A Decade-ဆယ်နှစ်စာ သို့ခဏတာ

susunosukiJune 18, 20111min111

တကယ်လို့ ကျန်ခဲ့တဲ့ ဆယ်နှစ်တာ အပိုင်းအခြားကို ပြန်ပြင်လို့ရနိုင်တယ်ဆိုပါတော့။ သင့်ဘဝရဲ့ ဘယ်လိုအစိတ်အပိုင်းတွေကို ဖယ်ထုတ်ပစ်လိုက်ချင်ပါသလဲ။ ဘယ်လိုအဖြစ်အပျက်တွေကို ပြန်ဆင် မွမ်းမံချင်ပါသလဲ။ ဘယ်လိုအစိတ်အပိုင်းတွေကို ထပ်မံပေါင်းထည့်ချင်ပါသလဲ။
နောင်တတွေ နဲ့ သုံးမရတော့ လောက်အောင်ကြေမွမနေပေမယ့် တစ်ချို့ တစ်ချို့သော နေရာလေးတွေကို အားမလို အားမရစိတ်၊ ဒေါသစိတ်၊ နာကျည်းစိတ်တွေနဲ့ ပြင်ချင်တယ်။ တစ်ချို့ကိစ္စတွေကို ဖယ်ထုတ်ချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ နောင်တစိတ်နည်းနည်းပါမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တာ ဆိုပါတော့..အင်း… ၂၀၀၁ ခုနှစ် ရဲ့ ဂျွန်လလောက်ကနေ စပြီးပြင်လိုက်မယ်။

တကယ်ပဲအဲဒီအချိန်ကို ပြန်ပြင်လို့ရမယ်ဆိုရင် စာကိုပိုကြိုးစားမိခဲ့မှာ အမှန်ပဲ။ စာကြိုးစားခြင်းဟာ တခြားသော စိတ်ညစ်စရာတွေကို မေ့ဖျောက်လို့ရနိုင်သလို နောက်ပိုင်းမှာလည်း ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ရနိုင်တယ်လေ။ ကျွန်တော်ဟာ ကျောင်းတွင်းမှာ တခြားစည်းကမ်းတွေ ကိုသူများထက်ကျော်လွန်အောင်လိုက်နာခဲ့ပေမယ့် စာသင်ရာမှာတော့ လျော့ရဲရဲနိုင်ခဲ့တယ်။ အနည်းဆုံးစိတ်ဝင်စားတဲ့ ဘာသာတစ်ခုလောက်တော့ ထူးချွန်အောင်လုပ်ချင်ရင် တတ်နိုင်ပါတယ်။အားလုံးထူးချွန်အောင်လုပ်ဖို့ကိုတော့ ခုထိစိတ်ဝင်စားခြင်းမရှိသေးဘူး။

နောက်တစ်ခုက ကျောင်းသားတစ်ယောက်ရနိုင်တဲ့ အပျော်တွေကို ရသလောက်စုစည်း ခဲ့မယ်။ ဥပမာ-ကျောင်းနောက်ဖေးပေါက်ကနေ တစ်ရက်လောက် ခိုးထွက်တာမျိုးပေါ့။ မိန်းကလေး သူငယ်ချင်းတွေရဲ့ လွယ်အိတ်အမွှေးနှစ်ခု ကိုပူးပြီးချည်ချင်ချည်ခဲ့မယ်။ ဖားကြောက်တဲ့ ကျောင်းသူတစ်ယောက်ကို ဖားနဲ့တို့တာမျိုးတော့ လုပ်ခဲ့မှာမဟုတ်ပါဘူး။ တစ်ခါဆို ကျောင်းသူတစ်ယောက်ကို မြွေ ရုပ်လေးပြလိုက်လို့ မေ့သွားတာမြင်ဖူးတယ်။ ဒါတွေကတော့ တဖက်သားကို ဒုက္ခပေးလွန်းရာကျတယ်လေ။ ကျောင်းပြေးပြီး ပန်းခြံသွားတာတို့ ရုပ်ရှင်သွားကြည့်တာတို့လည်း ဖြစ်နိုင်ခဲ့မယ်မထင်ဘူး။ ဒီကိစ္စတွေက ငွေရေးကြေးရေးနဲ့ သက်ဆိုင်တယ်လေ။ ရိုးရိုးတမ်းတမ်း အပျော်တွေကိုတော့ ရခဲ့သင့်တာပေါ့။ စည်းကမ်းကြီးနဲ့ တင်းကျပ်ပြီးနေရတဲ့ ဘဝဟာ ဘယ်လောက်ပဲ ကောင်းတယ်ပဲဆိုဆို စည်းပျက်ကမ်းပျက် တစ်ခါတစ်လေ ပျော်ပျော်ပါးပါးနေခဲ့ချင်တာပဲ။
အစအနောက်သန်တဲ့ အတန်းဖော်သူငယ်ချင်းတွေနဲ့ ဒီထက်သင့်သင့်မြတ်မြတ်နေခဲ့သင့်တာပေါ့။ သူတို့ဟာ ပျင်းရိ ညည်းငွေ့စရာ စာသင်ချိန်တွေကို ပျော်ရွှင်အောင်အသက်သွင်းပေးခဲ့တဲ့သူတွေပဲမို့လား။ ဘာမဟုတ်တဲ့ စတာ နောက်တာ လေးတစ်ခုကိုကျွန်တော့်မှာ သည်းမခံနိုင်ခဲ့ပဲ ဆရာမ နဲ့ ခဏခဏတိုင်လို့ သူတို့ရောကိုယ်ရော အရိုက်ခံရတဲ့ အကြိမ်လည်းမနည်းခဲ့ပါဘူး။

နောက်တစ်ခုက အာစရိယဂုဏ်နဲ့ ဆိုင်တယ်။ အမျိုးမျိုးသော ပညာရေးစနစ်ရဲ့ အားနည်းချက်တွေကြောင့် ဆရာ ဆရာမ အများစုမှာ ငွေကြေးနောက်လိုက်ကြတယ်။ အတန်းပိုင်ဆရာ ဆရာမများဟာ ကျူရှင်ပြကြတယ်။ သူတို့ကျူရှင်မှာ မတတ်တဲ့ကျောင်းသားဆိုရင် နှိမ်ကြတယ်။ ကျွန်တော်တွေ့ဖူးတဲ့ ဆရာတစ်ယောက်ဆို သူ့တို့ကျူရှင်မှာ တတ်တဲ့သူက လွဲပြီး တခြားကျောင်းသားတွေကို လုံးဝအဖက်မလုပ်ဘူး။

တစ်ခါဆိုရင် တကယ်ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ခုနှစ်တန်းနှစ် တစ်နှစ်မှာ ကြုံခဲ့ဖူးတယ်။ ကျွန်တော်တို့ကျောင်းက ရန်ကုန်မြို့ က မြို့သစ်ကျောင်းတွေရဲ့ ထုံးစံအတိုင်း မိုးတွင်းဆို ရေမြုပ်လေ့ရှိတယ်။ ကျောင်းစာသင်ခန်းထိတော့ မရောက်ပေမယ့် မုန့်စားဆောင်ကို သွားတဲ့လမ်းတို့ အိမ်သာသွားတဲ့လမ်းတို့ဆိုရင် အမြဲတမ်းရေ တဖွေးဖွေးပဲ။ အဲဒီအခါမှာ ဆရာဆရာမတွေကို ကျောင်းအုပ်ကြီးက ဆင့်ခေါ်ပြီး အိမ်သာသွားလမ်းကို လမ်းဖို့ဖို့ လုပ်တယ်။ ဘယ်အာစရိယမှ လူထောင်နဲ့ ချီ သုံးထားတဲ့ မစင် ဗလပွ နဲ့ အိမ်သာဘေးက ရေမြောင်းထဲ မဆင်းကြပါဘူး။ ကျောင်းအိမ်သာဆိုတာ ဈေးအိမ်သာထက်ဆိုးတယ်လေ။ ကလေးပေါင်းစုံနဲ့ဆိုတော့။ ကျွန်တော်တို့ အတန်းပိုင်ဆရာက တစ်ချက်ခုတ်နှစ်ချက်ပြတ် အစီစဉ်တစ်ခုလုပ်တယ်။

အတန်းတွေအားလုံးကဆိုင်ရာ ဆိုင်ရာ မြေတွေကို မြေဖို့ဖို့ မဲကျတယ်။ မဲနိုက်ရတာက ဘယ်သူမှ အိမ်သာနဲ့ နီးတဲ့နေရာကို မယူချင်ကြလို့ပါ။ ကျွန်တော်တို့အတန်းပိုင်ကတော့ အိမ်သာနဲ့ အနီးဆုံး၊ အိမ်သာဘေးကပ်လျှက်က မြေနေရာ (ရေပြင် )ကမြေတွေကို အိမ်သာသွားလမ်းဖို့ဖို့ တာဝန်ကို မဲမနိုက်ပဲ ယူလိုက်တယ်။ ကျောင်းအုပ် ဆရာကြီး ဆီမှာသူ့ ဆန္ဒနဲ့ သူယူကြောင်းကိုလည်း ကျွန်တော်တို့ကို အသိပေးခဲ့တယ်။ ဆရာကြီးဆီက မျက်နှာကောင်းကို ရယူလိုက်နိုင်တာက တစ်ခုပေါ့။ နောက်တစ်ခု ကသူ့ကျူရှင်တတ်တဲ့ ကျောင်းသားအားလုံး ကိုအိမ်ပြန်ရမှာ ဝေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မြေတူးမြေ ဖို့တဲ့အလုပ်ကို မလုပ်စေပဲ ချန်ထားခဲ့တယ်။ ရှင်းပါတယ်။ သူ့ကျူရှင်မတက်တဲ့ နွမ်းပါးတဲ့ ကျောင်းသားတွေကို အာစရိယဂုဏ် ပြလိုက်တာပါပဲ။ ဒါကတစ်ချက်ပေါ့။ သူရည်ရွယ်ခဲ့တဲ့ နှစ်ချက်စလုံးအောင်မြင်ပါတယ်။ ကျွန်တော်ဆိုရင် အိမ်သာနဲ့ အနီးဆုံး ရေထဲမှာ မိုးဖွဲဖွဲနဲ့ တစ်နာရီလောက်မြေပေါက်လိုက်ရတယ်။ မြေပေါက်တယ် ဆိုပေမယ့် ရေပြင်ထဲကို ပေါက်ရတာဖြစ်ပြီး ကလေးအရွယ်ပဲရှိသေးလို့ ပေါက်တူးမနိုင်တာကြောင့်လည်း တစ်ကိုယ်လုံး ရေပုပ်တွေပေကျန်ကုန်ပါတယ်။ ကွင်းအရပ်ဆိုတော့ ဖြုတ်တွေ၊ မှဲ့ကောင် တွေ ကလည်းကိုက်ပါတယ်။ မျှော့လည်းအတွယ်ခံရပါတယ်။ ကျွန်တော့်နည်းတူ ကျူရှင်မတတ်နိုင်တဲ့ ကျောင်းသားအချို့လည်း အတူတူပါပဲ။
ဒီလောက်ထိမဆိုးပေမယ့် ခပ်ဆင်ဆင်တူတဲ့ အစော်ကားခံရတဲ့ အကြိမ်ပေါင်းက ကျောင်းသားဘဝတစ်လျှောက်မနည်း ပါဘူး။ ခုနေပြန်စဉ်းစားကြည့်လိုက်တော့ ကိုယ့်ကိုယ်ကိုတော်တော် စိတ်ပျက်မိပါတယ်။ ခုနေစိတ်နဲ့ ဆို ခပ်ရှင်းရှင်းငြင်းမိမှာပါပဲ။ ဒီလိုဆရာ၊ ဆရာမတွေနဲ့ စာသင်ဖို့ကို ခပ်ပြတ်ပြတ်ငြင်းမိခဲ့မှာပါပဲ။ ဒါဆိုရင်လည်း ကျောင်းထွက်ရဖို့ ရာခိုင်နှုန်းများပါတယ်။ ကျောင်းထွက်ရင်လည်းထွက်ရပါစေ၊ တကယ်တမ်းပြန်ပြင်လို့ရရင် အမှန်ကို ရင်ဆိုင်ရဲတဲ့ ခေါင်းငုံမခံတတ်တဲ့ စိတ်ကိုမွေးခဲ့ချင်ပါတယ်။
(ဒုတိယပိုင်းဆက်ရန်)