ထမင်းရည်ချောင်းစီး မောင်းတီးအလှူ
ခုခေတ်ကြီးထဲမှာ အထွေထွေ ကုန်ကျစရိတ်တွေက ကြီးလွန်းတာမို့ တော်ရုံလူကလည်း အလှူကြီး အတန်းကြီး မလုပ်နိုင်ပါဘူး။ များများစားစား အကုန်ခံနိုင်တယ်ဆိုတဲ့ လူတွေကျတော့လည်း ဟိုတယ်မှာ လုပ်ကြပါတယ်။ ဘုန်းကြီးကို ကျောင်းလှူတာ၊ ရဟန်းခံ ရှင်ပြုတာတွေကိုတောင် ဟိုတယ်မှာ ဧည့်ခံကျွေးမွေးတာတွေ လုပ်လာကြပါပြီ။
ခုပြောမယ့် အများနဲ့မတူ တမူထူးခြားတဲ့ အလှူကတော့ ဘုရင့်နောင်ပွဲရုံတန်းမှာပါ။ ဖခင်ကြီး နှစ်ပတ်လည်ကို ရည်စူးပြီးတော့ ကြက်သားဟင်း၊ သီးစုံချဉ်ရည်၊ မျှင်ငပိသုပ်တွေနဲ့ ကျွေးတဲ့ စတုဒီသာ အလှူကြီးပါပဲ။ နှစ်စဉ်လှူလာတာ ဒီနှစ်နဲ့ပါဆိုရင် ၄-၅ နှစ် ရှိပါပြီ။ အလှူမတိုင်ခင် ၄-၅ ရက်ကြိုတင်ပြီး ဗွီနိုင်းနဲ့ ကြော်ငြာထားပါတယ်။ လူတွေသိပြီး လာစားနိုင်အောင်ရယ်၊ အချို့ထမင်းဆိုင်တွေ လျှော့ချက်နိုင်အောင်ရယ်ပါ။ အရင်နှစ်တွေတုန်းက အဲဒီလို မသိကြတာကြောင့် ထမင်းဆိုင်တွေမှာ ရောင်းမကုန်ပဲ ရှုံးကြတယ်လို့ ကြားရလို့ပါ။ ခုံတွေစီပြီး ဖက်တွေခင်း ပြင်ဆင်ထားပြီး တစ်သုတ်ပြီး တစ်သုတ်ကျွေးပါတယ်။ နံနက် ၁ဝ နာရီမှာ စကျွေးမယ်လို့ ကြော်ငြာထားပေမယ့် ၉ နာရလောက်ထဲက လူတွေစုပြုံနေပါပြီ။ အဲလို ကောင်းကောင်းမွန်မွန် ဝဝလင်လင်စားရဖို့ လက်လုပ်လက်စား လူတန်းစားတွေမှာ မလွတ်တမ်းစောင့်ဆိုင်းကြရပါတယ်။ ထမင်းမစားမီ လက်ဆေးဖို့၊ ထမင်းစားပြီးလက်ဆေးဖို့၊ ရေသောက်ဖို့ အစုံအလင် စီစဉ်ပေးထားပါတယ်။ ထမင်းနဲ့ ဟင်းကိုလည်း လိုက်ပွဲထည့်ပေးတဲ့လူတွေ အများကြီးပါပဲ။ ဒါပေမယ့် စားမကုန်ပဲ ကျန်နေရင် အလဟဿဖြစ်တာမို့ ကုန်နိုင်သလောက်ပဲထည့်ဖို့၊ ကုန်အောင်စားဖို့ကိုလည်း ပြောရပါသေးတယ်။ စားပြီး ထွက်လာတဲ့လူတစ်ယောက်စီက ကြားရတာကတော့ – “ငါတော့ ဆွဲလိုက်တာ ဆန်းတပြည်ချက်လောက် ကုန်တယ်” တဲ့လေ။ နီးစပ်ရာ ပွဲရုံတွေဆိုတာကတော့ ပိုင်ရှင်၊ ပွဲစား၊ စာရေး၊ အလုပ်သမားမကျန် မီးခိုးတိတ် အားပေးကြတဲ့ ပွဲပါပဲ။ အားရပါးရ စားနေကြတာတွေကြည့်ရတာ ဝမ်းသာစရာပါပဲ။ အဲဒီလို စတုဒီသာကို ကြက်သားဟင်းနဲ့ ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ ကျွေးနိုင်တာကိုလည်း ချီးကျူးမိပါရဲ့။ အဲဒါအလှူမြင်ကွင်းလေးကို ကြည့်ပြီး မြင့်မြင့်ခင်ရဲ့ နပန်းဆံ သီချင်းထဲက ထမင်းရည်ချောင်းစီး မောင်းတီးလှူမည် ဆိုတဲ့ အသံကို ကြားယောင်နေမိပါတော့တယ်။
14 comments
mnoe
June 9, 2011 at 3:59 am
ကိုယ်မလုပ်နိုင်ပေမဲ့ သူများလုပ်နို်င်တာကို ဝမ်းသာကြည်နူး သာဓုခေါ်မိပါတယ်။ မျှဝေပေးတဲ့ မမရေ ကျေးဇူးပါနော်။
bigcat
June 9, 2011 at 4:03 am
နောင်နှစ်တွေကို ငါးပိငါးခြောက်ကျော်၊ သီးစုံဘဲဥ၊ တို့စရာနဲ့ ကျွေးဗျ၊ (သဂျီးတို့လို ဘီလူးဝင်စားတွေ လာမစားလည်း ကိစ္စမရှိဘူး 😳 ) လူတွေဗိုက်ဝဖို့ ကြက်တွေမသေရင် ပိုကောင်းမယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်သင့်တဲ့အလှူဖြစ်လို့ သာဓုအကြိမ် တသိန်းခေါ်ပါသည်။ မမဲ ဘယ်သူဆိုတာ ကြောင်ကြီး ဆဌမအာရုံနဲ့ အနံ့ရနေသလိုပဲ။ ကြောင်ကြီးကို သိတယ်လို့တော့ ပြန်မပြောနဲ့နော်၊ ကြောင်ကြီးကို ဘယ်သူမှ သိတာမကြိုက်ဘူး…..
weiwei
June 9, 2011 at 4:13 am
သတ္တမအာရုံနဲ့ကြည့်လိုက်တော့ ….. 😛 😛
nozomi
June 9, 2011 at 4:24 am
ကျွေးရတဲ့သူကလည်းကျေနပ် စားရတဲ့သူကလည်းပျော် ဖတ်ရတဲ့သူတွေကလည်း သာဓုခေါ်ပါတယ်
နောင်နှစ် ပိုပျော်ရအောင် ရွာထဲမှာလည်းဖိတ်နော် 🙂
မမဲ ဘယ်သူဆိုတာ ကြောင်ကြီး ဆဌမအာရုံနဲ့ အနံ့ရနေသလိုပဲ။
မမ က အသားဖြူပါတယ် ကိုကိုကြောင်ရဲ့
တညင်သား
June 9, 2011 at 5:05 am
မမက လက်စမ်းစာပေ ဆိုပေမဲ့ ထိတယ်ဗျ ရင်ဘက်ကို……. နှစ်စဉ်နှစ်တိုင်း ဒီထက်ပို တိုးပြီး
လူနိင်တန်းနိင်ပါစေဗျားးးး သာဓု ..သာဓု …သာဓု ပါဗျာ
manawphyulay
June 9, 2011 at 5:33 am
ဒီလိုအလှူမျိုးရှိလည်း အချိန်မီ သတင်းပေးဦးနော်… 😛
parlayar46
June 9, 2011 at 6:27 am
ဒီလို စတုဒီသာ (ဒိသာ) လို့ခေါ်တဲ့ လာသမျှလူ အကုန်ကျွေးတဲ့အလှူမျိုးဟာ
လာစားသူတွေမှာ အစားကိုလဲစားရတယ် အပျော်ကိုလဲစားရတယ်
လှူရသူကတော့ ပြောမနေနဲ့တော့…..
ကျုပ်တို့နယ်မှာဆို ကုသိုလ်ရချင်လို့ ထက်-
ပျော်လို့ကိုလှူကြသူတွေများတယ်။
ဆူး
June 9, 2011 at 1:02 pm
မမ တို့ အဖေ လည်း ကောင်းရာ ဘုံဘဝ မှာ မမ တို့ ပြုတဲ့ အလှူကို သာဓု ခေါ်နိုင်ပါစေ။
ဘာပဲ ပြောပြော မမ တို့ မိသားစု အလှူကြီးက ဖခင်ကြီးကို အကြောင်းပြု ပြီး ဒီလို လှူဖြစ်သွားတာ ဆိုရင်တော့ ကုသိုလ် ဖြစ်စေတဲ့ ဖခင်ကြီးလည်း အကျိုးများပါတယ်။
ကိုပေါက်(မန္တလေး)
June 9, 2011 at 3:58 pm
မရှိသူကိုမေ့ထားပြီး ရှိသူကိုသာဖိတ်ကျွေးဘို့ လုံးပန်းနေတဲ့ခေတ်ကြီးမှာ
ဒီလိုအလှူရှင်မျုးိကို ဆုတံဆိပ်တွေပေးသင့်ပါတယ်။
လူတွေအားကြပြီးလိုက်လုပ်အောင်လို့ပါ။
kai
June 9, 2011 at 11:15 pm
“နားအထက်ကဗွေမှာ သူပန်းပန်၊ နပန်းဆံ၊ နပန်းဆံ၊ နားထင်ဘေးက တန်းကျပြန်၊ လှမ်းကမယ့်ဟန်။
ဟေလားကွယ့်မောင်ရို့၊ ဟေလားကွယ့်မောင်ရို့၊ ဝမ်းစမိုးရော သောသောညံ။ တခါတရံများ၊ ဗျာပါဟန်ထား၊ ကြာဇံသား ဧကန်၊ ရွာခံများကမြှောက်စားပြန်၊ ယောက်ျားဘသား သာလှ နပန်းဆံ”
နပန်းဆံ၊ ရွှေပြည်အေးရေးသည်..။
http://www.mediafire.com/?zommtmbk6wgqaia
အင်တာနက်ထဲမွှေလိုက်တာ..သီချင်းစာသားလေးထွက်လာတယ်..။
ရှာတာက… ဝက်သားတုံးကြီး လက်သီဆုပ်သဏ္ဍန်..
အဲဒါတော့မတွေ့သေး…။
==
နောက်နှစ် ယူအက်စ်မှာ လာလုပ်နိုင်ပါစေဗျာ..။ 🙂
ဆူး
June 10, 2011 at 7:26 am
ဝက်သားတုံးကြီး လက်သီးဆုပ် စားချင်လား.. အခု ဝက်ရောဂါ ဖြစ်တဲ့ နေရာတွေမှာ ဝက်သား အလကားပေးတာတောင် မစားဘူးတဲ့.. အဲဒီ မှာ ပေါနေတယ်.. လက်သီးဆုပ် တင်မကဘူး.. ပိဿလုံး လိုက်ပါ စားရမယ်။
ရန်ကုန်မှာတော့ စားလို့ ရနေပေမဲ့ နယ်မြို့ တွေမှာ ဖြစ်တုန်းပဲ.. ဖြစ်တဲ့ နေရာတွေမှာ လူတွေ ပညာနည်းနည်း နဲ့ ဝက်တွေကို ချောင်းတွေ မြောင်းတွေထဲ မျော ချနေတာ မြင်မကောင်းလှဘူး။ အဲဒီလို ရေကနေ တဆင့် ကူးတာများလား တောင် မသိဘူး.. စကြားခါစက အထက် အညာ မန်းက စကြားမိတာပဲ.. အခု အနီးအနား ဝန်းကျင် ဧရာဝတီတိုင်းမှာ ဖြစ်နေတာ ကြားမိတယ်။ ရေလမ်းက လာတဲ့ ပိုးပဲ ဖြစ်ရမယ်။ လူမှ မဖြစ်တော့ သတိမထား မိတာလည်း ဖြစ်နိုင်တယ်။
MaMa
June 10, 2011 at 12:53 am
အလှူကို စကြော်ငြာထားကတည်းက ပိုစ့်တင်ဖို့လုပ်နေတာ မနောရေ။ ဓာတ်ပုံလေးလည်း တင်ချင်တာနဲ့ အလှူပြီးမှ တင်ဖြစ်သွားတယ်။ အဲဒါတောင် ကွန်မကောင်းတာနဲ့ ရေးပြီးသားစာပျောက်ကုန်လို့ ရေးရင်ကောင်းမလား ပြန်စဉ်းစားနေတာနဲ့ တစ်ပတ်လောက်နောက်ကျသွားတယ်။ ဓာတ်ပုံတင်ဖို့ ကြိုးစားတာ မရတာနဲ့ပဲ ဖြစ်သလိုပဲ တင်လိုက်တော့တယ်။ ကုသိုလ်တွေ ပွားသွားအောင် ဝိုင်းဝန်း သာဓုခေါ်သူအပေါင်းနှင့် နောက်နှစ်အတွက် ဟင်းအမည် စီစဉ်ပေးသူ ကိုကြောင်ကြီး၊ အာရုံခံပေးတဲ့ ဝေဝေ၊ ဆုတံဆိပ်တွေပေးတဲ့ ကိုပေါက် တို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဝက်နားရွက်ပြာကို တောင်းဆိုတဲ့ သဂျီးကတော့ ယူအက်စ်ကို လာဖို့ စပွန်ဆာပေးရင် လာလှူမယ်ဗျာ။
နွယ်ပင်
June 10, 2011 at 7:50 am
အခုခေတ်မှာ ဒီလိုအလှူမျိုး လုပ်နိုင်ဖို့ကတော်တော်ရှားသွားပါပြီ.. တစ်ချို့ကတော့ လုပ်နိုင်ပါရက်နဲ့ ဒီလို အလှူမျိုးမလုပ်ကြပဲ ဟိုတယ်တွေမှာ လူအထငိကြီးအောင် လုပ်နေကြတာတွေ့ပါရဲ့
ဘယ်လိုပဲ ဖြစ်ဖြစ်အခုအလှူမျိုးလုပ်နိုင်တဲ့ သူတွေကိုရော ကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးပြနိုင်တဲ့ မမကိုရော ချီးကျူးမိပါတယ် မမ တို့ အဖေလည်း ကောင်းရာ ဘုံဘဝကနေ သာဓုခေါ်နိုင်မှာပါ …
shwemanthar
June 10, 2011 at 10:31 am
စောစောတော.မပြောဘူး
တစ်ပွဲလွတ်သွားတယ်
ရွှေမန်းသားကဒါမျိုးတွေလိုက်ရှာနေတာ