“ချဉ်ဖတ်လေလား လေကန်မလား”
မနက်စောစော စီးစီးအချိန်တွင် လောကကြီးတစ်ခုလုံးကို ဝေဖန်နေရသူတစ်ယောက်ရှိ၏။ ထိုလူ၏ မြင်ကွင်းထဲသို့ရောက်ရှိသွားလျှင်ဖြင့် ပထမဦးဆုံး အဆိုးမြင်ဝါဒတစ်ခုုကို ထိုလူက ပေးလိမ့်မည်။ လူတိုင်းအပေါ်၌ တစ်ဖက်စောင်းနင်းနိုင်စွာ အကောင်းမြင်စိတ် လုံးဝမမွေးဘဲ စောစော စီးစီး ပြောဆိုနေလိုက်သည်မှာ နားမသက်သာစရာ။ စာရေးသူတို့၏ လုပ်ငန်းခွင်နယ်ပယ်တွင် လူတိုင်းသည် ကိုယ့်တာဝန် ကိုယ်တော့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည်ချည်း။(ခိုကပ်တတ်သော စုန်းပြူးတစ်ယောက်စ နှစ်ယောက်စမှလွဲ၍)။
ကိုယ်လုပ်လိုက်သော အလုပ်အပေါ် မိမိဘက်က အကောင်းဆုံးဆိုသော တာဝန်ကျေပွန်မှုကိုပေးလိုကြသည်။ ပေးလည်းပေးကြသည်။ သို့ပေမယ့် တစ်နေကုန် အလုပ်ချိန်တစ်ချိန်လုံးတော့ မဆိုလို။ တစ်ခါတစ်ရံ အလုပ်ချိန်တွင် တာဝန်လစ်ဟင်းမှုများလည်းရှိတ်ကြသည်။ သို့သော် ထိုလစ်ဟင်းမှုများသည် မိမိတို့အကောင်းဆုံးပေးဆပ်လုပ်ဆောင်မှုနှင့် နှိုင်းယှဉ်လိုက်သော် အသေးအမွှားလေးပင်။
လူတိုင်းအပေါ်တွင် အမြင်ကပ်ပုဒ်မ လက်ကိုင်ထားကာ အပြစ်ရှာဝေဖန်တတ်သော ထိုလူသည် ဝန်ထမ်းများ၏ တစ်နေ့တာ အကောင်းဆုံးလုပ်ချိန်များကို မမြင်။ လစ်ဟင်းမှု အားလပ်ချိန်များကိုဖြင့် မြင်တတ်လေသည်။ အောက်ခြေသိမ်း ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်ကို သေသေချာချာ မသိပါပဲ ဘယ်လိုညံ့သည်။ ဘယ်လိုခိုသည်ကို အဆိုးမြင်မှု တစ်ခုတည်းနှင့် ပြောတတ်ဆိုနေတတ်သည်။ ဝေဖန်ရေးဆရာဆိုသည်မှာ အမှန်တကယ်တော့ လိုအပ်လှပါသည်။ သို့သော် ဝေဖန်ရေးနှင့်လေကန်ရေးကိုတော့ ထိုလူ ခွဲခွဲခြားခြား မသိ။
ထိုလူပြောလိုက်သော စကားတစ်ခွန်းသည် အရေးမပါ အရာမရောက်သော်ငြား တိုက်ပါးများ နဲ့ရသော ကျောက်တုံးကဲ့သို့ အထက်လူကြီး၏နားသို့ရောက်သောအခါ လုပ်သားများ၏ တာဝန်ကျေပွန်မှုသည် အထက်လူကြီးအမြင်၌ ပျင်းရိခိုကပ်ခြင်းဟူသော ခေါင်းစဉ်အောက်သို့ အလိုအလျှောက်ရောက်သွားရလေသည်။ကြိုးစားထားသမျှ အရာမထင်ဟူသော စကားသည် ခုမှ အမှန်တကယ်ဖြစ်နေရသည်။
မိမိတို့၏ လုပ်ရည်ကိုင်ရည်သည် အပြစ် မရှိနိုင်ဘူးဟု လုံးဝဥဿုံမငြင်းလိုကြပေ။ လုပ်ငန်းချိန်အတွင်း၌ အလုပ်ချိန်နာရီကို ခိုးယူသုံးသည်ဟု ထိုလူဆိုလျှင် အားလပ်ချိန်ဆိုသည်မှာ အဘယ်မှာ ရှိမည်နည်းဟု မေးချင်နေကြသည်။ ထမင်းစားနားချိန်သည် တစ်နာရီဆိုလျှင် ဆယ့်ငါးမိနစ်နောက်ကျအလုပ်ခွင်ဝင်သည်ကို ထိုလူ ဇာချဲ့တတ်သည်။
မည်သို့ပင်ဖြစ်စေ လုပ်သားဝန်ထမ်းများ၏ တာဝန်ပေါ့လျော့မှု တစ်ပိုင်းတစ်စကို တစ်စိတ်တစ်အိတ်လုပ်ပြီး အပြစ်မြင်နေတတ်မှု၏ ထိုလူ၏လုပ်ရပ်သည် အလွယ်ကူဆုံးအလုပ်ဖြစ်သော အပြစ်မြင်ခြင်း ဟု ခေါင်းစဉ်တပ်၍ရနေပြီ။ လုပ်သားများ၏ လုပ်ရည်ကိုင်ရည်ကို အကောင်းမမြင်တတ်ပေမယ့် အပြစ်တစ်စုံတစ်ရာရှိလျှင်ဖြင့် ခရားရေလွှတ်ပြောတတ်သည့်အကျင့်ကြောင့် လုပ်သားများ ငြိုငြင်စပြုလာသည်မှာ မဆန်းပေ။
နီးရာဓါးကြောက်ရသည်ဟု ဆိုကြသည်။ ထိုကြောင့် နီးရာဓါး မိုးခြင်းမှာ လွတ်ခြင်းငှာ မမြောက်ချင်ပဲ မြောက်ပင့်ကာ ပေါင်းသင်းခြင်းဖြင့် မချစ်သော်လည်း အောင့်ခါနမ်း ထုံးနှလုံးမူ၍ ပေါင်းသင်းဆက်ဆံကြရသည်။ ထိုသည်ကိုပင် စိတ်ကြီးဝင်ကာ ငါသာလျှင် ဆိုသော အတ္တစိတ်ဖြင့် ပျော်ပိုက်နေသည်။ ထိုလူ့ထံသို့ချဉ်းကပ်လာသော လူများ၏ စိတ်ရင်းအမှန်ကိုမသိနိုင်ပဲ ပျော်ရွှင်နေသည်။ အချွေအရံအပေါင်းအသင်းများလေခြင်းဟု စိတ်အထင်ရောက်ပုံရသည်။ အများတကာရင်ထဲ၌ စစ်မှန်သော ခင်မင်မှုမရှိပဲ မိမိတို့ ထမင်းလုပ်မပြုတ်ကြရေးအတွက် ပူးကပ် နေကြသည်ကို ထိုလူမသိရှာ။
ထိုလူသည် မိမိအနားသို့ကပ်လာသူများကိုပင် အကောင်းမြင်တတ်ခြင်းမရှိ။ စားရ၍ကပ်သည်၊ သာ၍နားသည်ဟုဆိုကာ သာသာနှင့် နာနာနှပ်တတ်ပြန်လေရာ အများက သတ်မှတ်သော ချဉ်ဖတ်ဟူသော အမည်ကိုရနေပြီ။ မိမိသာလျှင် အများအတွက်အလုပ်လုပ်သည်။ မိမိသာလျှင် အလုပ်အပေါ်၌ စေတနာရှိသည် ဟုဆိုကာ ကိုယ့်အရည်အချင်းကိုသာဖော်လျှက် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေမိမှန်း ထိုလူမသိရှာတော့ပေ။
ထိုလူ၏ ဝေဖန်ရေးဖြင့် အသက်ရှင်ရန် စိုက်ပျိုးရေလောင်းပေါင်းသင်းရန် မိမိ၏ စာရိတ္တနှင့် အရည်အချင်းသည် အဓိက မြေဩဇာဟု စိတ်မှာတစ်ထစ်ချမှတ်ယူ မိနေသည်မှာ လောလောလတ်စိတ်သာဖြစ်နေတော့သည်။
One comment
babymay
May 5, 2011 at 5:16 am
မှန်ပါတယ်။ လောကကြီးမှာ အဲလိုလူမျိုးတွေကို နေရာတိုင်းမှာတွေ့နေရပါတယ်။။ ဒီလိုလူမျိုးတွေ အရေအတွက်များလာရင်တော့ လူ့အသိုင်းအဝိုင်းဟာ နေချင်စရာ ရှိတော့မှာမဟုတ်ပါဘူး။။ ကိုယ်တွေ့ကြုံဖူးပါတယ်။။။