Sichuan (四川) ခရီးစဉ် (၂)
ခရီးစဉ် ဒုတိယနေ့ကတော့ အဝေးပြေးကားစီးတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ မနက် ၈ နာရီ ချန်သူးကနေ ထွက်မယ့်ကားကို စီးဖို့အတွက် ကားဂိတ်ကို မနက် ရ နာရီလောက် ရောက်အောင်သွားလိုက်ပါတယ်။ ကျွန်မတို့ရဲ့ ခရီးဆောင်ပစ္စည်းတွေက အရမ်းများနေပြီး အားလုံးကို သယ်မသွားချင်တာနဲ့ ၂ ရက်စာ လိုအပ်တာလေးတွေပဲ ခရီးဆောင်အိတ်အသေးတစ်လုံးထဲစုထည့်ပြီး ကျန်တဲ့ပစ္စည်းအားလုံးကို ကားဂိတ်မှာ အပ်ထားခဲ့လိုက်ပါတယ်။
ချန်သူး (成都) ကနေ ကျိုကျိုက်ကုန်း (九寨龚) အထိ ၈ နာရီလောက်ကားစီးရမှာလို့သိရပြီး ညနေလောက်ရောက်မယ်လို့ သိထားပါတယ်။ လမ်းခရီးက တောင်ပေါ်လမ်းဖြစ်ပြီး အပျက်အစီးတွေလဲ ရှိနေသေးတာကြောင့် သင့်တော်တဲ့ ကားပဲ ထွက်ပေးတယ်လို့ ယူဆရပါတယ်။ ကားက အယောက် ၄ဝ လောက်စီးရတဲ့ အဝေးပြေးကားဖြစ်ပြီး ခုံနံပါတ်နဲ့မဟုတ်ပါဘူး။ အဆင်ပြေသလိုထိုင်လို့ရတာနဲ့ အလယ်လောက်က နှစ်ယောက်ထိုင်ခုံမှာထိုင်လိုက်ပါတယ်။
ကားစထွက်တယ်ဆိုတာနဲ့ လမ်းတလျှောက် စိတ်ဝင်စားစရာမြင်ကွင်းတွေ အဆက်မပြတ်ကြုံခဲ့ရတယ်။
တိုက်ကြီးတွေရဲ့ရှေ့မှာ အပြာရောင် ရွက်ဖျဉ်တဲလေးတွေအများကြီးပဲ။ တိုက်အကောင်းတွေကို ဖြိုနေတဲ့တိုက်ကဖြိုနေပြီး၊ ပြန်ဆောက်နေတဲ့တိုက်တွေကလဲ ပြန်ဆောက်နေကြပါတယ်။ မြို့ပြင်ကိုရောက်လာတော့ တဖြည်းဖြည်းနဲ့ တောင်ပေါ်လမ်းတွေဘက်ကို ဦးတည်လာပါတယ်။ ငလျှင်ဒဏ်ကြောင့် တောင်ခါးပန်းတွေပြိုကျနေတာကို ပြန်လည်တည်ဆောက်နေတုန်းတန်းလန်းအခြေအနေတွေကို မြင်ခဲ့ရတယ်။ တောင်ပေါ်ကနေ ကားလမ်းမပေါ်ကျထားပြီး လမ်းပိတ်တာတွေကို ရှင်းလင်းထားပြီးလို့ ကားသွားလို့ရနေပေမယ့် လမ်းအပြည့်သုံးလို့ မရသေးပါဘူး။
ကားစီးရင် အိပ်ငိုက်တတ်တဲ့ ကျွန်မတို့နှစ်ယောက် ဒီတစ်ခါတော့ အံ့ဩနေတာနဲ့ အိပ်မငိုက်ဖြစ်ကြဘူး။ ကျွန်မသူငယ်ချင်းက သီတင်းထောက်စိတ်ဓါတ်ရှိသူဆိုတော့ တစ်လမ်းလုံးက အပျက်အစီးတွေကို ဓါတ်ပုံရိုက်ပါတယ်။ လမ်းမှာ လမ်းပြင်ဖို့အတွက် ပြင်ဆင်ရေးအသုံးပြုနေတဲ့ကားတွေအများဆုံးတွေ့ရပြီး ခရီးသည်တင်ကား အလွန်ရှားပါးပါတယ်။
အဲဒီလိုနဲ့ ခပ်ဖြည်းဖြည်းမောင်းလာတဲ့ကားဟာ မနက် ၁ဝ နာရီခွဲလောက်မှာ ရှေ့မှာ ကားပိတ်နေတာကြောင့် ရပ်လိုက်ပါတယ်။ ရပ်ထားတာကြာလာတော့ တစ်ယောက်တစ်ပေါက် ထွက်ပြီးစပ်စုကြပါတော့တယ်။ အလွန်စကားများပါတယ်ဆိုတဲ့ တရုတ်လူမျိုးတွေဟာ ခရီးထွက်တဲ့အခါ အလွန်စိတ်ရှည်ပြီး သီးခံနိုင်တာကို သတိထားခဲ့မိတယ်။ သူတို့တွေဘာမှ မပြောပဲ ခပ်အေးအေးပဲ ထိုင်စောင့်နေကြတယ်။ ကျွန်မတို့လဲ အေးဆေးပဲ ပါလာတဲ့ ဘီစကစ်နဲ့ရေနဲ့သောက်ပြီး စောင့်နေရတာပေါ့။ အဲဒီအချိန်မှာ စိုးရိမ်စိတ် နဲနဲတော့ရှိလာပါတယ်။ လုံးဝဆက်ထွက်လို့မရအောင် လမ်းပိတ်နေမလား၊ ညနေဘက်အချိန်မှီမှ ရောက်ပါ့မလား၊ နောက်ထပ်လမ်းမှာ ဒီထက်ဆိုးတာများတွေ့ရမလား၊ လူကြီးတွေက မသွားပါနဲ့လို့ တားတဲ့ကြားထဲက လာခဲ့မိလို့ပဲ အခုလိုကြုံလိုက်ရသလား စသဖြင့် စိုးရိမ်ပူပန်စိတ်ကို ကျွန်မတို့ နှစ်ယောက်စလုံး စိတ်ထဲကခံစားလိုက်မိပေမယ့် ပါးစပ်ကနေထုတ်ဖော်ပြီး မပြောမိကြပဲ ခပ်အေးအေးပဲ နေခဲ့ကြပါတယ်။
၂ နာရီကျော်လောက်ကြာအောင် ကားလမ်းပိတ်နေခဲ့ပြီးမှ ဆက်ထွက်လို့ရပါတယ်။ ကားတွေတန်းစီနေပေမယ့် ကားသမားအချင်းချင်း အော်ဟစ်ခြင်း၊ ဆဲဆိုခြင်း လုံးဝမရှိတာကလဲ နဲနဲတော့ထူးဆန်းပါတယ်။ ကားထွက်လာနိုင်ပြီဆိုတော့ စိတ်အေးသွားပါတယ်။ ငလျှင်ဒဏ်ကြောင့် ထက်ပိုင်းကျိုးသွားတဲ့ တံတားတွေ ဘေးမှာ နောက်ထပ် တံတားအသစ်တစ်စင်း အမြန်ဆောက်ပြီးဖြစ်နေပါတယ်။ အချိန် ၂ လအတွင်း အပြီးဆောက်နိုင်တာကို တကယ်ချီးကျူးမိပါတယ်။ နေ့လည်စာစားမဲ့မြို့ရောက်တဲ့အထိ ကားကိုမောင်းသွားလိုက်တာ နေ့လည် ၃ နာရီလောက်မှ နေ့လည်စာ စားရပါတယ်။ ထမင်းဆိုင်မှာ ဟင်းတွေကိုကြိုက်တဲ့ဟင်းလက်ညှိုးထိုးပြီးမှာစားတဲ့စနစ်မှာ လူတွေများနေတာကြောင့် တော်တော်တိုးဝှေ့ပြီးမှ ထမင်းနဲ့ဟင်းကို ရပါတယ်။ ဗိုက်ဆာဆာနဲ့စားလိုက်တာ တော်တော်စားကောင်းပါတယ်။
တောင်တွေက ပိုပိုပြီးမြင့်လာတယ် … ရှမ်းပြည်ဘက်ကို မကြာခဏခရီးသွားဖူးတဲ့ ကျွန်မတို့အတွက် အခုတောင်တွေက ပိုမြင့်ပြီး ရှုခင်းတွေ ပိုလှပါတယ်။ အသဲတယားယား ရင်တဖိုဖိုဖြစ်လောက်တဲ့ တောင်ပေါ်လမ်းတွေပေါ်မှာ ကားစီးရတာ အိပ်မငိုက်ရဲလောက်အောင်ပဲ။ တချို့နေရာမှာ ချောင်းကလေးတွေတွေ့ရတယ်။ ချောင်းရေရဲ့အရောင်တွေက အစိမ်းရောင်ကြည်ကြည်လေးတွေ … ကျွန်မတို့စီးတဲ့ကားက ဓါတ်ပုံရိုက်ရတာ အဆင်မပြေလို့ သိပ်လှတဲ့ပုံတွေ မရိုက်ထားနိုင်ခဲ့ဘူး။ မျက်စိနဲ့ပဲ ကြည့်ရင်း တဖြည်းဖြည်းနေဝင်လာတယ်။
မရောက်နိုင်သေးဘူးလားမသိဘူး … ဟိုရောက်ရင် တည်းခိုဖို့ရော အဆင်ပြေပါ့မလား စသဖြင့် စိုးရိမ်စိတ်အနဲငယ်ဖြစ်လာပါတယ်။
ည ၈ နာရီလောက်မှာ ကျိုကျိုက်ကုန်းမြို့ထဲရောက်လာတယ်။ ဘယ်နားမှာဆင်းရမှန်းမသိတာနဲ့ ဂိတ်ဆုံးအထိပဲ လိုက်စီးသွားလိုက်ပါတယ်။ ကားဂိတ်ကိုလဲရောက်ရော တက်စီကားတွေအများကြီးရှိနေပြီး ကားသမားတွေက ဟိုတယ်နံမည်နဲ့ဓါတ်ပုံတွေကိုင်ကြီး သူတို့ဟိုတယ်တွေမှာ တည်းဖို့ ဆွယ်ပါတော့တယ်။ ကျွန်မတို့ ၂ ယောက်က ခပ်လန့်လန့်ပဲ။ သူတို့ပြောတဲ့ဈေနှုန်းတွေက အရမ်းကို ပေါလွန်းနေလို့ မယုံသင်္ကာဖြစ်နေကြသေးတယ်။ ကားသမားတော်တော်များများကို ငြင်းဆန်နေတဲ့ကျွန်မတို့ နှစ်ယောက်ကို ကားထဲမှာပါတဲ့ တရုတ်တစ်ယောက်က သတိထားမိသွားပုံရတယ်။ ကျွန်မတို့အနားလာပြီး သူကတစ်ယောက်ထဲ ခရီးထွက်လာတာဖြစ်ကြောင်း၊ ဟိုတယ်တစ်ခုခုကို ရွေးချယ်လိုက်သင့်ကြောင်းနဲ့ သူလဲအဲဒီဟိုတယ်မှာ လိုက်တည်းမယ်လို့ လာပြောပါတယ်။ နောက်ဆုံးတော့ နှစ်ယောက်ခန်းတစ်ခန်းကို တစ်ည ယွမ် ၈ဝ လို့ပြောတဲ့ ဟိုတယ်ကကားနဲ့ လိုက်သွားလိုက်ပါတယ်။ ဟိုတယ်ကြီးက အသစ်ဖြစ်ပြီး 4 stars အဆင့်ရှိပါတယ်။ တစ်ညမှ ၈ဝ ဆိုတာ တကယ့်ကို မယုံကြည်နိုင်စရာကောင်းပါတယ်။ တည်းခိုတဲ့သူမရှိသလောက်ဖြစ်နေချိန်မှာ ဘယ်လောက်ပဲရရဆိုပြီး လက်ခံနေလို့သာ အဲဒီဈေးနဲ့ရတာ။
နောက်တစ်နေ့ မနက်စောစော ဟိုတယ်က တက်စီကားနဲ့ ကျိုကျိုက်ကုန်းဥယျာဉ်ကို လိုက်ပို့ပေးမှာဖြစ်ပါတယ်။ ပစ္စည်းတွေထားပြီး ညနေစာအပြင်မှ ထွက်စားလိုက်ပါတယ်။ ထမင်းစားပြီးပြန်လာတော့ ညဉ့်နက်နေပါပြီ … ဟိုတယ်ပြန်လာပြီး မောမောပန်းပန်းနဲ့ အိပ်ပျော်သွားပါတော့တယ် ….
14 comments
weiwei
May 4, 2011 at 12:31 pm
အဲဒီအချိန်တုန်းက ကျိုကျိုက်ကုန်းကို လေယာဉ်လမ်းကြောင်းတစ်ခုတည်းနဲ့ ခရီးသွားအဖွဲ့တွေက စီစဉ်ပေးနေတဲ့အချိန်ဖြစ်ပါတယ် … ကျွန်မတို့က ချွေတာရေးလုပ်ပြီး ကားလမ်းနဲ့သွားပါတယ် …. အတွေ့အကြုံအမျိုးမျိုးရအောင်ပေါ့ … တခြားခရီးစဉ် တော်တော်များများကိုလဲ ဈေးသက်သာပြီး နေရာစုံအောင် သွားခဲ့ဖူးပါတယ် … ကျွန်မကို တရုတ်ပြည်ကတခြားဗမာသူငယ်ချင်းတွေက တရုတ်ပြည် ခရီးသွား ပရော်ဖက်ဆာလို့ နောက်ပြောင်ပြီးခေါ်ကြတယ် … 😛
eros
May 4, 2011 at 1:37 pm
ကျွန်မတို့ရဲ့ ခရီးဆောင်ပစ္စည်းတွေက အရမ်းများနေပြီး အားလုံးကို သယ်မသွားချင်တာနဲ့ ၂ ရက်စာ လိုအပ်တာလေးတွေပဲ ခရီးဆောင်အိတ်အသေးတစ်လုံးထဲစုထည့်ပြီး ကျန်တဲ့ပစ္စည်းအားလုံးကို ကားဂိတ်မှာ အပ်ထားခဲ့လိုက်ပါတယ်။
အားပါး service ကတော်တော်ကောင်းပါတယ်။
အပ်ခ က ဘယ်လောက်ပါလဲ။
နေရာတကာမှာ ကူညီတက်သော ဖော်ရွေတက်သော ဟု ဂုဏ်ယူ ဝင့်ကြွားနေသော ကျွန်တော် အပါအဝင် မြန်မာလူမျိုးများအားလုံး ကျွန်တော်တို့ ဆီမှာဒါမျိုး service ရနိုင်ပါမလား ကိုယ့်ကိုယ် ကိုမေးခွန်းမေးဖို့ သင့်ပြီထင်ပါတယ်။
weiwei
May 4, 2011 at 2:21 pm
တစ်ရက်အတွက် အပ်ခ ၁၅ ယွမ်ပေးရပါတယ် … အဲဒီလို ပစ္စည်းအပ်တာတွေကို ကားဂိတ်၊ ရထားဘူတာနဲ့ လေယာဉ်ကွင်းတွေမှာ လုပ်လို့ရပါတယ် …. အလွန်စိတ်ချရပါတယ် …
တစ်ကြိမ်ခရီးသွားတုန်းက ပေကျင်းဘူတာကို မနက်ပိုင်းရောက်တယ် … ညနေပိုင်းမှာ အဲဒီဘူတာကနေ ရထားဆက်စီးရမယ်ပေါ့ … တစ်နေကုန် ပေကျင်းမြို့ထဲလျှောက်လည်ချင်တာနဲ့ ပါသမျှအထုတ်အပိုးအားလုံး ဘူတာမှာပဲ အပ်ခဲ့ပြီး လျှောက်လည်လိုက်တာပဲ …
MaMa
May 4, 2011 at 2:42 pm
ကောင်းလိုက်တဲ့ ဝန်ဆောင်မှုပဲ။ ခရီးရှည်သွားတဲ့အခါ ရောက်တဲ့နေရာမှာလည်း ဝယ်ချင်၊ လမ်းတလျှောက်လည်း မသယ်ချင်တဲ့ ဒုက္ခကို ဒီနည်းနဲ့ ဖြေရှင်းလို့ ရတယ်။
ဆူး
May 4, 2011 at 2:53 pm
မဝေ တို့ တော်တော် သတ္တိကောင်းတယ်။
ခရီးသွား တွေမသွားတဲ့ အချိန်ဆိုတော့ အခက်အခဲ တော်တာ် ရှိမှာပဲနော်။
သတ္တိကိုတော့ ချီးကျူးပါတယ်။
bigbird
May 4, 2011 at 3:30 pm
နောက်နောင်ဘဝတွေကျရင် မမဝေလို မကြာခဏလည်ပတ်ခရီးသွားနိုင်သောသူဖြစ်ပါစေလို့ဆုတောင်းချင်ပါတယ်။
တောင်းတိုင်းပြည့်မယ်ဆိုရင်ပေါ့။
kai
May 4, 2011 at 6:00 pm
ကိုယ်လုပ်ရင်..အခုထဖြစ်တဲ့..ဒီဘဝမှာတောင်… မလုပ်လို့.. ခရီးမသွားနိုင်ပဲဖြစ်နေတာ…
ပိုပိုပြီးမသေချာတဲ့…. နောက်နောင်ဘဝတွေအထိ..လွှဲချမနေပါနဲ့ကွယ်..။
ဒီဘဝမှာပဲဖြစ်အောင်လုပ်ပါ..။ ကလေးနည်းနည်းကြီးလာရင် မိသားစုလိုက်လည်လည်သွားကြပေါ့..။
တိုက်တွန်းပါတယ်နော..။ 🙂
ဆူး
May 4, 2011 at 4:18 pm
အိတ်အပ်တဲ့ စနစ်က ဘန်ကောက် ဆေးရုံမှာလည်း ရှိတယ်။
သူဆီမှာ ကုထားဘူးတဲ့ ဆေးရုံ လက်မှတ်လေး ပြပြီး အိတ်အပ်ထားခဲ့တာ တမနက်လုံး လျောက်လည်ပြီးတော့ လေဆိပ် ဆင်းခါနီးမှ အထုတ်တွေ ယူပြီး ကားငှားပြီး ထွက်တော့တာပဲ။ အလကား အပ်လို့ရတယ်။ ဧည့်ခန်းထဲမှာ အထုတ်တွေ ပြန်ဖွပြီး ပြန်စီရတယ်။ ဘာမှ မပြောဘူး။
မိုက်ကယ်ဂျော်နီအောင်ပု
May 4, 2011 at 4:58 pm
ကျွန်တော်ကတော့
နိုင်ငံခြားရောက်ဘူးပေမယ့်
သူများတွေလို ချမ်းသာလို့ ဒါမှမဟုတ်
စီးပွားရေးအရ လည်လည်သွားတာမဟုတ်တော့
ဓာတ်ပုံရိုက်ဖို့နေနေသာ
ရဲအဖန်းမခံရအောင်မနည်းကြီးကုတ်နေရတယ်။
တစ်ခါတစ်လေ လိုက်ပြီးလေ့လာခြင်ပေမယ့်
ဟိုစရိတ်ဒီစရိတ်နဲ့
ဥပမာ ရေတစ်ဘူးဆိုတာက
ကျွန်တော့်အမေ ထမင်းတစ်နပ်စားလို့ရတယ်ဆိုတော့
အခန်းထဲမှာနေတာဘဲကောင်းပါတယ်လေလို့
ဒီလိုနဲ့ဘဲ..ခရီးသွားခြင်းအကြောင်းတွေမရေးပေးနိုင်တော့ပါဘူး
နောက်ပြီး
ကိုယ်ကလည်းဟုတ်တိပတ်တိရေးတတ်တာဟုတ်ဘူးလေ
bigcat
May 5, 2011 at 12:33 am
အန်တီဝေရဲ့ တရုတ်ပြည် ခရီးစဉ်တွေဖတ်ပြီး တခုမေးချင်တယ်။ သိုင်းဝတ္ထုထဲမှာတော့ တရုတ်ပြည်တလွှားမှာ တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ ရှိနေတယ်။ ခေတ်မှီပါတယ်ဆိုတဲ့ အနောက်တိုင်းမှာတောင် အဲဒီကာလမှာ ခရီးသွားလုပ်ငန်းနဲ့ စားသောက်ဆိုင် စီးပွားရေး မထွန်းကားသေးဘူး။ အန်တီဝေ သိသလောက် ပြောပေးပါလား… သိုင်းဝတ္ထု၊ ရုပ်ရှင်ထဲမှာတော့ ဆောင်ကြာမြိုင်တွေရော၊ အရက်ဆိုင်၊ တည်းခိုခန်းတွေနဲ့ ပြည့်နှက်နေတာပဲ…
mihninlay
May 5, 2011 at 4:29 am
တရုတ်ပြည်စားသောက်ဆိုင်များလားမများလားကတော့နယ်စပ်မြို ့လေးဖြစ်တဲ့ရွှေလီမှာတောင်မှာဘယ်လမ်းသွားသွားထမင်းဆိုင်ချည်းပဲစားတဲ့သူကလဲအမြဲပြည့်နေတာပဲ
weiwei
May 5, 2011 at 6:50 am
အခုလူဦးရေပိုများလာတော့ ရုပ်ရှင်တွေထဲကထက် ပိုဆိုးတာပေါ့ .. တခြားနိုင်ငံတွေ မရောက်ဘူးလို့ မနှိုင်းယှဉ်တတ်ပေမယ့် ကျွန်မစိတ်ထင်တော့ တရုတ်ပြည်က ကမ္ဘာပေါ်မှာ စားသောက်ဆိုင်အပေါဆုံးတိုင်းပြည်ဖြစ်လိမ့်မယ်ထင်တာပဲ … ဘယ်နေရာသွားသွား စားသောက်ဆိုင်ရှိသလို စားသုံးသူလဲ အမြဲပြည့်နေတာပဲ …
ဆောင်ကြာမြိုင်တွေလဲ ရှိပါ့ …
ကောင်မလေးတွေလဲ ကဲမှကဲ …
ဆူး
May 5, 2011 at 12:45 pm
အစားအစာ ရောင်းတဲ့ ဆိုင်တွေကတော့ အာရှ မှာ မြင်တဲ့ အနေအထားနဲ့ ကြည့်ရင် မြန်မာပြည်က အနည်းဆုံးပါပဲ။
မြန်မာပြည်က ရောင်းတဲ့ ဈေးသည်တွေ အိုးသေးသေး ခွက်သေးသေးနဲ့ ရောင်းပြီး ဈေးလည်း သိပ်မရကြဘူး။
ဝယ်လိုအားနည်းလို့ ရောင်းလိုအားနည်းတယ်လို့ ပြောရမှာပါပဲ။
ဝယ်လိုအားများရင် ရောင်းသူက ပိုရောင်းလာမှာ အမှန်ပါပဲ။
နောက်ပိုင်း ခရီးသွားတွေ များလာရင်တော့ အရောင်းအဝယ် ပိုများ လာမယ်လို့တော့ ထင်ပါတယ်။ မနှစ်က ခရီးသွားရာသီမှာ မြန်မာနိုင်ငံ အတွင်းမှာ နိုင်ငံခြားသား တော်တော် များများ တွေ့တယ်။
nature
May 5, 2011 at 2:23 pm
မြန်မာပြည်မှာကအိမ်မှာချက်စားတဲ့သူများတယ်၊ လစာနဲ့အပြင်မှာသိပ်မဝယ်စားနိုင်ဘူး၊ စင်္ကာပူမှာတော့ လခစားများပြီးအပြင်မှာဝယ်စားတဲ့သူများတယ်။လခနဲ့ဝယ်စားရင်ကိုက်တယ်၊ ချက်စားရင်အချိန်ကုန်လို့မကိုက်ဘူး။