လည်လည်သွားမယ်လာခဲ့
ဘဝတွေဆက်ကာဆက်ကာ ဖြစ်နေတဲ့အခြေအနေမျိုးကို သံသရာတွေလည်နေတာလို့ပြောခဲ့၊ ဟောခဲ့တာတွေကို ကြားဖူးခဲ့ပါတယ်။ ကိုယ်တိုင်က သံသရာဆိုတာကိုလည်း လူဖြစ်ခြင်းနဲ့လည်လိုက်၊ ခွေးဖြစ်ခြင်းနဲ့လည်လိုက်၊ နတ်ဖြစ်ခြင်းနဲ့ လည်လိုက် သရဲ၊ ပြိတ္တာဖြစ်ခြင်းနဲ့လည်လိုက်၊ တိရစ္ဆာန်ဖြစ်ခြင်းနဲ့လည်လိုက် စတဲ့အဖြစ်ပုံစံမျိုးနဲ့ သံသရာကို လည်နေခဲ့တာလို့ သိထားခဲ့တယ်လေ။ ဒါပေမယ့်မျှော်လင့်မထားပဲ စာအုပ်တစ်အုပ်မှာပါတဲ့ မေးခွန်းလိုလို စာစုတစ်ခုက ရင်ကိုလှုပ်ခတ်သွားစေခဲ့တယ်ဗျာ။ အဲ့ဒီမေးခွန်းက “လူက သံသရာမှာလည်နေတာလား။ သံသရာကလူမှာလည်နေ တာလား”တဲ့။
အဲ့ဒီမှာ စဉ်းစားစရာရှိတာက လူဟာသံသရာမှာလိုက်လည်နေတာဆိုရင်တော့ နဂိုကနားလည်ထားတဲ့အတိုင်းမို့ ပြသနာ မရှိပေမယ့် (လက်ရှိဆိုတဲ့) လူအပေါ်မှာသံသရာလည်နေတာဆိုရင်တော့ သံသရာဖြစ်စေဖို့အတွက် ဘဝတွေဖြစ်နေတာကို သိဖို့လိုအပ်တယ်လေ။ ဟုတ်တယ်မလား။
အဲ့ဒီလိုအတွေးလေးဝင်လာလို့ စဉ်းစားနေရင်းနဲ့မှပဲ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးခဲ့တာလေးကို သွားပြန်ပြီးသတိရတယ်။ “တစ်ခါတုန်းက…တဲ့။ ရသေ့ကြီးတစ်ပါး တောထဲမှာတရားအားထုတ်နေတုန်း တောလိုက်မုဆိုးတစ်ယောက်ဟာ ရသေ့ကြီး တရားအားထုတ်တဲ့နေရာကိုရောက်လာသတဲ့။ မုဆိုးကြီးလည်း ရသေ့ကြီးကိုမြင်လိုက်တော့ ကြုံတောင့်ကြုံခဲမြင်ဘူးတာနဲ့ ပဲ ကြည်ညိုတဲ့စိတ်တွေဖြစ်သွားသတဲ့။ အဲ့ဒါနဲ့ မုဆိုးကြီးလည်း ရသေ့ကြီးဆီကိုသွား…ရှေ့ရောက်တော့ ရိုရိုသေသေဒူး တုတ်ထိုင်ပြီး ကန်တော့ရင်းကနေပြီး မေးခွန်းတစ်ခုမေးသတဲ့။ အဲဒီမေးခွန်းက“အရှင်ရသေ့ ကျွန်တော်လူမှန်းသိတတ်စက တည်းက “ငရဲ”ဆိုတာနဲ့ “နတ်”ဆိုတာကို သဘောပေါက်စွာ မသိခဲ့ပါ။ သို့ဖြစ်တဲ့အတွက် ရသေ့ကြီးများ သိခဲ့ဘူး၊ သဘောပေါက်ခဲ့ဘူး တယ်ဆိုရင် ကျေးဇူးပြုပြီးပြောပြပေးပါလို့ လျှောက်သတဲ့။ ဒါနဲ့ရသေ့ကြီးက “မင်းလို သူများအသက် ကို ရက်ရက်စက်စက်သတ်တတ်တဲ့လူဆိုးတစ်ယောက်ကို ဒါတွေရှင်းပြနေလဲ အပိုပဲ”လို့ပြန်ပြောသတဲ့။ အဲဒီမှာ မုဆိုးကြီး ခမျာ လေးစားမှုအပြည့်နဲ့ ကြည်ညိုစိတ်အပြည့်နဲ့ရှိလို့ မေးမိတာကိုမှ “ငါ့ကို ဒီလိုပြောရမလား”ဆိုပြီး ဒေါသထွက်သွား တာပေါ့။ ဒါကြောင့် နဂိုထဲက ဒေါသစရိုက်ရှိတဲ့မုဆိုးကြီးက ဓါးအိမ်ထဲက ဓါးကိုဆွဲထုတ်ပြီး ရသေ့ကြီးကို အသေခုတ်သတ်ဖို့ ရွယ်လိုက်တယ်ဆိုရင်ပဲ…..ရသေ့ကြီးက “အသင်မုဆိုး..တဲ့…အသင်မတွေ့၊ မမြင်ဘူးတဲ့“ငရဲ”ဆိုတဲ့အဖြစ်ဟာ သင့်ရဲ့ ထံမှာပဲ အခုဖြစ်တည်မြင်တွေ့နေရပြီ”လို့ပြောလိုက်တာပေါ့။
အဲ့ဒီမှာ မုဆိုးကြီးလည်းသဘောပေါက်သွားပြီး“အော်…ရသေ့ကြီးက ငါ့ကိုသူ့ရဲ့အသက်နဲ့ရင်းပြီး တရားဟောပြသွား တာပါလား”ဆိုပြီး ရသေ့ကြီးကို “အရှင်ရသေ့ကြီး တပည့်တော်ရဲ့ မလိမ်မာမိုက်မှားမှုကို ခွင့်လွှတ်ပါ”လို့ တောင်းပန်ပြီး ဦး ချကန်တော့လိုက်တယ်တဲ့။ အဲ့ဒီအချိန်မှာပဲ ရသေ့ကြီးက “အသင်မုဆိုး…သင့်ရဲ့ထံမှာ အသင်မမြင်ဘူး၊ မတွေ့ဘူးတဲ့ “နတ်” ဆိုတဲ့ အဖြစ်ဟာ အခုပဲ ဖြစ်နေပြန်ပြီပေါ့”လို့ ပြောသတဲ့။
ရသေ့ကြီးရဲ့စကားအဆုံးမှာ မုဆိုးကြီးလည်း သူလုံးဝ မတွေး၊ မထင်၊ မယူဆ ထားတဲ့ ဘဝဖြစ်စဉ်အခြေအနေကိုသိ လိုက်၊ သဘောပေါက်လိုက်တာမို့ ရသေ့ကြီးကို အရမ်းကြည်ညိုမဆုံးဖြစ်သွားတော့တာပေါ့…တဲ့။”
ဆိုလိုချင်တာက…“လူက သံသရာမှာလည်နေတယ်” ဆိုတာထက် “သံသရာဆိုတဲ့ ဘဝဖြစ်စဉ်တွေက လူမှာလာ လည်နေတယ်”ဆိုတာကို “ရသေ့ကြီးနဲ့ မုဆိုးပုံပြင်” ကိုဖတ်ကြည့်ပြီး လက်ခံမိလာတယ်လေ။
ဘာ့ကြောင့်လဲဆိုတော့ ဘုရားဟောခဲ့တဲ့ သံသရာပြတ်ဖို့ဆိုတာက အခုလက်ရှိလူ့ဘဝနဲ့ရရှိနိုင်ဖို့အဓိကမဟုတ်လား။
အဲဒါကြောင့် အနီးစပ်ဆုံး ဘဝတွေကိုမြင်ဘို့အတွက် ရသေ့ကြီးလိုမြင်တတ်မှရမယ်လေ။ တစ်ချို့ကြတော့လည်း လင်မ ယား နှစ်ယောက် ဒေါသတွေကြီးပြီး ရန်ဖြစ်ရင်း “ငရဲဘဝ”ရောက်နေတဲ့ ဘဝတွေဖြစ်နေကြ။ တစ်ချိုကျကတော့လည်း အ လိုရမက်တွေကြီးစွာနဲ့ ပြိတ္တာဘဝတွေဖြစ်နေကြ။ တစ်ချို့ကျတော့လည်း စားလိုက်၊အိပ်လိုက်၊ မေထုန်မှီဝဲလိုက်နဲ့ပဲ တိရစ္ဆာန်ဘဝတွေ ဖြစ်နေကြတာမဟုတ်လား။ ဒါကိုပဲ လူတွေဟာ နေ့စဉ်လှည့်ပတ်သွားလာရင်း ဘဝအမျိုးမျိုးတွေနဲ့ သံသ ရာလည်နေကြတယ်လေ။
အဲဒီလို ဆိုးသွမ်းတဲ့ ဘဝမျိုးတွေ (တနည်းအားဖြင့်) သံသရာမျိုးတွေရပ်နိုင်ဘို့အတွက် အဲ့ဒီဘဝတွေရဲ့ ဆင်းရဲခြင်းတွေ ကို မြင်အောင်ကြည့်နိုင်ရင်တော့ ဒါဟာဒိဋ္ဌဓမ္မကျကျ သံသရာဖြတ်ခြင်းလို့ ဆိုနိုင်တာပေါ့။
ဒါကြောင့် ဒီပို့(စ်)ကို ဖတ်မိပြီး သဘောသွားတွေထပ်တူ ကျမကျထက်၊ ကိုယ်တိုင်စဉ်းစားဝေဖန်မိမယ်ဆိုရင်ပဲ ကျေနပ် ပါပြီလေ။
11 comments
manawphyulay
May 8, 2011 at 12:13 pm
အဲဒီဖြစ်စဉ်တွေ လူမှာလာမလည်အောင် ဘာတွေဘယ်လို လုပ်ဆောင်သင့်သလဲ။ အရင်တုန်းက မစဉ်းစားမိပေမယ့် ခုတော့ စဉ်းစားမိတယ်။ ဆရာတော်တစ်ပါးက ပြောတယ်။ သံသရာက လွတ်အောင် ဒါန၊ သီလကြီးပဲ လုပ်လို့မရဘူးတဲ့။ ဘာဝနာလို့ခေါ်တဲ့ ဝိပဿနာကိုလည်း ကျင့်ကြံမှသာ ဒီလည်နေတဲ့ ဒုက္ခတောထဲက လွတ်မြောက်မှာပါတဲ့။ နောက်တစ်ခုကတော့ ကံလမ်းကို လျှောက်ရင် သုဿန်ရောက်မယ်။ ဉာဏ်လမ်းကို လျှောက်ရင် နိဗ္ဗာန်ကို ရောက်မယ်…… သင် ဘယ်လမ်းကို လျှောက်မလဲ………………
shwethitsa
October 10, 2011 at 6:04 pm
လူမှာလာရောက်လည်ပတ်နေတဲ့ ဘဝတွေရပ်တန့်သွားအောင်ဆိုရင်တော့….ငါမဟုတ်တဲ့ ဘဝအတုတွေကို သိဖို့လိုအပ်မယ်လို့ထင်ပါတယ်…။ လင်နဲ့မယားဆိုတာ လျှာနဲ့သွားလိုပါ ပဲ..ကိုက်မိတဲ့အခါလည်းရှိတာပေါ့လို့ ပြောလို့ရပေမယ့်…လူကြားလို့ မသင့်တော်တဲ့ စကား လုံးတွေ၊ ပါတ်ဝန်းကျင်လက်ခံလို့မရတဲ့ အပြုအမူ၊ အပြောအဆိုတွေကို ပြောပြီဆိုရင်တော့ ဒါဟာ သာမန်မဟုတ်တော့တဲ့အခြေအနေကြောင့် ဖြစ်လာတဲ့ဘဝမျိုးပေါ့..။ ဘဝဆိုတာက လည်း ဖြစ်တည်မှုလို့ဆိုတော့…လင်မယားရန်ဖြစ်တဲ့အဖြစ်ရောက်တာကိုပဲ ဘဝတစ်ခုဖြစ်ပြီလို့ ယူဆလို့ရမှာပါ..။ ဒါကြောင့်မို့ တစ်ချို့ကပြောကြတယ်…`ဒီလင်မယားကတော့ကွာ အခုလိုရန်
ဖြစ်တဲ့ဘဝကနေ ဘယ်တော့မှ လွတ်ကြမှာလဲ…` စသည်ဖြင့်ပြောကြတာကိုလည်းကြားဖူး တယ်လေ။ အဲ….ရန်တော့မဖြစ်ချင်ပါဘူး..ဒါပေမယ့် မြင်ရင်၊ ကြားရင် မနေနိုင်ဖြစ်ပြီး စိတ်တွေက လွတ်ပြီး ဖြစ်တတ်ကြတာလေ…။ ခပ်တိုတိုပဲ နားလည်မိသလို ပြေပါရစေ….ရန်ဖြစ်ပြီးသွားတဲ့အခါမှာ ပါတ်ဝန်းကျင်ရဲ့ ပစ်ပယ်မှုခံရမှုတွေကို ထပ်ခါထပ်ခါ သုံးသပ်ရမှာပါ..။ ရန်ဖြစ်ချင်လာတဲ့အခါတိုင်း ရန်ဖြစ်တာ ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို အမှန်အတိုင်းမြင်အောင် သုံးသပ်ရမှာပါ…။ ရန်ဖြစ်နေဆဲအ ချိန်မှာ ဖြစ်ပေါ်နေတဲ့ မိမိရဲ့ ဆိုးဝါးသောအခြေအနေမှန်ကို သုံးသပ်ရမှာ..။ ဒါဆိုရင် လင်မယား ရန်ဖြစ်ခြင်းရဲ့ အကျိုးမဲ့အသုံးမကျမှုတွေကို မြင်လာမယ်…ပြီးရင်…ရန်ဖြစ်ခြင်းရဲ့ အကျိုးမဲ့အသုံးမကျမှုတွေကို ကျူးလွန်ရတဲ့အပေါ် ငြီးငွေ့စိတ်ပျက်လာမယ်ပေါ့…။ အမှန်တကယ် မြင်လို့၊ အမှန်တကယ် ငြီးငွေ့လာတဲ့သူကတော့ ရန်ဖြစ်ချင်တဲ့အခါတိုင်း ကိုယ်သုံးသပ်ဖူးတဲ့ ဉာဏ်နဲ့ဆင်ခြင်လိုက်မယ်ဆိုရင် ပထမအနေနဲ့….သတိနဲ့ရန်ဖြစ်မယ်..။ ဒုတိယ…မဖြစ်ချင်သော်လည်း ခပ်သာသာခပ်ဖွဖွလေးပဲ ဖြစ်တော့မယ်…။ နောက်ကျရင်တော့ ရန်ဖြစ်ချင်တဲ့စိတ်ဖြစ်တိုင်း အကျိုးမဲ့ အသုံးမကျပါလားဆိုတဲ့ အသိဉာဏ်ရဲ့ ဦးစီးမှုအောက်မှာ ရန်ဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်ဘဝတွေကို ပိုင်ပိုင်နိုင်နိုင်ရပ်ဆိုင်းမယ်ပေါ့…။ ဒါဆိုရင် ရန်ဖြစ်ခြင်းဆိုတဲ့ ဆင်းရဲစရာဘဝတစ်ခုဟာ မိမိရဲ့အသိဉာဏ်ပိုင်းခြားမှုကြောင့်၊ ဆင်ခြင်မှုကြောင့် တစ်ဖြည်းဖြည်းစိတ်သုဉ်းပျောက်ကွယ်သွားနိုင်မှာမယ်လို့တော့ ယုံကြည်မိတယ်။ တကယ်တမ်းနားလည်မိသလို ဆန္ဒဆိုးမပါပဲပြောရရင် ရန်ဖြစ်နေရတာကိုပဲ မသိစိတ်က အရသာတွေ့နေပြီး အရေးကြုံတာနဲ့ `ထ`ဖေါက်တတ်တဲ့ အနုသယ ကိလေ သာကို ပယ်သတ်နိုင်ဖို့အတွက် ရန်ဖြစ်တိုင်းနဲ့..ရန်ဖြစ်ပြီးတိုင်းမှာ…ရန်ဖြစ်ခြင်းရဲ့ မသတီစရာ အဖြစ်တွေကိုသာ မြင်အောင်ကြည့်မယ်ဆိုရင် ရန်ဖြစ်တတ်တဲ့ ဘဝအဖြစ်ဆိုးကနေ လွတ်မြောက်ရပ်တန့်နိုင်မှာပါ…။ အဲသလိုပဲ…ဖြစ်တည်မှုအမျိုးမျိးသော ဆင်းရဲတဲ့ဘဝတွေကို ဘဝဖြစ်နေပါလားဆိုတာ သိနားလည်ဖို့ကတော့ အရေးကြီးပါတယ်..။ ဆိုလိုတာကတော့ မလိုအပ်ပါလျက်နဲ့ လာရောက်ခြယ်လှယ်တဲ့ ဘဝအတုတွေကို သိဖို့ပေါ့။ ဒါလောက်နဲ့ ရပ်ပါရစေဦး..။ ကျေနပ်နိုင်စေဖို့လည်း ချစ်ခြင်းအားဖြင့် ဆန္ဒပြုလိုက်ပါတယ်။
(ဘုရားကပြောတယ်တဲ့…ငါပြောတိုင်းလည်းမယုံနဲ့တဲ့….ကိုယ်တိုင်ကျင့်ကြည့်တဲ့…လွတ်တယ်ငြိမ်းတယ်ဆိုရင် သူတောင်းစားကပြောလည်း ……..)။
MaMa
May 8, 2011 at 2:37 pm
လည်လည်မသွားရပဲ လည်သွားပြီ။
shwethitsa
October 10, 2011 at 6:14 pm
သူပြောမှ ကိုယ်တိုင်တောင် အလည်ရပ်အောင်လုပ်ရမယ့်အရာတစ်ခုပိုလာတယ်..။ မသွားပဲနဲ့ လည်နေတယ်ဆိုတာလည်း ရှိသေးပါးလားလို့ပေါ့..။ ကျေးဇူးပဲ Ma Ma ရေ..။
maythakhin
May 8, 2011 at 4:37 pm
သံသရာဆိုတဲ့ဘဝဖြစ်စဉ်က လူမှာလည်နေတယ်ဆိုတာ လူအပေါ်ကိုမူတည်ပြီးပြောတာလို့ထင်တယ်။သံသရာဆိုတာကြီးက ရှိနေဦးမှာပဲ။ ကိုယ်ကလွတ်မြောက်သွားပေမဲ့ ကျန်တဲ့သူတွေက သံသရာထဲမှာရှိနေဦးမှာပဲလေ။ သံသရာကြီးကတော့ ဘယ်ခေတ်ကို ရောက်ရောက်ရှိနေတာပဲ။ လူတွေသာ တဖြုတ်ဖြုတ်ကြွေလွင့် သွားကြတာ။သံသရာကြီးက ဘယ်မှာပျောက်ပျက်သွားခဲ့လို့လဲ။ ဒါကြောင့် လူတွေကသာ သံသရာကြီးထဲကို ဝင်ရောက်လည်ပတ်နေကြတာ လို့ထင်တယ်။(ဆွေးနွေးခြင်းသာဖြစ်ပါတယ်)
မိုးချမ်းမြေ့
November 14, 2011 at 2:09 pm
ဟုတ်တယ်..။ သံသရာဆိုတာလူရှိနေသရွေ့တော့သူရှိနေဦးမှာပါပဲ။ သံ=ကောင်းစွာ၊ သရာ=လှည့်ပတ်ခြင်း၊ လို့လေ့လားဖူးတယ်။ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်….စတဲ့ လည်ပုံလည်နည်းတွေက လူသာမာန်တွေမှ မသိနိုင်တာဆိုတော့..
ဘယ်လိုလုပ် လက်တွေ့ဖြစ်ပါ့မလဲ။ ဒါဆိုရင် တရားဂုဏ်တော်(၆)ပါးနဲ့ မညီဘူးလို့ ဆိုရမလိုပဲ။
ဒါကြောင့် လူသားအားလုံးနဲ့သက်ဆိုင်တဲ့ လူရဲ့အပေါ်မှာလည်နေတဲ့ သံသရာဆိုရင်…….
ဥပမာပေးခဲ့တဲ့ ပုဏ္ဏားကြီးနဲ့ မျောက်မင်းတို့ရဲ့ လူကောင်ကြီးဖြစ်လျက်နဲ့ တိရိစ္ဆာန်စိတ်ပေါက်ပြီး
လူ့အဖြစ်ပျောက်နေပုံ၊ တိရိစ္ဆာန်ဖြစ်ပါလျက်နဲ့ လူစိတ်ပေါက်ပြီး တိရိစ္ဆာန်အဖြစ်ပျောက်နေပုံ ကိုကြည့်ပြီး သုံးသပ်နိုင်ခဲ့ရင်…နောင်အဲ့ဒီလိုမျိုး သတ္တဝါအဖြစ်တွေကနေ ရပ်တန့်အောင်လုပ်ချင် လာမှာလေ။(သံဝေဂလို့ပဲပြောရမလား)။ဒါကြောင့် လူမှာကပ်ငြိတွယ်ဝင်လာတဲ့သရုပ်သကန်
တွေရှင်းသွားတာကိုပဲ သံသရာရပ်တယ်လို့ဆိုရတာပါ။ ဒါပေမယ့် လူတော့ကျန်နေခဲ့ပါတယ်။
သံသရာ(ဒုက္ခဆင်းရဲ)တွင်းထဲက လွတ်နိုင်ခဲ့တဲ့ လူအဖြစ်နဲ့ပေါ့။ ဒါဆိုရင် လက်ငင်းသက်သေ
ပြနိုင်တဲ့ တရားဂုဏ်တော်နဲ့လဲ ကိုက်ညီသွားမယ်လေ။
bigcat
May 8, 2011 at 9:16 pm
သုခတိဘုံ၊ ဒုက္ခတိဘုံ ဆိုတာတွေကို ဘုရားဟောအတိုင်း တသမတ်ထဲ ပြောလို့မရတဲ့အခါ နားထောင်သူရဲ့ စရိုက်လက္ခဏာကို လိုက်လို့ အမျိုးမျိုးတီထွင် ကြံဆပြောကြတယ်။ ဝိပဿနာတရားကိုလည်း ဒီလိုပဲ။ သံသရာဘဝ စက်ဝန်းဆိုတာကို ယုံရင်တော့ အပေါ်ယံသဘော အမျိုးမျိုးကွဲတာ နားလည်နိုင်ပေမဲ့ လက်ရှိပစ္စုပ္ပန်တခုထဲသာ အတည်ယူထားရင် နားလည်မှုလွဲတတ်တယ်။ အဲဒါမျိုးဖြစ်တဲ့အခါ ဝေဖန်သူတွေက ဘုရားဟောတရားကို ကိုယ့်သဘောနဲ့ကိုယ် ပြင်ဆင်တယ်၊ အဖေထက် သားတလကြီးတယ်နဲ့ အပြစ်တင်ကြတယ်… အလွတ်သဘောပြောရရင် သတ္တဝါတွေမှာကျွတ်ဖို့ ကံပါလာရှင် ဘုရားရှင်သော်တောင်မှ သူ့အလာကိုစောင့်မနေရဘူး ကိုယ်တော်တိုင်သွားချွတ်ရတယ်။ ကျန်တဲ့ တပည့်သာဝကတွေ အဖို့ကတော့ ပြောမနေပါနဲ့တော့။ ကျွတ်ထိုက်တဲ့သူ ကျွတ်ရမှာမို့ သူနဲ့ထိုက်တန်သလို ဟောတဲ့အခါ ဒဲ့ဒိုးအဟောရှိသလို လှည့်ပတ်သွယ်ဝိုက်ဟောရတာလည်း ရှိတယ်။ အတိတ်ပါရမီရှိသူအဖို့ အကျွတ်တရားရသွားပေမဲ့ မထိုက်သူများ၊ ညဏ်နဲသူများမှာ တမျိုးတမည်ဖြစ်ကျန်ခဲ့တတ်တယ်။ သိထားဖို့က အဓိကနဲ့သာမညကိုပါ။ အပေါ်ယံအလွှာတွေက သိပ်အရေးမကြီးပါဘူး။ ကိုယ့်မှာ ထိုက်သင့်တဲ့ သီလ၊ သမာဓိရှိထားရင် တရားတော်ကို သိဖို့ကံမပါတောင် လမ်းလွဲမသွားနိုင်ဘူး။
ရွှေသစ္စာပြောသလိုမျိုး လူအတော်များများ ပြောတာ ကြားဖူးပါတယ်။ စိတ်ကအဓိကလို့ ဆိုလိုချင်ပုံရပါတယ်။ ဆင်းရဲပေမဲ့ စိတ်ချမ်းသာနေရင် နတ်ဖြစ်နေပြီ၊ ချမ်းသာပြီး ပူပန်သောကများနေရင် ငရဲသားပေါ့။ ဘုရားဟောကို ကိုယ်မြင်ချင်သလောက်သာ ကွက်ကြည့်ရင် မှန်ပါတယ်။ ဒါပေမဲ့ ဘုရားက ဒါလေးလောက်သာ ပိုင်းပြခဲ့တာမဟုတ်ဘူး ဆိုတာ သတိချပ်စေချင်ပါတယ်။ ကမာ္ဘပေါ်မှာရှိတဲ့ ဘာသာတိုင်း၊ ပညာရှိတိုင်း ဒီလိုပဲ မတိမ်းမယိမ်း ပြောခဲ့ကြတယ် မဟုတ်ဘူးလား။ ဘုရားဟော ဖြစ်ပျက်မမြဲဆိုတာတောင် ဘာသာတိုင်းလိုလိုမှာ သူ့နည်းသူ့ဟန်နဲ့ ရှိတယ်လို့ စကားကပ်ပြောရင်ရပါတယ်။ လိုရင်းပြန်ကောက်ရရင် ဘာသာမဲ့တဦးကလည်း စိတ်ကောင်းထားမယ်၊ သူလည်း ဘုရားဟောတဲ့ နတ်၊ ဗြမ္မာတွေနဲ့ အတူတူပဲလား။ ဘာသာမဲ့ လူဆိုးကရော ငရဲသားပဲလား။ အခြားဘာသာဝင် လူကောင်း လူဆိုးတွေကရော ဗုဒ္ဓဘုရားဟော နတ်သား၊ ငရဲသားနဲ့ အတူတူပဲလား….
ဒါဆိုရင် ဘာသာတိုင်းက ကောင်းနိုးရာရာတွေကို သက်ဆိုင်ရာ အချိန်ကာလ၊ လူတွေစရိုက်အလိုက် ပေါ်ထွန်းခဲ့တဲ့ တမန်တော်များ သွန်သင်ချက်မိုလို့ လက်ခံပြီး တခုတည်းသော ဖန်ဆင်းရှင်ကို ကိုးကွယ်တဲ့ ဘဟာအီသာသနာ (အစ္စလာမ်နှင့် ပိုနီးစပ်သော အရှေ့အလယ်ပိုင်းမှာဘာသာတခု) နဲ့ဘာထူးတော့မှာလဲ….
ပြောသူကလူတဦးထဲ နားထောင်သူက စရိုက်အမျိုးမျိုး ရှိတဲ့ လူတထောင်မိုလို့ ယူတတ်ဖို့ အရေးကြီးလှပါတယ်။
ဒါကြောင့် မကျင့်ကြံဘဲ ကြားယုံမျှနဲ့ ကြံစည်နေတာကို ကျေနပ်နေလို့ကတော့ ဘာမှမကျန်တဲ့အပြင် ကြမ်းကြုပ်သွားမှာစိုးလို့ ကြောင်ကြီးမှ ကြီးကြီးကျယ်ကျယ် ကြင်ကြင်နာနာ ကျောင်းလိုက်ရပါတယ်…
shwethitsa
October 11, 2011 at 6:35 pm
အင်းဗျာ….ကျေးဇူးတင်တယ်။ ရိုးရိုးသားသားပါ…။ တူညီမျှတတဲ့အခြေအနေရဲ့ တိမ်းပါးနေမှုကိုဦးတည်နေတဲ့ အဖြစ်ဆိုပေမယ့်…ကိုကြောင်ကြီးကို ကျေးဇူးတင်တယ်ဗျာ…။ ပြောမယ်ဆိုရင်လည်း လွဲနေကြဦးမှာပါပဲ…။ ဒါပေမယ့် အစောင်းမမြင်ပဲ ကြည့်ပေးရင်းက အမြင်စောင်းသွားတာမျိုးကိုတော့ လုံးဝကြိုဆိုပါတယ်။ အဲ….ကြိုပြီး တော့ အစောင်းမြင်ရင်တော့……….။ ဟုတ်ပါတယ်လေ…ကိုယ်ကိုယ်တိုင်လည်း (နားလည်မိသလို) ထင်ရာပြောတာ ဆိုတော့….။ အင်း…လောကကြီးကလည်း စဉ်းစားရကြပ်တယ်လေ…။ ယုံကြည်မှုတစ်ခုကို ရှေ့တန်းတင်ပြီး မြင်ကြ၊ ထင်ကြ၊ ပြောကြတာမဟုတ်လား…။ လွတ်လပ်စွာယုံကြည်မှုဆိုတာ လူတိုင်းရသင့်တဲ့ အခွင့်အရေးပဲ…။ ပြဿနာ မဖြစ်ရင်ပြီးတာပဲ..။ နော့်ဗျာ…ကိုကြောင်ကြီး.။
အော်…ဒါနဲ့ မေးစရာလေးတွေပေါ်လာလို့….မေးပါရစေနော်….။
ပါဠိစာပေမှာလာတဲ့ “နာထ”နဲ့..မြန်မာလို“နတ်”က အတူတူပဲလား…။ ဒါဆိုရင် သူ့ရဲ့အဓိပ္ပါယ်ကိုရော ဘယ်လို ဖွင့်ထားတယ်လို့သိချင်မိပါတယ်…။ “ဗြဟ္မာ” ဆိုတဲ့စကားကရော..ပါဠိစကားပဲလား…ဒါမှမဟုတ် မြန်မာစကား လား…။ အဓိပ္ပါယ်ကိုလည်းသိချင်ပါတယ်…။
ယုံကြည်ရာကို လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိသူချင်းမို့ တကယ်ရိုးရိုးသားသား မေးမိခြင်းပါ…။ ကြိုက်တဲ့ဘက် က ယုံကြည်မှုနဲ့ ဖြေပေးပါနော်….။ (No problem) နော်…ကိုကြောင်ကြီး..။
weiwei
May 9, 2011 at 3:28 am
ဒီပို့စ်နဲ့တော့မဆိုင်ပါဘူး … သတိရမိတာလေးတစ်ခု ပြောပြချင်လို့ …
ဘာသာခြားတစ်ယောက်က ဆရာတော့်ကိုမေးတယ် … မြတ်စွာဘုရားဆိုတာ တကယ်ပွင့်ခဲ့တာလားတဲ့ … အဲဒါနဲ့ ဆရာတော်က သူ့ကို ပြန်မေးလိုက်တယ် … ဒကာကြီးမှာ အဖေရှိလားတဲ့ …
ရှိတာပေါ့ဘုရား …
ဒါဖြင့် ပြနိုင်လား …
ပြနိုင်တာပေါ့ဘုရားတဲ့ ….
အဖေ့ရဲ့ အဖေရော ရှိလား …
ရှိတာပေါ့ … ဓါတ်ပုံပြနိုင်ပါတယ်တဲ့ ..
အဲဒီလိုနဲ့ဆက်မေးလိုက်တာ ….
တဖြည်းဖြည်းနဲ့ သူက ရှိတော့ရှိတယ် … ပြစရာမရှိတဲ့အထိဖြစ်သွားပါတယ် …
အဲဒါနဲ့ ဆရာတော်ကလဲ … အေး .. မြတ်စွာဘုရားဆိုတာ တကယ်ရှိခဲ့ပါတယ် … ဓါတ်ပုံအနေနဲ့ ပြစရာကတော့ အခုအချိန်မှ ဘယ်ရှိတော့မလဲလို့ ရှင်းပြလိုက်တော့ အဲဒီ ဒကာလဲ ကျေနပ်သွားပါတယ်တဲ့ ….
naywoonni
October 10, 2011 at 7:07 pm
အင်း ကြားဖူးတာလေး သွားသတိရလို့ …။ မပြောတော့ဘူးလို့ဘဲ…။ ကျွန်တော်ကြားဖူးတာလေးကတော့
မျှား မှန်လို့ လဲနေတဲ့သူက မျှားဆိပ်ကို အရင်ကုသဖို့ မကြိုးစားပဲ..။ ဘယ်အရပ်ကလာတဲ့မျှားလဲ.. ဘယ်သူက သူ့ကိုဘာကြောင့်ပစ်တာလဲ လိုက်မေးနေသလိုဖြစ်နေပြီ..။ အဓိက အဓိကပါပဲ…။
shwethitsa
October 11, 2011 at 3:51 pm
မျှားမှန်ဖူးခဲ့တာ အကြိမ်ပေါင်းများစွာရှိခဲ့ပေမယ့်…အဲ့ဒီမျှားဆိပ်ကြောင့်မူးမေ့မိန်းမော၊ သေလုမျောပါးဒါဏ်ကိုပဲ ကောင်းလိုက်တဲ့ အခြေအနေပဲလို့ ခံစားမိနေပြီးမှ….ဒါဏ်ရာများလာလေလေ…ဒုက္ခပိုကြီးလေပါလားဆိုပြီး…ကောင်းမွန်မှန်ကန်တဲ့ အဖြစ်မျိုးကို လိုလားမယ်ဆိုရင်တော့….ဘယ်နေရာသွားတုန်းက မျှားမှန်တာပါလား…။ ဘယ်လိုထောင့်ကနေ လာတာပါလား…။ ဒီလိုနေရာကသွားပြီး…ဒီလိုလေးရှောင်လိုက်ရင်တော့ ရမှာပဲ….ဆိုတဲ့ လေ့လာသုံးသပ်ခြင်းမျိုးက မျှားမှန်ခြင်းဆိုင်ရာ ဒဿနတစ်ခုအဖြစ်အနေနဲ့ တကယ်ပဲ မလိုအပ်တော့ဘူးလားဗျာ..။ ပြောရရင်…မျှားမှန်ခံရပြီး စူးစိုက်ဝင်နေပါလျက်…(နေဝန်းနီပြောသလို) ကိုယ့်ရဲ့နာကျင်မှု၊ သေဆုံးနိုင်မှုတွေကို ထည့်မတွက်ပဲ…အမေးအမြန်းထူတယ်ဆိုတာကတော့ …လူတော်တော်များများဖြစ်လေ့ဖြစ်ထ၊ ရှိမှာမဟုတ်ပါဘူး..။ လူတိုင်းလိုလိုပဲ ဒါဏ်ရာကို အရင်ကုကြမှာပါပဲ..။ ဆိုလိုချင်တဲ့ အကြောင်းအကျိုးယှဉ်မှုနဲ့မသက်ဆိုင်တဲ့ ဥပမာကို နေရာတိုင်းမှာတော့ မသုံးသင့်ဘူးလို့ထင်မိတယ်..။ ကျေးဇူးပါပဲ…။ အဓိကဟာ..အဓိကပါဆိုတဲ့စကားအတွက်ပေါ့..။