ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၇) by May Aye Oo

padonmarMay 24, 20112min1702

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၇)
by May Aye Oo on Wednesday, May 18, 2011 at 9:45am

သူကလေးရဲ့ နွမ်းပြီး ညှိုးငယ်နေတဲ့ မျက်နှာလေးကိုမြင်ရတဲ့ အခိုက်မှာ .. ကျမရင်ထဲမှာ .. သားသမီးချင်း စာနာစိတ်နဲ့ ..

ဂရုဏာမြစ်တစ်စင်း.. ဖြာဆင်းသွားလေရဲ့ ….

x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x – x

ဒီတစ်ခေါက် ခရီးစဉ်အကြောင်းကို စာရေးမယ်… လုပ်တော့.. ဘာခေါင်းစဉ်အောက်မှာ ရေးရမလဲ.. လို့ စဉ်းစားတာ..။ ဘာဖြစ်လို့လဲ ဆိုတော့.. ၊ ဒီတစ်ခါက.. ၁ ရက် ၂ည ခရီး ဆိုပေမဲ့ လဲ.. လုပ်ရတဲ့ အလုပ်တွေက .. အခမဲ့ဆေးခန်းရယ်၊ ပညာရေး survrey နဲ့ ထောက်ပံ့ရေး ရယ်..၊ ရေတွင်းသွားကြည့်ဖို့ရယ်..၊ ရေကန် နဲ့ အိမ်သာ ဆောက်ပေးနေတဲ့ အခြေ အနေ ကြည့်ဖို့ရယ်..အပြင်.. နောက်ထပ် ရေတွင်း၊ ရေကန် တွေ လှူဖို့ လိုအပ်နေတဲ့ နေရာတွေနဲ့၊ ကုန်ကျမယ့် ကုန်ကျ စရိတ်တွေ တွက်ချက်ဖို့ရယ်.. ၊ အကြောင်းအရာတွေက အများသား..။ ပထမတော့ “မှတ်စု.” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးဖို့ပါဘဲ..။ ဒါပေမဲ့.. ဒီစာစုလေးရဲ့ အစ စခြင်းမှာ ရေးထားသလိုဘဲ.. ကျမ ရင်ထဲ ကို ထိ သွားစေတဲ့ အဖြစ်အပျက် ကလေး ကြောင့်.. “ပွင့်သောပန်းတိုင်း.. လန်းစေချင်..” ဆိုတဲ့ ခေါင်းစဉ် ကိုဘဲ ရွေးချယ်လိုက်ပါတယ်..။ ဒါပေမဲ့ ခရီးစဉ် အစ အဆုံးကို.. ရေးသွားမှာပါ..။

၁၃-၅-၂၀၁၁ နေ့ ..

ခါတိုင်းဆိုရင်တော့ ရုံးဆင်းတဲ့ အခါ အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို တန်းပြေးတာပါ။ ဒါပေမဲ့ ဒီနေ့တော့ နေ့တစ်ဝက် ခွင့် ယူလိုက်ရတယ်..။ ဘာလို့လဲ.. ဆိုတော့ ကျမ အမြဲစီးနေကျ Taxi က အော်ဒါပါသွားလို့ ကျမ ကို အဝေးပြေးဂိတ် ကို မပို့နိုင်ဘူးလေ..။ အဲဒီကလေး(စိုင်းစိုင်း) နဲ့ဆိုရင် ကျမက အရမ်းကို အဆင်ပြေပါတယ်..။ “စိုင်းစိုင်းရေ.. နေ့လယ် ကျရင် အမ မှာထားတဲ့ ဗလာစာအုပ်တွေ ယူနေကျ ဆိုင်မှာ သွားယူလိုက်၊ ပြီးရင် ကားပေါ်မှာဘဲ ထား.. ထား လိုက်၊ . ညနေ ၅ နာရီ ထိုးရင်၊ အမ အိမ်ပေါ်ကိုသွား ဆေးအိတ်နဲ့ အထုပ်တွေ ယူ၊ ပြီးရင် အမ ရုံးကို ၅ နာရီခွဲ အရောက် လာခဲ့…” လို့ မှာထားလိုက်ရင် သူ အားလုံးအဆင်ပြေအောင်.. လုပ်ပေးပါတယ်..။ ပစ္စည်းတွေကို လဲ အိမ်ပေါ်ပို့ရမလား..၊ အိမ်ပေါ် က နေ အောက်ချပေးရမလား..။ ဘယ်တော့မှ မညည်းညူပါဘူး..။ “အမရေ.. အမကို ကားလိုက်မောင်းပေးရတာ.. တကယ့် ကို ကုသိုလ်လဲရ၊ ဝမ်းလဲဝ ပါဘဲ..” လို့ သူအမြဲပြောတတ်ပါတယ်..။ ဒီနေ့တော့ သူ မအားတော့ စာအုပ်ဆိုင်က မှာထား တဲ့ ဗလာစာအုပ် (၅၄) ဒါဇင် လဲ ကျမ ဘဲ သွားယူရမှာပါ..။ သိကြတဲ့ အတိုင်း ကျမ က ဗလ ကြီးကြီး နဲ့ ဆိုတော့ အရပ် ကူပါ၊ လူဝိုင်း ပါ.. နဲ့ပေါ့..။ ပြီးတော့ ဆေးအိတ်(၃) အိတ် နဲ့ တခြားလှူမဲ့ ပစ္စည်းတွေလဲ ကျမအိမ် (၇) ထပ်ကနေ.. အောက်ချ ရတာပေါ့..။

ရုံးကနေ နေ့လယ် ၃ နာရီလောက်ပြန်ရောက်ပါတယ်..။ Singapore ကနေ ခဏ ပြန်ရောက်နေတဲ့ donor တစ်ယောက် က အလှူ ငွေ နဲ့ အဝတ်ဟောင်းတွေ ပေးချင်တယ်ဆိုလို့ သွားယူပါတယ်..။ တစ်ဆက်တည်းဘဲ.. သိမ်ကြီးဈေး ဝင်ပြီး ဗလာစာအုပ် တွေ ဝင်ယူပါတယ်..။ အဲဒီ ဗလာစာအုပ် တွေကို အိမ်ပေါ်မတင်တော့ဘဲ.. အိမ်အောက်က ကွမ်းယာဆိုင် မှာ ခဏလေး အပ်ပါရစေ..။ ညနေ ၆ နာရီမှာ ပြန်ယူပါ့မယ်..။ အိမ်ပေါ်တင်ရ ချရတာ.. မလွယ်လို့ပါ… လို့.. မေတ္တာရပ် ပြီး ခဏထားရပါတယ်..။ ပြီးတော့ အိမ်ပေါ်ပြန်တက်ပြီး လိုတဲ့ ပစ္စည်းတွေ မကျန်ရအောင် သေသေ ချာချာ ထည့်ပြီး စာရင်း နဲ့ ပြန်တိုက်စစ် ရပါတယ်..။ ပြီးတော့ အထုပ်တွေ ရေတွက်ပြီး ကားပေါ်ကဆင်းရင် မကျန်ရ အောင် မှတ်ထားရ ပါတယ်..။ ပြီးတော့ အချိန်နဲနဲရှိသေးတာကြောင့် ထမင်းစားလိုက်ပါတယ်..။ (ဒီတစ်ခါတော့ ညစာ မငတ်တော့ဘူးပေါ့..)

ညနေ ၆ နာရီထိုးတော့ အိမ်ပေါ်က ပစ္စည်းတွေ စ ချပါတယ်..။ ပြီးတော့ ကွမ်းယာဆိုင်မှာ အပ်ထားတဲ့ စာအုပ်ထုပ်ကိုပါ ကားပေါ်တင်ပြီး စ, ထွက်ပါတယ်..။ သမီး ဆရာဝန်မလေး နဲ့ သားငယ် B.Ed scond year ကလေးကို ဝင်ခေါ်ပြီး အောင်မင်္ဂလာ အဝေးပြေးဂိတ်ကို ဆက်သွားကြပါတယ်..။ ကားဂိတ်ကို ရောက်တော့ စာအုပ်ထုပ်ကို တန်ဆာ လုပ်ပြီး ကျန်တာ တွေကိုတော့ ကားပေါ်တင်ကြပါတယ်..။ နောက်ထပ် ဆရာဝန် ၂ ယောက်ကတော့ ကိုယ့်ဟာကိုယ် ကားဂိတ် ကို လာကြတာပါ..။ ကားက ည ၈ နာရီမှာ စ ထွက်ပါတယ်..။

၁၄-၅-၂၀၁၁ နေ့ ..

ခါတိုင်းလိုဘဲ ပြည်ကို မနက် ၂ နာရီမှာ ဝင်ပါတယ်..။ ကားဂိတ်မှာ ကျောက်ကွင်းဆရာတော် နဲ့ ကလေး ၁ယောက် နဲ့ လာကြိုပါတယ်..။ အဲဒီ ကလေးတွေက ကျမတို့ကို လာကြို၊ ပို့ နေကျမို့ ရင်းနှီးနေပါပြီ..။ အဲဒီတစ်ယောက်က နာမည်က ချစ်ထူး.. တဲ့။ သနပ်ခါးကို ဘဲကြားနေအောင် အမြဲလိမ်းပါတယ်..။ သူ့မျက်နှာပေါ်က သနပ်ခါးတွေမြင်တိုင်း ကျမ အရမ်း သဘောကျပါတယ်..။ ရီလဲ ရီချင်ပါတယ်..။ အဲဒီသနပ်ခါးဘဲကြားက သူရဲ့ Trade Mark ပါဘဲ..။ (သဘောကျလွန်းလို့ သူ နဲ့ ဓါတ်ပုံရိုက်ထားပါသေးတယ်..။)

ကျမတို့ စုစုပေါင်း ၅ ယောက် ပါ။ ကျမ ရယ်၊ B.Ed သားလေးရယ်၊ ဆရာဝန် ၃ ယောက်ရယ်.. ပေါ့။ ဆိုင်ကယ် သုံးဘီး (ဆိုင်ကယ် ထွေလာဂျီ) ငှားပြီး နန္ဒဝန်ဓမ္မရိပ်သာ ကိုသွားကြပါတယ်..။ စောသေးတာမို့.. ခြေလက် ဆေးကြပြီး ပြန်အိပ် ကြ ပါတယ်..။ မနက် ၆ နာရီမှာ ပြန်ထ ကြပြီး၊ မျက်နှာသစ်၊ ရေချိုး ကြပြီး၊ မနက်စာစားကြပါတယ်..။

မနက်စာ စားပြီးကြတော့ သီလရှင် ဆရာကြီး ဆရာလေးများကို ဗလာစာအုပ် ၁ ဒါဇင် စီ နဲ့၊ ဘောပင် တွေရယ်၊ အချိုပွဲ အတွက် ကိတ်တွေရယ်..၊ ဝတ္တုတွေရယ်၊ ကပ်ကြပါတယ်..။ ဆရာလေးတွေ ကျောင်းမှာ ၅ရ ပါးတောင်ရှိပါတယ်..။ ဒါပေမဲ့ အဆောက်အဦး က သီလရှင် ဦးရေ နဲ့ ယှဉ်လိုက်ရင် မပြည့်မစုံဖြစ်နေပါတယ်..။ ဆရာလေးတွေက အင်္ဂတေခင်း တံမံတလင်းပေါ်မှာ ဖျာလေးတွေ မလောက်မငှနဲ့ ကျိန်းရပါသတဲ့။ ရာသီ အေးတဲ့ အခါမျိုးကျရင် ပို ဒုက္ခရောက်ကြတာ ပေါ့။ ဂုံနီကောဇောလေး နဲနဲဘဲ ရှိတာမို့ အများစုက ဖျာနဲ့ဘဲ ကျိန်းရပါတယ်..။ ဒါကြောင့် ဂုံနီကောဇောလေး လှူပေးချင် ပါတယ်..။ အိပ်တဲ့ အခါ တံမံတလင်းပေါ်မှာ နဲနဲ အအေးကာမိအောင်ပါ..။ အားလုံးသိကြတဲ့ အတိုင်းပါဘဲ..။ လူ အများစု က သီလရှင်တွေ ဆိုရင် အလှူထဲ့တာတောင် ငွေ ၂ဝ ကျပ်လောက်ဘဲ လောင်းကြတာပါ။ သီလရှင် ဘဝနဲ့ ရပ်တည်ဖို့က တော်တော်ဆင်းရဲ ပင်ပန်းရပါတယ်..။ ပြီးတော့ မိန်းမသားတွေမို့ တံမံတလင်းခင်း ပေါ်မှာ ညအိပ်ရတာလဲ ကျန်းမာရေး အရရော ဘယ်လိုမှ အဆင်မပြေပါဘူး..။

ဒါကြောင့်လေ.. ဂုံနီကောဇောလေး လှူပေးမယ်ဆိုရင် ကောဇော တစ်လိပ် ကို ၆၁ ကိုက်ရှိပါတယ်..။ တစ်သိန်းခွဲလောက် ကျပါမယ်..။ ကောဇောဖိုးရော၊ ပြည်အထိ ပို့ခ ရောပေါ့။

မနက် ၈ နာရီကျော်တော့ ဆေးခန်းဖွင့်ဖို့ စ ပြင်ဆင်ကြပါတယ်..။ ဆရာလေးတွေကျောင်းက ကုန်းအတက်မှာ မို့ လူနာတွေ လာရတာ အဆင်ပြေအောင်လို့ ယောဂီ ဇရပ်မှာ ဘဲ ဆေးခန်းဖွင့်လိုက်ပါတယ်..။ ဆေးတွေကို ရှာရ၊ ယူရ လွယ်အောင် စားပွဲပေါ်တင် စီပြီး၊ B.Ed သားလေး ကတော့ ဆေးကူရှာပေး၊ ကူပြီး ထုပ်ပေးမှာပေါ့။ ဆရာလေးတွေက လူနာ မှတ်ပုံတင်ဘို့ တာဝန် ယူ ပေးပါတယ်..။ ဒါမှ လူနာတွေလဲ စံနစ်တကျဖြစ်သွားတဲ့ အပြင် ကျမတို့ လဲ လူနာ ဘယ်နှစ်ယောက် ကုပေး လိုက်ရတယ် ဆိုတဲ့ မှတ်တမ်း လဲ ရသွားတာပေါ့။ ဆေးခန်းစ ဖွင့်တာ နဲ့ သံဃာတော်တွေ နဲ့ သီလရှင်တွေကို စကြည့်ပေးပါတယ်..။ ပြီးတော့ အဲဒီနားက လူနေရပ်ကွက်ထဲက လူနာတွေ လဲ လာပြကြပါတယ်..။

မနက် ၉ နာရီ ကနေ ညနေ ၄ နာရီ ထိ လူနာ ၁၇၃ ယောက် ဆေးကုသ ပေးခဲ့ ပါတယ်..။ ကျမတို့ ရဲ့ ဆရာဝန်တွေ က လဲ.. မနားမနေ၊ မညည်းမညူ ဆေးကုပေးခဲ့ကြတာပါ..။ လိုအပ်တဲ့ ဆေးတွေကိုလဲ အခမဲ့ လှူဒါန်းတာမို့ သံဃာတော် တွေ၊ သီလ ရှင်တွေ နဲ့ လူနာတွေက ကျေးဇူးတင်ကြ၊ သာဓုခေါ်ကြပေါ့ရှင်..။ (ကျမ ကလဲ ဆေးအလှုရှင်များကိုရော၊ ကျမရဲ့ volunteer များ ကိုရော.. ကျေးဇူးအထူး ပါ နော်..)

ဆေးခန်းလေး လည်ပါတ်နေပြီဆိုတော့ သီလရှင်ကျောင်းမှာ အိမ်သာလုပ်ပေးနေတာမို့ အခြေအနေ သွားကြည့်ပါ တယ်..။ service ကန် တူးနေပါပြီ..။ အိမ်သာ တံခါးတွေကို ဖိုင်ဘာတံခါး တပ်ရင် အလင်းရောင်လဲ ရ အလုပ်လဲ သက်သာမယ့် အကြောင်း ပြောပြပါတယ်..။

ဆရာလေးများက ကျောက်ကားက ချသွားတဲ့ ကျောက်စရစ်တွေ ကို ကိုယ်တိုင် သယ်နေ၊ ရွက်နေကြတာမို့ ကျမ ကလဲ (အာပလာ လုပ်ပြီး) နဲနဲ ဝင်ကူခဲ့ပါတယ်..။ ဆရာလေးတွေ သိပ် အလုပ်လုပ်ကြတာဘဲ..။ ကျောက်စရစ် သယ်၊ အုတ် သယ်၊ သဲတွေ သယ် နဲ့ အလုပ်သမားခ သက်သာအောင်လို့ ကိုယ်တိုင်ဝင်လုပ်ကြတာပါ။ အလှူရှင်များ လှူရတာ သက်သာအောင်၊ လှူတဲ့ငွေပေါ်မှာ မဖြစ်မနေ ကုန်ရမဲ့ ကိစ္စကိုသာ သုံးကြတာပါ..။ လက်တွေပေါက်ပြဲကြတဲ့ အထိကို.. လုပ်ကြရရှာတာပါ..။

ကျောက်ကွင်းဆရာတော် နေ့ဆွမ်းဘုန်းပြီးတော့ ဆရာတော်က ဆိုင်ကယ် တစ်စီး၊ ကျမ က တစ်စီး ချောင်းခွကြီးရွာကို နေ့လယ် ၁၂ နာရီ လောက်မှာ စထွက်ပါတယ်..။ ဆရာဝန်တွေ နဲ့ ကလေးတွေ က(ကျောက်ကွင်းရွာက ကျမတို့ ရဲ့ volunteer သမီးငယ်လေး ကလဲ ကူညီဖို့ ရောက်လာပြီး) ဆေးခန်းမှာ ကူဖို့ နေခဲ့ပါတယ်။

ကျမတို့ ဒီတစ်ခါတော့ ခါတိုင်းလို ဝက်ထီးကန်လမ်းဘက်က မသွားဘဲ ပေါင်းတလည်၊ ပေါက်ခေါင်း လမ်းက သွားပါတယ်..။ ပေါင်းတလည်၊ ပေါက်ခေါင်း လမ်းက နဲနဲ ကျဉ်းပေမဲ့ လမ်းပိုကောင်းပါတယ်..။ ပေါင်းတလည်မှာ ချောင်းခွကြီးရွာကျောင်း ဆရာတော်နဲ့ ဆီဆိုင်မှာ တွေ့ကြပါတယ်..။ ဆရာတော်က ရေ လိုအပ်တဲ့ နေရာတွေ နဲ့ ရေ ရနိုင်တဲ့ နည်းလမ်း တွေ ပြောပြီး ကူညီနိုင်တဲ့ သူများရှိရင် ရေ ရအောင်ကူညီပေးဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်..။

ပေါက်ခေါင်း မရောက်ခင် မှာ လက်ဝဲဘက်ကို ချိုးပြီး မြေလမ်းကလေးအတိုင်း ဆက်မောင်းရပါတယ်..။ ဆိုင်ကယ် နောက်မှာ ထိုင်စီးရင်းနဲ့ အဲဒီ ခရီး စဉ်လေးကို ကျမ စိတ်ထဲ ကနေ.. “နေပူပူ၊ ဖုံထူထူ၊ လမ်းကြမ်းကြမ်း၊ ချွေးပြိုက်ပြိုက်..” လို့ နာမည် ပေးနေမိပါ တယ်..။ တစ်ကယ်ကိုဘဲ နေကလဲပူ.. ၊ အချိန်ကလဲ နေ့လယ်ခင်း ဆိုတော့ နေက ခေါင်းပေါ် တည့်တည့်၊ ပူတာ ဘာပြောကောင်း မလဲ..။ ဖုံတွေကလဲ တသောသော၊ လမ်းတွေကလဲ၊ သဲကျင်းတွေ၊ တောင်ကမူ အတက် အဆင်းတွေ နဲ့ မို့၊ ဆိုင်ကယ်စီး နေ ရင်း ဘေးဘီကို ကြည့်တော့လဲ အပင်ကြီးတွေ မရှိ၊ အရိပ်မရှိ၊ ခရီးသွား လဲ မရှိ၊ နဲ့ စိတ်ထဲ မှာ ဒီတလမ်းလုံးမှာ တို့ ဆိုင်ကယ် ၂ စီး ဘဲ ရှိလေသလား အောင်းမေ့မိတယ်..။ ဒါကြောင့် သူတို့က သနပ်ခါးကို ဘဲကြားနေအောင်လိမ်းပြီး အပူဒဏ်၊ နေဒဏ်ကို ကာကွယ်ကြရတာပေါ့လေ..။

“ဆရာမ က ရန်ကုန် ရောက်ရင် ပြန်ဖြူမှာ.. ကျနော်တို့က အစကထဲက အသားမဲတာ.. ဆရာမရဲ့..” လို့ သူတို့က ပြောသေးတာ….

ပြည်ကနေ ချောင်းခွကြီး အထိ ၂၅ မိုင်လောက်ရှိပါတယ်..။ ချောင်းခွကြီးရွာ ရောက်တော့ နေ့လယ် ၁ နာရီခွဲ ပါ..။ ကျေးရွာသားဖွားခန်းမှာ ရေခက်ခဲ တာမို့ အကူအညီတောင်း လို့ ရေ ရအောင် ကူညီခဲ့တာပါ..။ ဒီတွင်းကတော့ တုံကင် တွင်းပါ။ ရေနဲ့ နဲနဲ ဝေးတော့ တုံကင် တင်ရင် မတက်လို့ တုံကင်ကို တွင်းထဲ ၁ဝပေလောက်ချထားပြီး ကြံဖန်လုပ်ထားတဲ့ နှစ်ထပ် တုံကင် တွင်းပါတဲ့။ ကျမတို့ လဲ ကိုယ်တိုင် ဝင်ပြီး ရေ ဆွဲကြည့်ကြပါတယ်..။ ရေကြည်ပါတယ်..။ ကောင်းလဲ ကောင်းပါတယ်..။

အဲဒီ ၁၄-၅-၂၀၁၁ နေ့ က ၅ နှစ်အောက် ကလေးတွေ ပိုလီယို ကာကွယ်ဆေး တိုက်ရက်ပါ..။ ရွာစဉ် လှည့်ပြီး ကလေး တွေ ဆေးတိုက်ပြန်လာတဲ့ သူနာပြုဆရာမလေးနဲ့ တွေ့ရတော့.. သူ့မျက်နှာချိုချိုလေးကြောင့် ပူနေတဲ့ နေအောက်က ကျမရဲ့ ရင်တွေ အေးချမ်းသွားပါတယ်..။ အော်.. သူ့လို.. ဆရာမလေး တစ်ယောက်ရှိတဲ့ အတွက် ရွာမှာ အကျိုးများ ပေ တယ်.. လို့ ကျေးဇူးလဲ တင်မိပါတယ်..။ ဆရာမလေးက ရေတွင်းတူးတော့ ပန်းရံက အုတ်စီတာ ကို လက်ခ ၃ သောင်းခွဲ တောင်းတာမို့ ကုန်ကျစရိတ်များသွားမှာ စိုးလို့ ရွာကျောင်းက ဦးဇင်းတွေ ကိုယ်တိုင် ဝင်ပြီး ပန်းရံ လုပ်ပေးတဲ့ အကြောင်း ပြောပြရင်း.. ကျမတို့ လှူတဲ့ ငွေ ၂ သိန်းမှာ ၅၀၀ဝ ကျပ် ပိုတဲ့ အကြောင်း စာရင်း လေး နဲ့ ပြန် အပ်ပါတယ်..။ ကျမက ဆရာမရယ် ပြန်မပေးပါနဲ့ ဒီပိုက်ဆံကို ဆေးခန်းအတွက် လိုတာ ထဲ့သုံးလိုက်ပါ.. ဆိုတော့၊ ဆရာမ က “ဘုန်းကြီးက ဆေးခန်း အတွက် ရေစည် ဝယ်ပေးမယ်ပြောတယ်.. အဲဒီ ထဲ ထည့်လိုက်မယ်.နော် …” လို့ ပြောပါ တယ်..။ အော်.. သံဃာတော်တွေ.. ရပ်ရွာ အကျိုး ၊ အများအကျိုး နိုင်ရာ ဝင်ကူပေးနေကြတာနော်..။

“ကျေးဇူးတင်လိုက်တာ… ” .. လို့ တဖွဖွ ပြောတဲ့ (ဆေးခန်းမှာ ရေ အဆင်ပြေသွားတာကို .. အရမ်းပျော်နေတဲ့..) ချစ်စရာ ဆရာမလေး နဲ့ ကျမ ကျေးရွာသားဖွားခန်းလေးရှေ့မှာ အမှတ်တရ ဓါတ်ပုံ တွဲ ရိုက်ခဲ့ ပါသေး တယ်..။

ပြီးတော့ ကျောက်ကွင်းရွာကို ခရီးဆက်ကြပါတယ်..။ ကျောက်ကွင်းရွာရောက်တော့ နေ့လယ် ၂ နာရီခွဲပါပြီ..။ ရွာမှာ တော့ ပညာသင်ထောက်ပံ့ကြေးပေးမှာမို့ ခေါ် ထား တဲ့ ကလေးတွေရယ်..။ ပညာသင် ထောက်ပံ့ကြေး လျှောက်ချင်တဲ့ ကလေးတစ်ချို့ရယ်.. ရောက်နေကြပါတယ်..။ ကလေးတွေကို လျှောက်လွှာတွေဖြည့်ခိုင်းပြီး၊ အလှူရှင် ရပြီါ်သား ကလေးတွေအတွက် ပညာသင်စရိတ် တစ်နှစ် စာ (၂၀၁၁-၂၀၁၂) စီကို် ဆရာတော့်ဆီမှာ အပ်ခဲ့ ပါတယ်..။ နောက်ထပ် လျှောက်လွှာတင်ကြတဲ့ ကလေးတွေ အတွက်လဲ လိုအပ်မှု အခြေအနေကို ဆရာတော်နဲ့ မေးမြန်းတိုင်ပင်ခဲ့ပါတယ်..။

ပြီးတော့ ကျမတို့ ရဲ့ ဆောက်လက်စ ကျောက်ကွင်းရွာ စာကြည့်တိုက် အဆောက်အဦး ကိုလဲ ဓါတ်ပုံရိုက်ခဲ့ပါတယ်..။ ရသရွေ့ အလှူတွေ နဲ့ တဖြေးဖြေးချင်း ဆက်ကြိုးစားလာတာ.. အခု ဘေးအကာတွေ လုပ်နေပါပြီ..။ (အင်္ဂတေ အခင်း မခင်းရသေးပါ)။ ကလေးတွေ၊ လူငယ်တွေ စာတော်တော် ဖတ်ကြပါတယ်..။ စာအုပ်ငှားစာရင်း စာအုပ်ကို စာမျက်နှာ ၈ဝ ဗလာစာအုပ်နဲ့ လုပ်ထားတာ၊ တစ်ဝက်ကျော်နေပါပြီ..။ ဒီ မေလ ဆန်း ကမှ စ ငှားပေးတာပါ။ အရင် ကတော့ ကျောင်းမှာ ဘဲ ပေးဖတ်တာပါ..။ အဲဒီ စာအုပ်ငှားမှတ်တမ်းအတွက် ဇယားလေး လုပ်ပေးရ အုံးမယ်..။ စာအုပ်ငှားစာရင်း မှာ.. အစ ပိုင်းတော့ ကာတွန်းတွေ များပေမဲ့ တဖြည်းဖြည်းနဲ့ စာကောင်းတွေ စ, ဖတ် လာ ကြပါပီ..။ နေ့လယ်ခင်းလဲ ကလေးတွေ စာ, လာ လာ ဖတ်နေကြတာကို တွေ့ရပါတယ်..။

ပြီးတော့ ဆရာတော်နဲ့ ရေတွင်းတွေ ထပ်လိုအပ်နေတဲ့ ကိစ္စတွေ၊ ကျောက်ကွင်းရွာမှာ မူလွန်ကျောင်း ဖွင့်ခွင့်ကျခဲ့ရင်.. လိုအပ်မဲ့၊ လုပ်ပေးရမဲ့ ကိစ္စလေးတွေ ဆွေးနွေးကြပါတယ်..။

ကျောက်ကွင်းရွာကနေ ပြန်ထွက်တော့ ညနေ ၅ နာရီပါ..။

ချောင်းကျိုးရွာကို ဝင်ပြီး သူနာပြုသင်တန်း ဒီပလိုမာ တက် နေတဲ့ ကျောင်းသားတစ်ယောက်နဲ့ သွားတွေ့တာပါ..။ ကလေးရဲ့ မိဘတွေက ကျဘမ်း လုပ်ပါတယ်။ ကျမတို့ရောက်တဲ့ အချိန်မှာတော့ ထန်းလက်အမိုးပြစ်တွေ လုပ်နေကြပါ တယ်..။ ကလေးက သူနာပြုသင်တန်း တတိယနှစ် (နောက်ဆုံးနှစ်) ရောက်နေပါပြီ..။ နောက်ထပ် ၅ လ တက်ပြီးရင် ကျောင်းပြီးပါပြီ။ အဲဒါကို မတတ်နိုင်တော့လို့.. အကူအညီရလေ မလားရယ် လို့ ရွာကျောင်း ဆရာတော်က တဆင့် ဆက် သွယ် လာတာပါ..။ ပြည်မှာ သွားတက်ရတာမို့ အဆောင်နေ ရပါတယ်..။ အဆောင်ကြေးလဲ မပေးနိုင်လို့ အကြွေးထား ပြီး မိဘ များက ဟိုကချေး၊ ဒီကငှား နဲ့ ဖြေရှင်းရပါသတဲ့..။ အခုတော့ ဘယ်ကမှလဲ ချေးလို့ ငှားလို့ အဆင်မပြေ၊ အကြွေး တွေလဲ တင်နေတာမို့.. ကျောင်းထွက်ရမလို ဖြစ်နေရှာ တာပါ..။ ကျမက ကလေးနဲ့ စကားပြောကြည့်ပါတယ်..။

“သားက အခု နောက်ဆုံးနှစ်နော်..။ ၃ နှစ်ဘဲ တက်ရတာလား..”

“ဟုတ်ပါတယ် .. ဆရာမ..”

“အဆောင်လခ ဘယ်လောက်ပေးရလဲ.. သား..”

“တစ်လကို ခုနှစ်ထောင် ပါ ဆရာမ..”

“ထမင်း လ ပေးစားရင်ကော.. ဘယ်လောက်ပေးရသလဲ..”

“သုံးသောင်းပါ .. ဆရာမ..”

“သားက ဒီ သူနာပြုသင်တန်းကို ဝါသနာပါလို့ တက်တာလား..”

သူက ဒီမေးခွန်းကို ချက်ချင်းမဖြေပါဘူး။ ကျမက ဆက်ပြီး …

“ဆရာမမေးတာက ဝါသနာပါလို့လား.. ၊ ဒါမှမဟုတ် အခြေအနေ အရ တက်ခဲ့ရတာလား..လို့ ပါ..”

“ဝါသနာလဲ ပါပါတယ်.. ဆရာမ။ ဒါပေမဲ့ ကျနော် တစ်ကယ်ဖြစ်ချင်တာက အင်ဂျင်နီယာပါ….”

“အော်..ဒါဆိုဘာလို့ မတက်တာလဲ.. သား..”

“အမှတ်လဲ မှီပါတယ်.. ဆရာမ။ ပထမနှစ်တက်နေရင်းနဲ့ အိမ်က မထားနိုင်တော့လို့ ကျောင်းထွက်လိုက်ရလို့ပါ..။ နောက်တစ်နှစ်ကျမှ ဒီက သူနာပြုသင်တန်းခေါ်လို့ ဝင်ခွင့်လျှောက်ပြီး၊ လူ ၅ဝ ခေါ်တဲ့ထဲမှာ ပါလို့ တက်ရတာပါ..။”

ကျမရင်ထဲ စိတ်မကောင်းဖြစ်သွားရပါတယ်..။

“အော်.. သားရယ်၊ ဆရာမတို့ နဲ့ စောစောတွေ့ရင်.. မင်းဖြစ်ချင်တဲ့ အင်ဂျင်နီယာဖြစ်ဖို့ ထားပေးနိုင်မှာ..” .. လို့ ရင်ထဲက မြည်တမ်းမိပါတယ်..။

၁ဝ တန်းကို ၂၀၀ရ မှာအောင်တာပါ..။ သချာင်္ ဂုဏ်ထူး ပါပြီး အမှတ်ပေါင်း ၃၈၈ ရပါတယ်.။ပြည် နည်းပညာ တက္ကသိုလ် မှာ ပထမနှစ် တက်လက်စ နဲ့ ကျောင်းထွက်ခဲ့ရပြီး၊ ၂၀၀၉ ခုနှစ်မှ သူနာပြုသင်တန်း ဝင်ခွင့် လျှောက်ပြီး ပြန်တက်ခဲ့ တာ ပါ..။

သူက ကိုယ်ရေးမှတ်တမ်းရေးဖြည့်နေတုံးမှာ သူ့ကိုကြည့်ပြီး ကျမရင်ထဲမှာ “အော်.. သူများတွေ အဆောင်လခ ပေး နေကြ တဲ့ အချိန်မှာ၊ လခ မပေးနိုင်လို့ အကြွေးထားနေရတဲ့ သူ့မှာ မျက်နှာငယ်ရှာမှာပေါ့..။ သူများတွေ ထမင်း လ, ပေးစားကြ တော့ သူ ပိုက်ဆံ မပေးနိုင်ဘဲ ဘယ်လိုများ ဖြေရှင်းနေပါလိမ့်..။ ထမင်းတွေ နပ်မှန်အောင်မှ စားရရှာရဲ့ လား..။” ဒီမေးခွန်းတွေကို စိတ်ထဲကဘဲ မေးနေမိပါတယ်..။ နုတ်ကထုတ်ပြီး မမေးရက်တော့ ပါဘူး..။

သူကလေးရဲ့ နွမ်းပြီး ညှိုးငယ်နေတဲ့ မျက်နှာလေးကိုမြင်ရတဲ့ အခိုက်မှာ .. ကျမရင်ထဲမှာ .. သားသမီးချင်း စာနာစိတ်နဲ့ ..

ဂရုဏာမြစ်တစ်စင်း.. ဖြာဆင်းသွားလေရဲ့ ….။ သူ့မျက်နှာလေးဟာ ရေမရလို့ နွမ်းနေတဲ့ ပန်းကလေး တစ်ပွင့်လိုပါဘဲ..။ အော်.. ပွင်တဲ့ ပန်းတိုင်းလန်းဆန်းဖို့ အခွင့်အရေးလေးတွေ ရစေချင်ပါတယ်..။

သူက ကိုယ်ရေးမှတ်တမ်း ဖြည့်ပြီးတော့ ကျမ သူ့ကို ငွေလက္ခံ စာရွက်မှာပါဖြည့်ခိုင်းပြီး ဒီလ အတွက် အသုံးစရိတ်လေး ရအောင်၊ အဆောင်လခလေးလဲ ပေးနိုင်အောင်လို့ ငွေ နှစ်သောင်း ပေးခဲ့ပါတယ်..။ သူတို့ရဲ့ စာမေးပွဲကြီးက အောက်တိုဘာလ မှာ ဖြေမှာမို့ နောက်ထပ် ၅ လ ဘဲ ကျန်ပါတော့တယ်..။

တစ်လကို လေးသောင်းနှုန်းနဲ့ ထောက်ပံ့ရင် ၅ လ ဆိုတော့ ၂ သိန်းပေါ့နော်..။

နောက် ၅ လ မှာ ဒီပလိုမာ ရသွားရင် ဆေးရုံတွေကတော့ ချက်ချင်း မခန့်သေးပါ ဘူးတဲ့..။ ဒါပေမဲ့ အပြင်ဆေးခန်းတွေ မှာ အလုပ်ရ နိုင် တာ ကြောင့် သူ့ဘဝလေးကို သူရပ်တည်သွားနိုင်မှာပါ..။ အဆင်ပြေရင် သူ့မိဘတွေ ကိုပါ ပြန်ကြည့်နိုင် မှာပါ..။ ဆရာတော့် ပြောကြားချက်အရ သူ့မိဘတွေမှာ သူ့အတွက် အဆောင်ကြေးပေးဘို့၊ နဲ့ ကျောင်းစရိတ်တွေ အတွက် ချေးငှား ထားရတဲ့ အကြွေးတွေ ရှိနေသတဲ့..။ သူကျောင်းပြီးလို့ အလုပ် လုပ်တော့မှ ပြန်ဆပ်နိုင်မှာ… တဲ့..။

အခက်အခဲတွေနဲ့ ပညာသင်ခွင့်တွေ ဆုံးရှုံးကြရတဲ့ ကလေးတွေကို တွေ့ရရင် သနားဂရုဏာဖြစ်မိပါတယ်..။ ကျမတို့ နဲ့ ကံစပ်လို့ တွေ့ရင်တော့ တတ်နိုင်သလောက်ကူညီပေးခဲ့ပါတယ်..။ တစ်ချို့လဲ ချက်ချင်း တွေ့ရတော့ ချက်ချင်းကူညီနိုင်ပြီး၊ အဆင်ပြေသွားကြပါတယ်။ တစ်ချို့လဲ အချိန်မှီသေးရင်ကျောင်းပြန်အပ်ပေး၊ ထားပေးနိုင်သေးတယ်..။ တစ်ချို့ကျတော့ ဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေ မျိုးမှာတွေ့ရတယ်..။ အခု ကျမတို့ကို လာကြိုကြတဲ့ ဆိုင်ကယ် ကလေး လေး တစ်ယောက် ကလဲ သူ့ကိုကျောင်းထားပေးတဲ့ ဘကြီးက သူ ရ တန်းမှာ ဆုံးသွားလို့ ကျောင်းဆက် မဆက်ရတော့တာ… တဲ့..။ အခုတော့ သူ ၂၂ နှစ်ရှိနေပြီလေ..။ ပြန်ထားပေးလို့ လဲ မရတော့တဲ့ အခြေအနေမှာ မှ တွေ့ရတာလေ..။

ချောင်းကျိုးရွာကနေ ဆက်ပြီး ဝက်ထီးကန်၊ အဲဒီကနေ ပြည်ကိုရောက်တော့ ညနေ ရ နာရီ ကျော်ပါပြီ..။ ဆိုင်ကယ် ကလေး တွေက စတော်ဘယ်ရီ ဖျော်ရည် တောင် မသောက်ဖူးဘူး ဆို လို့ ကျမက ဝယ်တိုက်ချင်တာ.. ၊ ဆရာဝန်တွေ၊ ဆရာမတွေ၊ ထမင်းစားပြီး တော့ ရ နာရီ ခွဲပါပြီ။ ရောက်တုံးရောက်ခိုက် ပြည်ရွှေဆံတော် ဘုရားသွားဖူးကြပါသေးတယ်.။ ဘုရားပေါ်က ဆင်းလာတော့ ည၈ နာရီကျော်ပါပြီ။ ကားက ည ၉ နာရီကားမို့ စတော်ဘယ်ရီ ဖျော်ရည် ရတဲ့ အအေးဆိုင် ကို ရှာဖို့ အချိန်မရတော့တာမို့ ဘုရားခြေရင်းက အအေးဆိုင်မှာဘဲ အားလုံးကို ကြံရည် ဝယ်တိုက်လိုက်ပါတယ်.။ “စတော်ဘယ်ရီ ဖျော်ရည် အကြွေးမှတ်လိုက်နော်..။ ဆရာမ နောက်တစ်ခေါက်မှ ဝယ်တိုက်တော့ မယ်…” လို့.. နှစ်သိမ့် ခဲ့လိုက် ရ ပါတယ်..။

ပြည် အဝေးပြေးဂိတ်ကို ရောက်တော့ ည ၈ နာရီခွဲကျော်ပါပြီ..။ ကလေးတွေက ကျမတို့ ရဲ့ ပစ္စည်းတွေကို ကားပေါ် အရောက် တင်ပေးကြပါတယ်..။ ကျမတို့ လဲ ကားပေါ်နေရာကျပြီ ဆိုတော့.. မှ..မိုးလေးက တစ်ပေါက်ပေါက် စ ရွာလာ ပါတယ်..။ ဆရာတော်နဲ့ ကလေးတွေကို နုတ်ဆက်ပြီး၊ ဆရာတော်တို့ လဲ ပြန်ကြပါတယ်..။ သောကြာနေ့ ည ကထဲက မနားမနေ ခရီးနှင်ခဲ့ အလုပ်လုပ်ခဲ့ကြတာကြောင့်၊ ကျမတို့ တစ်ဖွဲ့လုံး တစ်ကယ်တော့ ပင်ပန်းကြပါတယ်..။ ဒါပေမဲ့ စိတ် တော့ မနွမ်းကြပါဘူး..။ လန်းနေကြပါတယ်..။

ကားထွက်ရင်တော့ တို့တော့ အိပ်ပြီ… လို့ ကြိမ်းဝါးထားပေမဲ့ လဲ ချက်ချင်း မအိပ်ဖြစ်ကြသေးဘဲ.. ကလေးတွေ အကြောင်း..၊ လူနာ တွေအကြောင်း..၊ နောက်ထပ် လုပ်ရမဲ့ ကိစ္စလေးတွေ တစ်ချို့ ကို ပြောဖြစ်ကြပါတယ်.. ။

ခဏနေတော့ မျက်လုံး တွေ လဲ.. ညောင်းလာပြီး .. မျက်စေ့မှိတ်ပြီး.. ဒီခရီးစဉ် ရဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှဝေနေ မိပါတယ်.. ။ ကားပေါ်က ဖွင့်တဲ့ ရုပ်ရှင်ကိုလဲ.. မြင်တစ်ချက် ကြားတစ်ချက်နဲ့ မှိန်းပြီး.. လိုက်ခဲ့ပါတယ်..။

၁၅-၅-၂၀၁၁ နေ့ ..

ရန်ကုန် ကို မနက် ၃နာရီခွဲမှာ ဝင် ပါ တယ်..။ အိမ်ရောက်တော့ မနက် ၄နာရီခွဲပါပြီ..။ တနင်္ဂနွေနေ့မို့ ရုံးသွားစရာ မလိုတာမို့ ဒီနေ့တော့ အိပ်ရေး ဝအုံးမှာပေါ့…။ ဒီနေ့ ၁၅-၅-၂၀၁၁။ ကျမ သားငယ်လေးရဲ့ ၁၁ နှစ်ပြည့် မွေးနေ့ပါ။

ကျမ ပြန်ရောက်တာနဲ့ အိပ်ယာထဲကနေ.. “မေမေပြန်လာပြီ လား..” လို့ လှမ်းမေးနေတာမို့..

“ပြန်ရောက်ပြီ..သားလေးငယ်..။ မေမေ လာခဲ့မယ်နော်.. I love you so much .. နော်..”

ခြေလက်ဆေးကြော၊ သန့်စင်ပြီးရင်..

သားကလေးကို ရင်ခွင်ထဲမှာ နွေးထွေးစေမယ်နော်….။

ကျမရဲ့ အလှူရှင်များ၊ volunteerများ၊ နဲ့ အားလုံးသော.. လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ များအားလုံး ဒီခရီးစဉ်တစ်လျှောက် ပြုခဲ့ သော၊ ဘဝ အဆက်ဆက်မှ ယနေ့တိုင် ပြုခဲ့သော ကုသိုလ် ကောင်းမှု အစုစု အတွက်.. အမျှ ..၊ အမျှ..၊ အမျှ..။ အမျှ ရကြ၍၊ ကျန်းမာ၊ ချမ်းသာ၊ လန်းဖြာ.. ကြပါစေ…။

ဓါတ်ပုံတွေကြည့်ချင်ရင်တော့ ဒီLink တွေမှာပါ…။

http://www.facebook.com/media/set/?set=a.103170879774713.6703.100002454041959

ပွင့်သော ပန်းကလေးများတိုင်း လန်းဆန်း နိုင်ကြပါစေ ….။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

GIVE THE WORLD THE BEST YOU HAVE!

I LEARN TO GIVE NOT BECAUSE I HAVE MANY, BUT BECAUSE I KNOW THE FEELING OF ံNOTHING.

IF I CANNOT BE A BRICK, I WISH TO BE A PIECE OF SAND TO HEAL THE WORLD

ဆရာလေး ၅ရ ပါး ရှိပါတယ်
မနက် ၉နာရီ ကနေ ညနေ ၄ နာရီထိ လူနာ ၁၇၃ ယောက် ကြည့်ပေးရပါတယ်
ဆရာလေးတွေ သိပ်အလုပ်လုပ်ကြပါတယ်
အလှူရှင်တွေရော volunteer ဆရာဝန်လေးတွေကိုပါ ကျေးဇူး အထူးတင်ပါတယ်၊
စာကြည့်တိုက်မှာ ကလေးတွေစာလာဖတ်ကြတယ်။

2 comments

  • MaMa

    May 25, 2011 at 1:03 pm

    (GIVE THE WORLD THE BEST YOU HAVE!)
    ကိုယ့်ခံယူချက်ကို အကောင်အထည်ဖော်နိုင်တာ ဂုဏ်ယူစရာပါ။ ခေါင်းဆောင်ပြီးလုပ်တဲ့ မေအေးဦးကိုရော၊ volunteer များကိုရော၊ donor များကိုရော ချီးကျူးပါတယ်။ ပြုခဲ့တဲ့ ကုသိုလ်တွေကိုလည်း သာဓုခေါ်ပါတယ်။

  • nature

    May 25, 2011 at 3:05 pm

    (GIVE THE WORLD THE BEST YOU HAVE!)
    ကိုယ့်ခံယူချက်ကို အကောင်အထည်ဖော်နိုင်တာ ဂုဏ်ယူစရာပါ။ ခေါင်းဆောင်ပြီးလုပ်တဲ့ မေအေးဦးကိုရော၊ volunteer များကိုရော၊ donor များကိုရော ချီးကျူးပါတယ်။ ပြုခဲ့တဲ့ ကုသိုလ်တွေကိုလည်း သာဓုခေါ်ပါတယ်။

Leave a Reply