ကျွန်ုပ်၏ အယူဝါဒ-၄

asiamastersMay 1, 20111min1752

(ကျွန်ုပ်၏ အယူဝါဒ-၄ သည် ယခင်ကျွန်တော်ရေးသားခဲ့သည့် Knowledge ကို ပြင်ဆင်တင်ပြထားခြင်းဖြစ်သည်။ ယခင် တင်ပြမှုမှာ အယူဝါဒ တစ်ခုသို့ရောက်ရှိမလာသေးပါ။ ယခုပြင်ဆင်တင်ပြမှုမှာ အယူဝါဒ အဆင့်သို့ရောက်ရှိလာပြီဖြစ်တဲ့ အတွေးအခေါ်ဖြစ်ပါတယ်။)

၁။         ကျွန်ုပ်၏ အယူဝါဒ-၄ မှာ ဗဟုသုတ (Knowledge) ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ မြန်မာလူငယ်များကို  Knowlege ဆိုတာဘာလဲလို့မေးရင် အတော် များများက ဗဟုသုတပေါ့လို့ အလွယ်တကူပဲပြန်ဖြေနိုင်ကြပါတယ်။ ဒါပေမဲ့ ဗဟုသုတဆိုတာ ဘာလဲလို့ဆက် မေးရင်တော့ တစ်ချို့က အသိပညာလိုပြောလိုပြော၊ အတတ်ပညာလိုပြောလိုပြော ရောထွေးနေကြတာ များပါတယ်။ ဒါကြောင့် Knowledge ဆိုတာဘာလဲဆိုတာကို တိတိကျကျ နားလည်သဘောပေါက်ဖို့ လိုလာပါတယ်။ Knowledge ဆိုတာ ဗဟုသုတလို့ပြောရင်မှန်ပါတယ်။ ဗဟု ဆိုတာက များတာကို ဆိုတာဖြစ်ပါတယ်။ သုတ ဆိုတာက သိတာကို ဆိုခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ များများသိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ များများသိရင် ကောင်းလား၊ နည်းနည်းသိရင် ကောင်းလားလို့ မေးခွန်းတစ်ခုရှိပါတယ်။ ကျွန်တော့် အယူအဆအရ ဆိုုရင် တော့ များများသိတာ ပိုကောင်းတာဖြစ်ပါတယ်။ မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပါပဲ။ များများ သိခြင်းဆိုတော့ ဘယ်လို သိတာလဲလို့ မေးလာစရာ အကြောင်းရှိပါတယ်။ သက်ရှိတွေ သိပုံက အာရုံငါးပါးကစတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အာရုံငါးပါး ဆိုတာက အာရုံခံတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ ကစတာ ဖြစ်ပါ တယ်။  မျက်စိက မြင်ခြင်းကို ဖြစ်စေတယ်။ နားက ကြားခြင်းကိုဖြစ်စေတယ်။ နှာခေါင်းက အနံ့ကို သိတယ်။ လျှာက အရသာ ကိုခွဲခြားနိုင်တယ်။ ကိုယ်ခန္ဒာက အထိအတွေ့ကိုသိတယ်။ ဒီလိုသိတာကို အာရုံးငါးပါးနဲ့ သိခြင်းလို့ ခေါ်ပါတယ်။

၂။         ဒီလိုအာရုံးငါးပါးနဲ့ သိခြင်းဟာ လူတွေမှာသာ မဟုတ်ပါဘူး၊ တိရစ္ဆာန်တွေမှာလည်း ရှိပါတယ်။ တချို့ တိရစ္ဆာန်တွေဟာ အာရုံခံစားမှု တွေနဲ့ ပတ်သက်လာရင် လူသားတွေထက်တောင်သာပါတယ်။ဥပမာအားဖြင့် ခွေးတွေဟာ အနံ့ ခံခြင်းမှာ အလွန်ထက်မြက် ကြပါ တယ်။ သိန်းငှက်တွေဟာ အမြင်အရာမှာ အလွန်ထက်မြက်ကြပါတယ်။ ဒီလို ခံစားမှုတွေမှာ လူသားတွေဟာ တိရိစ္ဆာန်တွေကို မမှီပါဘူး။ တိရစ္ဆာန်လို့ဆိုတဲ့နေရာမှာ တိ ဆိုတာက (၃) ကိုဆိုပါတယ်။ တိရစ္ဆာန် ဆိုတာက အလုပ်ကိုဆိုပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဆိုတာက အလုပ်သုံးမျိုးသာလုပ်တဲ့ သတ္တဝါတွေသာဖြစ်ပါတယ်။ ဒီအလုပ်သုံးမျိုးကတော့ အိပ်တာရယ်၊စားတာရယ်၊ ကာမဂုဏ် မှီဝဲတာရယ်ပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်အချို့ဟာ လူသားတွေ ထက်စာရင် အာရုံခံစားမှုမှာသာသော်လည်း ဉာဏ်သိ (သို့) အသိဉာဏ် (Intelligent) နဲ့ပတ်သက်လာရင် ဘယ်လိုမှ နှိုုင်းယှဉ်လို့မရတော့ပါဘူး။ ဒါကြောင့် လူသားတွေဟာ ဒီနေ့ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း မဟာလူသား များဖြစ်လာရ ခြင်း ဖြစ်ပါတယ်။

၃။         အသိဉာဏ် (Intelligent) ကို တစ်ချို့က အသိပညာနဲ့ ရောထွေးနေတာလည်းရှိပါတယ်။ အသိပညာဆိုတဲ့စကားလုံးက ရောထွေး နေတဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ အသိ ဆိုတာတဲ့နေရာမှာ အသိဉာဏ်လို့သာသုံးရမှာဖြစ်ပါတယ်။ ပညာ ဆိုတာက အဓိပ္ပာယ် သပ်သပ်ရှိပါတယ်။ ပညာဆိုတာက အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ကိုဆိုပါတယ်။ အတတ်ကိုလည်း ပညာလို့ပဲ ခေါ်ပါတယ်။ ဒါကြောင့် အသိပညာဆိုပြီး ပြောလိုက်တော့ လူသားတွေနားလည်မှုတွေဟာ ရောထွေးကုန်တော့တာပါပဲ။ ဒီလို ရောထွေးပြီးတော့ ဘာမှ ဂဃနဏ နားမလည်သူတွေဖြစ်လာကြရတာပါပဲ။ ဒီတော့ အသိဉာဏ်ဆိုတာဘာလဲ၊ အသိဉာဏ်မှာ ဘာတွေပါလဲဆိုတာသိလိုလိုလာပါတယ်။ အသိဉာဏ်မှာ ပထမဦးဆုံးပါတာက အတွေအကြုံ (Experience) ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ သင်ယူနိုင်ခြင်း (Learning) ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ စဉ်းစားခြင်း (Thinking) ဖြစ်ပါတယ်။ စတုတ္ထတစ်ချက်ကတော့ ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning) ဖြစ်ပါတယ်။ ပဉ္စမအချက်ကတော့ မှတ်ဉာဏ် (Memory) တို့ပါဝင်ပါတယ်။ ဒါတွေဟာ အသိဉာဏ်လို့ ခြုံငုံပြီးခေါ်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါတွေ အားလုံးပေါင်းလိုက်ရင် အသိဉာဏ်ဆိုတာဖြစ်လာပါတယ်။

၄။         အတွေ့အကြုံကို လူသားတွေသာ အသုံးပြုနိုင်ပါတယ်။ မိုးဦးကျကာလမှာ ပလူကောင်တွေထွက်လာတတ်ပါတယ်။ ပလူကောင်တွေ ဟာ အလင်းရောင်ရှိရာ အိမ်များအတွင်းကို အုပ်လိုက်ဝင်လာလေ့ရှိပါတယ်။ အလင်းရောင်ရှိတဲ့ ဘယ် နေရာကိုမဆို တိုးဝှေ့လေ့ ရှိပါတယ်။ မီးချောင်းတွေကို တိုးသလို၊ ဖယောင်းတိုင်တွေကိုလည်းတိုးတာပါပဲ။ ဖယောင်းတိုင် ကိုတိုးမိတဲ့အကောင်တွေဟာ တောင်ပံတွေမီလောင်ပြီးအောက်ကိုကျသွားကြပါတယ်။ ဒါပေမဲ့ နောက်လိုက်လာတဲ့ အကောင်တွေဟာ ဆက်မတိုးပဲမနေပါဘူး။ ဆက်တိုးတာပါပဲ။ ဒီသဘောကိုကြည့်ရင် တိရိစ္ဆာန်တွေဟာ ရှေ့ကဖြစ်ပျက်ခဲ့တာတွေကို အတွေ့အကြုံယူနိုင်ခြင်းမရှိပါဘူး။ လူသားတွေကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ ပူလောင်တဲ့အရာဝတ္ထုမျိုးကို မတော်တဆထိမိလို့ ပူသွားတယ်ဆိုရင် နောက်တစ်ခါ ဒီအရာက်ို ထပ်မထိတော့ပါဘူး။ ဆိုလိုတာက လူသားတွေဟာ အတွေ့အကြုံကိုအကောင်းဆုံးအသုံးချနိုင်တဲ့ သတ္တဝါများဖြစ်လို့ပါပဲ။

၅။         သင်ယူမှုကို တိရစ္ဆာန်တွေမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ အနည်းအကျဉ်းလောက်ကိုတော့သင်နိုင်ပါတယ်။ ဥပမာ ဆပ်ကပ်မှာ သင်ထားတဲ့ တိရစ္ဆာန်လေးတွေ၊ အိမ်မွေး ခွေးလေးတွေ၊ ကြောင်လေးတွေ၊ မျောက်လေးတွေ သတင်းစာယူပေးတာတို့၊ လမ်းပြတာတို့၊ အုန်းပင်တက်ပေးတာတို့လောက်တော့ သင်ပေးလို့ရပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေ စမ်းသပ် ချက်အရ လူူဝံတချို့ကို တစ်နဲ့ တစ်နဲ့ပေါင်းရင် နှစ်ရတယ်ဆိုတဲ့သဘောလေးကိုသင်ပေးလို့ရတယ်။ အာကာသထဲ ဒုံးပျံ တွေစမ်းသပ်ပြစ်လွှတ်မှုတွေမှာ လူတွေ လိုက်မပါသေးခင်၊ လေ့ကျင့်ပြီးသား လူဝံတွေကို ထည့်သွင်း စမ်းသပ်တဲ့နေရာမှာ သုံးပါတယ်။ ဒါပေမဲ့ နှစ်နဲ့ နှစ်မြှောက်ရင် လေးရတယ်ဆိုတဲ့ သဘောမျိုးကိုတော့ ဘယ်လိုမှသင်ပေးလို့မရပါဘူး။ လူသားတွေအတွက်ကတော့ ၅ နှစ် အရွယ် ကျောင်းနေချိန် ဆိုရင် ဒီသဘောတရားကိုနားလည်နေပြီဖြစ်ပါတယ်။ ဒါကြောင့် လူသားတွေရဲ့ အသိဉာဏ်ရဲ့ အစိတ်အပိုင်းတစ်ခုဟာ သင်ယူခြင်းပါပဲ။ တချို့အလွန်ထူးခြားတဲ့ ဉာဏ်ကြီးရှုင်လူသားတွေမှာဆိုရင် သုံးနှစ်လောက်ဆိုရင် ဒီသဘေားတရားတွေအားလုံး တတ်နေပြီ ဖြစ်ပါတယ်။

၆။         နောက်တစ်ချက်က စဉ်းစားခြင်းဖြစ်ပါတယ်။ စဉ်းစားခြင်းကို လူသားတွေသာလုပ်နိုင်ပါတယ်။ ဒီရောမှာ ဒဿဏိက ပညာရှင်ကြီး တစ်ဦးပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။ I think therefore I am. ဆိုပြီးဖြစ်ပါတယ်။  ငါဟာ စဉ်းစား တယ်၊ဒါကြောင့် ငါဟာ ဖြစ်တည်တယ်လို့ အနက်ရပါတယ်။ ဒါကြောင့် လူသားတွေမှာ မိမိကိုယ်မိမိ ဖြစ်တည်နိုင်ရန် စဉ်းစားကြဘိုလို့ပါတယ်။ မစဉ်းစားသူတွေသာ လူသားတွေအဖြစ်မှ လျှောကျပျောက်ကွယ်သွားမှာပါပဲ။ သူများ ပြောတာတေကို မစဉ်းစားပဲ ယုံကြည်သူများဟာ လူသားတွေအနေနဲ့ ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။ သူတစ်ပါးရဲ့ အပြုခံလူသားတွေသာဖြစ်လာပါတယ်။ ဒါကြောင်း လူသားတွေရဲ့ အသိဉာဏ်မှာ စဉ်းစားတွေးခေါ်မှု ဆိုတာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အလွန်အရေးကြီးတာဖြစ်ပါတယ်။မုူလအားဖြင့် လူသားတွေဟာ စဉ်းစားတဲ့အလုပ်ကို သိပ်မလုပ်လိုကြပါဘူး။ လွယ်လွယ်နဲ့ အင်အားသုံးလုပ်တာတွေကို သာလုပ်လိုကြပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စဉ်းစားတတ်သူတွေနဲ့ မစဉ်းစားတတ်သူတွေဟာ အလွန်ကွာဟလာတာဖြစ်ပါတယ်။ စဉ်းစားတတ်သူတွေဟာ အုပ်ချုပ်သူတွေ၊ ခေါင်းဆောင်တွေ၊ အဆုံးအဖြတ်ပေးသူတွေဖြစ်လာကြပြီးတော့၊ မစဉ်းစားတတ်သူတွေဟာ စဉ်းစားရန်မလိုတဲ့အလုပ်တွေဖြစ်တဲ့ အိမ်ဖေါ်အလုပ်တွေဖြစ်ဖြစ်၊ အလုပ်ကြမ်းသမားတွေသာဖြစ်လာပါတယ်။

၇။         ကျိုးကြောင်း ဆင်ခြင်ခြင်းဆိုတာက လူသားတစ်ဦးဖြစ်လာရင် မိမိပြုမူ၊ ပြောဆို လုပ်ဆောင်မှုတွေဟာ မိမိရဲ့ လူ့အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဓလေ့ထုံးတမ်းများအရသော်လည်းကောင်း၊ စာရိတ္တပိုင်း (    Moral) အရသော်လည်းကောင်း၊ ကိုယ်ကျင့်သိက္ခာ (Ethic) ပိုင်းအရအသော်လည်း၊ အများသဘောတူရေးဆွဲထားတဲ့ ဥပဒေအရသော်လည်းကောင်း၊ မိမိကိုးကွယ်တဲ့ ဘာသာအရ သော်လည်းကောင်း  မျှတမှန်ကန်မှုရှိမရှိ ကျိုးကြောင်းဆင်ခြင်တတ်ရန်လိုပါတယ်။ ဒီလိုမဆင်ခြင်တတ်ဘူးဆိုရင်လည်း အဆင့်နိမ့်ပါးတဲ့ လူသားတွေသာဖြစ်လာမှာဖြစ်ပါတယ်။ ဒီလို အဆင့်နိမ့်တဲ့ လူသားတွေနဲ့ဖွဲ့စည်းထားတဲ့ လု့အသိုင်းအဝိုင်းဟာ မြင့်မားတဲ့လူ့အသိုင်းအဝိုင်းတွေနဲ့ ဘယ်လိုမှဆက်စပ်လို့ မရနိုင်ပါဘူး။

မှတ်ဉာဏ်ဆိုတာက လူ့ဦးနှောက်က ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ အချက်အလက်တွေကို မှတ်ယူထားပြီး လိုအပ်ချိန်မှာ ပြန်လည်ထုတ်ယူသုံးစွဲနိုင်ခြင်းဖြစ်ပါတယ်။ မှတ်ဉာဏ် ဟာလူသားတွေအတွက် အရေးကြီးပါတယ်။ လူသားတွေမှာ ကမှတ်ဉာဏ် အမျိုးမျိုးရှိပါတယ်။ တချို့က တစ်ခါဖတ်လိုက်တာနဲ့ အားလုံးကို ဓါတ်ပုံရိုက်ထားသလို မှတ်မိနိုင်တယ်။ တချို့ကလည်း မြန်မြန်မှတ်မိပြီး မြန်မြန်ပဲ မေ့ပျောက်လွယ်သွားတာမျိုးလည်းရှိပါတယ်။ တချို့ကတော့ လွယ်လွယ်မမှတ်မိနိုင်ပါဘူး၊ ဒါပေမဲ့ မှတ်မိလိုက်ရင် မမေ့တော့တဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီလို လွယ်လွယ်နဲ့ မမှတ်မိနိုင်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ညံ့တယ်လို့ ယူဆတတ်ပါတယ်။ အမှန်တကယ်ကျတော့ သူတို့ဟာ ထူးခြားသော မှတ်ဉာဏ်မျိုးကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါကြောင့် မိမိမှာ ဘယ်လိုမှတ်ဉာဏ်မျိုုးရှိလဲဆိုတာသိဘို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ Education စနစ်က မှတ်ဉာဏ်ကိုဦးစားပေးတဲ့ စနစ်မျိုး ဖြစ်ပါတယ်။ အလွတ်ကျက်ပြီး ဖြေတာမျိုးတွေပဲများပါတယ်။ ဒီလို အလွတ်ကျက်ဖြေတာမျီုးပဲဖြစ်တာကြောင့် အသိဉာဏ်ပိုင်းမှာ အလွန်ချို့တဲ့ကုန်ကြတာဖြစ်ပါတယ်။

၈။         လူသားတွေ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့နေရာမှာ အသိဉာဏ်ပိုင်း ဖွံ့ဖြိုးလာမှုကအလွန်အရေးကြီးပါတယ်။ အထက်မှာ ဖေါ်ပြထားတဲ့ အတိုင်း အသိဉာဏ်ဆိုတာက အတွေ့အကြုံ၊ သင်ယူနိုင်ခြင်း၊  စဉ်းစားခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ မှတ်ဉာဏ်တွေဖြစ်ပါတယ်။ လူသားတွေဟာ အသိဉာဏ် မဖွံ့ဖြိုးမတိုးတက်ဘူးဆိုရင် အာရုံခံစားမှုတွေနောက်ကိုသာ လိုက်လာလေ့ရှိပါတယ်။ ဒီအာရုံ ခံစားမှုထဲမှာသာ နေတော့တယ်ဆိုရင် လူတွေဟာတိရိစ္ဆာန်နဲ့ သိပ်မကွာပါဘူး။ တိရစ္ဆာန်တွေထက်ကို ရက်စက်ကြမ်းကြုတ်သူတွေ ဖြစ်လာပါတယ်။ အသိဉာဏ်အမြင့်မားဆုံးအပိုင်းကိုရောက်သူတွေဟာ အာရုံခံစားမှုတွေနောက်ကို လုံးဝ မလိုက်တော့ပြန်ပါဘူး။ ဒါကြောင့် အပြစ်ရှိသူ (sinners) တွေနဲ့ သူတော်စင် ( Saints) တို့ကွာဟလာကြတာဖြစ်ပါတယ်။ လောကီ (Secular)နဲ့ ပတ်သက်တဲ့ လူသားတွေအနေနဲ့ အာရုံခံစားမှုတွေကိုလည်းပစ်ပယ်လို့ မရသေးတဲ့အတွက် အာရုံခံစားမှုနဲ့ အမြင့်မားဆုံး အသိဉာဏ်ကြားမှာ နေထိုင်ကြရမှာဖြစ်ပါတယ်။ ဗဟုသုတလို့ဆိုတဲ့အတိုင်း များများသိလာသူတွေဟာ များများရွေးချယ်လာနိုင် ပါတယ်။  တစ်ဆက်တည်းမှာ အသိဉာဏ်တိုးတက်လာအောင်လဲလုပ်ဆောင်ရင်း ပိုမိုကောင်းမွန်တာတွေကို ရွေးချယ်သွားကြရမှာ ဖြစ်ပါတယ်။ ဒီတော့ အသိဉာဏ်ကို ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲဆိုတာ နောက်တစ်ပုဒ်မှာ ဖတ်ကြရအောင်။

၉။         ကျွန်တော်တို့ အသိဉာဏ်ကို တိုးတက်အောင်လုပ်လို့ရပါတယ်။ အသိဉာဏ်တိုးတက်အောင် လုပ်ချင်ရင် စာဖတ်ရပါမယ်။ စာရေးရပါမယ်။ နားထောင်ရပါမယ်။ သင်ကြားရပါမယ်။ ခရီးသွားရပါမယ်။ မိတ်ဆွေ များများရအောင်လုပ်ရမှာဖြစ်ပါတယ်။ ဒါတွေကိုစနစ်တကျ လုပ်နိုင်ရင် အသိဉာဏ်တိုးလာသူတွေဖြစ်လာမှာဖြစ်ပါတယ်။

 

2 comments

  • nayzaw

    May 1, 2011 at 4:12 am

    ဗဟုသုတဆိုတာကပါဠိကနေဆင်သက်လာတဲ့စကားပဲဖြစ်ပါတယ်
    ဗဟု-ဆိုတာကများခြင်းများသော သုတ-ဆိုတာကအကြားအမြင်များသောအကြားအမြင်းလိုအဓိပ္ပါယ်ရပါတယ်

  • asiamasters

    May 1, 2011 at 4:36 am

    အကြား၊ အမြင် ဆိုတာ ကို သိခြင်းလို့ခေါ်တယ်။ လူသားတွေသိခြင်းဟာ အကြား၊ အမြင် တွင်မကဘူး၊ အနံ့၊ အရသာ၊ အထိအတွေ့ထိပါတယ်။ ဒါကြောင့် သိခြင်းမှာ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ လို့ခေါ်တဲ့ အာရုံငါးပါးရှိတယ်။ ဒါကို အာရုံသိလို့ခေါ်တယ်။ လူအတော်များများဟာ ဘာသာစကားကြောင့် အစိတ်အပိုင်းတစ်ချို့ကိုသာ နားလည်နိုင်ကြတယ်။ ဒါကြောင့် အပြည့်အစုံနားလည်ဖို့လိုပါတယ်။

Leave a Reply