ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ်
ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ်
ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံရည်မှန်းချက်အဖြစ် ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးမှု ဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူပညာရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ဖွင့်ဆိုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတဲ့ သဘောတရားဟာလဲ ဒီမိုကရေစီ၊ လူမှုတရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ သဘောတရားတွေလိုပဲ လူမှုအသိုင်းအဝိုင်းကနေ ဝိုင်းဝန်းတည်ဆောက်ပြီး ပေါ်ထွက်လာတဲ့ သဘောတရား (social construct) ဖြစ်တဲ့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ငြင်းဆိုချက်တွေ၊ ပြောင်းလဲမှုတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ် ဖွင့်ဆိုကြရာမှာ ယေဘုယျအားဖြင့် cluster of meanings လေးခုကို အခြေခံပြီး ဖွင့်ဆိုတတ်ကြပါတယ်။
ပထမ cluster ကတော့ ဝင်ငွေ (income) မှာ အခြေခံပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာကို ဝင်ငွေနည်းပါးမှုအနေနဲ့ ရှုမြင်ပီး၊ ဝင်ငွေ မည်၍မည်မျှထက် လျော့နည်းရခဲ့ရင် ဆင်းရဲနွမ်းပါးတယ်လို့ တိုင်းတာသတ်မှတ်ကြပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်း (poverty line) တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ထားပြီး၊ ဒီ အကဲဖြတ်လိုင်း (ဆင်းရဲနွမ်းပါးသော နိုင်ငံများအပေါ် ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇၀) ထက် လျော့နည်းရသူများဟာ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခံရပါတယ်။ ဆင်းရဲနွမ်းပါးမှု အကဲဖြတ်လိုင်းရဲ့အောက်မှာ လူဦးရေရဲ့ ရာခိုင်နှုန်း မည်၍ မည်မျှ ရှိနေသလဲ ဆိုတာကို တွက်ချက်ကြည့်ခြင်းဖြင့် နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာဆန်းစစ်နိုင်ပါတယ်။
ဒုတိယ cluster ကတော့ ရုပ်ဝတ္ထု ချို့တဲ့ခြင်း (material deprivation) မှာ အခြေခံပါတယ်။ ဝင်ငွေနည်းပါးမှုတင် မကပဲ အမိုးအကာ၊ အဝတ်အထည်၊ ပရိဘောဂပစ္စည်း၊ ရေဒီယို၊ တီဗွီစတဲ့ ဖျော်ဖြေရေး စက်ပစ္စည်း စတဲ့ ရုပ်ဝတ္ထုတွေ ချို့တဲ့မှုကိုလဲ ဆင်းရဲနွမ်းပါးမှု အနေနဲ့ ထည့်သွင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ကျန်းမာရေးဝန်ဆောင်မှု၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ ပညာရေး ဝန်ဆောင်မှု စတာတွေကို ခံစားခွင့် မရှိတာတွေဟာလဲ ရုပ်ဝတ္ထု ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။
တတိယ cluster ကတော့ ဘောဂဗေဒပညာရှင် Amartya Sen မီးမောင်းထိုးပြထားခဲ့တဲ့ စွမ်းရည် ချို့တဲ့ခြင်း (capability deprivation) ပဲ ဖြစ်ပါတယ်။ လူသားတွေဆီမှာ သူတို့ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မယ့် စွမ်းရည်တွေရှိလာဖို့အတွက် စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့် (Economic, Social and Political Freedoms) လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်ခွင့်တွေ အမြစ်တွယ်ရှင်သန်နေတဲ့ လူမှုအင်စတီကျူးရှင်း (နိုင်ငံတော်အုပ်ချုပ်ရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်၊ အလုပ်သမားသမဂ္ဂ၊ အရပ်ဘက်လူ့အဖွဲ့အစည်း စသည်များ) ဟာ လူတဦးချင်းစီရဲ့ စွမ်းရည်၊ အခွင့်အလမ်းနဲ့ ရွေးချယ်ခွင့်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် လွတ်လပ်ခွင့် (Freedom) ကို ချုပ်ချယ်ခံရတဲ့ နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေရဲ့ မိမိတို့ ကံကြမ္မာကို ဖန်တီးနိုင်ခွင့် စွမ်းရည်တွေ ကျဆင်းနေတတ်ပါတယ်။ ဒီလို စွမ်းရည်ချို့တဲ့မှုဟာလဲ ဆင်းရဲနွမ်းပါးမှု ပါပဲ။
ဆင်းရဲနွမ်းပါးမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ စတုတ္ထ cluster ကတော့ လူမှုအသိုင်းအဝိုင်းမှ ဖယ်ရှားခံထားရခြင်း (social exclusion) ပဲ ဖြစ်ပါတယ်။ Social exclusion ဆိုတာမှာ အခွင့်အရေး (လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး)၊ အရင်းအမြစ် (လူ့စွမ်းအား အရင်းအမြစ်၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ နိုင်ငံတော် ထောက်ပံ့မှု၊ ဈေးကွက်)နဲ့ ဆက်နွယ်မှု (မိသားစု ကွန်ယက်၊ ထောက်ပံ့ကူညီရေးကွန်ယက်) စတာတွေ ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်း အတွင်းမှာ ရှိနေတဲ့ လူတဦးတယောက် (သို့မဟုတ်) အစုအဖွဲ့တခုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ခံစားခွင့် မရှိခြင်း၊ အရင်းအမြစ်တွေ ရှားပါးခြင်း စတာတွေကို ကြုံတွေ့နေရတယ်ဆိုရင် ဒါဟာလဲ ဆင်းရဲနွမ်းပါးမှုပါပဲ။
ဆင်းရဲနွမ်းပါးမှုဟာ စီးပွားရေး၊ နိုင်ငံရေးရာတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ ရှိပါတယ်။ ဘယ်လို စီးပွားရေးစနစ်ကို ကျင့်သုံးသည်ပဲ ဖြစ်စေ၊ ဆင်းရဲနွမ်းပါးမှုကြောင့် လုပ်အားထုတ်လုပ်မှု (labour productivity) လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါမှာ စီးပွားရေးတိုးတက်မှု (economic growth) ကို ထိခိုက်စေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုကြောင့် အလုပ်လက်မဲ့ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ အလုပ်လက်မဲ့ပြဿနာကြောင့် ဈေးကွက်မှာ စားသုံးသူတွေရဲ့ ငွေကြေးအသုံးပြုနိုင်မှု လျော့နည်းစေပြီး၊ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။
ဒီလို ဆင်းရဲနွမ်းပါးတဲ့ လူ့အဖွဲ့အစည်းဟာ ထုတ်ကုန်အက်တာပရိုက်စ်တွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်တာနဲ့ physical infrastructure (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်)၊ Social Infrastructure (ကျန်းမာရေး၊ ပညာရေး၊ ဈေးကွက်၊ ဘဏ္ဍာရေးစနစ်) စတာတွေမှာ အားနည်းချက်တွေကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးမှာ အခြားနိုင်ငံများနဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ ဆင်းရဲနွမ်းပါးမှုရဲ့ တိုင်းပြည်စီးပွားရေးအပေါ်မှာ ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။
ဆင်းရဲနွမ်းပါးမှုဟာ နိုင်ငံရေးရာတွေအပေါ်မှာလဲ ရိုက်ခတ်မှုတွေ ရှိပါတယ်။ လူအများရဲ့ ဒေါသစိတ် တွေကို နှိုးဆွပေးနိုင်ပြီး၊ တခါတရံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် အကြမ်းဖက်မှု (violence) တွေ ဖြစ်ပွားစေတတ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေဟာ ယေဘုယျအားဖြင့် မိသားစုတွင်း၊ အိမ်တွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိသားစုတွင်းဆက်ဆံရေးမှာ အားနည်းသူများ (အမျိုးသမီးများနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ)ဟာ သားကောင်များ ဖြစ်လာနိုင်ပါတယ်။ မိသားစုတွင်း အကြမ်းဖက်မှုတင်မကပဲ လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့လာတဲ့ အကြမ်းဖက်မှုတွေလဲ ရှိပါတယ်။
ဒါတွင်မကပဲ ဆင်းရဲနွမ်းပါးမှုဟာ လုယက်မှု၊ ဓားပြတိုက်မှု၊ ပစ္စည်းယူ လူသတ်မှု၊ ခိုးယူမှု စတဲ့ စာရိတ္တပျက်စီးမှုဆိုင်ရာ မှုခင်းတွေရဲ့ အခြေခံ ဖြစ်ပွားစေသော အကြောင်းတရားလဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသလို၊ ဆင်းရဲနွမ်းပါးမှုကလဲ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကို ပြန်ဖြစ်စေပြီး၊ သံသရာလည် နေတတ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေးတည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝ မြင့်မားရေး စတာတွေအတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလို ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ဝင်ငွေမြင့်မားမှု၊ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု စတာတွေအပြင်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အဝရှိသော social institutions များ ပေါ်ထွက်လာဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၅၊ ၆၊ ၂၀၁၁)
ရည်ညွန်းကိုးကား။ ။
Korten, D. (1995) When Corporations Rule the World, Kumarian Press, San Francisco
Sen, A. (1985) Commodities and Capabilities, North Holland, Amsterdam
World Bank (1990) World Development Report, The World Bank, Washington DC.
8 comments
bigcat
June 6, 2011 at 5:18 am
ဝင်ငွေနည်းပါးခြင်းဟာ ငွေဝင်နဲသွားလို့ပါ။ အခြားဟာတော့သိဝူး… 😀
phyoshein
June 6, 2011 at 1:51 pm
Laziness is the root of poverty. တဲ့လေ…
အဲဂလို ကြားဖူးပါတယ်…
ဆင်းရဲခြင်း လွတ်ကင်းအောင်ဆိုတာကလည်း..
ဝိဇ္ဇာသိပ္ပ လူ့ကိစ္စကို
ငယ်ကမသင်ပျော်ပါးလွင်မူ
အကြင်သူအား စကားချေတင်..
သဘင်မပြဲ့ ခံတွင်းမဲ့သို့
ချို့တဲ့ပညာ ညှိုးမျက်နှာနှင့်
ရွံရှာလန့်ထိတ် အသံဆိတ်၏ ရယ်လို့..
ရှင်မဟာရဋ္ဌသာရ ရဲ့ လင်္ကာထဲမှာ သင်ခဲ့ရဖူးပါတယ်..
ပျင်းရိနေခဲ့လို့ ပညာချို့တဲ့ခဲ့ရတယ်.
ပညာချို့တဲ့ခဲ့လို့ပဲ..
ကျန်တဲ့နေရာတွေမှာပါ.. ချို့တဲ့ခဲ့ရပါတယ်..
ဒါကြောင့်..ဒါကြောင့်..
တိုင်းပြည်ရဲ့ အခြေခံပညာရေးဟာ.. ဆင်းရဲနွမ်းပါမှု.. (poverty) ကို ဖြေဖျောက်ဖို့ရာထဲက..
ကြီးသော အကြောင်းတရားလို့ထင်ပါတယ်..
ပြီးတော့ ရှိသေးတယ်ဗျ..
ကြားဖူးတာကိုပြောတာနော်.. ပညာနွံနစ်တာထက်.. စနစ်နွံနစ်တာက သာပြီးဆိုးသတဲ့..
အထက်ပါ cluster လေးခု စလုံးက ကျွန်တော်တို့ တိုင်းပြည်ရင်ဆိုင်နေရတော့ကာ..
ဘယ်နွံနစ်တာလဲမသိဘူး.. (နှစ်ခုစလုံးလည်း ဖြစ်နိုင်သလား) ပေါ့လေ…
ပြီးတော့ အဲဒီ social institutions များပေါ်ထွက်လာဖို့ ဘာတွေများ ဆောင်ရွက်ရမလဲ..
ဘယ်လို စတင်ဆောင်ရွက်ရမလဲ..
ဒါတွေကသိထားပြီး ဆောင်ရွက်ရမှာမို့.. တတ်သိပညာရှင်များအနေနဲ့ ထပ်မံပြောပြစေလိုပါကြောင်း
မင်းပြည့်ရှိန်
July 3, 2011 at 5:27 pm
သဂျီးရေ..
လောလောဆယ်တော့ ကျွန်တော်တို့ ဆီ..
အတွေးအခေါ် ဆင်းရဲနွမ်းပါးနေပါပြီ..
ရိုးသားမှု ဆင်းရဲနွမ်းပါးနေပါပြီ..
ကြိုးစားအားထုတ်မှု ဆင်းရဲနွမ်းပါးနေပါပြီ..
သည်းခံနိုင်မှု ဆင်းရဲနွမ်းပါးနေပါပြီ..
သစ္စာရှိမှု ဆင်းရဲနွမ်းပါးနေပါပြီ…
ကယ်ကြပါဦး..ကူကြပါဦးလို့ အော်နေပြီး..
မျှော်နေပြီး…
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရန် အားထုတ်မှု ဆင်းရဲနွမ်းပါးနေပါပြီ…
ဘယ်လို လုပ်ကြရပါ့မလဲ..
pan pan
July 4, 2011 at 4:14 am
အသိဉာဏ်ဆင်းရဲရင် ကျန်တာတွေပါ တဖြည်းဖြည်း ဆင်းရဲလာမှာပဲလို့ ထင်ပါတယ်
kai
July 3, 2011 at 7:19 pm
ကိုးကွယ်ရာမှားရင် တဘဝလုံးမှောက်သတဲ့…။
..သန်း၆ဝမှာ အများစုရဲ့ ဘဝတွေစုံလိုက်မှောက်နေတာတွေကို တွေ့ကြရလိမ့်မယ်..။
မြန်မာပြည်က.. ကိုးကွယ်ရာမှားနေတယ်.. တိတိကျကျဆိုရင်… ဆရာအတင်ခံရသူတွေမှားနေတယ်လို့..သုံးသပ်မိတယ်..။
ဆိုတော့…
တန်းပြီးမဆဲချင်နဲ့ဦး..။ မြန်မာ့သမိုင်းနှစ် ၁၀၀ဝ သက်တန်းကို အပိုင်းပိုင်းဖြတ်လေ့လာကြည့်…။
(ဘာသာရေးကို အသုံးချပြီး)စစ်ဘုရင်တွေဟာ.. ဘယ်တော့မှမပြီးဆုံးတဲ့… စစ်တွေကို တခြိမ်းခြိမ်း ချခဲ့တာ..ချနေတာတွေတွေ့ရလိမ့်မယ်..။
ဒီအတိုင်းဆက်သွားရင်.. နောင်အနှစ် ၁၀ဝ …. တခြိမ်းခြိမ်းနေဦးမှာပါပဲ…
တခြိမ်းခြိမ်းတွေကြား.. ဘဝမှောက်နေသူတွေ… ပိုလို့သာများလာဖို့ရှိတယ်…။
ဘာသာရေးနဲ့အတွေးအခေါ်တွေ.. ဆရ့ာဆရာတွေကို ပြန်လှန်မပြောရဲ…မပြင်ရဲကြပါဘူး…
နှစ်ရာချီပြီးတော့ကို… ပြန်မလှန်ရဲအောင်… ငရဲနဲ့ခြောက်..ဘုံနဲ့မြှောက်ထားခဲ့တာ…။
အိပ်မက်ထဲတောင်… ပြန်မလှန်ရဲဝံ့တဲ့ဘဝတွေ…
forever
July 4, 2011 at 2:32 am
ခင်ဗျားတို.ကလဲဗျာ (အစိုးရအာဘော်ဖြစ်သည်)
ကျုပ်တို.ကတချိန်လုံး တိုင်ပြည်ကိုချောက်ထဲကနေဆွဲတင်နေရတာ
( အခုလဲချောက်ထဲမှာဘဲ ) ဒီလောက်တော.ရှိမှာပေါ.ဗျ.
ဆွဲတင်တဲ.လူတွေကိုယ်တိုင်ကချောက်ထဲမှာဆိုတော…….
etone
July 4, 2011 at 8:13 am
ဆင်းရဲတာလည်း မပြောနဲ့ လေ… ရုန်းကန်ရင်း နစ်နေတဲ့ ခေတ်မှာ … ကုတ်ခြစ်စုဖို့များ မစဉ်းစားလေနဲ့ …. ဖွတ်ကလိ ဒင်္ဂါးလေး ရလာလျှင် လက်ယားပြီး အညောင်းသွားဖြေ ၊ အထုတ်ကြီး အထုတ်ငယ်တွေ နဲ့ ဝယ်စား ၊ မိသားစု သာရေး နာရေးတောင် မလုပ်နိုင်ပဲ မိုက်တွင်းနက်နေတော့ ဆင်းရဲတွင်း နက်သထက်နက်လာပြီပေါ့ … ။
စီးပွားရေးပါ ဆင်းရဲ နွမ်းပါးလာတာမကပဲ … စိတ်ဓါတ်ရေးရာ ၊ အကျင့်စာရိတ္တတွေလည်း နွမ်းပါး ပါးလျလာတာ ..ပရုတ်လုံးလိုပါပဲ … ။
နွယ်ပင်
July 4, 2011 at 8:30 am
ဆင်းရဲနွမ်းပါးမူ = မြန်မာပြည်
အဲလိုတောင်အချိုးညီနေပြီလားမသိပါဘူး
ငွေရေးကြေးရေး ဆင်းရဲနွမ်းပါးသလို စာရိတ္တပိုင်း ၊ ကြိုးစားအားထုတ်မူပိုင်း၊ စိတ်ဓါတ်ရေးရာပိုင်းတွေမှာလဲ တကယ့်ကို ချို့ချို့တဲ့တဲ့ပါပဲ