ဘဝခရီးလမ်းပေါ်မှ သူငယ်ချင်းများ …
အရင်အပတ်က ငယ်သူငယ်ချင်းတွေ ဆုံမိခဲ့ကြပါတယ်။ လူ့ဘဝသက်တမ်း ထက်ဝက်ကျော်လာပြီဖြစ်တဲ့ ကျွန်မတို့ သူငယ်ချင်းလေးယောက် တစ်နေရာထဲမှာ တွေ့ဆုံနိုင်တဲ့ အခွင့်အရေး အလွန်နဲပါးလာခဲ့ပါတယ်။ ကျွန်မသက်တမ်းတလျှောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ် လေးခုမှာ ပညာသင်ခဲ့ဖူးတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေ အများအပြားရှိခဲ့ပေမယ့် စက်မှုတက္ကသိုလ်ဝင်းထဲက ဂျီဟောလ်ဆောင်မှာ တစ်ခန်းထဲအတူနေခဲ့ကြတဲ့ သူငယ်ချင်း ၄ ယောက်ကတော့ အချစ်ဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြပါတယ်။ 1998 ကျောင်းပြီးကထဲက တစ်ယောက်တစ်လမ်းစီလျှောက်ခဲ့ကြရင်း ရံဖန်ရံခါမှသာ ၄ ယောက်စုံနိုင်ပါတော့တယ်။ ၆ နှစ်လောက် မဆုံခဲ့ကြတဲ့သူတွေ ပြီးခဲ့တဲ့အပတ်က စင်ကာပူရောက်နေတဲ့ သူငယ်ချင်း ရန်ကုန်ကို ခဏပြန်လာတာနဲ့ အားလုံးတွေ့ရအောင် အတင်းစီစဉ်ပြီး ကျွန်မအိမ်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတော့တယ် …
ပြောမနာ ဆိုမနာ အားမနာ ပါးမနာ ဝေဖန်ရန်ဖြစ်ခဲ့ကြတဲ့ ကျွန်မတို့တွေ အခုလဲ အရင်လိုပဲ သဘောထား မတိုက်ဆိုင်ဆဲ၊ စကားများဆဲပေမယ့် ဟန်ဆောင်မှုကင်းကင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုရင်း ငယ်ကျိုးငယ်နာဖော်လိုက်ကြတာ အားလုံး အသက် ၁၅ နှစ်စီလောက် ပြန်ငယ်သွားသလို ခံစားခဲ့ကြရပါတော့တယ် …
ကျွန်မတို့ မျှော်မှန်းခဲ့တဲ့ဘဝနဲ့ ယခုလက်ရှိဖြစ်နေတဲ့ဘဝမှာ လွဲမှားနေတာတွေက ရီစရာကောင်းလှပါတယ်။ ၄ ယောက်စလုံး အသက်မွေးဝမ်းကျောင်းအလုပ်ကိုယ်စီနဲ့ ဘဝတစ်ခုအတွက် နေသားတကျဖြစ်နေကြပေမယ့် ကိုယ်ဖြစ်ချင်တာကို သူကဖြစ်နေတာမျိုး၊ သူဖြစ်ချင်တဲ့ သူလိုချင်တဲ့ ဘဝမျိုးမှာ ကိုယ်ကရှိနေတာမျိုးနဲ့ ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲ မကျတာတွေတော့ ရှိနေပါတယ် …
တစ်ဦးမရှိတာကို တစ်ဦးကပိုင်ဆိုင်ထားလို့ အားကျတယ်လို့ ပြောမိတိုင်း အပြန်အလှန် ကောင်းကွက် ဆိုးကွက်တွေ ထောက်ပြရင်းနဲ့ အားလုံးဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ဘဝတွေမှာ ရပ်တည်နေကြပါလားလို့ သတိထားမိခဲ့ပါတယ် …
နံပါတ် (၁) အနေနဲ့ ကျွန်မအကြောင်း အနဲငယ်ပြောပြချင်ပါတယ်။ ကျွန်မကတော့ အလွန်စာကြည့်ပျင်းသော၊ အသုံးအဖြုံးကြီးသော၊ အစားအသောက်များကို ချက်ပြုတ်ဖို့ ဝယ်စားဖို့ အလွန်ဝါသနာပါသော၊ အလွန်စပ်စုတတ်သော၊ မိဘလက်ငုတ်လက်ရင်း အလုပ်အကိုင်ရှိပြီးသား သူတစ်ဦးဖြစ်ပါတယ်။ ကျောင်းစာကို ခုံနံပါတ် နောက်ဆုံးကနေ ကပ်ပြီးအောင်လေ့ရှိလို့ ဘွဲ့ရတာနဲ့ နောက်ဘယ်တော့မှ ဘာကျောင်းမှ ဆက်မတက်တော့ပဲ စီးပွားရေးပဲ လုပ်တော့မယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအခု လက်ရှိဖြစ်နေတာကတော့ စာအုပ်ပုံထဲမှာ ခေါင်းနှစ်ထားရသော၊ ကွန်ပျူတာတစ်လုံးဖြင့် တစ်နေကုန် အလုပ်လုပ်ရသော ပြည်တွင်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးအနေဖြင့် ရပ်တည်နေပါတယ်။ ထမင်းဟင်း ဖြစ်သလိုသာချက်စားနိုင်သော၊ တန်ဖိုးကြီး အစားအစာများကို ဝယ်စားနိုင်လောက်အောင် ဝင်ငွေမများသော၊ မည်သည့်အကြောင်းအရာကိုမှ စိတ်မဝင်စားအားသော၊ အူကြောင်ကြောင် အတွေးအခေါ်များနဲ့ သူတို့တွေကြားထဲမှာ မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်လို ဖြစ်နေပါတော့တယ် …
နံပါတ် (၂) သူငယ်ချင်းကတော့ တိုင်းရင်းသားလူမျိုးတစ်ဦးဖြစ်ပါတယ်။ ကျောင်းတက်စဉ်မှာတုန်းက သူ့ဝါသနာက အနုပညာဖြစ်တဲ့ ပန်းချီဆွဲခြင်းနဲ့ တစ်ခုခုကို လေးလေးနက်နက် တွေးခေါ်တတ်သူဖြစ်ပါတယ်။ စာတော်ပြီး အမှတ်ကောင်းကောင်းရလေ့မရှိတဲ့သူတစ်ဦးဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအလွန်များသူဖြစ်ပါတယ်။ သူလုပ်လျှင် ဘာမဆိုဖြစ်နိုင်တယ်လို့ ယုံကြည်လေ့ရှိပြီး မိန်းမပီပီသသ ချောမောလှပသူတစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိ သူ့ဘဝကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပိုက်ဆံကလွဲပြီး ဘာမှမရှိသော လူတစ်ဦးဖြစ်နေပါတယ်။ ယုံကြည်မှုများလဲ ပျောက်ဆုံးနေပါတယ်။ သူ့ကို မြင်ရတာ သနားစရာကောင်းနေပါတယ်။
နံပါတ် (၃) သူငယ်ချင်းကတော့ အစိုးရဝန်ထမ်းအရာရှိတစ်ဦးဖြစ်ပါတယ်။ နယ်မြို့လေးတစ်မြို့မှာ လက်ထောက်အင်ဂျင်နီယာအလုပ်ဖြင့် ကျေနပ်နေသူဖြစ်ပါတယ်။ ကျောင်းတုန်းကအဆင့် ၁ဝ အတွင်း အမြဲဝင်လေ့ရှိသော စာတော်သည့် ကျောင်းသူတစ်ဦးဖြစ်ခဲ့ပါတယ်။ မိဘများက အစိုးရဝန်ထမ်းများဖြစ်ပြီး သူကိုယ်တိုင်လည်း အစိုးရဝန်ထမ်းအလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ တောသူဌေးတစ်ယောက်နဲ့ တူနေပြီး ပွင့်လင်းရဲရင့်တဲ့ပုံစံက ယခင်ကအတိုင်း မပြောင်းမလဲရှိနေပါတယ်။ နယ်မှာ တောက်လျှောက်နေခဲ့လို့ အင်တာနက်ကိုတောင် မသုံးဖူးသေးသော၊ ခေတ်နှင့် မျက်ခြေပြတ်နေသူဖြစ်နေပေမယ့် စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်စရာဘဝတစ်ခုပိုင်ဆိုင်နေပါတယ်။ အရာရာတိုင်းကို အကောင်းမြင်တတ်တဲ့စိတ်ဓါတ်နဲ့ သူ့ကိုမြင်တွေ့လိုက်ရတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။
နံပါတ် (၄) သူငယ်ချင်းကတော့ စင်ကာပူမှာ အလုပ်သွားလုပ်ပြီး အခြေကျနေသူဖြစ်ပါတယ်။ ကျောင်းတုန်းကတော့ အင်ဂျင်နီယာအလုပ်ကို အလွန်ဝါသနာပါသော၊ အားလုံးအပေါ် ဆရာလုပ်တတ်သော၊ ရည်ရွယ်ချက်ကြီးမားသော ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ယခုလက်ရှိဘဝမှာ ကုမ္ပဏီတစ်ခုမှ အရောင်းမန်နေဂျာတစ်ဦးအနေဖြင့် ရပ်တည်နေပါတယ်။ လစာအတော်အသင့်ကောင်းသော၊ မိသားစုကို ထောက်ပံ့နိုင်သော၊ ခေတ်မှီဝတ်စားဆင်ယင်မှုရှိသော၊ အတွေးအခေါ်များ ကျွန်မတို့နှင့် မတူသော သူတစ်ဦးဖြစ်နေပါတယ်။ သူ၏ တစ်နေ့တာအလုပ်များကိုကြားရတာနဲ့တင် ကျွန်မတို့ကို ရင်မောစေပါတော့တယ် …
ကျွန်မတို့ ၄ ယောက်ထဲမှာ ဘယ်သူ့ဘဝက အကောင်းဆုံးဘဝလဲဆိုတာ ယခုအခြေအနေအထိ သေချာမသိနိုင်သေးပါဘူး။ နောင် ၁ဝ နှစ်လောက်နေရင်တော့ တမျိုးထပ်ပြီး ပြောင်းလဲလာအုန်းမလားဆိုတာလဲ မခန့်မှန်းနိုင်သေးပါဘူး။
ကျွန်မတို့ တစ်နေ့တာ တွေ့ဆုံခဲ့ကြပြီးနောက် ကျွန်မစိတ်ထဲမှာ ဘဝရည်မှန်းချက်အတွက် အသက်မွေးဝမ်းကျောင်း ရွေးချယ်မှုမတူတာနဲ့အမျှ ရပ်တည်မှုတွေ ကွဲပြားခဲ့ရပုံ၊ အတွေးအခေါ် အနေအထိုင်များပါ သိသိသာသာ မတူဖြစ်ခဲ့ရတာပုံ၊ မည်သည့်အရာမှ ပြီးပြည့်စုံခြင်းမရှိပဲ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လိုအပ်နေဆဲဖြစ်နေပုံ၊ စိတ်ဝင်စားမှုရှိပြီးဝါသနာနဲ့ထပ်တူကျသည့်အလုပ်ကို ရွေးချယ်ရန် အလွန်အရေးကြီးပုံတို့ကို အတွေးအမျှင်တန်းရင်းနဲ့ ကွန်ပျူတာထဲ ခေါင်းပြန်စိုက်သွားရပါတော့တယ် …..
12 comments
ဆူး
May 27, 2011 at 2:10 pm
ဘဝတွေ ဆိုတာ ဒီလိုပါပဲ..
ရတာ မလို လိုတာ မရ..
မဖြစ်ချင်တာ ဖြစ်.. ဖြစ်ချင်တာ မဖြစ်ရတာတွေ တဖြေးဖြေး ပိုသိလာတယ်။
အသက်ငယ်တုန်းကတော့ အားလုံးက မျှော်မှန်းလို့ရတယ် လုပ်မယ်ဆို လုပ်လို့ရမယ် ထင်ထားခဲ့ပေမဲ့.. လုပ်တိုင်း မဖြစ်တာ ရှိသလို မလုပ်ပဲ အလိုလို ဖြစ်သွားတာလည်း ရှိနေတာပဲ။
eros
May 27, 2011 at 3:24 pm
ဒီလိုပါပဲ ကျွန်တော်ဆိုရင် အခုအချိန်အထိ ရူးသွပ် အိမ်မက်မက်နေတာကတော့ လေကြောင်းလိုင်းက လေယာဉ်မှုး ဖြစ်ချင်တာပါပဲ။ ဒါပေမယ့် ကျွန်တော်လုပ်ခဲ့ရတဲ့ အလုပ်တွေကတော့ တခြားစီ ပါပဲ။ အလုပ်တခါပြောင်းလိုက်ရတိုင်း အရင်နဲ့ ဘာမှ မဆိုင်တဲ့ အသစ်နေရာ အသစ်သော အလုပ်လုပ်ရတာချည်းပါပဲ။ ကာယနဲ့ရော၊ ကာယဉာဏ နဲ့ရော ဉာဏနဲ့ရော အလုပ်လုပ်ဖူးပါတယ်။
fatty
May 27, 2011 at 4:29 pm
တင်ပြတဲ့ idea လေးကောင်းတယ်ဗျာ ………………………။
အဲဒီအပေါ်ကနေ တခုခု အဖြေရှာနိုင်ရင်ပိုကောင်းသွားမယ် ………………။
ကိုပေါက်(မန္တလေး)
May 27, 2011 at 4:30 pm
ဘယ်သူ့ဘဝက အကောင်းဆုံးလဲတော့ ပြောရတာခက်ပါမယ်။
ကိုယ်လက်တွေ့ပိုင်ဆိုင်လို်က်ရတဲ့အပေါ်မှာ ကျေနပ်နိုင်သူကတော့ စိတ်အချမ်းသာဆုံးလူဖြစ်မယ်ထင်ပါရဲ့။
လူတိုင်းမှာငယ်အိမ်မက်တော့ ရှိစမြဲပါ။
ကံကောင်းသူက ငယ်စဉ်ကဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်နဲ့တစ်ထပ်ထဲကျ
ဒါပေမယ့် ရလာတဲ့ဘဝကိုမပျော်ရွှင်တဲ့သူများလဲရှိပါ့။
ဖြစ်ချင်တာဘဲဖြစ်ဖြစ် မဖြစ်ချင်တာဘဲဖြစ်ဖြစ် လက်တွေ့ရနေတဲ့အပေါ်မှာ
ကျေနပ်စွာနေတတ်မယ်ဆိုရင် ကိုယ့်အတွက်တော့
လောကကြီးက သာယာနေမယ်လို့ထင်ပါရဲ့။
maythakhin
May 27, 2011 at 4:50 pm
မဝေရဲ့ “ကျွန်မတို့ ၄ ယောက်ထဲမှာ ဘယ်သူ့ဘဝက အကောင်းဆုံးဘဝလဲ” ဆိုတာကို ကိုပေါက်က ”လက်တွေ့ရနေတဲ့အပေါ်မှာ
ကျေနပ်စွာနေတတ်မယ်ဆိုရင် ကိုယ့်အတွက်တော့
လောကကြီးက သာယာနေမယ်လို့ထင်ပါရဲ့”။ ဆိုတဲ့စကားလေးနဲ့ဖြေထားတယ်လို့ မြင်တယ်။အားလုံးပြောဆိုဝေဖန်ကြတာတွေက အမှန်တွေပါဘဲ။လူ စိတ်ဆိုတာ လိုတာမရ ရတာမလိုဆိုတဲ့ အတိုင်း ရတာနဲ့တင်းတိမ်ရောင့်ရဲတတ်တဲ့သူနည်းသား။ ၁၀ဝ ရှိတဲ့သူက ၁၀၀ဝ လိုချင်တယ်တဲ့။လူ့စိတ်နဲ့ဘဘာဝကို ဒီအတိုင်းပဲဆိုတော့ ဖြစ်နေတဲ့နေရာ ရောက်နေတဲ့နေရာ မှာ အေးချမ်းအောင်နေတတ်ရင်ပဲ ကိုယ့်ဘဝအကောင်းဆုံးပေါ့။
MaMa
May 28, 2011 at 12:26 am
တို့ သူငယ်ချင်းတွေထဲမှာလည်း
၁။ဘွဲ့တွေတစ်ခုပြီး တစ်ခုယူပြီး ဆရာမလုပ်ချင်တဲ့သူက စီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားတယ်။
၂။ နိုင်ငံခြားထွက်တဲ့လူတွေကို အပြစ်ပြောတဲ့ သူငယ်ချင်းက နိုင်ငံခြားထွက်သွားပြီး အဲဒီမှာပဲ နေဖြစ်သွားတယ်။
၃။ ကျောင်းမှာ ဂျပန်စကားသင်တန်းကို သူငယ်ချင်းတွေ တက်တာကို မတက်ပဲ အမေရိကန်သွားမယ်လို့ အော်ဟစ်တဲ့လူက ဂျပန်သွားပြီး အဲဒီမှာဂျပန်လူမျိုး တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။
ဒါပေမယ့် အားလုံးပဲ ကိုယ်ရောက်တဲ့ နေရာမှာ အောင်မြင်ပျော်ရွှင်နေကြပါတယ်။
Shwe Tike Soe
May 28, 2011 at 2:30 am
ပျော်ရာမှမနေ တော်ရာမှာနေ ဆိုသလိုပေါ့…
ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်နဲ.သင်တော်နေရင် ဝါသနာကိုဘေးဖယ်ထားရတာပဲလေ..
ကိုယ်လုပ်နေတဲ့အလုပ်မှာ အောင်မြင်အောင်လုပ်နိုင်ရင် ဘယ်အလုပ်မဆို ကောင်းပါတယ်.. တော်တဲ့အလုပ်ကိုလုပ်ရင်း
ဝါသနာပါရာကိုလဲ လုပ်နိုင်တယ်လေ…. အားရင်ပေါ့… ဝါသနာပါတဲ့ အလုပ်မဟုတ်လို.မလုပ်ချင်ဘူးဆိုရင်တော့.. အလုပ်ရှားသွားမှာပေါ့နော
Snowy
May 28, 2011 at 2:43 am
$nOwY လဲဒီလိုပါပဲ ငယ်ငယ်က လူတွေအများကြီးနဲ့ ဆက်ဆံရတာ စကားပြောရတာအရမ်းကြောက်တာ … ခုတိုင်းတပါးမှာ … Sales Person ဖြစ်နေတယ် …
သူငယ်ချင်းတစ်ယောက်က တစ်သက်လုံးအပျိုကြီးလုပ်မယ်ဆိုပြီး အရင်ဆုံးယောက်ကျာ်းရသွားတယ်
နောက်တစ်ယောက်က ဘဝကိုလွယ်လွယ်ပေါ့ပေါ့လေး အမြဲတွေးပြီး အချိန်တန်ရင် အိမ်ထောင်ပြု ကလေးမွေးမယ် ဆိုတဲ့သူက အခု မိသားစု ကိုဦးစီးနေတဲ့ စီးပွားရေးသမားဖြစ်သွားတယ် ……
ဒါပေမဲ့ အားလုံးကိုယ်ယခုရှိနေ ပိုင်ဆိုင်နေရတဲ့ဘဝ လေးကိုကျေနပ်နေကျတယ်။
နေတက်ရင်လောကကြီးက ပျော်စရာကြီးပါ …….
လူတိုင်းလူတိုင်း ပျော်ရွှင်နိုင်ကြ ပါစေ ……
PinkCandy
May 28, 2011 at 2:59 am
လူ့ဘဝရဲ့ ၃ ပုံ ၁ ပုံခန့်ကို ဖြတ်သန်းခဲ့ပြီးပြီ
ဘာမှ ရေရေရာရာမရှိသေးဘူး
အခုအချိ်န်ထိ မိဘထောက်ပံ့တာနဲ့ပဲ အသက်ဆက်နေရတယ်။
တခါတခါ ကိုယ်လုပ်နေတာတွေမှားနေသလိုပဲ။
အသက်မွေးဝမ်းကျောင်းတစ်ခုကနေ တခြားတစ်ခုကိုပြောင်းရတာ အချိန်၊ ငွေ နဲ့ စိတ်ခွန်အားတွေ အရမ်းကုန်တယ်လို့ထင်မိပါတယ်။ 🙁
အလုပ်အကိုင်တစ်ခုနဲ့ မိသားစုတစ်ခုကို ထောက်ပံ့နိုင်တဲ့ဝင်ငွေရှိတဲ့သူတွေကို အားကျမိပါတယ်။
weiwei
May 28, 2011 at 3:11 am
တစ်ကျောင်းထဲ တစ်မေဂျာထဲမှာ အတူပညာသင်ခဲ့ကြပေမယ့် မတူညီတဲ့ အသက်မွေးဝမ်းကျောင်းများနဲ့ ကိုယ့်ခရီးကိုယ်ဆက်နေကြပါတယ် …. ပညာလမ်းကိုပဲ လိုက်လိုက်၊ ငွေလမ်းကိုပဲ လိုက်လိုက်၊ ဂုဏ်ပကာသနနောက်ပဲလိုက်လိုက် အချိန်အတိုင်းအတာတစ်ခုမှာ အဆင်ပြေသွားမှာပါ …
ငယ်ရွယ်စဉ် တက္ကသိုလ်ပညာသင်ကြားနေစဉ်မှာ အခြေခံကောင်းကောင်းရအောင် ပညာကို ကြိုးစားသင်ခြင်းဖြင့် နောင်မည်သည့်အလုပ်ကိုပဲ လုပ်လုပ် အဲဒီအသိပညာက ဆက်တိုက်အထောက်အပံ့ပေးနေမှာဖြစ်ပါတယ် …
မြို့ပြအင်ဂျင်နီယာပညာနဲ့ ဈေးရောင်းတာနဲ့ တခြားစီပဲလို့ထင်ချင်ထင်ကြပါလိမ့်မယ် … ဒါပေမယ့် ဈေးရောင်းသူချင်းတူတာတောင်မှ အမြတ်ရတာချင်းနဲ့ စီမံခန့်ခွဲမှုခြင်း ကွာခြားနေတာ တွေ့ကြရပါလိမ့်မယ် …
ကျွန်မဖြစ်စေချင်တာကတော့ ပညာသင်ခွင့်ရချိန်မှာ ကိုယ့်အသိဉာဏ်နဲ့လက်လှမ်းမှီသလောက် သင်ယူနိုင်သလောက် လေ့လာနိုင်သလောက် လေ့လာသင်ယူကြဖို့ တိုက်တွန်းချင်ပါတယ် …
bigcat
May 28, 2011 at 4:56 am
အန်တီဝေတို့ အဖြစ်က အများကြီးတော်ပါသေးတယ်ဗျာ။ ငွေကြေးအာဏာ မမက်ဘဲ တိုင်းပြည်ကို ကာကွယ်မယ်ဆိုတဲ့ မျိုးချစ်စိတ်နဲ့ဝင်လာတဲ့ စစ်သားတွေဆိုရင် မဖြစ်ချင်ဘဲ ဝန်ကြီး၊ ဝန်လေးတွေဖြစ်ရ၊ မလိုချင်ဘဲ ဝိသမလောဘသားတွေက ငွေတွေအထပ်လိုက်ကြီးလာပေးကြ၊ မလုပ်ချင်ဘဲ ဘီလျံချည်တန်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေလုပ်ရနဲ့။ တနား………………ပါဒယ်။
padonmar
May 28, 2011 at 1:26 pm
ဘယ်လိုဘဝလမ်းမျိုးပဲ လျှောက်လှမ်းရလျှောက်လှမ်းရ အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင်ကောင်းကျိုးကို ထမ်းဆောင်နိုင်တဲ့ (ဉာတတ္ထစရိယကျင့်နိုင်တဲ့)သူ ဖြစ်ရင်တော့ ကောင်းတဲ့ဘဝလို့ပြောချင်ပါတယ်။