အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၉)

ဘာသာရေး တီးလုံးလေးက နောက်ခံတီးနေတယ်။အာမန်း နဲ့ သူ့အမေက ဗိဿနိုး နတ်ကွန်းဆီသွားဖို့ လှေကားပေါ်တက်နေပြီ။
“ ဗိဿနိုးမယ်တော်ကြီး ဆီမှာ ရိုးရိုးသားသားနဲ့ ဆုတောင်းရင် ပြည့်တယ်လို့ ပြောကြတာပဲ။မင်းဆို ဘာဆုတောင်းမလဲ။”
“မင်းရော ဘာဆုတောင်းမလဲ” သူကတောင် ကျွန်တော့် ပြန်မေးနေသေးတယ်။
“ငါတော့ ပိုက်ဆံရဖို့ပဲ တောင်းမယ် ထင်တယ်”
“ငါကတော့ အာမန်း နဲ့ အူရ်ဝါရှီ ပြန်ပေါင်းထုပ်ပါစေ လို့ပဲ ဆုတောင်းမှာ”
စဉ်းတောင်မစဉ်းစားဘူး။ဆလင်း ချက်ချင်း အဲ့ဒီလို ပြန်ပြောတာ။ဟော..ပိတ်ကားမှာအနီရောင်စာလုံးထူထူတွေနဲ့ အားလပ်ချိန် တဲ့။

*********************************************************************************
ဆလင်း နဲ့ကျွန်တော် ခြေဆန့်လက်ဆန့် လုပ်ကြတယ်။နောက် မုန့်ရောင်းတဲ့ကောင်လေးတစ်ယောက်ဆီကနေ ပျော့စိစိ စမူဆာ နှစ်ခု
ဝယ်စားကြတယ်။ကောင်လေးကတော့ ခုံအလွတ်တွေကြည်ု့ပြီး စိတ်ပျက်နေပုံပဲ။သူ့ကြည့်ရတာ ဒီနေ့အမြတ်ကောင်းကောင်း မရလောက်သေးဘူး။
ကျွန်တော်တို့လည်း အိမ်သာသွားဖို့ လုပ်ကြတယ်။အိမ်သာက သားနားတယ်ဗျ။ဖြူဖွေးနေတဲ့ ကြွေ ဆီးခွက်တွေ တန်းစီတပ်ထားတယ်။ပြီးတော့
သန့်ရှင်းပြောင်လက်နေတဲ့ လက်ဆေးကြွေကန်တွေ။ကျွန်တော်တို့နှစ်ယောက် ကိုယ်ကြိုက်တဲ့နေရာ ကိုယ်ယူပြီး ပေါက်ကြတာ။ဆလင်းက အမြဲ
တမ်းညာဘက်အစွန်ဆုံးကို ယူတယ်။ကျွန်တော်ကတော့ ဘယ်ဘက်နံရံမှာ တစ်ခုတည်းရှိတဲ့ ဆီးခွက်မှာပဲပေါက်တာ။ပေါက်ပြီးတော့ နံရံမှာ ပေါက်
ပန်းဈေးတွေ ရေးထားတာကြည့်သေးတယ်။ဒါမျိုးတွေပေါ့။
-ငါ့ကိုချပါ ..၊တင်နု ဒီမှာ သေးပေါက်ခဲ့တယ်..၊ရှီနာက မိန်းမပျက်..၊ ကျွန်တော် ပရီယန်ကာ ကိုချစ်တယ်။
ပရီယန်ကာ..။ဘယ်က ပရီယန်ကာ လဲ။ကျွန်တော် အရင်ရေးတဲ့အပေါ်မှာ ဖျက်ရေးသွားတဲ့ ငနာ ကို ကျိန်ဆဲမိတယ်။လက်ထဲ တံတွေး
ထွေးထည့်ပြီး နောက်ကထပ်ထည့်သွားတဲ့ စာလုံးတွေကိုဖျက်ကြည့်တယ်။မရဘူးဗျ။ပါမန်နန့်မာကာ (permanent marker) အနက်နဲ့ဆော်သွား
တာပဲ။နောက်ဆုံး လက်သည်းနဲ့ခြစ်ထုတ်ပြီး ကျွန်တော်မူလတုန်းက ရေးထားတဲ့အတိုင်းဖြစ်အောင် လုပ်ရတာ။လွန်ခဲ့တဲ့လေးလ လောက်က
ကျွန်တော်ရေးခဲ့တာက ကျွန်တော် ပရီယ ကိုချစ်တယ်တဲ့။

*********************************************************************************
ဒုတိယ ဘဲလ်မြည်နေပြီ။ကြား အားလပ်ချိန် ကုန်ပြီလေ။ရုပ်ရှင် ပြန်စတော့မယ်။ဆလင်း က နောက်ကျန်တဲ့အပိုင်းကို အကျဉ်းချုံးပြီး ပြန်
ပြောပြထားပြီးပြီ။ခုအခန်းမှာတော့ အာမန်းနဲ့ ပရီယ ကဆွစ်ဇာလန်မှာ သီချင်းဆိုမှာတဲ့။အဲ..ပရီယကို အာမန်းနဲ့ပြိုင်ဘက် ဂိုဏ်းက လူဆိုးတွေက
မသတ်ခင်ပေါ့။နောက်တော့ အာမန်းက ရာနဲ့ချီတဲ့လူဆိုးတွေကို သတ်ပြီး ကလဲ့စား ချေတော့တာပဲတဲ့။ပြီးတော့ အကျင့်ပျက်တဲ့ နိုင်ငံရေးသမား
တွေ၊လာဘ်စားတဲ့ ရဲအရာရှိတွေကို ဖော်ထုတ်မှာ။နောက်ဆုံး မင်းသား လည်းသေ ၊ဇာတ်လည်းပြီးရောတဲ့။
ကျွန်တော်တို့ ကိုယ့်နေရာကိုယ်ပြန်ထိုင်ကြတယ်။ခန်းမကြီးက ပြန်မှောင်သွားပြီ။ရုတ်တရက်ပဲဗျ၊ အရပ်ရှည်ရှည်နဲ့လူတစ်ယောက် ဝင်ချ
လာပြီး ဆလင်းဘေးက ခုံကိုဝင်ထိုင်လိုက်တယ်။A20 မှာလေ။ကျွန်တော်တို့က A21နဲ့ A22။ဒီလူဗျာ ခုံ အလွတ်တွေ၂၀ဝလောက်ရှိရဲ့သားနဲ့ ကျွန်
တော်တို့ဘေးလာထိုင်တာ။သူ့မျက်နှာတော့ ဘယ်လိုလုပ်မြင်ရမှာလဲ။ကျွန်တော်မှန်းကြည့်တာတော့ အသက်ကြီးကြီး မုတ်ဆိတ်ဖားဖား နဲ့ပဲဖြစ်မှာ။
သူဝတ်ထားတာတော့ ကွတ်ရ်သာ ဝတ်စုံထင်တာပဲ။
ကျွန်တော်က ဒီလူကြီးအကြောင်း စဉ်းစားနေတယ်။ဒီလူကြီး ဘာလို့ ဇာတ်ကားတဝက်ကျိုးကာမှ ဘာလို့ရောက်လာပါလိမ့်။လက်မှတ်
ဖိုး တဝက်ပဲ ပေးခဲ့တာလား။ဘာညာနဲ့ တွေးနေတာ။ဆလင်းက တော့အေးဆေးပဲ။ဂရုတောင်မစိုက်ဘူး။သူက အာမန်းနဲ့ပရီယ တို့ရဲ့ အခုလာတော့
မဲ့ ချစ်ခန်းကြိုက်ခန်း ကိုလည်ပင်းရှေ့ဆန့်ပြီး မျှော်နေတာ။
အာမန်းက ဆွစ်ဇာလန်ကိုသွားပြီ။အကြောင်းပြတာတော့ အဆက်အသွယ်ရှာဖို့တဲ့။တကယ်က မင်းသမီး ပရီယနဲ့ အချစ်ဇာတ်ခင်းပြီး သီ
ချင်း ဆိုမှာ။အဲဒီမှာ လူဖြူ အကမယ်လေးတွေ ၂ဝ လောက်နဲ့တွဲကတာ။သူတို့ဝတ်ထားတာရိုးရာဝတ်စုံတွေဆိုတော့ ဒီလောက်အေးပြီး တောင်ထူတဲ့
နိုင်ငံမှာ အချမ်းတော့တော်တော်လုံဦးမယ်။ဆိုလို့ကလို့လည်း ပြီးရော နောက်တစ်ခန်းက သူက ဟော်တယ်အခန်းထဲမှာထိုင်နေတာ။မီးလင်းဖိုထဲမှာ
မီးတွေ တဖျစ်ဖျစ်နဲ့လောင်လို့ပေါ့။
မင်းသမီး ပရီယက ရေချိုးနေတယ်။ရေကျသံ နဲ့ ပရီယရဲ့ သီချင်းညည်းသံ ကိုကြားနေရတယ်။နောက် ရေချိုးခန်းထဲရိုက်ပြရော။သူက
ရေချိုးကြွေကန်ကြီးထဲမှာဗျ။နောက် သူက ခြေထောက်နဲ့ကျောကုန်း ကိုဆပ်ပြာတိုက်တယ်။ပြီးတော့ ခြေထောက်ကိုမြှောက်ပြီး ဆပ်ပြာမြှုပ်တွေ
ရေပန်းနဲ့ဆေးချရော။ကျွန်တော်တို့မျှော်လင့်တာက သူ့ရင်ဘတ်ပေါ်မှာရှိနေတဲ့ ဆပ်ပြာမြှုပ်တွေပါပျောက်သွားအောင် ရေပန်းကို သုံးစေချင်တာ။
မင်းသမီးက ကျွန်တော်တို့ကိုစိတ်ပျက်သွားစေတာပဲဗျ။(အဟီး..)
နောက်ဆုံး မင်းသမီးက ရေချိုးကန်ထဲက ထွက်လာတယ်။ပန်းရောင် တဘက်ကြီး ပတ်လို့ပေါ့။ရေစိုလို့တောက်ပြောင်နေတဲ့ဆံပင်နက်နက်
တွေကို ကျောမှာ ဖားလျားချထားတာ။ခြေတံရှည်ရှည်တွေကလည်း ဖြောင့်စင်းရှည်လျားပြီး အမွှေးမရှိဘူး။မင်းသား အာမန်းက မင်းသမီးကို ပွေ့ဖက်
နမ်းရှုပ်ပေါ့ဗျာ။အချစ်တီးလုံး ငြိမ့်ငြိမ့်လေးကလည်း တိုးတိုးလေး စတီးနေပြီ။မင်းသမီးက မင်းသားအင်္ကျီ ကြယ်သီးတွေဖြုတ်။ပြီးတော့ မင်းသားက
အသာလေးချွတ်ပစ်လိုက်တဲ့အခါ ယောက်ျားပီသလှတဲ့ ရင်အုံကပေါ်လာတာ။မီးရောင်ဖျော့ဖျော့လေးက သူတို့ချစ်သူနှစ်ဦးကို လွှမ်းထားတော့ဗျာ
သူတို့ကိုယ်ပေါ်မှာ ရွှေအိုရောင်၊ စိမ်းတိမ်းတိမ်း၊ နီတီတီ ..အဲဒီလိုအရောင်တွေဖြာကျနေတာပဲ။မင်းသမီးက တိုးတိုးလေး ညည်းသံပေးနေပြီ။သူ
ရှေ့ကိုင်းပြီး မင်းသားကို သူ့လည်ပင်းတွေဘာတွေကို အယုအယလေးတွေပေးအောင်လုပ်တယ်။မင်းသားလက်ကလည်း မင်းသမီးကျောဘက်
အသာလေး ကွေ့ကောက်ရောက်သွားပြီး ပတ်ထားတဲ့ တဘက်ကြီးကို ဆွဲချ..။ပန်းရောင်တဘက်ကြီးက မင်းသမီးခြေထောက်နား ပြေကျသွားရော။
ဟော..ပေါင်တံလေးနဲ့ နောက်ကျောကို ဖျတ်ခနဲ မချင့်မရဲ နဲ့ မြင်လိုက်ရတာ။အဲ..ရင်သားတွေတော့ မပြဘူးဗျ။ဆလင်း က အဲဒါ ဆင်ဆာထိသွားတာနေမှာတဲ့။အဲဒါကြောင့် ဆင်ဆာဘုတ်အဖွဲ့ဥက္ကဌ မစ္စစ် ကိန်းဆိုတဲ့ ဘွားတော်ကြီးကို သူတင်းတာတဲ့ဗျာ။
ခု အာမန်းက မင်းသမီး ပရီယ ကိုခပ်တင်းတင်းပွေ့ထားပြီ။မင်းသမီးလည်း ရွှေရင်တသိမ့်သိမ့်ခုန် လို့ အသက်ရှူသံတွေ ပြင်းလာပြီး သူ့
နဖူးမှာတောင် ချွေးလေးတွေစို့လာတာပဲ။အသံကြောင်တွေ စီခနဲထွက်လာတယ် ၊ဘယ်ကမလဲ.. စတောတန်းကကောင်တွေပေါ့ဗျ။ဆလင်းဘေးက
လူကြီးသူခုံပေါ်မှာ မရိုးမရွဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်။သိပ်တော့မသေချာဘူး ..သူ့ပေါင်ကြားကို သူ့ဘာသာ ပွတ်နေတယ်လို့မြင်မိသလိုပဲ။
ကျွန်တော်က ဆလင်းကို တိုးတိုးကပ်ပြောတယ်။
“မင်းဘေးက ဘဲကြီး ဖီးလ်တွေ တက်နေတယ်ထင်တယ်ကွ”
ကိုယ်တော်ချော က ကျွန်တော့်ကိုရော ဟိုလူကြီးကိုပါ ဂရုတောင်မစိုက်ဘူး။နောက်ခံတီးလုံးရဲ့ စည်းချက်နဲ့အညီ လှုပ်ရှားနေတဲ့ မင်းသားနဲ့
မင်းသမီး ခန္ဓာကိုယ်နှစ်ခုပေါ်မှာပဲ အာရုံရောက်နေတာကလား။မျက်လုံးလေးပြူးပြီး ပါးစပ်ဟောင်းလောင်းနဲ့လေ။ကင်မရာကလည်း အာမန်းရဲ့ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ကျောကုန်းကိုပဲ လှည့် ပြီးဆွဲရိုက်ပြနေတာ။နောက် သူ့ကျောကို ကျော်ပြီးမီးလင်းဖိုကို တဖြည်းဖြည်းကပ်ပြီး ဆွဲရိုက်ပြတယ်။မီးလင်းဖိုထဲမှာတော့ ရွှေဝါရောင်မီးတောက်တွေက ထင်းတွေကို လောင်ကျွမ်းဝါးမျိုနေတာပေါ့လေ။နောက်တော့ မြင်ကွင်းက မှိန်ဖျော့သွားပြီး မှောင်ကျသွားတယ်။

2 comments

  • Mobile

    February 5, 2013 at 10:43 pm

    အားပေးသွားပါကြောင်းလေး။

  • MaMa

    February 6, 2013 at 7:44 am

    မောင်ဘလှိုင်ကို မောင်မိုဘိုင်း ပြန်တူးဖော်နေတာပါလား။
    အပိုင်းတွေများပြီး ရှေ့အပိုင်းတွေ မေ့တေ့တေ့ ဖြစ်နေတာ revision ပြန်လိုက်ရပြီ။

Leave a Reply