင်ငံရေးသမားများ ကြောက်ရွံ့ခဲ့ကြသည်မှာ သိသာပါသည်။

    ကျွန်တော့်အနေဖြင့် အသင် မိတ်ဆွေအား ထပ်မံအကြံပြုလိုသည်မှာ အနုပညာဟာ နိုင်ငံရေးကို လွှမ်းမိုးသလား။ နိုင်ငံရေးက အနုပညာကို လွှမ်းမိုးသလားလို့ မေးခြင်းထက် နိုင်ငံရေးက အနုပညာထက် ပိုအာဏာရှိသလား၊ အနုပညာက နိုင်ငံရေးထက်ပို အာဏာရှိသလားလို့မေးစေလိုပါကြောင်း စိတ်ရင်းစေတနာမှန်ဖြင့် အကြံပြုလိုက်ပါသည်။

    (ဒီစာကို Post တစ်ခုအနေဖြင့်ရေးလျင် ၈ဝ ရသော်လည်း ၁ဝ သာရသည့် နေရာတွင်သာ ရေးသားလိုက်ပါသည်။)

  • manawphyulay

    April 28, 2011 at 3:17 am

    ရှုံးနိမ့်မှုများနဲ့လူရဲ့ ပြောချက်လေးတွေက မှတ်သားလောက်ပါတယ်။ အရာရာ အကောင်းမြင်စိတ်နဲ့ကြည့်မယ်ဆိုရင်တော့ သူများတွေ တစ်ကြောင်းနှစ်ကြောင်းတင်တယ်ဆိုတဲ့စကားတော့ မပြောသင့်ဘူးထင်တယ်။ သူများလုပ်လို့ လိုက်လုပ်တယ်ဆိုတဲ့သဘော သက်ရောက်သွားတာပေါ့ရှင်။ ကိုယ့်သမိုင်းကိုယ်ရေးပြီး ကိုယ့်လမ်း ကိုယ်လျှောက်နေတဲ့လူတစ်ယောက်အတွက် သူများ ဘာလုပ်တယ်ဆိုတာ မကြည့်သင့်ဘူးလို့ မြင်မိပါတယ်နော်။ အမှားပါရင် ခွင့်လွှတ်နော်။ သူများကို အပြစ်မြင်တာထက် အကောင်းမြင်ပေးလိုက်တာက ပိုပြီး အေးချမ်းပါတယ်ရှင်။

  • asiamasters

    April 28, 2011 at 4:35 am

    အနုပညာဟာ နိုင်ငံရေးအပေါ်လွှမ်းမိုးသလားလို့မေးထားတဲ့မေးခွန်းမှာ ပထမ အနုပညာဆိုတာဘာလဲ၊ အနုပညာထဲမှာဘာတွေပါလဲဆိုတာ အရင်သိထားဖို့လိုပါတယ်။ နောက်ပြီး နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံရေးထဲမှာ ဘာတွေပါလဲဆိုတာပါသိဖို့လိုပါတယ်။ အနုပညာနဲ့ နိုင်ငံရေးနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။ အနုပညာဟာ လူသားတစ်ဦးခြင်းရဲ့ ခံစားမှုနဲ့ အသိဉာဏ်ကို ရင့်သန်စေတယ်ဆိုရင်တော့ ဒီအနုပညာဟာ လူ့အသိုင်းအဝိုင်းအထိသက်ရောက်ပါတယ်။ လူတစ်ဦးရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ နားလည်သဘောပေါက်မှု မြင့်တက်လာမှ လူ့အသိုင်းအဝိုင်းဟာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာက ဒီလူ့အသိုင်းအဝိုင်းထဲမှာနေတဲ့ လူတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကိုဆောင်ကျဉ်းပေးနိုင်အောင်လုပ်ကြတာဖြစ်ပါတယ်။ဒါကြောင့် အနုပညာဟာ နိုင်ငံရေးနဲ့ သွယ်ဝိုက်ပြီး ဆက်သွယ်ပါတယ်။

  • kai

    April 28, 2011 at 9:57 am

    နိုင်ငံရေးက … ဗိုလ်ချုပ်အောင်ဆန်း ဖွင့်ပြတဲ့အတိုင်းဆိုရင်.. အရာရာအားလုံးပဲ.. ထမင်းစားရေသောက်တာတောင်ပါသေး..
    အနုပညာက.. အဲဒီအောက်က တခုရယ်ပါ..။

    ပြောရင်.. အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာ။ တရားစီရင်ရေးအာဏာ စသဖြင့် ပြောရမှာ..
    သူတို့နဲ့တန်းတူ ယှဉ်ပြောနိုင်တာက.. မီဒီယာပေါ့..။
    အဲဒီလို ဒေါက်တိုင်ကြိးတွေကို .. ယှဉ်တွေးရမယ်ထင်ပါတယ်…။
    တခုနဲ့တခုက.. အပြန်အလှန်လည်း လွမ်းမိုးတယ်..မှီလည်း မှီခိုတယ်..။
    ဒါပေမဲ့.. မီဒီယာကတော့ .. အားလုံးကို ခြုံပြီး စောင့်ကြည့်ရတာပဲ..။ စတုထ္တမဏ္ဍိုင်ပေါ့..။

    အပေါ်ကပြောလိုဟန်ရှိတဲ့… အနုပညာဆိုတာကို မီဒီယာသဘောထဲထည့်မယ်ဆို… ဒီထောက်တိုင်က..အားလုံးကို စောင့်ကြည့်ရတာပဲ..။
    ဆိုတော့…
    အာဏာပိုင်တွေကို .. မီဒီယာက လွှမ်းမိုးနိုင်ရင်..လွှမ်းမိုးနိုင်သလောက်… လွတ်လပ်ခွင့်က ယှဉ်တွဲပါလာတယ်…။

    ပြောရင်..မိုင်တထောင်လောက်ရှည်ကုန်မယ်ထင်တယ်..။
    သဘောပေါက်လွယ်သလားတော့မသိ..။ 🙂

  • etone

    April 28, 2011 at 10:16 am

    အနုပညာဆိုတာ ရင်တွင်းခံစားချက် မပါပဲ လုပ်လို့ မရတာတော့ သိတယ် … ။

  • paukpauk

    April 28, 2011 at 3:30 pm

    ကျွန်တော်ကတော့ နိုင်ငံရေးက အတော်တာသွားတယ်ထင်တယ်။
    တဦးတယောက်အတွက်တော့ အနုပညာက နိုင်ငံရေးထက် ပိုချင်ပိုနေမယ် အများအားဖြင့်တော့ နိုင်ငံရေးက သတ်လို့မရဘူး။
    ဥပမာ – ကိုကျော်သူရုပ်ရှင်မရိုက်ရ လို့ အဲဒီအလုပ်ကို ဆက်မလုပ်ဘူး၊ ဒါပေမဲ့ နိုင်ငံရေးကိုတော့ ဆက်လုပ်တယ် (နိုင်ငံရေးဆိုတာ ညစ်ပတ်သောနိုင်ငံရေးကိုမဆိုလိုပါ။ ကိုခိုင်ပြောသောနိုင်ငံရေးနှင့်နီးစပ်ပါသည်။)
    ဦးကျော်ဟိန်း၊ စိုင်းထီးဆိုင် နိုင်ငံရေးယောင်ယောင်လုပ်ခဲ့မိလို့ ကံကောင်းလို့ တောမထုတ်ခံခဲ့ရတာပါ။
    အချိန်မီသူတို့ ပြင်နိုင်ခဲ့လို့။
    ခုကိုလွင်မိုး နိုင်ငံရေးမလုပ်ဘူး – စီးပွားရေးသမားသက်သက်ပဲ၊
    သူအနုပညာဆိုတာ ဘယ်လောက်တာသွားတယ်ဆိုတာ ပြလိုက်တယ်လေ။
    ဘယ်သူဘာပြောပြော ငွေရမယ်ဆို စီးပွားရေးလုပ်တာပဲ –
    ဒါက သူ့ကိုယ်ရေးကိုယ်တာပါ။
    ဦးကျော်တို့က ချက်ချင်းပြန်ပြင်လိုက်တော့
    နောက်ဆုံးချိန်ထိ အောင်ပွဲခံနိုင်ခဲ့တယ်။
    သူကတော့ အနုပညာသမား စစ်စစ်။
    ဒီထက်ပိုလို့ ဘာသာရေးတောင် နိုင်ငံရေးကို မကျော်နိုင်ဘူးထင်တာပဲ
    (ကျွန်တော့ အမြင်ပါ)
    လူတွေအားလုံးနိုင်ငံရေးအသိဘယ်လောက်နိုးကြားတယ်ဆိုတာ
    အဲဒီနိုင်ငံ ဘယ်လောက်တိုးတက်တယ်ဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ပြောချင်တာပါပဲ။

  • သဂျီးကိုရော တခြားဝင်မန့်ပေးတဲ့လူတွေကိုရော ကျေးဇူးအထူးပါဗျာ။ ကျွန်တော့်အတွက် တကယ်တန်ဖိုးရှိလို့ပါ။ အဲဒါကို ကျွန်တော် ဦးနှောက်စားနေတာ တော်တော်ကြာပါပြီ။ အခု ပိုပြီးလေးလေးနက်နက် တွေးလို့ရသွားတယ်။

Leave a Reply