အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း(၁၄)
ဖာသာ တီမိုးသီး က အရပ်ရှည်ရှည် အသားဖြူဖြူ နဲ ့ သက်လတ်ပိုင်းအရွယ် သန်တုန်းမြန်တုန်းပေါ့။ဘုရားကျောင်းဝင်း ထဲမှာ သူ့အိမ်ကြီး
ရယ်၊သီးပင်စားပင်တွေ တပြန့်တပြောနဲ့ ဥယျာဉ်ကြီးရယ်ရှိတယ်။ဒီလိုနဲ ့နောက်ခြောက်နှစ်လောက်ကြာတော့ ဖာသာတီမိုးသီ က ကျွန်တော့်ရဲ ့ အဖေ
ဆိုလည်းဟုတ်၊အမေဆိုလည်း ဟုတ်၊ဆရာဆိုလည်းဟုတ်၊သခင်ဆိုလည်းဟုတ်၊ နောက်ဆုံး ဘုန်းတော်ကြီးဆိုလည်း ဟုတ်တာပဲ။ကျွန်တော့်ဘဝမှာ
ပျော်စရာရယ်လို့ ရှိခဲ့မယ်ဆိုရင် ဖာသာ နဲ ့အတူနေခဲ့တဲ့ အချိန်တွေကိုပဲ ပြောရမှာ။
ဖာသာက အင်္ဂလန်မြောက်ပိုင်း ယော့ခ် နယ်ဘက်ကတဲ့။နောက်တော့ အိန္ဒိယမှာ အခြေချတာ ခုဆိုကြာလှပေါ့။ဗြိတိန်သားတစ်ယောက်လို
အင်္ဂလိပ်စာကို ရေးတတ် ဖတ်တတ်အောင်ကျွန်တော့်ကို သင်ပေးတာ အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်။သူက ကျွန်တော့်ကို ငန်းမေမေ ပုံပြင်တွေ
နဲ့ ကလေးကဗျာလေးတွေ သင်ပေးခဲ့တာ။ကျွန်တော်ဆို ကလေးကဗျာလေးတွေ ကောင်းကောင်းရွတ်တတ်ခဲ့တာပေါ့ဗျာ။“မှိတ်တုတ် မှိတ်တုတ်
ကြယ်ကလေးရယ်..သင်ဘယ်သူလဲကွယ် ငါမသိတယ်” တို့ “ဘာဘာ သိုးမည်း သိုးမွှေးရှိလားကွယ်”တို့ရတာပေါ့။အဲ..အသံကတော့ မကောင်းဘူး
ပေါ့လေ..ကီးကြောင်ကြီးနဲ ့။အဲ့လိုနဲ့ ဖာသာရဲ ့ဘုန်းတော်ကြီး တာဝန်တွေခဏနားတဲ့အချိန်လေး သူ့ကိုပျော်စေရတာပဲဗျ..။
ဘုရားကျောင်းဝင်းထဲ နေရတာ တကယ့်မိသားစုအကြီးကြီးထဲ နေရသလိုထင်မိတာ။ဖာသာ တီမိုးသီရယ်၊သူ့ သစ္စာရှိ အိမ်တော်ထိန်းကြီး
ဂျိုးဇက်ရယ်၊ အိမ်နားမှာနေတဲ့ အစေခံ မစ္စစ် ဂွန်ဇာလက်ဇ် ရယ်၊နောက်ပြီး လမ်းပေါ်ကလေးတွေ ဘုစုခရုတွေလည်းပါသေးတယ်။ပိုက်ပြင်တဲ့ကောင်၊
တံမြက်စည်းလှဲတဲ့ကောင်၊ပေါက်ကရလုပ်တဲ့ကောင်၊အိုးတိုက်ပန်းကန်ဆေးတဲ့ကောင် အကုန်ပါတယ်။အိမ်နီးနားချင်းတွေပေါ့။ဘုရားကျောင်းဝင်းထဲ
မှာ ခရစ်ကတ်ရိုက်ဖို ့ ဘောလုံးကန်ဖို ့ ဘယ်တော့မှ ဦးမလေးတဲ့ကောင်တွေ။ဖာသာက ကျွန်တော့်ကို ခရစ်တော်ရဲ ့အကြောင်းတို့ ၊အာဒမ်နဲ ့ဧဝတို့
အကြောင်းတွေ ပြောပြတယ်။သင်ပေးတယ်။နောက် ကျွန်တော့် တခြားမိသားစုတွေကလည်း သူတို့ရဲ့ ဘာသာအကြောင်းတွေပြောပြကြတယ်။အ
ခြေခံလောက် နည်းနည်းပါးပါးပေါ့။အဲဒီတော့ ကျွန်တော် မဟာဘရတ ကိုလည်း သိလာတယ်။ကိုရမ်ကျမ်းကိုလည်း သိလာတယ်။မက္ကာ ကနေ
မက်ဒီနာကိုရှောင်ပြေးရတဲ့ တမန်တော်အကြောင်းလည်းသင်ရတယ်။လင်္ကာဒီပ ကျွန်း မီးလောင်တာလည်းကြားဖူးတယ်။ဘသ်လေဟမ်[1] နဲ ့
အယုဒ္ဓယ၊စိန့်ပီတာ နဲ ့ဟက်ဂျ[2]် လုပ်တာ အဲဒါတွေနဲ ့ကျွန်တော်ကြီးလာတာ။
ဒီလိုပြောလို့ ကျွန်တော်က ဘာသာရေးနဲ့ ယဉ်ပါးခဲ့တဲ့ တကယ့်လူလိမ္မာလေးရယ်လို့ဆိုတာတော့မဟုတ်ဘူး။တခြားကလေးတွေလိုပါပဲ။
စားမယ်၊အိပ်မယ်၊ဆော့မယ် ဒါပဲခေါင်းထဲရှိတာပါ။နေ့လည် နေ့ခင်းတွေဆို အိမ်နားက ကျွန်တော်နဲ ့သက်တူရွယ်တူကလေးတွေနဲ ့ပဲ အချိန်ကုန်နေ
တာ။ဖာသာ တီမိုးသီ ရဲ ့ပန်းခြံထဲမှာ လိပ်ပြာတွေဖမ်းလို့ဖမ်း၊ငှက်တွေလိုက် ခြောက်လို့ခြောက်နဲ ့ပေါ့။ဂျိုးဇက် ဆိုတဲ့ အိမ်တော်ထိန်း အဘိုးကြီး
တစ်ယောက် ပုံဆွဲခန်းထဲမှာ ရှားပါးပစ္စည်းအဟောင်းတွေဘာတွေ ဖုံသုတ်နေပြီဆို ခိုးကြောင်ခိုးဝှက်နဲ ့သရက်သီးမှည့်တွေ ခိုးဖို့လုပ်တာပဲ။အဘိုး
ကြီးက အရမ်းအကင်းပါးတာ။အမြဲစောင့်ကြည့်နေတဲ့ကြားက ကျွန်တော်က ခိုးပြီးခူးတာလေ။အဲ..ကျွန်တော့်ကို မိသွားလို့ကတော့ ဟင်ဒီဘာသာ
နဲ့ ကျွန်တော်က သူ့ကို လှိမ့်ဆဲပေါ့ဗျာ။မိုးရွာပြီဆိုလည်း မိုးတွေရေတွေထဲ က လိုက်ဆော့လိုက်တာ မပြီးနိုင်မစီးနိုင်ဘဲ..။ရွှံအိုင်တွေထဲမှာ ငါးတွေ
လိုက်ဖမ်းနဲ့။နောက်ဆုံးတော့ အအေးမိပြီး ချောင်းတဟွတ်ဟွတ် နှာတချေချေ ဖြစ်မှသာ ရပ်တော့တာ။ဖာသာတောင် တော်တော်လန့်သွားတယ်
လေ။လမ်းပေါ်က ကလေးတွေနဲ့ ဘော်လုံး သွားကန်တယ်။ဖွတ်ဖွတ်ကြေပြီး စုတ်ပြတ်ပွန်းပဲ့နေတော့မှ ပြန်လာ။ပြီးရင် တညလုံးအော်နေပေါ့ဗျာ။
ဖာသာ တီမိုးသီလည်း နေတာထိုင်တာ တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်ပဲ။မနက်ဆို လမ်းလျှောက်ထွက်တယ်။ဂေါက်ရိုက်တယ်။
ဘောလီဘောကစားတယ်။တင်းနစ် ရိုက်တယ်။စာလည်းဖတ်တယ်။ဖတ်တာမှ လောဘတကြီးဖတ်တာ။တစ်နှစ်မှာ သုံးကြိမ်လောက်တော့ အား
လပ်ရက်ယူပြီး အင်္ဂလန်က သူ့အမေကြီးကို သွားသွားတွေ့တယ်။နောက် တယောထိုးတာလည်း တကယ်ကိုကျွမ်းတာ။ညခင်းတွေဆို လသာသာနဲ့
သူ့ပန်းခြံလေးထဲထိုင်ပြီး တယောထိုးတာ။အရမ်းကြေကွဲ လွမ်းဆွေးဖို့ကောင်းတဲ့ တေးသွားတွေပဲ တကယ်ဗျာ။မိုးတွေရွာတဲ့ ညဆို သူ့ရဲ့ ဝမ်းနည်း
စရာကောင်းတဲ့ တေးသံကြောင့်ပဲ ကောင်းကင်ကြီးက ငိုနေသလားလို့တောင် ကျွန်တော်တွေးနေမိတာ။
ဘုရားကျောင်းထဲ ဝင်ရတာ ပျော်စရာပဲဗျ..။ကျွန်တော် သဘောကျတယ်။အဆောက်အအုံကြီးကတော့ ဆောက်ထားတာကြာပါပြီ..။
၁၈၇၈ လောက်ကဆောက်တာတဲ့။ပြတင်းပေါက်မှန်တွေကတော့ စွန်းကွက်နေပြီပေါ့။အမိုးကတော့ ကောင်းတယ်။ခမ်းခမ်းနားနားပဲ။အသား
ကောင်းတဲ့ပျဉ်တွေနဲ့လုပ်ထားတာ။ပွဲတော်နေ့တွေဘာတွေဆို မုန့်တွေဝိုင်တွေတင်တဲ့ စားပွဲကြီးကလည်း လှလှပပကို ထွင်းထုပြီး လုပ်ထားတာ
လေ။အဲ့ဒီစားပွဲကြီး အထက်မှာတော့ ခရစ်တော်နဲ့လက်ဝါးကပ်တိုင်ကြီး။INRI [3]ဆိုတဲ့ စာလုံးတွေပါတယ်လေ။နောက်ပြီး ပလ္လင်ပေါ်မှာ အပျိုစင်
မယ်တော်နဲ့သားတော်ရုပ်တုရယ် တခြား သူတော်စင်တွေရဲ့ရုပ်တုတွေရယ် ထွင်းထုထားတာရှိသေးတယ်။ခုံတန်းလျားရှည်တွေကျတော့ ကျွန်း
နဲ့လုပ်ထားတာ။တနင်္ဂနွေနေ့ ဆိုရင်တော့ အဲဒီခုံတွေ လူပြည့်တယ်။အဲဒီနေ့ဆို ဖာသာက တရားဟောတာ အရမ်းကြာတာပဲ။ကျွန်တော်ကတော့
အိပ်ငိုက်နေတာပေါ့။အဲ..တရားဖြုတ်လို့ ဝေဖာတွေ ဝိုင်တွေ လိုက်ဝေပြီဆိုရင်တော့ ကျွန်တော် နိုးပြီပေါ့ဗျာ.။အော်ဂင်တီးပြီး ဓမ္မတေးတွေပြိုင်
တူဆိုကြတာလည်း အရမ်းနားထောင်ကောင်းတာ။ကျွန်တော် အရမ်းကြိုက်တာ၊သဘောကျတာတွေကတော့ အီစတာကြက်ဥတွေနဲ့ခရစ်စမတ်
သစ်ပင်တွေ(တစ်နှစ်တစ်ခါပဲဆိုတာတော့ ကျွန်တော်မကြိုက်ဘူး)ရယ် နောက်မင်္ဂလာပွဲတွေရယ်(သူတို့ကတော့ ရာသီမရွေးပါပဲ)ပေါ့။မင်္ဂလာပွဲ
ဆိုရင် ကျွန်တော်က ဖာသာပြောတဲ့..“အခု သတို့သမီးကို နမ်းနိုင်ပါပြီ” ဆိုတဲ့စကားကို စောင့်နေတာ။ပထမဦးဆုံး မင်္ဂလာပန်းကြဲလိုက်တာ
အမြဲတမ်းကျွန်တော်ပဲ။
ဖာသာတီမိုးသီ နဲ့ ကျွန်တော့်ကြားက ဆက်ဆံရေး ကို ကျွန်တော်တစ်ခါမှ သေချာ ခွဲခြမ်းမကြည့်ခဲ့ဖူးဘူး။ကိုယ့်ကိုယ်ကို ဘာမှန်း
ညာမှန်းမသိ ၊မရှင်းမလင်းနဲ့။ကျွန်တော် က အစေခံပဲလား၊သူ့သားလား၊သူ့ကိုမှီတွယ်နေရသူလား၊အချစ်တော် အိမ်မွေးသတ္တဝါလေးလား
သေချာကို နားမလည်ခဲ့တာဗျ။ဖာသာက ငါ့အဖေအရင်းပဲဟ ဆိုပြီး ခပ်ငယ်ငယ်က ပျော်နေခဲ့တာပဲ။ဒါပေမဲ့ တဖြည်းဖြည်း ကျွန်တော်သိစ
ပြုလာတယ်။ဥပမာတစ်ခုဗျာ..တနင်္ဂနွေ မနက်ဆို လူတွေအများကြီး ဘုရားကျောင်းကိုလာတယ်။ပြီးတော့ သူ့ကို ဖာသာ လို့ခေါ်တယ်။
ကျွန်တော်ကတော့ -ဟာ..အဖေက ဒီလူတွေအားလုံးရဲ့ အဖေပါလား ၊ငါ့မှာ ညီအစ်ကိုမောင်နှမတွေ မနည်းဘူးပဲ..အကုန်လုံးကတော့ငါ့
ထက်ကြီးတာတွေချည်းပါလား ဆိုပြီးတွေးမိတာဗျ။နောက်ပြီး ကျွန်တော် အူကြောင်ကြောင်ဖြစ်ရတာက သူက ဖြူပြီး ကျွန်တော်က မဲ
နေတာကိုလေ။တစ်နေ့တော့ သူ့ကိုကျွန်တော် မေးမိတယ်။ကျွန်တော့် စိတ်ကူးယဉ်ကမာ္ဘလေး ပြိုကွဲသွားတဲ့ နေ့ပေါ့။သူက တကယ့်ကို
သိမ်သိမ်မွေ့မွေ့လေး ရှင်းပြတာပါ။ကျွန်တော်က မိဘမဲ့ တဲ့။စိန့်မေရီ မိဘမဲ့ဂေဟာရှေ့ အမှိုက်ပုံးထဲ မှာ ကျွန်တော့်အမေက စွန့်ပစ်ထား
ခဲ့တာတဲ့။အဲဒါကြောင့်မိုလို့ သူက ဖြူပြီး ကျွန်တော်က မဖြူတာတဲ့လေ။အဲဒီကစလို့ အဖေ ဆိုတာနဲ့ ဖာသာ ဆိုတာရဲ့ကြားက ကွာခြားချက်
ကို ပထမဦးဆုံး နားလည်လိုက်တာပဲ။နာလို့ကျင်လို့ ကျွန်တော့်မှာ ငိုခဲ့ မျက်ရည်ကျခဲ့ဖူးပါတယ်။ဒါပေမဲ့ အဲဒီညမှာတော့ ကျွန်တော်
မျက်ရည်တွေ ဘလိုင်းကြီးကျခဲ့ရတာ ပထမဆုံးအကြိမ် ပါပဲဗျာ..။