အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၂၀)
ကျွန်တော့် အတွက်တော့ ဒီတန်းလျားထဲနေတဲ့မိန်းကလေး တစ်ယောက်နဲ့ ကြိုက်ဖို့လမ်း မမြင်ပါဘူး။ကြည့်လိုက်ရင်
အားလုံးက ဝတုတ်တုတ်၊ရုပ်ဆိုးဆိုးလေးတွေ ချည်းပဲ။ကျွန်တော့် အချစ်တော် မင်းသမီး ပရီယကပူးနဲ့ကတော့
ကွာချင်တိုင်းကွာတာပေါ့။နောက်ပြီး သူတို့က ခပ်တုံးတုံး ကြောင်တောင်တောင် လေးတွေ လုပ်ကြတယ်။ဒါမျိုးပဲ
ကြိုက်တာ.အရုပ်ကလေးတွေနဲ့ဆော့တာမျိုး။ ချတမ်းတို့ စိန်ပြေးတမ်းတို့ဆော့တာမဟုတ်ဘူး။ကျွန်တော်
လည်း ပြောသာပြောရ..ဆော့ချိန်မရှိပါဘူးဗျာ.။သတ္တုပုံလောင်း စက်ရုံမှာ တစ်နေကုန်လုပ်နေရတာ။ညနေ
၆နာရီလောက်မှပြန်ရတာလေ။သတ္တုအရည်ကျိုတဲ့အလုပ်က တကယ်ကြမ်းတမ်းတဲ့အလုပ်ဗျ။သံရည်ပူတွေက
ခင်ဗျားကို ကောင်းကောင်းကြီး မွန်းကြပ်သွားစေမှာ။ပြီးတော့ လိမ္မော်ရောင်စူးတောက်
နေတဲ့ မီးညွန့်မီးလျှံတွေက ခင်ဗျားမျက်စိတွေကို ပြာပြီး ခဏလောက်ကန်းသွားစေနိုင်တာလေ။
“သောမတ်စ်..”
ကျွန်တော့်ခေါ်သံကြားလိုက်တယ်။အဲဒါ မစ္စတာ ရာမကရစ်ရှနားပဲ။သူက ဒီတန်းလျားဆောင်မှူးလေ။အဲ..သူက
အခရာကျတဲ့လူဗျ။ရေမလာ၊မီးပြတ်ရင် သူ့ဆီသွားပြောရတယ်။အခန်းခမပေးနိုင်သေးရင် သူ့ဆီသွားတောင်းပန်ရတယ်။
အခန်းတွေပြင်ဆင်ဖို့တို့၊အပေါ်ထပ်က တန်းတွေ လက်ရန်းတွေ ယိုင်ရွဲ့လာရင်ပြန်ပြင်ဖို့ သူ့ပြေးပြောရတယ်။
ကျွန်တော် အခန်းထဲက ထွက်ကြည့်တော့ မစ္စတာရာမကရစ်ရှနားကို လူတစ်ယောက်နဲ့တွဲရပ်နေတာတွေ့ရတယ်။
အဲ့ဒီလူက ခပ်ပျပ်ပျပ်၊သက်လတ်ပိုင်းလောက်၊ဝမ်းချုပ်နေတဲ့ မျက်နှာနဲ့ ရှုံ့တွပြီး ကျွန်တော့်ကိုကြည့်နေတာ။
“သောမတ်စ်ရေ..ဟောဒီမှာ မစ္စတာရှမ်တာရမ် ကိုတွေ့လိုက်ပါဦး။သူက တို့အိမ်ငှားအသစ်လေ..။
မင်းတို့အခန်းဘေးမှာ နေမှာကွ။အေး..ငါကတော့ မစ္စတာရှမ်တာရမ်ကိုပြောထားပါတယ်..မင်းက
သိပ်တာဝန်သိတတ်တဲ့ကောင်လေးလို့..ဟုတ်လား..အဲဒီတော့ကွာ သူ့သမီးနဲ့သူ့မိန်းမ
အထုပ်အပိုးလေးတွေနေရာချဖို့ ပြုဖို့လုပ်နေကြတာ သွားကူပေးလိုက်ပါဦး..။”
“ကဲ..ကျွန်တော်သွားလိုက်ပါဦးမယ် မစ္စတာရှမ်တာရမ်”
ဟာကွာ..ကောင်လေးတွေမပါဘူးတဲ့..ကျွန်တော်စိတ်ထဲကပြောနေတာပါ။အဲဒါနဲ့ သူမိန်းမနဲ့သမီး
ကို မြင်အောင်လှမ်းကြည့်မိတယ်။လှစ်ခနဲမြင်လိုက်ရတာ ဆံပင်ဖြူတွေနဲနဲရောနေတဲ့ အမျိုးသမီးတစ်ယောက်ရယ်
ကျွန်တော့်ထက်ကြီးပုံရတဲ့ ကောင်မလေးတစ်ယောက် ကျောမှာဆံပင်လေးစုစည်းလို့ အိပ်ယာပေါ်ထိုင်နေတာ။
ရှမ်တာရမ်ဆိုတဲ့ဘိုးတော်က ကျွန်တော်ကြည့်တာမြင်တော့ ရှေ့တံခါးကို ချက်ချင်းပိတ်ပစ်လိုက်တာပဲ။
အဲဒါနဲ့ ဘိုးတော်ကို ဖောရှောလုပ်လိုက်ရတာ..။
“အင်း..ဦးလေးက ဘာလုပ်လဲဗျ”
“ငါက သိပ္ပံပညာရှင်ကွ..နတ္ခတ္တဗေဒပညာရှင်ပေါ့ကွာ..မင်း နားလည်မှာမဟုတ်ဘူး။ထားတော့..
ဒီရက်တွေက ငါနားနေတာ။လောလောဆယ်တော့ ဗီမယ် ပြခန်းမှာ အရောင်းမန်နေဂျာ လုပ်နေတာပဲ။
ဒီမှာနေတာကတော့ တကယ့်ယာယီပါ။ခဏပဲ။နောက်ဆိုတို့က နရီမန်[1]ပွိုင့် ဘက်မှာ တိုက်ခန်း
ကောင်းကောင်းငှားနေမှာ..။”
သူကတောင် ကျွန်တော့်ကို ဖောရှောပြန်ထည့်နေသေးတာ။သူဖြီးနေတာကျွန်တော်သိတာပေါ့။အဲလိုနေရာမျိုး
တတ်နိုင်တဲ့သူက ဒီလိုတန်းလျားမျိုးလာနေမလားဗျ..။တဖြုတ်လေးတောင် မနေဘူးဗျာ..။
ကျွန်တော်လောင်းတောင်လောင်းလိုက်ချင်သေး။
****************************
ဒီတန်းလျားကြီးမှာ တစ်ခန်းနဲ ့တစ်ခန်းကန့်ထားတဲ့ နံရံဆိုတာ မည်ကာမတ္တရယ်။ပါးပါးလှပ်လှပ်လေး။
နံရံမှာ နားနဲ့ကပ်ပြီး နည်းနည်းအာရုံစိုက်ပြီး နားထောင်ကြည့်။ဒါမှမဟုတ် ဖန်ခွက်တစ်လုံးနဲ့ကပ်ပြီး နားထောင်
ကြည့်ရင်ပိုတောင်ကောင်းသေး။ဟိုဘက်ခန်းမှာ ဘာပြောနေလဲဆိုတာကောင်းကောင်းကြီး ကြားရမှာ။ကျွန်တော်နဲ့
ဆလင်းက မကြာခဏ ဘေးအခန်းတွေပြောဆိုနေတာတွေ ခိုးနားထောင်တတ်တယ်။ကျွန်တော်တို့ ဘယ်
ဘက်ခန်းဆို သူတို့အိပ်ခန်းက ကျွန်တော်တို့မီးဖိုခန်းနဲ့ အဲဒီလိုနံရံပါးလေးခြားတာ။နေတာတော့ မစ္စတာ ဘာပတ်
တို့လင်မယား။သူတို့က ငယ်ငယ်ရွယ်ရွယ်တော့ မဟုတ်ဘူး။ကြားရတာတော့ မစ္စတာ ဘာပတ် က
သူ့မိန်းမကို ရိုက်လားပုတ်လား လုပ်တာမျိုးတောင်ရှိတယ်တဲ့။အဲဒါ ညကျမှ ပိုသိသာတာလို့ထင်တယ်။
ဘာလို့ဆိုတော့ ကျွန်တော်နဲ့ဆလင်း ခိုးနားထောင်တော့ သူတို့လင်မယား အသက်ရှူသံတွေပြင်းပြီး ဟိုက်နေတဲ့
အသံတွေထွက်နေတာများ..အု..အား.. နဲ့။ကျွန်တော်တို့ကတော့ ဒီဘက်ကနေပြီး တဟိဟိ တခွိခွိ နဲ့
ကျိတ်ရီနေရတာ။
ခု ကျွန်တော် စတီးသောက်ရေခွက်လေးနဲ့ နံရံကိုကပ်ပြီး မစ္စတာရှမ်တာရမ်တို့အခန်းဘက်ကို နားစွင့်ထားလိုက်တယ်။
ဟော..မစ္စတာရှမ်တာရမ် ပြောနေပြီ။
“ဒီနေရာက တွင်းနက်ကြီးနဲ့ဘာထူးလဲ..ဒီလိုနေရာမျိုးမှာ နေနေရတာ ငါ့အဆင့်အတန်းနဲ့ လုံးလုံးမတန်တာ..ငါ့လခွီး..
သိက္ခာကျလိုက်တာကွာ..အေး ဒါပေမဲ့ မင်းတို့သားအမိကြောင့်ပေါ့ကွာ..ဒီလိုနေရာမျိုးမှာ အလုပ်ကောင်းကောင်းမရခင်
တော့ သောက်ရှက်ကွဲခံပြီး နေရဦးမှာပဲ..။ငါပြောတာ နားထောင်စမ်း ဒီမယ်..ငါတို့အခန်းထဲ လမ်းပေါ်က ကလေကဝ
ကောင်တွေအဝင်မခံနဲ့..အုတ်ကြားမြက်ပေါက်နဲ့ ဘယ်ကရောက်လာမှန်း ဘယ်သူမှသိတာမဟုတ်ဘူး..ဘုရားပဲ သိမယ်။
ဘေးခန်းမှာ နှစ်ကောင်ရှိသေးတယ်။ကျပေကျတေလေးတွေ။ပြီးတော့ ဂူဒီယာ..ခုထဲကပြောထားမယ်…ဒီတန်းလျားက
ငနဲလေးတွေနဲ့စကားပြောတာမြင်ကြည့် ..နင်ငါ့သားရေခါးပတ်ကြည့်ထား..ကြားလား..!!”
ကျွန်တော့လက်ထဲက ခွက်ကလေး ပြုတ်ကျသွားတယ်။
*************************
နောက် နှစ်ပတ်လောက်ထိ မစ္စတာရှမ်တာရမ်ကိုတောင် တော်တော် တွေ့ရခဲတယ်။သူ့မိန်းမနဲ့ သမီးကတော့
တွေ့ကိုမတွေ့တာ။သူ့သမီးကကောလိပ်ကိုနေ့တိုင်းသွားတာဖြစ်မှာ။ကျွန်တော်လည်း စက်ရုံကပြန်လာရော
သူလည်း သူတို့အခန်းထဲရောက်နေပြီလေ။ရှေ့တံခါးကတော့ အမြဲပိတ်ထားတာပဲ။
ဆလင်းကတော့ ဘာမှသိတာမဟုတ်ဘူး။သူ့အလုပ်ကလည်း အားလပ်ချိန်ဆိုတာတော်တော်ရှားရှားပါးပါးရယ်။
အဲဒီ ထမင်းဘူး၊ဟင်းဘူးလေးတွေပို့ဖို့ မနက်ခုနစ်နာရီဆိုထပြီး အလုပ်သွားဖို့ပြင်ရတယ်။အဖြူရောင် ရှပ်အင်္ကျ ီ
ပွပွ နဲ့ ချည်ဘောင်းဘီ ခါးရှုံ့ ကိုဝတ်ရတယ်။ခေါင်းမှာတော့ အရင် ဝန်ကြီးချုပ် နေရူးဆောင်းတဲ့ နေရူးဦးထုပ်
အဖြူရောင်လေးဆောင်းထားတာ။အမယ်..အဲဒီ ချည်ဦးထုပ်အစွပ်လေးက မွမ်ဘိုင်းမြို့က ဒက်ဘာဝါးလားလေး
တွေရဲ့ အမှတ်သင်္ကေတဗျ။အဲ့လိုကောင်လေးတွေကလည်း ငါးထောင်နီးနီးတော့ရှိသတဲ့။နောက် နှစ်နာရီလောက်
ကျတော့ အဲဒီ အိမ်ချက် ထမင်းဟင်းဘူးလေးတွေစုပြီး ဂက်ကိုပါ ဘူတာရုံကိုပြေးရတာပေါ့။ဘူးလေးတွေမှာ
သူ့အမျိုးအစားနဲ့သူတို့ စဉ်ထားတာ။ဘူးအဖုံးမှာလိပ်စာလေးတွေလည်းပါတယ်။
ဒီတိုင်းတော့ မဟုတ်ဘူး အရောင်ကုဒ်နဲ့ အစက်လေးတွေ မျဉ်းဖြတ်လေးတွေ ကြက်ခြေခတ်လေးတွေနဲ့
ရေးထားတာ။နောက် အဲဒါတွေကို ထုပ်ပိုးပြီးရထားပေါ်တင်၊ နေ့လည်ထမင်းစားချိန်မီအောင် ပို့ဖို့လုပ်။
အများအားဖြင့် အလယ်လတ်တန်းစား မန်နေဂျာတို့ အလုပ်ကြပ်တို့ နောက် ကော်လာပြာ လုပ်သားတွေ
အတွက်ပါ။ဆလင်းကတော့ ဂက်ကိုပါ ပတ်ဝန်းကျင်မှာ လျှောက်ပို့တာ။ဘူးတွေပေါ်ပါတဲ့ အစက်တွေ
အဖြတ်တွေကို ဘာသာပြန်ရသေးတာပေါ့။တော်တော်လေးတော့ဂရုစိုက်ရတာ။မှားသွားရင်တော့ ခံပေရော့ပဲဗျ။
သူ့အလုပ်သဘာဝက ကျွန်တော်ပြောတာ သဘောပေါက်ချင်မှ ပေါက်မယ်။ထမင်းဆိုင်ဟင်းဆိုင်က ဟာတွေ
လိုက်ပို့ရတာမဟုတ်ဘူးဗျ။အလုပ်သွားရတဲ့သူတွေက အစောကြီးသွားရတော့ အိမ်က ထမင်းဟင်းတွေ မကျက်သေး
ဘူးမို့လား။အဲဒီတော့ အိမ်တွေက သူတို့အိမ်က လူတွေအတွက်ထမင်းဘူးလေးတွေကို ပြီးအောင်ပြင်ပြီး ဆလင်းလို
ကောင်လေးတွေ လာယူရင်ပေးလိုက်။ဆလင်းက အဲ့ဒီအိမ်က ပေးခိုင်းတဲ့ အလုပ်သမားဆီရောက်အောင်
သွားပို့ရတာ။သူ့အမှတ်အသားလေးနဲ့သူပေါ့။ဆလင်းဆို မနက်မနက် အခန်း အစိတ် သုံးဆယ်လောက်ကိုသွားပြီး
အဲဒီထမင်းဘူးလေးတွေလိုက်ယူရတာဗျ။အဲ..စောစောက ပြောသလိုပေါ့ ဟိန္ဒူတစ်ယောက်ကို အမဲသားဟင်းပေး
မိတာမျိုးတို့၊ မွတ်စလင်တစ်ယောက်ကို ဝက်သားပေးမိတာမျိုးတို့၊သက်သက်လွတ် ဂျိန်း တစ်ယောက်ကို အသား
ဟင်းတွေ၊ကြက်သွန်အဖြူ အနီတွေပါတာ သွားပေးမိတာမျိုးဆိုလို့ကတော့..အဟား..ဆလင်း အဗျင်းခံရပြီမှတ်တော့။
*********************************
4 comments
ဒေါ်သဲ
June 6, 2011 at 9:12 am
အပိုင်းတော်တော်များများ ကျန်သေးလားမသိဘူး မောင်ဘလှိုင် ရေ အန်တီတို့က အသက်ကြီးတော့ မေ့တတ်တယ်ကွယ့် ဘာသာပြန်တယ်ဆိုတာ မလွယ်မှန်းသိပေမယ့် တစ်နေ့တစ်ပုဒ်လောက်တင်ပေးရင် ကောင်းမှာပဲ…. ဖတ်လို့လည်း ကောင်းတော့ စောင့်ဖတ်နေရတယ်…
မောင်ဘလိူင်
June 6, 2011 at 10:19 am
ဟုတ်ကဲ့ အန်တီသဲ..အပိုင်းက တစ်သန်း လောက်ကျန်ဦးမယ်ခင်ဗျ..။
ဒါမှ ကျွန်တော်လည်း ပွိုင့်များများရမှာကိုး.. 🙂
Pont Pont
June 7, 2011 at 8:28 am
အပိုင်း တစ်သန်း …ဟုတ်လား ။ ဒါဆိုရင်တော. အဆုံးထိရောက်ဖို. အတော်ကို စောင့်ရဦးမှာပဲ။
အဆုံးလည်းရောက်ရော အစကို မှတ်မိ နိုင်ပါ့မလားကွယ်…
မောင်ဘလိူင်
June 7, 2011 at 9:15 am
နောက်တစ်ခါ အစကနေ ပြန်ဖတ်ကြတာပေါ့ခင်ဗျ..။ 🙂