အလုပ်တူ ကံမတူ
တနေ့ နယ်ဘက်ကို ခရီးထွက်သွားတော့ တည်းခိုတဲ့ အိမ်က ဒေသခံ အဘိုးအိုတယောက်နဲ့ စကားလက်ဆုံ ကျရင်းနဲ့ အဖြစ်အပျက် တခု ကို သူပြောပြခဲ့တယ်။ အလုပ်တူပေမဲ့ ကံမတူတဲ့ အကြောင်းပါ။
အဲဒီ အဘိုးက အသက် ၈ဝ ကျော်နေပါပြီ။
သူပြောတာ နားထောင်တော့လည်း ပုံပြင် တပုဒ်လိုပါပဲ။
ထို အဘိုးရဲ့ နာမည်က ဦးစံကျော် သူရဲ့ မိတ်ဆွေ ရဲ့ နာမည်က ဦးခွန်လုံဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုလိုနီခတ် အချိန်အခါက သူတို့တွေ ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေပေါ့။ အသက်ကလည်း ငယ်ငယ် လုပ်အားကလည်း အလွန်ရှိ အားကောင်းမောင်းသန် လူငယ်များဖြစ်ကြပါတယ်။
တနေ့မှာတော့ ဦးခွန်လုံ က ဧရာဝတီ မြစ်ကြောင်းကို စုန်ကာ ဆန်ကာ ပြုလုပ်ပြီး ကုန်ရောင်း ကုန်ဝယ်ပြုလုပ်မည် ဖြစ်ကြောင်း လာပြောပါတယ်။ ထိုအချိန်မှာ ဦးစံကျော်က သမ္မာန်ဖိုး မတတ်နိုင်လို့ မလိုက်တော့ဘူးကွာ.. မင်းဟာမင်းသွားတော့ ဆိုတော့.. ဆိုပြီး ငြင်းလိုက်တယ်။ ထိုခေတ်အချိန်အခါက နိုင်ငံရေး အခြေအနေ မတည်ငြိမ်တဲ့ ခေတ်ကာလလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်ကို တိုက်ပြီး ဂျပန်ဝင်လာပြီးတဲ့ အချိန် ဖြစ်နေပါတယ်။ ဦးခွန်လုံက ဂျပန် ပိုက်ဆံ နဲ့ ကြက်သွန်တွေ ဝယ်ပြီးတော့ သမ္မာန်နဲ့ အောက်ဘက်ကို စုန်ဆင်းပြီးတော့ ဆားနဲ့ လဲခဲ့ပါတယ်။ အထက်ဘက်ကို ပြန်လို့ ဆန်တက်ပြီး ရောင်းတဲ့ အချိန်မှာတော့ အင်္ဂလိပ် ပိုက်ဆံ နဲ့ ရောင်းလို့ရတော့ ပိုက်ဆံ တွေ တပွေ့ တပိုက်ကြီး ယူပြီး နေရင်း အရပ်ကို ပြန်လာခဲ့တယ်။
အချီကြီး ပွလာတော့ သူငယ်ချင်းကို လက်တို့တယ်.. ငါတော့ ထောလာပြီ မင်းမလိုက်တာ နာတယ်ကွာ.. ငါ ရတဲ့ ပိုက်ဆံ နဲ့ သမ္မာန်ဝယ်ထားလိုက်ပြီ.. အဲဒီ သမ္မာန် မင်းယူသွား.. ငါလို့ အရောင်းအဝယ်လုပ် ဆိုပြီး သမ္မာန် သမားနဲ့ အရင်းစိုက်ပေးပြီး ဦးစံကျော် ကို ကုန်ရောင်းထွက်ခိုင်းပါတယ်။ ဦးစံကျော် ကလည်း သူငယ်ချင်းက ကုန်ရောင်းထွက်တာ အချီကြီး ပွပြီး အရင်းပါ စိုက်ပေးပြီး လုပ်ခိုင်းတော့ သိပ်ပျော်နေတာပေါ့။ အပျော်တွေနဲ့ စိတ်ကူးယဉ်ပြီးတော့ ကုန်တွေ ဝယ်ပါတယ် ကြက်သွန် အာလူး စသဖြင့်ပေါ့.. ပစ္စည်းတွေ အပြည့်တင်ပြီး ရှေ့လူ လုပ်တဲ့ အတိုင်း ဆားနဲ့ လဲပြီး ပြန်တက်ရောင်းမယ် စိတ်ကူးခဲ့တာပေါ့။ စိတ်ကူးထဲမှာတော့ ပိုက်ဆံများများ ရရင် ဇနီးမယား သမီးသားတောင် ပါချင် ပါသွားမလားပဲ။ စိတ်ကူးနဲ့ လက်တွေ့ တခြားစီ ဖြစ်တာကတော့ စပါပြီ.. မိုးတွေ ရွာတဲ့ အခါ ကြက်သွန်တွေ ရေတွေ စိုကုန်ပါပြီ။ လှေစိုက်တဲ့ အခါ ကြက်သွန် အာလူး တက်ရောင်းပါတယ်။ ဝယ်သူ မရှိပါဘူး။ မေးကြည့်ပြန်တော့ သူလှေ မတိုင်ခင်မှာ ကုန်သင်္ဘော စိုက်သွားလို့ လူတွေ ဝယ်ထားကြတာ မလိုအပ်တော့ပါဘူး ဆိုသတဲ့.. ဒီလိုနဲ့ တမြို့ရောက်လိုက် ဈေးတက်သွားပြီး ရောင်းလိုက် ဈေးပေါပေါ နဲ့ ချသွားတဲ့ ကုန်သင်္ဘောကို မမှီပါဘူးတဲ့.. စိတ်ညစ်ညစ်နဲ့ မဖြစ်တဲ့ အဆုံး ကြက်သွန်တွေ ဒီထက် အခြေအနေမဆိုးခင်မှာ ရတဲ့ နည်းနဲ့ ရောင်းမယ် ဆိုပြီး ဆားနဲ့ လဲ ခဲ့ပြန်ပါတယ်။ အရင်းလည်း ရှံးသွားပြန်ပြီ.. ဆား နဲ့ လဲပြီးတော့ အထက်အညာ ဆန်တက်ပြီး ရောင်းမယ် ကြံပါတယ်။ အထက်အညာကို ရောက်တဲ့ အချိန်မှာ ဆား ရောင်းတော့လည်း ဈေးကောင်း မရခဲ့ပြန်ပါဘူး။ ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ ကုန်ရောင်း ခရီးစဉ် ပြီးဆုံး သွားပါတယ်။ နေရင်း အရပ်ကို ပြန်လာခဲ့တယ်။ ခရီးစဉ် အစကနေ အဆုံးကို ရောက်တော့ သေချာ တွက်ချက်ကြည့်တော့ အရင်းတော့ ပြန်ရခဲ့ပါတယ်။ အမြတ်အနည်းငယ်လည်း ရခဲ့ပါတယ် ထို အမြတ်ကတော့ လှေထိုးသားအတွက် နေ့တွက် စရိတ်ဖြစ်နေပါတယ်။ ကိုယ်တိုင် အတွက်တော့ တပြားမှ ကို မပိုတဲ့ အပြင် သမ္မာန်ထိုးရလို့ ပခုန်းမှာ အသားမာ တက်သွားတယ် ဆိုတဲ့ အပိုဆုလေး တခုရခဲ့ပါတယ်။ သူငယ်ချင်း နှစ်ယောက် အလုပ်တူတူ လုပ်ပေမဲ့ အချိန်အခါ ဒေသနဲ့ ကံအကျိုးပေးမတူတော့ တယောက်က ပိုက်ဆံတွေ ပွပေါက် တိုးပေမဲ့ နောက်တယောက်ကတော့ ငွေမမြင်ပဲ အသားမာ သာ တိုးသွားတဲ့ ဖြစ်ရပ်လေးပဲ ဖြစ်ပါတော့တယ်။
အလုပ်တူပေမဲ့ အကျိုးပေး မတူဘူး ဆိုတာ ဒါပါလား ဆိုပြီး တွေးရင်းနဲ့ အသက်အရွယ်ကြီးနေပြီ ဖြစ်တဲ့ အဘိုးတယောက်ကို စကားတွေ အများကြီး ပြောခိုင်းလို့ မဖြစ်တဲ့ အတွက် စကားစ ဖြတ်ပြီး နုတ်ဆက်ခဲ့ပါတယ်။ အဘိုးကျွှေးတဲ့ မုန့် ပဲ သရေစာ အလကားစားပြီး ပြန်လာခဲ့တယ်။
6 comments
bigbird
May 6, 2011 at 1:59 pm
အဲ့ဒီအဖိုးကို အင်တာဗျူးလုပ်ခဲ့တာပေါ့လေ။
ဒီကိစ္စနဲ့ပတ်သတ်ပြီးမကြာခင် သဂျီးက အလုပ်တူပြီး ဘာကြောင့်အကျိုးအမြတ်ခြင်းမတူရသလဲဆိုတာကို ရှင်းတန်းထုတ်ပါလိမ့်မယ်။
MaMa
May 6, 2011 at 3:21 pm
မုန့်မကျွေးမချင်း ပြောခိုင်းပြီး မုန့်စားလို့ ဝမှ ပြန်လာတယ်လို့ ရေးရမှာ မဟုတ်ဘူးလား။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာဆိုတော့ သက်သက်ညှာညှာပေ့ါ။
shweminthar
May 6, 2011 at 3:25 pm
အချိန်မတူလို့ ဖြစ်ပါလိမ့်မယ်။
ကံဆိုတာ လူလုပ်သမျှတဲ့
အရင်က လုပ်ခဲ့တာ လဲ ကံ
အခုလုပ်တာ လဲ ကံ
အလုပ်တူရင်တော့ ကံတူရမှာ ပေါ့
ထင်တာတွေ ရှောက်ပြော တာ
ဆူး
May 6, 2011 at 3:42 pm
အားလုံးက အကျိုးပေးတွေ ရဲ့ စေ့ဆော်မှုကြောင့် ဖြစ်လာတဲ့ အကြောင်းတရားတွေပါပဲ။
nature
May 6, 2011 at 5:21 pm
သေမဲ့နှစ်မှစစ်ထဲလိုက်ဆိုတာလို အကုသိုလ်ကံအကျိုးပေးသူတွေကတော့ ရှုံးမဲ့နှစ်မှလုပ်ဖြစ်တော့တာပဲ။
နီလေး
May 7, 2011 at 2:23 am
ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိဆိုသလိုမျိုးဖြစ်နေပြီ